အခန်း (၁၁၅)
Vol. 8 Ch. 115
မိုရှန်ဖေး သတိလစ် မေ့မျောသွားရခြင်းအား နတ်စမ်းချောင်း ဂိုဏ်းသားများသည် လက်မခံနိုင်သလိုဖြစ် မိနေကြသည်။ ထို့ကြောင့် သူတို့သည် ဓားလက်ကိုင်ပေါ်တွင် လက်တင်ပြီး တိုက်ခိုက်ရန် အထိ စဉ်းစားလိုက်ကြသည်။
လုချင်းချင်း နှင့် စုရှောင်မို တို့လည်း မကြောက်ရွံကြချေ။ တစ်ဖက်မှ တိုက်ခိုက်လာမည် ဆိုလျှင် သူတို့သည်လည်း ဓားကို ဆွဲထုတ်ကာ ကျိန်းသေပေါက် ပြန်လည် တိုက်ခိုက်မှာ ဖြစ်သည်။
လက်ရှိအချိန်တွင် သံမဏိအရိုးဂိုဏ်း မှ တပည့်များသည် သံမဏိလို စိတ်ဓာတ်မျိုးကို ထုတ်ဖော်ပြသနေကြ၏။
ဟေးဖေးခံတပ်မှာတုန်းက တပည့်တစ်ယောက်သည် အသက်ရှင်ချင်လွန်းသောကြောင့် ဂိုဏ်းအား သစ္စာဖောက်ပြီး ဓားပြဂိုဏ်းထဲ ဝင်ရန်ပင် တောင်းဆိုခဲ့သည်။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား အလွန်အမင်း စိတ်ဓာတ်ကျဆင်းစေသည်။
ယခု နတ်စမ်းချောင်းဂိုဏ်းသားများနှင့် ရင်ဆိုင်ရချိန်မှာတော့ သူ၏ ဂိုဏ်းသားများသည် နည်းနည်းလေးမှ မကြောက်လန့်ခဲ့ချေ။ အားကောင်းလှသော ရန်သူအား ရင်ဆိုင်ရချိန်တွင် အင်္ကျီလက်အား ဆွဲတင်၍ အဆုံးစွန်ထိ တိုက်ခိုက်ရန်ပင် စဉ်းစားခဲ့ကြ၏။
သူ၏ တပည့်များ ဤမျှလောက် သတ္တိကောင်းလိမ့်မည်ဟု သူ နည်းနည်းလေးမှ မထင်မှတ်ခဲ့ချေ။ ယခုတော့ သူ စိတ်ချမ်းသာရပြီဖြစ်သည်။
သူ၏ မျှော်လင့်ချက်သည် ကြီးကြီးမားမားမဟုတ်လှချေ။ သံမဏိအရိုးဂိုဏ်းသားများနှင့် အတူတူ သေသည်အထိ ဆင်းရဲ၊ ချမ်းသာ အခြေအနေ မျိုးစုံကို ရင်ဆိုင်သွားချင်ရုံသာ။
“ဂိုဏ်းချုပ်ကျွင်း ….”
နတ်စမ်းချောင်းဂိုဏ်း၏ တတိယအကြီးအကဲသည် အထင်အမြင် သေးသလိုပြောလိုက်သည် “မင်း တပည့်တွေက ဘာလုပ်ချင်တာလဲ”
ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြောလိုက်၏ “ခင်ဗျားရဲ့ တပည့်လိုပဲလေ။သူတို့ လုပ်ချင်သလို လိုက်လုပ်ချင်တာ ဖြစ်မယ် ထင်တယ်”
သူ၏ တပည့်များသည် သွေးပူလွယ်သည်။ သူသာ ကြောက်လန့်နေမည် ဆိုလျှင် အဘယ်သို့ ဂိုဏ်းချုပ်တစ်ယောက်၏ ဂုဏ်ပုဒ်နှင့် ထိုက်တန်မည်နည်း။
ချီးတဲ့မှ .. တိုက်ခိုက်ချင်တာလား။ သူ၏ ခြောက်လက်မ ဓားမော့သည် သွေးဆာနေပေရောမည်။
လက်ရှိ အချိန်တွင် ကျွင်းချောင်ရှောင်းသည် နဂါးမှန်းသိအောင် အမောက်ထောင်ပြချင်နေသည်။ မည်သို့ပင် ဖြစ်စေ သူ့တွင် အားကောင်းလှသော ဓားမော့ ရှိနေသည် မဟုတ်လား။ ကြောက်လန့်နေစရာမလိုပေ။
ချင်ဟောင်ရန် နှင့် တခြားသော ဂိုဏ်းချုပ်များသည် ထရယ်လိုက်ကြ၏။
နတ်စမ်းချောင်းဂိုဏ်းအကြီးအကဲအား ထိုကဲ့သို့ ပြန်လည် ခွန်တုံ့ပြန်နေသည် ဆိုသည်မှာ ဤနေရာမှ အသက်ရှင်လျက် မထွက်ခွာသွားချင်ခြင်း နှင့် ဆင်တူသည် မဟုတ်လား။။
ထိုအချိန်မှာပဲ မြို့တော်ဝန်ရှဲ့ သည် ထွက်လာပြီး အကြံပြုလိုက်သည် “အကြီးအကဲစီ .. ဂိုဏ်းချုပ်ကျွင်း … ဒါက တပည့်တွေကြား တိုက်ခိုက်ယှဉ်ပြိုင်ပွဲလေး မဟုတ်လား။ ဒီလောက်ထိ ကြီးကျယ်သွားဖို့ မလိုပါဘူး”
သူသည် ကျွင်းချောင်ရှောင်း ကပ်ဘေးကြီးအား ရင်ဆိုင်ရမည် ကို စိုးရိမ်သောကြောင့် ဝင်ရောက် တားဆီးကာ ပြေလည်ရာ ပြေလည်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်၏။
“ကျေးဇူးပါ မြို့တော်ဝန် …”
ချင်ဟောင်ရန် သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည် “အကြီးအကဲစီ က နတ်စမ်းချောင်းဂိုဏ်း ရဲ့ အကြီးအကဲ ရှစ်ယောက်ထဲက တစ်ယောက်လေ။ သာမာန်အဆင်ကိုး ဂိုဏ်းချုပ်လေး တစ်ယောက် က ဒီလိုမျိုး ပြောဆိုနေတာ မလွန်လွန်းဘူးလား။”
“မဟာမိတ်ခေါင်းဆောင်ချင် …”
ကျွင်းချောင်ရှောင်း သူ၏ ဂိုဏ်းအဆင့် သတ်မှတ်ချက် တံဆိပ်ကို ထုတ်ယူပြီး ခပ်တည်တည် ဖြင့် ပြောလိုက်သည် “ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ခွေးမျက်လုံးနဲ့ သေချာကြည့်ပါ။ သံမဏိအရိုးဂိုဏ်းက အဆင့်ရှစ် ဂိုဏ်းတစ်ခုပါ”
ချင်ဟောင်ရန် ဒေါသထွက်သွားသည် “မင်း ဘာပြောလိုက်တယ်”
“သေချာမကြားလိုက်ရဘူးလား”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ခလယ်ကို ထောင်ပြလိုက်သည် “ကျုပ် ပြောမယ်။ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ဆိုတာ က ဘာမှမဟုတ်ဘူး။ နတ်စမ်းချောင်းဂိုဏ်းရှေ့က ခွေးတစ်ကောင် သာသာပဲ”
ကိုယ့်ဘာသာ တစ်ယောက်တည်း အရူးထနေမည်ဆိုလျှင် သူက ဂရုမစိုက်ဘဲ လွှတ်ထားမိမှာ ဖြစ်သည်။ သို့ပေမဲ့ မီးလောင်ရာ လေလာပင့်နေသည်ကို မြင်တော့ သူ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သာသာနှင့် နာနာ နှပ်လိုက်ခြင်း ဖြစ်၏။
အဆင့်ခြောက် ဂိုဏ်းတစ်ခု ၏ ဂိုဏ်းချုပ်ဖြစ်သလို မဟာမိတ် အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည့် ချင်ဟောင်ရန် သည် ဘယ်လိုမှ သည်းမခံနိုင်တော့ချေ။မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်း အငွေ့အသက်များအား မဖုံးကွယ်ထား နိုင်တော့ပေ။
နတ်စမ်းချောင်းဂိုဏ်း၏ ငါးယောက်မြောက် အကြီးအကဲက ပြောလိုက်သည် “အဆင့်ရှစ် ဂိုဏ်းတစ်ခုက မဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုတောင် စော်ကားရဲတာပဲ။ ဒါက မောက်မာလွန်းအားကြီးတယ်”
သူသည်လည်း အခြေအနေကို နားလည်စွာဖြင့် မီးလောင်ရာ လေပင့်လိုက်ပြန်သည်။
ချင်ဟောင်ရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရှေ့သို့ လှမ်းတက်လာ၏။
သို့ပေမဲ့ သူရှေ့တိုးလိုက်ချိန်မှာပဲ ဘန်း ဆိုသောအသံကြီးတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ သူ၏ ခြေထောက်နှင့် လက်မအနည်းငယ်လောက် အကွာမှာတော့ လက်သီးဆုပ်အရွယ်အပေါက်ကြီး တစ်ခု ပေါ်လာသည်။
ရွှစ် … ရွှစ် …။
နတ်စမ်းချောင်းဂိုဏ်းမှ အကြီးအကဲ သုံးယောက်တို့သည် မတ်တပ်ထရပ်ပြီး အလင်းတန်းနှုင့် အသံ ထွက်ပေါ်လာရာ နေရာဆီသို့ လှမ်းကြည့်လိုက်တော့ တောင်စောင်းတစ်ခု တွင် လူတစ်ယောက် ရှိနေပြီး ထိုသူ ကိုင်ထားသော အရာဝတ္တု တစ်ခုဆီမှ အငွေ့များ ထွက်ပေါ်နေသည်ကို မြင်လိုက်ရ၏။
မြို့တော်ဝန်ရှဲ့ နှင့် တခြားသော ဂိုဏ်းချုပ်များသည်လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။
အလင်းတန်းသည် မြန်ဆန်လွန်းသောကြောင့် ဘာမှန်းပင် သူတို့မမြင်လိုက်ရချေ။
လက်နက်ပုန်း တစ်ခုလား။
နတ်စမ်းချောင်းဂိုဏ်းမှ အကြီးကဲ သုံးယောက်တို့သည် မှုန်ကုတ်ကုတ် ဖြင့် တစ်ယောက် ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့ မျက်လုံးထဲတွင်တော့ လေးနက်သည့် အရိပ်အယောင်တွေ ပေါ်လာသည်။
အလင်း၏ အားအင်နှင့် အမြန်နှုန်းအရဆိုလျှင် သူတို့၏ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအင်များနှင့် ကာကွယ်မထားလျှင် ထိမှန်မိပါက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားမှာ သေချာ၏။
“အားလုံးပဲ ….”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတွင် ခြေချိတ်ထိုင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် “အဲလူက ကျုပ်ဂိုဏ်းက တပည့်ပဲ။ သူက လက်နက်ပုန်း သုံးသောင်းခြောက်ထောင်ကို ကျွမ်းကျင်သူပဲ။ သူ ကိုင်ထားတဲ့ လက်နက်ပုန်းက သုံးသောင်းခြောက်ထောင်ထဲက တစ်ခုပဲ။ အဲတာကို နတ်ဘုရားမီးပစ်သူ လို့ ခေါ်တယ်။”
နတ်ဘုရား မီးပစ်သူ ဟုတ်လား။
အားလုံးက ဆွံ့အသွားမိကြသည်။ တစ်ခါမှ ထိုအရာကို မကြားဖူးကြချေ။
ကျွင်းချောင်ရှောင်း ဆက်ပြောလိုက်သည် “ဂိုဏ်းချုပ်ချင် .. ဒါက သတိပေးတာပဲ ရှိသေးတယ်။ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ ရမယ်ထင်ရင် မှားသွားမယ်။ ကျပ်တပည့်က လက်ဆောင် ပို့ပေးလိုက်လိမ့်မယ်။”
နတ်စမ်းချောင်းဂိုဏ်းမှ သိုင်းစစ်သူကြီး သုံးယောက်သည် နေရာတွင် ရှိနေသည်။ ဂိုဏ်းချုပ်ချင်သည်လည်း သိုင်းစစ်သူကြီး အဆင့်ဖြစ်၏။
အနားပတ်ဝန်းကျင်တွင် များပြားလှသော ကျွမ်းကျင်သူတွေ ရှိနေသော်လည်း ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ အား သတိပေးသည့် အနေဖြင့် ပစ်ခတ်ခိုင်းခဲ့သည်။ မည်မျှ သတ္တိရှိလိုက်လေသနည်း။
မြို့တော်ဝန်ရှဲ့က ကြိတ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို မလွယ်ဘူး”
သတိပေးခံလိုက်ရသော ဂိုဏ်းချုပ်ချင်သည် မျက်နှာတစ်ခုလုံး ပျက်ရွင်းသွားသည်။ ခဏလောက်စဉ်းစားပြီး သည့်နောက် သူသည် အသာ ခြေပြန်ရုတ်၍ ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်တော့၏။
သူ့ရှေ့တွင် ပေါက်ကွဲသွားခဲ့သော အလင်းတန်းများ၏ အားအင်သည် သူ့အား စိုးရွံ့စေခဲ့သည်။ ဤအရာသည် သိုင်းစစ်သူကြီး အဆင့်ဖြစ်သည့် သူ့အား သတ်ဖြတ်ပစ်နိုင်မည်လား ဆိုသည်မှာ မသေချာပေမဲ့ ဖမ်းယူရန်တော့ ခက်ခဲသည့်အရာဖြစ်တာ သေချာသည်။
ရှေ့မှ ထိုးသော လှံအား ကြောက်စရာမလိုပေမဲ့ နောက်မှ ပစ်လိုက်သော မြှားကိုတော့ သတိထားမှ ဖြစ်မည်။ ကျွင်းချောင်ရှောင်းတွင် ထိုကဲ့သို့သော တပည့် ဘယ်နှစ်ယောက် ရှိနေမလဲ ဆိုသည်ကို သူ မခန့်မှန်းနိုင်ချေ။
ထို့အပြင် သံမဏိအရိုးဂိုဏ်းနှင့် နတ်စမ်းချောင်းဂိုဏ်းကြား ကိစ္စတွင် သူ ကြားဝင်စရာအကြောင်းလည်း မရှိတာ သေချာသည်။
ခွေးဟု သမုတ်ခံလိုက်ရသည်မှာ သည်းခံနိုင်ရန် ခက်ခဲသည့် အရာဖြစ်သော်လည်း လက်ရှိ အချိန်တွင် ခဏလောက် မြိုသိပ်ထားမှ ဖြစ်မည်။
…
ရှောင်ကျီ၏ ပစ်ခတ်မှုသည် ဂိုဏ်းချုပ်ချင်နှင့် တခြားသော ဂိုဏ်းချုပ်များအား ထိတ်လန့်သွားစေခဲသလို နတ်စမ်းချောင်းဂိုဏ်းသားများ ကို လည်း ကြောက်လန့်သွားစေခဲ့သည်။
သူတို့သည် မနေနိုင်ဘဲ ဓားကို ဆွဲထုတ်လိုက်ကြသော်လည်း တိုက်ခိုက်ဖို့ အစီအစဉ် မရှိတော့ချေ။ ထို့အပြင် သံမဏိအရိုးဂိုဏ်း တပည့်သည် လက်နက်ပုန်း သုံးသောင်းခြောက်ထောင်ကိုတောင်မှ ကျွမ်းကျင်နေသည် မဟုတ်လား။
နတ်စမ်းချောင်းဂိုဏ်းမှ အကြီးအကဲသည် ခပ်တည်တည် နှင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းက မောက်မာလွန်းတယ်။ မင်းမှ ဘယ်လောက် အစွမ်းအစ ရှိသလဲ ဆိုတာ ကျုုပ် ကြည့်ချင်မိတယ်။”
ယခု ပြုလုပ်သော စိန်ခေါ်ပွဲသည် သံမဏိအရိုးဂိုဏ်းအား အရှက်ခွဲရန်ဖြစ်ပြီး တခြားသောဂိုဏ်းများ အနေဖြင့် သူတို့အား ရန်စ၍ မဖြစ်ကြောင်း သိသာစေချင်၍ဖြစ်သည်။
လက်ရှိတွင် မည်သို့ ဖြစ်နေသနည်း။
သူတို့ဘက်မှ တပည့်သည် သံမဏိအရိုးဂိုဏ်း တပည့်၏လက်ချက်ဖြင့် သတိလစ် မေ့မျောနေပြီ ဖြစ်သည်။
သူတို့ ဆွဲထားသော ဇာတ်ညွှန်းအတိုင်း မဖြစ်တော့သည်မို့ ဤအတိုင်း လွှတ်ထား၍ မဖြစ်တော့ချေ။ ထို့ကြောင့် သူသည် တစ်ဖက်မှ ဂိုဏ်းချုပ်အား တိုက်ရိုက် စိန်ခေါ်ခဲ့ခြင်း ဖြစ်၏။
ချင်ဟောင်ရန် နှင့် တခြားသူများ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားတော့သည်။
သိုင်းစစ်သူကြီးအဆင့် တစ်ယောက်သည် ကျွင်းချောင်ရှောင်းအား စိန်ခေါ်နေလေသည်။ လက်ခံပါက ခွေးတစ်ကောင်လိုပင် ဖင်ပိတ်ကန်ရမှာ သေချာ၏။
“ငြင်းလို့ရလား” ကျွင်းချောင်ရှောင်း သူ၏ နှာခေါင်းအား ပွတ်သပ်ပြီး မေးလိုက်သည်။
သူုသည် တိုက်ခိုက်ရမည်ကို ကြောက်ရွံ၍ မဟုတ်ပေ။ ထို့အပြင် သူ့တွင် တစ်စုံတစ်ယောက်၏ အားအင်အား မြင့်တက်အောင် ပြုလုပ်နိုင်သော အဆောင်လည်း ရှိနေသေးသည်။ တာဝန် တစ်ခု အသက်ဝင်မလာသေးသည်မို့ သူသာ ထိုအရာများအားထုတ်ဖော်၍ တိုက်ခိုက်မည် ဆိုလျှင် အရှုံးပေါ်ပေလိမ့်မည်။
အဆင့်ခြောက် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင် တစ်ယောက်က ခပ်တည်တည်ဖြင့် ဝင်ပြောလိုက်သည် “မင်းက ဂိုဏ်းချုပ်တစ်ယောက်ပဲ။ မင်းကို စိန်ခေါ်တဲ့သူက ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲပဲ ရှိတယ်လေ။ မင်း ငြင်းမယ်ဆိုရင် ကျင့်ကြံခြင်းလောကတစ်ခုလုံးရဲ့ လှောင်ပြောင်စရာ ဖြစ်မယ်”
“သြော် …”
ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။
ချီးတဲ့မှ .. ငါ့ကို တာဝန်တစ်ခုလောက် ပေးပါ စနစ်ရေ။ မျှမျှတတ တိုက်ခိုက်ပါရစေ။
ကံဆိုးစွာဖြင့် စနစ် သည် တုံ့ပြန်မလာချေ။
တတိယအကြီးအကဲသည် ထူးမခြားနားသလို ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. မင်း စိန်ခေါ်ပွဲကို လက်မခံရဲဘူးလား။”
သူ၏ လေသံသည် အထင်သေးမှုများနှင့် ဖြစ်သည်။
ငါ့ကို စိန်ခေါ်ပွဲလက်မခံရဲဘူုး ထင်နေတာလား။ ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။ သူ့အဆင့်က ဘာလဲ။ ဘယ်လောက် အားကောင်းလဲ။
စနစ်မှပြောလာသည် “သိုင်းစစ်သူကြီး ပထမအဆင့်ပဲ။ သူ့အားအင်က ဂျင်နှစ်သိန်းလောက် ရှိသည်။ ပိုလျှင်ပင် ပိုနိုင်သေးသည်။”
ဂျင်နှစ်သိန်းထက်တောင် ပိုနိုင်သေးတယ်ဟုတ်လား။ ဒါက များလွန်းတယ်။
“ငါ့ အားအင်က နှစ်သောင်းခွဲလောက်ပဲ ရှိတာ။ ငါးဆမြင့် အဆောင်ကို ထုတ်သုံးမယ် ဆိုရင်တောင်မှ တစ်သိန်းပဲ ရှိသေးတယ်။”
စနစ်မှ သာသာနှင့် နှပ်လိုက်သည် “အားအင်ချင်း ကွာခြားရုံတင် မကပါ။ အဆင့်ချင်းကလည်း မိုးနဲ့ မြေကွာသည်။ စိန်ခေါ်ပွဲကို လက်ခံလျှင် နိုင်ရန် ရာခိုင်နှုုန်း သုံည ဖြစ်၏။”
သိုင်းတပည့် နှင့် သိုင်းစစ်သူကြီး ကွာခြားချက်သည် အလွန်တရာ ကြီးမား၏။ သိုင်းတပည့် တစ်ယောက် အနေဖြင့် သိုင်းစစ်သူကြီးအား တိုက်ခိုက်မည် ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် မခြားပေ။
သေစမ်း။ အဲလောက်ကြီးကျ …။
ငါ အဆောင်ကို ထုတ်သုံးရင်လည်း ဖြုန်းတီးလိုက်တာနဲ့ တူတူပဲ။
“ဟားဟားဟား …”ထိုအချိန်မှာပဲ အနောက်ဘက်ဆီမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ အကြီးအကဲမာ နှင့် တောင်ပြာဂိုဏ်း တပည့်များသည် ရောက်ရှိလာကြ၏ “သိုင်းစစ်သူကြီးအဆင့် အကြီးအကဲစီ က တကယ်ပဲ ငါတို့ရဲ့ သူငယ်ချင်းလေးကျွင်း ကို တိုက်ခိုက်ချင်တာလား။ သူက သိုင်းတပည့် အဆင့်ပဲ ရှိသေးတာလေ။”
အကြီးအကဲစီ ၏ မျက်နှာသည် မဲမှောင်သွားသည် “မာယွင်တန်”