အခန်း (၁၁၈)
Vol. 9 Ch. 118
တစ်နှစ်အကြာ နတ်စမ်းချောင်းဂိုဏ်းနှင့် ချိန်းဆိုထားမှု ဟောင်ချီ ဂိုဏ်းနဲ့ တိုက်ခိုက်ရန် စိန်ခေါ်ထားမှုတို့ကြောင့် သံမဏိအရိုးဂိုဏ်းသားများသည် အလွန်အမင်း လေးလေးနက်နက် ရှိနေကြ၏။
တပည့်များသည် သူတို့၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ်များအား ပိုမို၍ ကြိုးစားကာ ကျင့်ကြံလျက်ရှိသည်။
သို့ပေမဲ့ အလှမ်းကွာဝေးလျက်ရှိနေ၏။
အဆင့်ငါးဂိုဏ်းတစ်ခုကို တိုက်ခိုက်ရန် မပြောနှင့် အဆင့်ခြောက်ဂိုဏ်းတစ်ခုကို ရင်ဆိုင်ရသည်ကပင် သူတို့အတွက် ကြီးမားသော တောင်ကြီးတစ်တောင်အား ဖြိုခွဲရသလို ခက်ခဲလှချေသည်။
ပြန်လည်ရောက်ရှိလာပြီးသည့်နောက် ကျွင်းရှောင်ချောင်းသည် အဓိက ပြဿနာအား စဉ်းစားတွေးတောနေ၏။
နောက်ဆုံးမှာတော့ တပည့်များ ပိုမိုအားကောင်းရန် လိုအပ်ကြောင်း အနှစ်ချုပ်လိုက်မိ၏။ ထိုသို့ တပည်များအားကောင်းလာစေရန် သူသည် ဆေးလုံးနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရမည်ဖြစ်သည်။
စနစ်မှပြောလိုက်သည်။ "ဆေးလုံးနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေက ဖြည့်စွက်ကုန်ပစ္စည်းများသာ ဖြစ်သည်။ တပည့်များ၏စိတ်ဝိညာဉ်အမြစ်အား အရည်အသွေးမပြောင်းနိုင်ဘူးဆိုလျှင် အရာအားလုံးသည် အလကားပင်ဖြစ်၏။"
"အမှန်ပဲ။" ကျွင်းချောင်ရှောင်း သဘောတူလိုက်သည်။
ဆေးလုံးနှင့် စိတ်ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံခြင်းအား မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်သည် ဆိုသော်လည်း စိတ်ဝိညာဉ်အမြစ် ၏ အရည်အသွေး သာမန်သာရှိသော တပည့်များအနေဖြင့် ရေရှည် ခရီးဆက်နိုင်မည် မဟုတ်ပေ။
"ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကိုသာ အသုံးပြုနိုင်မယ်ဆိုရင် တပည့်တွေက ပိုပြီးတိုးတက်လာလိမ့်မယ်။" ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိသည်။
သူ၏စိတ်ထဲတွင် ရဲရင့်သော အကြံအစည်တစ်ခု ဖြစ်ပေါ်လာသည်။ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း စွမ်းအင်အား အရည်အချင်းရှိသော တပည့်များအတွက် အသုံးပြုရန် ဖြစ်သည်။
စဦးစတိုးဆိုင်ထဲတွင် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်သုံးမျိုးရှိ၏။
အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်မှသည် အဆင့်မြင့် စိတ်ဝိညာဉ် အမြင့်ထိ အသုံးပြု၍ရသော ဆေးရည်များ သူ့တွင်ရှိနေ၏။
သို့ပေမဲ့ အမျိုးအစားသုံးခုကို ဝယ်ယူရန်ဆိုသည်မှာ ဂိုဏ်းစုဆောင်းမှတ် တစ်ရာ့ငါးဆယ် ကုန်ကျပေလိမ့်မည်။ လက်ရှိ သူ့တွင်ရှိသော ဂိုဏ်းစုဆောင်းမှတ် အရေအတွက်အရ သူသည် တပည့်သုံးယောက်ကိုသာလျှင် ကူညီနိုင်စွမ်းရှိသည်။
ကျွင်းချောင်ရှောင်း သုံးသပ်လိုက်မိ၏။ "ငါ့ရဲ့ လက်ရှိအရည်အချင်းအရဆိုရင် ငါ သူတို့အားလုံးကို မလေ့ကျင့်ပေးနိုင်ဘူး။ဒီတော့ တပည့်တစ်ချို့ကို အရင်ဆုံးပိုပြီးအားကောင်းအောင် လုပ်ပေးရမယ်။"
ဂိုဏ်းတိုင်းဂိုဏ်းတိုင်းတွင် အတွင်းစည်း တပည့် ၊ အပြင်စည်း တပည့်ဟူ၍ ခွဲခြားထား၏။
အတွင်းစည်းတပည့်ဆိုသည်မှာ လက်ရွေးစင်ဂိုဏ်းသားများနှင့် တူညီပြီး လုံလောက်သော အရင်းအမြစ် များအား ရရှိခံစားနိုင်သည်။
ကျွင်းချောင်ရှောင်းသည် တပည့်တစ်ချို့ကို အရင်ဦးဆုံး ပိုမိုအားကောင်းလာစေချင်သည်ဆိုလျှင် အတွင်းစည်းတပည့် ၊ အပြင်စည်းတပည့်ဟု ခွဲခြားမှဖြစ်ပေလိမ့်မည်။
ကြီးမားသော ဂိုဏ်းကြီးများတွင် အတွင်းတပည့်ဖြစ်သည် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ် အရည်အသွေးနှင့် အလုပ်ကြိုးစားမှုပေါ်တွင် မူတည်၍ ခွဲခြားကြ၏။
ကျွင်းချောင်ရှောင်းသည် တပည့် အနည်းငယ်အား အရင်ဆုံးရွေးချယ်ရန် စဉ်းစားလိုက်မိသည်။
အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိသော လီချင်းယန်၊ ဆန်းကြယ်လှသော လုချင်းချင်းတို့သည် အတွင်းစည်းတပည့်တွင် မဖြစ်မနေ ပါဝင်နေမှာဖြစ်၏။ ထို့ကြောင့် ဤနှစ်ယောက်ကား အရင်ဦးဆုံး အတွင်းစည်းတပည့်အဖြစ် သတ်မှတ်လိုက်၏။
ရှောင်ကျီ၊ စုရှောင်မို၊ ထျန်းချီ၊ လီဖေးနှင့် ရီရှင်းချန်တို့သည်လည်း အတွင်းစည်းတပည့်များပင် ဖြစ်ရမည်။
……..
နောက်တရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ယနေ့မှစ၍ သံမဏိအရိုးဂိုဏ်း၌ အတွင်းစည်းတပည့် ၊ အပြင်စည်းတပည့်ဟူ၍ ခွဲခြားထားမည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်၏။
ပထမဦးဆုံး အတွင်းစည်းတပည့် အရေအတွက်သည် စုစုပေါင်း ခုနစ်ယောက်ဖြစ်သည်။
"ငါက မင်းတို့အားလုံးကို သာတူညီမျှ ထောက်ပံ့ပေးနေမှာပဲ။ မင်းတို့အနေနဲ့ အတွင်းစည်း တပည့် ဖြစ်ချင်တယ်ဆိုရင် မင်းတို့ရဲ့အားအင်အဆင့်ကို ပိုမိုတိုးတက်အောင်လုပ်ပြီး ငါ့ကို သက်သေပြရမယ်။" သူထပ်ပြောလိုက်၏။
တပည့်များသည် စိတ်ပျက်လက်ပျက်မှုကို မခံစားရချေ။ အဲဒီ့အစား အတွင်းစည်းတပည့်ဖြစ်လာစေရန် ပိုမို၍ ကြိုးစားရမည်ဖြစ်ကြောင်း သံဓိဌာန်ချမိလာကြသည်။
အလုပ်ကြိုးစားမှုမှ တဆင့် မိမိအားအင်အဆင့်ကို တိုးတက်အောင်လုပ်ပြီး အတွင်းစည်းတပည့်ဖြစ်စေရမည်။
အတွင်းစည်းတပည့် ၊ အပြင်စည်းတပည့်ဟူ၍ ခွဲခြားမှုသည် သံမဏိအရိုးဂိုဏ်း၏ တပည့်များကြားတွင် ကျင့်ကြံခြင်းအတွက် ပိုမို၍ စိတ်အားတက်ကြွမှု ဖြစ်ပေါ်လာခဲ့သည်။
ဤအရာသည်မှာ အသက်ရှင်ရန် မဖြစ်မနေကြိုးစားရမည်ဟု သံဓိဌာန် ချလိုက်သည်နှင့်ပင် ဆင်တူ၏။
"ဂိုဏ်းချုပ်"
လူစုခွဲပြီးသည့်နောက်မှာတော့ လုချင်းချင်းသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်သည်။
"ကျွန်မတို့က အတွင်းစည်းနဲ့ အပြင်စည်းတပည့်ဆိုပြီး ခွဲခြားလိုက်ပြီဆိုရင် ဆုနဲ့ ပြစ်ဒဏ် တွေကိုလည်း သီးခြားသတ်မှတ်ပြီး ဖြစ်ရမယ်။ ဒါမှသာ ဂျူနီယာမောင်လေးတွေအနေနဲ့ ကျင့်ကြံခြင်းမှာ ပိုပြီးတော့ စည်းကမ်းတွေ ၊ သတ်မှတ်ချက်တွေ ရှိလာမှာ။"
ခုံပေါ်မှာ မှီထိုင်ရင်း ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်း ဘယ်လိုတွေးထားလဲ။"
လုချင်းချင်းပြောလိုက်သည်။ "လတိုင်း … လတိုင်းမှာ အားအင် စမ်းသပ်မှု ပြိုင်ပွဲတွေရှိနေမယ်။သုံးလပြည့်တိုင်း သုံးလပြည့်တိုင်း တပည့်သိုင်းပြိုင်ပွဲတစ်ခု စီစဉ်မယ်။ပြီးတော့ နှစ်စဉ်နှစ်တိုင်း တပည့် သိုင်းပြိုင်ပွဲကြီး တစ်ခု ကိုလည်း စီစဉ်မယ်။"
ဤစနစ်သည် များပြားလှသော ဂိုဏ်းများတွင် အသုံးပြုပြီးဖြစ်၏။
ဝတ္ထုထဲက ဇာတ်ကောင်တော်တော်များများသည် ဤကဲ့သို့သော ပြိုင်ပွဲမှ ထွန်းတောက်ပြီးသည့်နောက် နတ်ဘုရား၊နတ်ဆိုး၊အင်ပါယာ၊မိုးကောင်းကင်အုပ်စိုးသူ စသဖြင့် ဖြစ်လာကြခြင်းဖြစ်သည်။
"ကောင်းပြီ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စနစ်ရှိသည်ဆိုမှတော့ ဤသို့သော စည်းမျဉ်းမျိုးလည်း ထားရှိရမည်။
သူ့အနေနှင့် ဤအရာကို ရှောင်လွှဲ၍ မရပေ။ ထို့အပြင် ဤကဲ့သို့သော ပြိုင်ပွဲမျိုး ရှိမှသာလျှင် တပည့်များအနေနှင့် ပိုမိုကြိုးစားချင်စိတ်ရှိမည် မဟုတ်လား။
"ဒါဆိုရင် ဆုလာဒ်နဲ့ ပြစ်ဒဏ် က ဘာတွေလဲ။"
"နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်မယ့် သိုင်းပြိုင်ပွဲကြီးမှာ အနိုင်ရရှိသူက အတွင်းစည်းတပည့် ဖြစ်လာမယ်။ ထိပ်ဆုံးကိုးယောက်ကိုလည်း ဆုတွေပေးရမယ်။ သုံးလပတ်တာ ပြုလုပ်မယ့် သိုင်းပြိုင်ပွဲအတွက်လည်း ထိပ်ဆုံးဆယ်ယောက်က ဒီလိုမျိုး အကျိုးခံစားခွင့်ရှိမယ်။
ပြီးတော့ အားအင်စမ်းသပ်မှု ပြိုင်ပွဲကိုလည်း လစဉ်လတိုင်း ပြုလုပ်ရမှာ ဖြစ်ပြီးတော့ ထူးချွန်တဲ့လူတွေကို ထူးချွန်မှုအလိုက် ဆုလာဒ်တွေပေးမယ်။ အားအင်စမ်းသပ်မှုမှာ အောက်ဆုံးအဆင့်ရတဲ့လူတွေအကုန်လုံးက အချိန်အတိုင်းအတာတစ်ခုရှိ ဂိုဏ်းရဲ့ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးရမယ်။"
လုချင်းချင်းသည် များပြားလှသော ဆုလာဒ်နှင့် အပြစ်ပေးမှုများကို အသေးစိတ်ရှင်းပြနေသည်ကို ကြားတော့ လီချင်းယန် မနေနိုင်ပဲ တွေးလိုက်မိ၏။ ဒါက စီနီယာမကြီး ပထမဦးဆုံးအကြိမ် စကားအများကြီးပြောဖူးတာပဲ။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"ကောင်းပြီ။"
သူသည် လုချင်းချင်း၏ အကြံပြုချက်များကို ချက်ချင်းနားလည်သွား၏။
ထို့ကြောင့် ဆုလာဒ်များအကြောင်းကို စဉ်းစားလိုက်မိ၏။
"လစဉ်လတိုင်း ကျင်းပမယ့် အားအင်စမ်းသပ်မှု ပြိုင်ပွဲမှာ အနိုင်ရရှိသူက ချီစုစည်းခြင်း ဆေးလုံး သုံးလုံး ရမယ်။ သုံးလပတ်တာ ယှဉ်ပြိုင်မယ့် သိုင်းပြိုင်ပွဲငယ်လေးတွေမှာ ဗိုလ်စွဲတဲ့လူက ချီစုစည်းခြင်း ဆေးလုံး ဆယ်လုံးရမယ်။ဒုတိယနဲ့ တတိယတွေက ချီစုစည်းခြင်းဆေးလုံး ငါးလုံးရမယ်။"
"နံပါတ်လေးကနေ နံပါတ်တစ်ဆယ်အတွင်းဝင်တဲ့လူတွေ အားလုံးက ချီစုစည်းခြင်းဆေးလုံး သုံးလုံးစီရမယ်။ ပြိုင်ပွဲကြီးအတွက် ရရှိမယ့်ဆုလာဒ်တွေကတော့ အရမ်းကို များပြားပေလိမ့်မည်။"
ဗိုလ်စွဲသူသည် အတွင်းစည်းတပည့် ဖြစ်လာရုံတွင်မကဘဲ အအေးဓားနှင့် ချီ စုစည်းခြင်း ဆေးလုံးနှစ်ဆယ်ကိုလည်း ရရှိပေလိမ့်မည်။ ထိပ်ဆုံးကိုးယောက်သည်လည်း မတူညီသည့်ဆုလာဒ်များကို အသီးသီးရရှိခံစားကြရမှာဖြစ်၏။
ထိုဆုလာဒ်စနစ်သည် ခေတ္တထားရှိထားသော ဆုလာဒ်စနစ်လည်းဖြစ်၏။ ဂိုဏ်းပိုမိုအားကောင်း လာသည်နှင့် အမျှ ပိုမို၍ များပြားပြီး ကောင်းမွန်သောဆုလာဒ်များကို ရရှိပေလိမ့်မည်။
သံမဏိအရိုးဂိုဏ်းသည် တစ်ခြားဂိုဏ်းများနှင့်မတူဘဲ ဂိုဏ်းသိုဝင်ရောက်လိုက်သည် ဆိုသည်နှင့် များပြားလှသော အကျိုးကျေးဇူးများကို ရရှိမှာဖြစ်၏။
ဂိုဏ်း၏ကျင့်ကြံခြင်း နည်းစနစ်ကို လွတ်လွတ်လပ်လပ် နှင့် လွယ်လွယ်ကူကူ ကျင့်ကြံနိုင်သည်။
ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများကိုလည်း လူတိုင်းရရှိသည် ။ မရီဒန်ဖွင့်ခြင်းဆေးလုံးများကိုလည်း အချိန်အတိုင်းအတာတစ်ခုသို့ ရောက်ရှိသည်နှင့် ရရှိကြမှာ ဖြစ်၏။
ဤသို့သော အချက်အလက်များအား စွမ်းအားမြင့်ပါသည်ဆိုသော ဂိုဏ်းများမှလူများသိလျှင် သူတို့ကိုယ်သူတို့ပင် ရှက်ရွံ့သွားလိမ့်မည်။
……..
ညနက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏အမိုးပေါ်တွင်ထိုင်၍ သူ၏ဆေးပြင်းလိပ်အား ထုတ်ကာ သောက်လျက်ရှိ၏။
“တပည့်များအတွက် အဆင့်ခွဲခြားမှုနှင့် ဆုလာဒ်တွေ ၊ ပြစ်ဒဏ် တွေကိုလည်း ချမှတ်ပြီးသွားပြီ။ ဒါဆိုရင် ဂိုဏ်းအတွက် လုံလောက်တဲ့အခြေခံစည်းမျဉ်းတွေကို ထားရှိပြီးပြီလို့ ဆိုရမယ်။ ငါ့ရဲ့ရည်ရွယ်ချက်က ….."
သူသည် ဆေးပြင်းလိပ်ကို အသာကိုင်၍ ကောင်းကင်ပေါ်သို့ လက်ညွှန်လိုက်၏။ ပြီးနောက် ရဲရင့်စွာဖြင့် ပြောလိုက်သည် "ကြယ်ပင်လယ်ကြီးကို အပိုင်သိမ်းနိုင်ဖို့။"
"ဘန်း"
"ဘုတ်"
"လီဖေး မင်း အမိုးပေါ်မှာ ထိုင်နေတဲ့ ဂိုဏ်းချုပ်ကို ကန်ချမိပြီ။"
………
"ရှပ် …….ရှပ် ……ရှပ်"
အမှောင်ထဲမှာတော့ တောနက်ကြီးတစ်ခု၏အလယ်တွင် ပုံရိပ်တစ်ခုသည် ကိုယ်ကိုကွေးညွှတ်ကာ မြန်မြန်ဆန်ဆန်ဖြင့် ပြေးနေ၏။
ပြီးနောက် ရေညှိများဖုံးလွှမ်းထားသော ကျောက်တုံးတစ်ခုပေါ်သို့ မြက်ပင် လက်တစ်ဆုပ်စာ ဖြူးချလိုက်၏။ ထိုမှသာလျှင် လေတိုက်ရာအရပ်ကို သိရှိနိုင်မည်ဖြစ်သည်။
ထိုသူသည် ရှောင်ကျီပင်ဖြစ်၏။
ရုတ်တရက်ဆိုသလိုပဲ သူသည် ကျောက်တုံးကြီးအနားတွင် ပေါ်လာပြီး စနိုက်ပါသေနတ်ကား ကိုင်ဆောင်ထားသည်။
သူ၏လက်ညှိးသည် ရုတ်တရက်ဆိုသလိုပဲ သေနတ်မောင်းအား ဆွဲချလိုက်၏။
"ဒိုင်း"ဆိုသည့်အသံနှင့်အတူ အလင်းတန်းတစ်ခု ဖြတ်သန်းလာပြီး မီတာရှစ်ရာ အကွာအဝေးတွင်ရှိသော ဝက်ဝံကြီး၏ ဦးခေါင်းအား ဖောက်ထွင်းသွားတော့သည်။
သူသည် သေနတ်ပစ်ရာတွင် ဒေါက်အား အသုံးမပြုခဲ့ချေ။ ပုခုံးကိုသာထောက်၍ အသာပစ်လွှတ်လိုက်ခြင်းဖြစ်၏။
အလွန်အမင်းတိကျလွန်းသည်။
"ဘုတ် ….ဘုတ်……. ဘုတ်"
သေနတ်၏ ပြန်ကန်အားကြောင့် ရှောင်ကျီသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားစေသည်။
သူ့တွင် မှော်နည်းစနစ်ဖြင့် အဆင့်မြှင့်တင်ထားသော ပုခုံးကာ ထောက်ပံ့မှုရှိနေပြီဖြစ်သောကြောင့် သေနတ်အားဒေါက်ထောက်၍ အသုံးမပြုတော့ချေ။ ထို့ကြောင့် သာမန်အတိုင်း မတ်တပ်ရပ်၍ ပုခုံးတွင်ထောက်ကာ ပစ်လွှတ်လိုက်ခြင်းဖြစ်၏။
ပြီးနောက် သူသည် သေဆုံးသွားပြီဖြစ်သော အဆင့်ငါး သားရဲကြီးရှေ့သို့ ရောက်ရှိလာပြီး အအေးဓားနှင့် ခန္ဓာကိုယ်ကိုခွဲ၍ အမြုတေအားထုတ်ယူလိုက်သည်။ သူ၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခု ပေါ်လာသည်။
"ဘုန်း"
တစ်ခြားသော နေရာတစ်ခုဆီမှာတော့ လက်သီးထိုးသံတစ်ခု ပေါ်ထွက်လာသည်။
ရီရှင်းချန်၏လက်သီးသည် သိုင်းတပည့် ပထမအဆင့် ကျားသားရဲကြီး၏ ခန္ဓာကိုယ်အား တည့်တည့်ပင် ထိမှန်သွား၏။
ပြီးနောက် ကျားသားရဲ၏ ဝမ်းဗိုက်တစ်ခုလုံးသည် ကွဲထွက်သွားပြီး အသားစနှင့် ကိုယ်တွင်းကလီစာများ ထွက်ကျလာ၏။ ရီရှင်းချန်သည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးလိုပင် ကြမ်းတမ်းလှသည်။
ရှောင်ကျီသည် အသာကြိတ်ကာ တွေးလိုက်မိ၏။ "ဂျူနီယာညီလေးရီရဲ့ သတ်ဖြတ်လိုခြင်းဆန္ဒတွေက အရမ်းအားကောင်းလွန်းတယ်။"
ပြန်လည်မွေးဖွားပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ရန် ဖိအားပေး အတင်းခေါ်ယူခြင်းကို ခံခဲ့ရသည်။ ပြီးနောက် သူသည် ဘောလုံးနှင့်ကန်ကျောက်၍ နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရ၏။
ယခုတောရိုင်းထဲတွင် သူသည် ပြင်းပြင်းထန်ထန်လေ့ကျင့်လျက်ရှိသည်။ ဒီလိုအချိန်တွင်မှ သူ၏ဒေါသများကို မဖြေဖျောက်လျှင် ခံစားရတာတွေ များပြားလွန်းသောကြောင့် ကိုယ်တွင်းကလီစာများ စုတ်ပြတ်သပ်ပြီး သေဆုံးသွားမှာပင် စိုးရသည်။
သူတို့နှစ်ယောက်သည် စိတ်ဝိညာဉ်စမ်းချောင်းတောင်ဆီသို့ သွားသည့်ရက် ကို ထည့်မတွက်လျှင် ခုနစ်ရက်တိတိ ဤတောရိုင်းထဲတွင် လှည့်လည်၍ လေ့ကျင်လျက်ရှိကြ၏။
ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြု၍ ရှောင်ကျီသည် စွမ်းအင်ဖွင့်ခြင်းအဆင့်လေးဆီမှ စွမ်းအင်ဖွင့်ခြင်း အဆင့်ငါးဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ရီရှင်းချန်သည်လည်း စွမ်းအင်ဖွင့်ခြင်း အဆင့်ကိုးဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
အဆင့်များတိုးတက်လာသည်က ဒုတိယဖြစ်၏။ ပို၍အရေးကြီးသည်မှာ ဤခုနစ်ရက်အတွင်း ပြင်းပြင်းထန်ထန် လေ့ကျင့်မှုကြောင့် သူတို့နှစ်ယောက်၏ တိုက်ခိုက်ရေး အတွေ့အကြုံများသည် ပိုမိုကြွယ်ဝလာခဲ့သည်။
ဥပမာအားဖြင့် ရီရှင်းချန်သည် သူရရှိထားသော ခန္ဓာကိုယ်နှင့် ပြည့်စုံစွာ အသားကျခဲ့ပြီဖြစ်သည်။ သူ၏အရင်ဘဝကရရှိထားသော တိုက်ခိုက်ရေးအတွေ့အကြုံများနှင့် ထပ်ပေါင်းထည့်ပြီးသည့်နောက် သူသည် ပိုမို၍ သန်မာအားကောင်းလာခဲ့သည်။
သူ၏ခန္ဓာကိုယ်၏ စိတ်ဝိညာဉ်အမြစ် အရည်အသွေး နိမ့်ကျမနေလျှင် သူသည် အဆင့်မြင့်သားရဲကြီးများအား စိန်ခေါ်၍ သတ်ဖြတ်ရန်ပင် စဉ်းစားထားမိ၏။
"ငါ့အနေနဲ့ ထိုက်ရွှမ်ကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကိုသာ နားလည်ရင် စိတ်ဝိညာဉ်အမြစ် အရည်အသွေးကလည်း အဆင့်နိမ့်ကနေ သာမန်အဆင့်ထိ တိုးတက်လာမှာပဲ။" ရီရှင်းချန် ကြိတ်ကာတွေးလိုက်မိ၏။
သူ၏ အနာဂတ်မျှော်လင့်ချက်များအားလုံးသည် ထိုက်ရွှမ်ကျင့်စဉ်နှင့် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ် ပေါ်တွင် မူတည်လျက်ရှိ၏။
"ဒိုင်း"
ရုတ်တရက်ဆိုသလိုပဲ သေနတ်သံတစ်ခုထွက်ပေါ်လာပြီး အလင်းတန်းတစ်ခုသည် သူ့ဆီပြေးဝင်လာ၏။
ရီရှင်းချန်၏ မျက်စိသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့ဝင်သွား၏။ ဤအခိုက်အတန့်မှာတော့ သူသည် ရှောင်တိမ်းလိုက်ချင်သည်။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်သည် စိတ်အတွေးအတိုင်းလိုက်၍ မလှုပ်ရှားနိုင်ပေ။
အလင်းတန်းသည် သူ၏နားရွက် နားမှ ဖြတ်သန်းသွားပြီး အားရပါးရပြေးဝင်လာသော အနောက်ဘက်ရှိ သားရဲရိုင်းကြီးတစ်ကောင်၏ ဦးခေါင်းအား ဖောက်ထွင်းသွားတော့၏။
"ဖောက်"
“ဘုတ်”
ကြီးမားသောခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ကျဆင်းသွားပြီး သွေးတွေဆက်တိုက် ထွက်ပေါ်လာသည်။
ရီရှင်းချန်သည် သူ၏နဖူးပေါ်မှ ချွေးစေးများအား အသာပွတ်ကာသုတ်လိုက်၏။ သူသေဆုံးရန် ဝ.၀၁စက္ကန့်သာ လိုအပ်တော့၏။ ရှောင်ကျီ၏ သေနတ်ပစ်ချက်ကြောင့်သာ မဟုတ်လျှင် သူသည် လက်ရှိအချိန်တွင် သေဆုံးနှင့်ပြီး ဖြစ်နေလိမ့်မည်။
ပြန်လည်မွေးဖွားလာရန် နှစ်တစ်ထောင်လား ၊ နှစ်တစ်သောင်းလား … မည်မျှကြာမည်ဆိုသည်ကို သူမသိပေ။
"ဂျူနီယာညီလေးရီ"
ရှောင်ကျီသည် သူ၏ခန္ဓာကိုယ်ကို ထိန်းမတ်ပြီး သေနတ်အား ပုခုံးပေါ်တင်ကာ ပြောလိုက်၏။
"သလင်းအမြုတေကို ထုတ်ယူလိုက်။"