အခန်း (၁၂၀)
Vol. 9 Ch. 120
စုရှောင်မို နှင့် တခြားနှစ်ယောက်တို့၏ အသွင်ပြောင်းမှုသည် အစသာရှိသေး၏။
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ နှင့် ရီရှင်းချန် တို့အတွက် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်း နှစ်ပုလင်းကို လည်း ချန်ထားသည်။
လုချင်းချင်း နှင့် လီချင်းယန် တို့ကတော့ ထိုဆေးရည်အား မလိုအပ်ချေ။ ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းကို မြန်ဆန်စေရန် ချီစုစည်းခြင်းဆေးရည်ကိုသာ ပေးရန် လိုအပ်သည်။
ဂိုဏ်းတွင် တပည့် ရာကျော်ရှိသည်မို့ ကျွင်းချောင်ရှောင်းသည် တန်းတူညီမျှတော့ မထောက်ပံ့ပေးနိုင်ချေ။ ဟုတ်ပေသည်။ သူ့အနေဖြင့် သာတူညီမျှသာ ထောက်ပံ့ပေးနိုင်၏။
အရင်ဦးဆုံး အဓိက တပည့်တွေ ကို ရွေးထုတ်ပြီး နတ်စမ်းချောင်းဂိုဏ်းနှင့် ယှဉ်ပြိုင်မည့် တစ်နှစ်အတွင်း အလုံးစုံ အားကောင်းလာစေရန် ကူညီပေးဖို့ သူဆုံးဖြတ်ချက် ချလိုက်သည်။
တကယ်တန်းမှာတော့ ကျွင်းချောင်ရှောင်းသည် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်မှသည် သာမာန် စိတ်ဝိညာဉ်အမြစ် အဖြစ် သို့ ပြောင်းလဲစေနိုင်သည့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို ဝယ်ယူရာ၌ တစ်ပုလင်း လျော့ကာ ဝယ်ယူနိုင်၏။
အဘယ့်ကြောင့် ဆိုသော် တောနက်ထဲတွင် သွားရောက် လေ့ကျင့်လျက်ရှိသော ရီရှင်းချန်သည် ထိုက်ရွှမ် ကျင့်စဉ်ကို ဒုတိယအဆင့်ထိ နားလည်သွားခဲ့ပြီ ဖြစ်သောကြောင့် သူ၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်နိမ့်မှ သာမာန်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ အဆင့်သည် အဆင့်ကိုး စွမ်းအင်ဖွင့်ခြင်း အဆင့်မှသည် အဆင့်ဆယ့်နှစ် စွမ်းအင် ဖွင့်ခြင်းအဆင့်ထိ ချိုးဖျက် ရောက်ရှိခဲ့သည်။ သိုင်းတပည့်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့၏။
“ဟားဟား …”
လှိုဏ်ဂူထဲတွင် ခြေချိတ်ထိုင်ရင်း သူ၏ စိတ်ဝိညာဉ်အမြစ် တိုးတက်သွားခဲ့သည်ကို ခံစားမိတော့ ရီရှင်းချန် အားပါးတရ ဖြင့် ထရယ်လိုက်မိသည်။
“ငါ့ ခန္ဓာကိုယ် အားတိုးအောင် ပြုလုပ်ပြီး နတ်ဘုရား စိတ်ဝိညာဉ်အမြစ်ထိ ရောက်အောင် လုပ်နိုင်မယ် ဆိုရင် တစ်နေ့မှာ ငါ ထိပ်ဆုံးကို ပြန်ရောက်မှာပဲ”
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြောလိုက်သည် “အဲအချိန်ရောက်ရင် ငါ့ မျက်လုံးရှေ့မှာ ကောင်းကင်ကြီးက ကွယ်နေရင်တောင်မှ ဖယ်ရှားပစ်မယ်။ ထာဝရ ဧကရီ ဆိုတဲ့ ကောင်မကို လောကကြီးကနေ ပျောက်ကွယ်သွားအောင် ပြုလုပ်မယ်”
ဝှစ် .. ဝှစ် …။
သူ၏ ခန္ဓာကိုယ်ဆီမှ အားကောင်းလှသော အော်ရာတွေ ထွက်ပေါ်လာသည်။ ထိုအော်ရာများသည် သိုင်းအင်ပါယာတစ်ယောက်၏ ကြောက်မက်ဖွယ်ရာ အော်ရာပဲ ဖြစ်၏။
ကံဆိုးစွာနှင့် အရင်ဘဝမှ သေဆုံးပြီးနောက် သူ၏ ဝိညာဉ်သည် နှစ်ပေါင်းထောင်ချီကြာအောင် မြေကမ္ဘာအမြူတေ ထဲတွင် ပိတ်လှောင်ခြင်း ခံခဲ့ရသည်။ ချိုးဖျက် ထွက်ခွာလာနိုင်ချိန်မှာတော့ သူသည် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်သော လူငယ်လေး၏ ခန္ဓာကိုယ်ကို ရရှိခဲ့သည်။ ယခုလို သာမာန်အဆင့် စိတ်ဝိညာဉ်အမြစ် ဆီသို့ တိုးတက်လာခဲ့ခြင်းကြောင့် သူ အနည်းငယ်တော့ စိတ်သက်သာရာ ရမိသည်။
ရုတ်တရက် ထွက်ပေါ်လာသော ရယ်သံကြောင့် လန့်နိုးလာသော ရှောင်ကျီ က ပြောလိုက်သည် “ညီလေးရီ .. ဘာလို့ ညသန်းခေါင်ကြီး ထရယ်နေရတာလဲ”
“ဟမ် …”
ရီရှင်းချန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည် “ခပ်ပေါပေါ သေမျိုးကောင်တွေ”
“ဂါး …”
ရုတ်တရက် ဆိုသလိုပဲ လှိုဏ်ဂူ၏ အပြင်ဘက်ဆီမှ အော်သံကြီး ထွက်လာပြီး မြေပြင်တစ်ခုလုံးသည်လည်း တုန်ခါသွားသည်။
“မကောင်းတော့ဘူး”
ရှောင်ကျီသည် စနိုက်ပါ ကို ကောက်ယူပြီး လှိုဏ်ဂူအပြင်ဘက်ဆီ ထွက်လိုက်၏။
အဝေးတစ်နေရာတွင်တော့ အမဲရောင် ဝက်ဝံကြီးတစ်ကောင်သည် ထူထဲ၍ ကြီးမားလှသော သစ်ပင်ကြီး တစ်ပင်အား ကုတ်ခြစ်၍ တစစီဖြစ်အောင် ပြုလုပ်နေသည်။
ရီရှင်းချန်သည် အပြင်ကို ထွက်ကြည့်လိုက်တော့ ကြီးမားလှသော သတ္တဝါကြီးအား တွေ့လိုက်ရသည်။ “လာပြန်ပြီ အမှိုက်တစ်ကောင်”
ရှောင်ကျီသည် သူ၏ သေနတ်ကို မြှောက်ကာ ဝက်ဝံကြီး၏ ဦးခေါင်းအား ချိန်ရွယ်လိုက်၏။
“နေအုံး …”
ရီရှင်းချန် လက်ကို မြှောက်ကာ ရှေ့သို့ လှမ်းတက်လိုက်သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည် “ကျုပ် ကိစ္စထားလိုက်”
ရှောင်ကျီ ပြောလိုက်သည် “ဂျုနီယာညီလေး .. ဒါက သိုင်းတပည့်အဆင့် နဲ့ နှိုင်းယှဉ်လို့ရတဲ့ နတ်ဆိုး ဝက်ဝံနက်”
“ဂါး …”
နတ်ဆိုး ဝက်ဝံနက်သည် သူ၏ လက်ကို လွှဲယမ်းပြီး အနီးအနားရှိ သစ်ပင်များ အားလုံးကို ဖျက်ဆီးလျက်ရှိသည်။ သူသည် ဖျက်ဆီးရေးကို အားတက်တရော လုပ်နေတုန်းမှာပဲ လေနှင့် အတူ ပါလာသော လူသားနှစ်ယောက်၏ အနံ့ကို ရရှိလိုက်သည်။
“အမှိုက် ….”
ရှီရင်းချန် ပြောပြီးသည့်နောက် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ပြောလိုက်သည် “ဒီကောင့်ကို ရှင်းရမှာ ပျင်းစရာကြီး”
“ဂါး …”
ထိုအချိန်မှာပဲ နတ်ဆိုးဝက်ဝံနက်သည် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် မလိုက်ဖက်အောင်ပဲ မြန်မြန်ဆန်ဆန် ဖြင့် သူတို့ ဆီ ပြေးဝင်လာသည်။ လမ်းတစ်လျောက်တွင် ရှိနေသော သစ်ပင်၊ ကျောက်တုံး ၊ အရာဝတ္တုအားလုံးတို့သည် တစစီဖြစ်ကုန်ကြသည်။
ဘုန်း ..။
တောနက်ထဲတွင် သေနတ်သံတစ်ခု ထွက်ပေါ်လာ၏။
…..
ဘယ်ပြီးရင် ညာကိုပြောင်း … ညာပြီးရင် ဘယ်ကိုပြောင်း …
ဖင်လေးကွေးပြီး အော်လိုက်ရအောင် .. မြှောင့် .. မြှောင် ..မြောင်။
မနက်ခင်းမှာတော့ နတ်ဘုရားတေးဂီတအသံ နှင့်အတူ သံမဏိအရိုးဂိုဏ်းတပည်များသည် ကခုန်လျက် ရှိသည်။
လျှိုဝမ်ရှစ်သည် တေးဂီတ၏ စည်းချက်နှင့်အတူ တေးသရုပ်ဖော်ကိုပင် ပြုလုပ်လျက်ရှိ၏။ သူမ၏ ဖင်လေးကို ကွေးပြီး လက်သီးလေးဆုပ်ကာ ပါးစပ်အား တေ့၍ ကြောင်လို ပင် အော်လိုက်သေးသည်။ သူမကို ကြည့်ရသည်မှာ အလွန်တရာ ချစ်ဖို့ ကောင်းလှသည်။
ကလေးမလေး ပျော်ရွှင်စွာ ကခုန်နေသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း တီးတိုးပြောလိုက်မိသည် “တုတု က ကမ္ဘာမှားပြီး ရောက်လာတာပဲ။ ငါ့ရဲ့ အရင် ဂြိုဟ်ပြာ မှာဆိုရင် လိုလီကြိုက်တဲ့ သကောင့်သားတွေ မနည်းဘူး။ အဲမှာဆို တုတု နာမည်ကြီး ဖြစ်နေလောက်ပြီ”
ပြီးနောက် ရုတ်တရက် ဆိုသလိုပဲ တစ်စုံတစ်ခုကို သတိရသွားသောကြောင့် သူပြောလိုက်သည် “စတိုးထဲမှ သေနတ်တောင် ရှိတယ် ဆိုတော့ အမြှောက်တွေ၊ အာကာသယဉ်တွေ၊ အချိန်ခရီးသွားယဉ်တွေ ရော ရှိလား”
“ရှိပါသည်” စနစ်မှ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း ပျော်သွားသည်။
“ဒါပေမဲ့ …” စနစ်မှ ရင်နာရအောင် ဆက်ပြောလိုက်၏ “အဆင့်မြင့် စတိုးတွေ ဆီမှာပဲ ရနိုင်သည်။ တွေ့ရှိနိုင်ရန် ရာခိုင်နှုန်းလည်း အလွန်းနည်းသည် ။ ထို့ကြောင့် လက်ခံသူ အနေဖြင့် အဓိက ကမ္ဘာမြေသို့ပြန်မည့် အကြံအစည် အား လက်လျော့လိုက်သင့်သည်”
ကျွင်းချောင်ရှောင်း အလိုမကျသလို ပြောလိုက်သည် “ဒီလို အရာတွေ ရှိတယ် ဆိုမှတော့ ပြန်လို့ ရရမှာပေ့ါ။”
စနစ်မှ ပြောလိုက်သည် “ဒီမှာ စိတ်ဝိညာဉ်စွမ်းအင်တွေလည်း ရှိသည်။ ထို့အပြင် အဓိက ကမ္ဘာမှာထက် လူသက်တမ်းကလည်း ပိုကြာရှည်သေးသည်။ အဘယ့်ကြောင့် လက်ခံသူ ပြန်ချင်ရသနည်း”
“မင်း နားမလည်ပါဘူး”
ကျွင်းချောင်ရှောင်း အဝေးတစ်နေရာဆီ လှမ်းကြည့်ပြီး ဆွေးဆွေးမြေ့မြေ့ ပြောလိုက်သည် “အဲမှာ ငါ့အိမ်ရှိတယ်။ သူငယ်ချင်းတွေ ရှိတယ်။ အချစ်ဦးလည်း ရှိတယ်။ ပြီးတော့ .. အမျိုးတွေ .. ထားလိုက်ပါတော့ အမျိုးတွေတော့ ထည့်မတွက်တော့ဘူး။”
စနစ်မှ ပြောလိုက်သည် “လက်ခံသူ အဓိက ကမ္ဘာသို့ ပြန်ချင်ရခြင်း ရည်ရွယ်ချက်သည် ကျင့်ကြံခြင်းလောက၏ စွမ်းအားများအား သွားရောက်ကြွားဝါရန် မဟုတ်လား”
စိတ်တိုဖို့ ကောင်းစွာနှင့် သူ၏ အကြံအစည်အား စနစ်သည် ရိပ်မိနေသည်။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “နိုင်ငံခြားရုပ်ရှင်တွေထဲမှာ iron man က ကမ္ဘာကြီးကို ကယ်တင်တယ် မဟုတ်လား။ ငါ ပြန်ရောက်သွားရင် အားအင်တွေကို ထုတ်ပြရမယ်။ အမျိုးသမီးရေးရာ က စော်တွေကို ခေါ်ပြီး တစ်ယောက်ချင်းစီကို အာဘွားပေးမယ်။”
စနစ် “……..”
“ထားလိုက်ပါတော့ …” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စနစ်မှ ထပ်ပြောလိုက်သည် “ လက်ရှိ အဓိက ကမ္ဘာ၏ အခြေအနေတစ်ခု ပြောပြမည်။ ဂျာကာတာ မှာ ကျင်းပသည့် ကမ္ဘာဖလားပွဲတွင် မြန်မာ အသင်း နှင့် ဂျာမဏီ အသင်းတို ဗိုလ်လုပွဲ ကန်ခဲ့သည်။ ဂျာမဏီ အသင်းက အနိုင်ဂိုးသွင်းထားသော်လည်း ဂိုးသွင်းပြီး အောင်ပွဲခံနေချိန် အပျော်လွန်ကာ ဘောင်းဘီချွတ်ခဲ့သောကြောင့် ကစားသမား ငါးယောက် အထုတ်ခံခဲ့ရသည်။ ၁၁ ယောက် ၊ ၆ ယောက် ကန်ရင်း မြန်မာအသင်းသည် ကမ္ဘာဖလားအား ဗိုလ်ဆွဲခဲ့သည်။”
ကမ္ဘာဖလား ဟုတ်လား။ ဘယ်တုန်းက ခြေစစ်ပွဲအောင်ပြီး သွားပြိုင်ခဲ့တာလဲ။ သူရှိစဉ် အခါတုန်းက ဆိုလျှင် မြန်မာအသင်းသည် ဒေသတွင်း ပြိုင်ဘက်များကိုပင် ဂိုးအလှုတော်ကြီးပေးကာ သာဓု ခေါ်လေ့ရှိသည်။ မြန်မာ အသင်း ပရိသတ်များဆိုလျှင် အရှုံးဆိုသော အရာနှင့် ရင်ဆိုင်ရတာ များလွန်းသောကြောင့် ဘယ်နေ့ ဘောလုံးပွဲ ရှိသည်ဆိုတာကိုပင် စိတ်ဝင်စားသူ မရှိတော့ချေ။
“ဘာပဲ ပြောပြော အောင်ပွဲ ခံရမယ်။”
ကျွင်းချောင်ရှောင်းသည် နတ်ဘုရားတေးဂီတ နှင့် အတူ ကခုန်နေသော သူ၏ တပည့်များဆီ ပြေးဝင်ကာ အားရပါးရ လိုက်ကလိုက်တော့သည်။
ဖင်လေးကုန်း၍ အော်လိုက်ရအောင် မြှောင် .. မြှောင် .. မြှောင် …။
….
မနက်ခင်း လေ့ကျင့်ခန်းပြီးချိန်မှာတော့ တပည့်များသည် ကိုယ်ပိုင် ကျင့်ကြံခြင်း အား ပြုလုပ်ကြတော့သည်။
ယခုမှ ဂိုဏ်းထဲ ရောက်လာသော လုံကျိရန် ၊ ရန်ယုဟွာ နှင့် တခြားသော တပည့်များသည် မျက်နှာပျက်ရွင်းလျက် ရှိကြ၏။ သူတို့သည် ရှက်ဖွယ်ရာ မနက်ခင်း လေ့ကျင့်ခန်းကြီးနှင့် အသားမကျသေးချေ။
ငါ ခုနတုန်းက အားရပါးရ ကလိုက်တာလား။ ငါ့ ခန္ဓာကိုယ်ကို ငါ ဘာလို့ ထိန်းချုပ်မရတာလဲ။ ရှက်လိုက်တာ။
“ကျိရန် ၊ ယုဟွာ …”
စုရှောင်မို လက်ကို ယမ်းခါပြီး ပြုံးလိုက်သည် “လာ.. လာ .. စီနီယာအစ်ကို မင်းတို့ကို လေ့ကျင့်တဲ့ ဆီ ခေါ်သွားမယ်။”
“အိုး ……” လုံကျိရန်၊ ရင်ယုဟွာ နှင့် တခြားသော တပည့်များသည် စုရှောင်မို နောက်သို့ လိုက်ပါရင်း ကြွက်သား တည်ဆောက်ခြင်းအခန်း ဆီ ရောက်ရှိသွားသည်။
ညအချိန်မှာတော့ …
တပည့်များသည် တစ်နေ့တာ လေ့ကျင့်ခန်းသည်များအား ပြန်လည် ဆွေးနွေးလိုက်ကြတော့သည်။
နောက်တစ်ရက်မှာတော့ တပည့်သစ်များသည် ဘောလုံးမည်သို့ ကန်ရမည်ကို သင်ယူရင်း ကစားကြ၏။ တပည့်သစ်များ၏ မျက်နှာတွင် ဘောလုံးရာကြီးတွေ နှင့် ဖြစ်ကုန်ကြ၏။
အမေ …။
ဒီဂိုဏ်းက လူတွေ ရက်စက်လွန်းတယ်။ အိမ်ပြန်ချင်တယ်။ …။
အိမ်ပြန်ရန်လား။ မည်သို့မှ မဖြစ်နိုင်ပေ။
သံမဏိ အရိုးဂိုဏ်းတပည့်များ ဖြစ်သွားကြပြီမို့ အားလုံးသည် ဓားတောင်နှင့် မီးပင်လယ်ကို ကျော်ဖြတ်ရမည် ဆိုလျှင်ပင် နောက်ပြန်မလှည့်ဘဲ ရှေ့သို့သာ ဆက်သွားရလိမ့်မည်။ ငရဲပြည်၌ သီချင်းဆိုသည့် လုပ်ရပ်ကို မကြောက်မရွံ လုပ်မည့်သူများသည် သံမဏိအရိုးဂိုဏ်းသားများပင် ဖြစ်ရမည်။
….
တပည့်သစ်များသည် ဂိုဏ်းထဲ ရောက်ရှိပြီးနောက် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ် ၊ ကြွက်သားတည်ဆောက်ခြင်း ဆေးလုံး တို့ ရရှိကြသည့်အပြင် ဂိုဏ်းသားတစ်ယောက်၏ ဘဝကို မည်သို့ ခံယူ၍ စိတ်ထားရမည် ဖြစ်ကြောင်းလည်း သင်ယူကြရသည်။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ်များ မည်သို့ တိုးပွားအောင် ပြုလုပ်ရမည် ဆိုသည်ကို စဉ်းစားလျက် ရှိသည်။
အမြန်ဆန်ဆုံးနည်းလမ်းမှာ တပည့်သစ်များ ခေါ်ယူရန် ဖြစ်သည်။ သို့ပေမဲ့ ထိုအရာသည် လွယ်ကူမနေချေ။
လီချင်းယန် တစ်ယောက် နှစ်ရက်လုံးလုံး ထိုင်စောင့်နေတာတောင်မှ တစ်ယောက်တလေ ရောက်လာသည်ကို မမြင်ရချေ။
“ခေါင်းတွေတောင် ကိုက်လာပြီ”
ကျွင်းချောင်ရှောင်း သူ၏ ဦးခေါင်းကို ဖိနှိပ်လိုက်သည်။
“ဂိုဏ်းချုပ် …”
အဘိုးအိုဝေ သည် အဓိက ဟောခန်းဆီ လျှောက်လာပြီး ပြောလိုက်၏ “ဆေးပင်တွေ ပေါက်နေပါပြီ”
“မြန်လိုက်တာ”
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။ အချိန်ကို တွက်ကြည့်လျှင် ဆယ်ရက်ကျော်သာ ရှိနေသေးသည် မဟုတ်လား။
အဘိုးအိုဝေ သည် ပြောလိုက်၏ “ဆေးပင်တွေက ရာသီပေါ် သီးနှံတွေလို မဟုတ်ဘူး။ သေချာ စိုက်ပျိုးမယ် ဆိုရင် ကျေးဇူးတင်ပြီး မြန်မြန်ပေါက်တယ်”
ဤမျှဆန်းကြယ်သည်လား။
ကျွင်းချောင်ရှောင်း စိတ်ဝင်တစား နှင့် ပြောလိုက်သည် “စီနီယာဝေ က မရိုးရှင်းဘူးပဲ။”
အဘိုးအိုဝေ ရယ်ကာ ပြောလိုက်သည် “ကျုပ်က တတိယအဆင့် ဆေးပင်ကျွမ်းကျင်သူပဲလေ။ ဘာမှ မထူးခြားပါဘူး”
ကျွင်းချောင်ရှောင် းပြောလိုက်သည် “ဆေးပင်နဲ့ ပတ်သက်ပြီး ဒီလောက် နားလည်နေတာ။ တတိယ အဆင့်ဆိုတာကို ကျွန်တော် မယုံပါဘူး”
အကြီးအကဲဝေသည် ဤကိစ္စအား ဆက်မပြောချင်ပုံနှင့် ပြောလိုက်၏ “ဆေးပင်တွေကို ရေလောင်းဖို့ စမ်းချောင်းမှ ရေခပ်ရမယ်။ ဒီတော့ တပည့်နည်းနည်းလောက် ကျုပ် လိုချင်တယ်”
ကျွင်းချောင်ရှောင်းသည် အတင်းဖိအားပေး၍ စီနီယာဝေ၏ ဇာတ်ကြောင်းအား မမေးမြန်းတော့ပေ။ လူတိုင်းတွင် လျှို့ဝှက်ချက် ရှိသည်မဟုတ်လား။ ထို့ကြောင့် လုံကျိရန် ၊ ရန်ယုဟွာ တို့ နှင့် တခြားတပည့်သစ် အနည်းငယ်အား ခေါ်ယူ၍ စီနီယာဝေအား ရေကူခပ်ပေးရန် ခိုင်းစေလိုက်သည်။
“ဂိုဏ်းချုပ် …”
ထိုအချိန်မှာပဲ လီချင်းယန် ရောက်လာသည်။ သူသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏ “ကြယ်လဂိုဏ်း အကြီးအကဲက တပည့်တွေ ခေါ်လာပြီး ပညာပြိုင်မယ် ပြောနေတယ်”
“ကြယ်လဂိုဏ်းလား။ စားသောက်ဆိုင် နာမည်နဲ့” ကျွင်းချောင်ရှောင်း တစ်ခါမှ မကြားဖူးချေ။
လီချင်းယန် ပြောလိုက်သည် “ချင်းယန်နှိင်ငံ အဆင့်ခုနှစ် ဂိုဏ်းလေးခု ထဲက တစ်ခုလေ။ ဂိုဏ်းချုပ်က မန်ရှင်းတ လို့ ခေါ်တယ်။ အခု တပည့်တွေ ခေါ်ပြီး ရောက်လာတာက ခုနှစ်ယောက်မြောက် အကြီးအကဲပဲ”
ကျွင်းချောင်ရှောင်း မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ဒါက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ထဲက မဟုတ်လား”
“အမှန်ပါပဲ” လီချင်းယန် ပြန်ဖြေလိုက်၏။