အခန်း (၁၂၁)
Vol. 9 Ch. 121
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ မှ ကြယ်လဂိုဏ်း သူ နှင့် ပညာချင်းယှဉ်ရန် ရောက်ရှိလာသည် ဆိုခြင်းမှာ မဟာမိတ်ခေါင်းဆောင် ချင် ၏ ယုတ်မာသည့် အကြံအစည် တစ်ခုဖြစ်ကြောင်း အရူးပင် သိနိုင်သည်။
“မဟာမိတ်ခေါင်းဆောင်ချင်”
ကျွင်းချောင်ရှောင်း လက်ဖျောက်တီးကာ ရယ်၍ ပြောလိုက်သည် “ကျုပ်တို့ စိန်ခေါ်ပွဲအတွက် သဘောတူညီချက် ယူပြီးသားလေ။ ဘာလို့ တခြားဂိုဏ်းတစ်ခုခု ကို လွှတ်ပြီး ပြဿနာ လုပ်နေရပြန်တာလဲ”
ဒင် … ဂိုဏ်းတာဝန် အသက်ဝင်သည်။
ချီးတဲ့မှ .. နောက်ဆုံးတော့ တာဝန် ရောက်လာပြီ။
ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်ကြည့်လိုက်တော့ ကြယ်လဂိုဏ်း၏ ခုနှစ်ယောက်မြောက် အကြီးအကဲ ဖြစ်သော စုန့်ချောင်း အား အနိုင်ယူရန် - ဝ / ၁ [အထူးတာဝန်]
ထို့အပြင် ဒုတိယ တာဝန်ရှိနေသေးသည်။
တာဝန်မှာ ကြယ်လဂိုဏ်းများအား အားရပါးရ ရိုက်နှက်ရန် ၀ /၅။
ကောင်းတယ်။ အရမ်းကောင်းတယ်။ မလာရင်လည်း မလာဘူး။ လာတော့လည်း နှစ်ခုတောင်ပါလား။
ကျွင်းချောင်ရှောင်းသည် အင်္ကျီလက်ကို ပင့်တင်ကာ ယုံကြည်ချက်ရှိရှိဖြင့် မတ်တပ်ထရပ်လိုက်သည် “မြန်မြန် …. ဒီလူတွေကို အထဲဆီ ခေါ်လိုက်”
“ကောင်းပါပြီ”
လီချင်းယန် လှည့်ထွက်လိုက်သည်။ သူသည် ဇဝေဇဝါနှင့် တွေးလိုက်မိ၏ “ဂိုဏ်းချုပ် ဘာလို့ အရမ်းပျော်နေတာလဲ”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ်များ လိုအပ်နေသည်။ သို့ပေမဲ့ သူ့အား လက်ရှိတွင် ဂိုဏ်းတာဝန် နှစ်ခု ပေါ်လာပြီ ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်း အလွန်ပျော်နေခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် တေးဂီတ ကို ဖွင့်၍ပင် ကခုန်လိုက်ချင်သေး၏။
..
သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင်တောာ့ …
သံမဏိအရိုးဂိုဏ်းသားများသည် ကျင့်ကြံခြင်းကို ရပ်တန့်၍ ဂိုဏ်းချုပ်အနောက်သို့ လာကာ ရပ်လိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် ခြေတစ်ချောင်း ချိတ်ထိုင်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးပန်းတွေ ဝေလျက်ရှိ၏။
မျက်နှာချင်းဆိုင်မှာတော့ ကြယ်လဂိုဏ်း အကြီးအကဲသည် လက်နှစ်ဖက် နောက်ပစ်၍ ဂုဏ်ယူစွာ ရပ်နေသည်။ သူ၏ နောက်ဘက်တွင်တော့ တပည့်ငါးယောက် ရှိနေသည်။ သူတို့၏ အော်ရာများကို ကြည့်လျှင် သိုင်းတပည့် အဆင့်ဖြစ်ကြောင်း သိသာလှသည်။
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင်တော့ ထိုသူတို့သည် ဂိုဏ်းစုဆောင်းမှတ်များ ဖြစ်၏။
စနစ်မှ ပြောလိုက်သည် “တပည့်ငါးယောက် .. ဘယ်မှညာ ကြည့်မည် ဆိုလျှင် သိုင်းတပည့် အဆင့်ငါး၊ အဆင့်လေး၊ အဆင့်လေး ၊ အဆင့်သုံး ၊ အဆင့်နှစ်”
ကျွင်းချောင်ရှောင်း တွေးလိုက်သည် “အဆင့်ခုနှစ် ဂိုဏ်းတစ်ခု မှန်း ပီသတယ်။ တပည့်တွေက အားကောင်းလွန်းတာပဲ”
“ဂိုဏ်းချူပ်ကျွင်း ….”
စုန့်ချောင်သည် လက်ကို ဆပ်၍ ပြောလိုက်သည် “ခင်ဗျား ရဲ့ တပည့်လေးယောက်က ချင်းယန်နိုင်ငံ သိုင်းပြိုင်ပွဲ မှာ ထိပ်ဆုံးလေးနေရာကို ရယူခဲ့တယ်လို့ ကျုပ်ကြားတယ်။ ကျုပ်တို့ ကြယ်လဂိုဏ်းက ခင်ဗျားကို ချီးကျူးပါတယ်။ ဒီနေ့မှာ ခင်ဗျားတို့ဆီကနေ သင်ယူနိုင်ဖို့ ကျုပ် တပည့်တွေကို ခေါ်လာတယ်”
ကြယ်လဂိုဏ်းသည် ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ သို့ပေမဲ့ သူတို့သည် အပြင်စည်း တပည့်များကိုသာ ပို့လွှတ်ခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် က မမြင့်မားသောကြောင့် ထိုတပည့်များသည် အစောကတည်းက ပြိုင်ပွဲမှ ထွက်ခဲ့ရ၏။
သူတို့အနေနှင့် အဆင့်မြင့် တပည့်များအား တမင်မလွှတ်ခဲ့ခြင်းမဟုတ်ပေ။ သိုင်းပြိုင်ပွဲတွင် စည်းမျဉ်းတစ်ချို့ရှိနေသည်။ ပါဝင်ယှဉ်ပြိုင်ဖူးသော တပည့်များသည် နောက်တစ်ကြိမ် ထပ်မံ၍ ယှဉ်ပြိုင်မရသလို အသက် ဆယ့်ရှစ်နှစ်အောက်လူများသည်သာ သိုင်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျင့်ကြံခြင်းလောကမှာ မိတ်ဆွေဖွဲ့မယ်။ သိုင်းယှဉ်ပြိုင်ပြီး သိုင်းတာအိုကို ဆွေးနွေးတယ်ဆိုတာ သဘာဝပဲ။ ကျုပ်က ကြိုဆိုရမှာပေါ့”
ဖြောင်း .. ဖြောင်း .. ဖြောင်း..။
တပည့်များအားလုံးသည် သူ အချက်ပြလိုက်တော့ လက်ခုပ်တီးကာ အားပေးလိုက်ကြသည်။
စုန့်ချောင်၏ နှုတ်ခမ်းထောင့်များသည် ုတုန်ရင်သွားသည်။ သူ လေးလေးနက်နက် ပြောလိုက်၏ “ဒီစုန့် က ကြယ်လဂိုဏ်းကနေ အတွင်းတပည့် ငါးယောက် ခေါ်ခဲ့ပါတယ်။ ခင်ဗျားတို့ ဂိုဏ်းက တပည့် ငါးယောက် နဲ့ ယှဉ်ပြိုင်ပါရစေ။”
စုန့်ရှောင်သည် သံမဏိအရိုးဂိုဏ်း၌ အားကောင်းလှသူဆို၍ လီချင်းယန် တစ်ယောက်သာ ထည်ထည် ဝါဝါ ရှိသည်ဟု တွေးထင်ထားသည်။ ထို့ကြောင့် တိုက်ပွဲ ငါးပွဲ ဖန်တီး၍ ရအောင် တပည့် ငါးယောက်ခေါ်ဆောင်လာခြင်း ဖြစ်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကောင်းပြီ”
“ချင်းယန်….”
သူ လက်ကို ယမ်းခါပြီး ပြောလိုက်၏ “သွား .. အဝေးကနေ တကူးတက လာတဲ့ ဧည့်သည်တွေနဲ့ သိုင်းပြိုင်ကြည့်လိုက်”
“ကောင်းပါပြီ”
လီချင်းယန်သည် ရှေ့ သို့ လှမ်းတက်လိုက်ချိန်မှာတော့ ဂိုဏ်းချုပ်ဆီမှ တီးတိုးပြောဆိုသံကို ကြားလိုက်ရသည် “ကောင်းကောင်းရိုက်။ သူ့အဖေနဲ့ အမေ နာမည်ကို အော်ခေါ်တဲ့အထိ သာ ရိုက်တော့”
တာဝန်မှာ ကြယ်လဂိုဏ်းသားများအား အားပါးတရ ရိုက်နှက်ရန် ဖြစ်သည်။ တော်ရုံလောက် နိုင်မည် ဆိုလျှင် တာဝန်၏ လိုအပ်ချက်နှင့် မကိုက်ညီမည်ကို သူစိုးရိမ်မိသည်။
လီချင်းယန်သည် ရှေ့သို့ လှမ်းထွက်၍ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီ သွားလိုက်၏။
စုန့်ချောင်သည်လည်း အားအနည်းဆုံး သိုင်းတပည့် အဆင့်ငါး တပည့် တစ်ယောက်ကို လွှတ်လိုက်သည်။
ကျွင်းချောင်ရှောင်း တွေးလိုက်သည် “ဒီလူ လှည့်ကွက်တွေ လုပ်နေတာပဲ။ အားအနည်းဆုံးကို အရင်လွှတ်ပြီး ကျန်တဲ့သူတွေအလှည့်မှ ငါ့တပည့်တွေကို ရိုက်နှက်အောင် စီစဉ်ထားတာပဲ”
ဖျောက် ….
လက်ဖျောက်တစ်ချက် တီးလိုက်သော တပည့်တစ်ယောက်သည် သူ့အား ရေနွေးအိုးနှင့် လာရောက် တည်ခင်း၏။
“လီချင်းယန် ….”
“ကျားထျန်းရင်”
“ဖူး ….” ကျွင်းချောင်ရှောင်း၏ ပါးစပ်ထဲမှ ရေနွေးတွေ ပြန်ထွက်လာသည်။ တစ်ဖက်လူသည် ယောကျာ်းလေး ဖြစ်သည်ဟု သူ ထင်မှတ်ထားသော်လည်း တကယ်တန်းမှာတော့ မိန်းကလေး တစ်ယောက် ဖြစ်လို့နေ၏။
…
နှစ်ဖက်လုံးသည် နာမည်ကို မိတ်ဆက်ပြီးသည့်နောက် တိုက်ခိုက်မှုကို စတင်တော့သည်။
ကျားထျန်းရင် သည် အရင်ဦးဆုံး စတင်ကာ တိုက်ခိုက်လိုက်သည်။ သူမ ၏ လက်နှစ်ချောင်းဆီမှာ စိတ်ဝိညာဉ် စွမ်းအင်တွေ ဖြစ်တည်လာပြီး တရွှီးရွှီး အသံနှင့်အတူ စတင်၍ ဓားကဲ့သို့ ခုတ်ပိုင်း တိုက်ခိုက်တော့၏။
အလယ်အလတ် အဆင့် သိုင်းကွက်တစ်ခု ဖြစ်သော အရိပ်လက်ချောင်းသိုင်း။
လက်ချောင်း၏ ဖြစ်ပေါ်လာသော အရိပ်နှင့် အမြန်နှုန်းအရ ဆိုလျှင် သူမသည် ဤနည်းစနစ်အား လေ့ကျင့်ထားတာ ကြာပြီးဖြစ်ပြီး အလွန်ကျွမ်းကျင်နေကြောင်း သိနိုင်သည်။ မဟုတ်လျှင် ဤကဲ့သို့ ထုတ်ဖော် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
လီချင်းယန်သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး စည်းချက်ကျကျ တစ်ဖက်လူ၏ လက်ညိုးအရိပ်များအား ရှောင်တိမ်းနေသည်။
သူသည် နတ်စမ်းချောင်းဂိုဏ်းမှ မိုရှန်းဖေး အား အနိုင်ယူခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သိုင်းတပည့် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရချိန်မှာတော့ သူ့အတွက် အလွန်အမင်း လွယ်ကူနေသည်။ ဤအတိုင်းသာ ဆက်ရှောင်နေလျှင် မိုးသာချုပ်သွားမည် တစ်ဖက်လူသည် သူ၏ အင်္ကျီစကိုပင် ထိအောင် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
ကျားထျန်းရင်သည် သူမ နှင့် ယှဉ်ပြိုင်ဘက်တို့ကြား ကွာခြားချက် ကြီးမားလွန်းသည်ကို သိရှိပြီး ဖြစ်သည်။ သို့ပေမဲ့ သူမ အနေနှင့် အရှုံးပေးသည်ဟု ပြောဆို၍ မဖြစ်ချေ။ ထို့ကြောင့် အရိပ်လက်ညိုးသိုင်းကိုသာ ထုတ်ဖော်၍ ဆက်လက် တိုက်ခိုက်နေလိုက်သည်။
ရုတ်တရက် ဆိုသလိုပဲ ရှောင်ရုံသာ ရှောင်နေသည့် လီချင်းယန်သည် ရုတ်တရက် ဆိုသလိုပဲ သူမ ၏ လက်ကောက်ဝတ်ကို လက်တစ်ဖက် နှင့် ဖမ်းဆွဲလိုက်သည်။ ပြီးနောက် သူမ၏ ပခုံးတစ်ဖက်အား တွန်းလွှတ်လိုက်သည်။
ခြေဆယ်လှမ်းလောက် နောက်ဆုတ်သွားရသည့် ကျားထျန်းရင်သည် သူမ ၏ ခန္ဓာကိုယ် တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သေးခင်မှာပဲ တစ်ဖက်လူသည် သူမ၏ အင်္ကျီစအားကိုင်၍ လေထဲသို့ ပစ်တင်လိုက်ကြောင်း သိရှိလိုက်ရ၏။
ဖောင်း .. ။
ပြီးနောက် သူမသည်လေထဲတွင် သုံးရာ့ခြောက်ဆယ် ဒီဂရီလည်သွားပြီး တိုက်ခိုက်ရေးကွင်းပြင်၏ တစ်ဖက်ခြမ်းရှိ မြေပေါ် ပြုတ်ကျသွားတော့သည်။
သူမ မြေပေါ်ပြုတ်ကျကျဆင်းမှာပဲ တစ်ဖက်လူသည် အနားသို့ ရောက်လာပြီး အင်္ကျီစအား ကိုင်၍ တစ်ဖက်ခြမ်းဆီ ပစ်လွှတ်လိုက်ပြန်၏
ဖောင်း ..။
သူမသည် တိုက်ခိုက်ရေး ကွင်းပြင်၏ ဘယ်မှညာ၊ ညာမှဘယ်သို့ အခေါက်ပေါင်းများစွာ ပစ်လွှတ်ခံရသောကြောင့် ခေါင်းတွေပင် မူးလာသည်။ တစ်ကိုယ်လုံးသည်လည်း ကိုင်ရိုက်ခံထားရသောကြောင့် နာကျင်နေပြီဖြစ်သည်။
“ဒင် … ကြယ်လဂိုဏ်းတပည့်များ အားရပါးရ ရိုက်နှက်ခြင်း အောင်မြင် ၁ / ၅။”
လီချင်းယန်၏ အဆက်မပြတ် ကိုင်ပေါက်မှုသည် စနစ်၏ လိုအပ်ချက်နှင့် ကိုက်ညီသွားပြီဖြစ်သောကြောင့် တာဝန် ပြီးမြောက်အောင်မြင်ခဲ့၏။
“ချင်းယန် .. ဒါက သိုင်းတာအိုကို ဆွေးနွေးတာလေ။ တော်ပြီ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
လီချင်းယန်သည် ပါးစပ်ထဲမှ အမြုပ်တွေပင် ထွက်နေပြီ ဖြစ်သော ကျားထျန်းရင် ၏ ခြေထောက်တစ်ဖက်အား ဆွဲယူ၍ ကြယ်လဂိုဏ်းသားများ ရှိရာဘက်ဆီ ပစ်လွှတ်လိုက်သည်။
“ဒုတိယ စီနီယာ အစ်ကိုကြီး နိုင်ပြီ” တပည့်များသည် ချက်ချင်းပဲ ချီးကျူး ထောပနာ ပြုလိုက်ကြ၏။
သိုင်းတပည့်အဆင့် ကျင့်ကြံသူတစ်ယောက် ခွေးသေကောင် လွှတ်ပစ်သလို ပစ်လွှတ်ခံလိုက်ရသည်ကို မြင်တော့ သူတို့၏ စီနီယာအစ်ကိုကြီးအား ချီးကျူးလိုက်မိကြသည်။
“ဟမ့်” စုန့်ချောင်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူ၏ တပည့် ရှုံးနိမ့်မည် ဆိုသည်ကို အစောကတည်းက မျှော်မှန်းထားပြီး ဖြစ်၏။
လီချင်းယန် တိုက်ခိုက်ပြီးဖြစ်သောကြောင့် သံမဏိအရိုးဂိုဏ်းတွင် ထူးချွန်သော တပည့်မရှိတော့ချေ။ နောက်ထပ် ယှဉ်ပြိုင်မည့် လေးပွဲတွင် ကြယ်လဂိုဏ်းသည် ယှဉ်ပြိုင်ပွဲ တည်နေရာ တစ်ခုလုံးအား ထိန်းချုပ်ထာနိုင်မည် ဖြစ်သည်။
အမှန်တကယ်လည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။ သို့ပေမဲ့ ခံရသည့် ဘက်မှ ဖြစ်၏။
ဒုတိယ တပည့်သည် သေချာပင် မတိုက်ခိုက်လိုက်ရချေ။ လီဖေးသည် တိုက်ခိုက်ရေး ကွင်းပြင်ထဲ ရောက်သည်နှင့် တပြိုင်နက် ကွင်းထဲတွင် ရှိသော ကျောက်တုံးလေးများအား အဆက်မပြတ် ကန်ကျောက်ရင်း တိုက်ခိုက်ခဲ့သည်။
ကြယ်လဂိုဏ်းသားသည် ဘာမှတောင်မလုပ်လိုက်ရချေ။ နှာခေါင်းနှင့် မျက်နှာ တစ်ခုလုံးအား ကျောက်ခဲ ထိမှန်ပြီး သွေးအလိမ်းလိမ်းနှင့် ဖြစ်နေတော့၏။
“ဒင် … ကြယ်လဂိုဏ်းတပည့်များ အားရပါးရ ရိုက်နှက်ခြင်း အောင်မြင် ၂ / ၅။”
စနစ်မှ အသံကို ကြားတော့ ကျွင်းချောင်ရှောင်း အသာလက်ပြပြီး ပြောလိုက်သည် “တောာင်းပန်ပါတယ်။ ကျုပ်တပည့်က ဘောလုံးကန်နေကျမို့ အားနည်းနည်းပြင်းသွားတယ်။”
စုန့်ချောင်၏ မျက်နှာကြီးသည် ချက်ချင်းပင် အိုစာသွား၏။
သံမဏိအရိုးဂိုဏ်းတပည့်သည် သိုင်းတပည့် ဒုတိယအဆင့် ဖြစ်သည်။ သို့ပေမဲ့ သူတို့၏ သိုင်းတပည့် တတိယ အဆင့် တပည့်အား ဤမျှရုပ်ပျက်ဆင်းပျက် ဖြစ်သည်အထိ တိုက်ခိုက်ခဲ့သည်။
သို့ပေမဲ့ လီဖေးဆိုသူသည် သူတို့၏ ဂိုဏ်းချုပ် ဖြစ်သူကိုပင် အမိုးပေါ်မှ ပြုတ်ကျအောင် ဘောလုံးဖြင့် ကန်ခဲ့သောသူမှန်းသာ သိလျှင် စုန့်ချောင်တစ်ယောက် ဖြေသာပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမှု သူတို့သည် အခြေအနေ မဆိုးသေးဟု စုန့်ချောင် တွက်ချက်လိုက်သည်။
မိမိထက်ကျင့်ကြံခြင်းအဆင့် မြင့်မားသောသူအား အနိုင်ယူတိုက်ခိုက်နိုင်သူသည် သံမဏိအရိုးဂိုဏ်းတွင် များများစားစား ရှိမည် မဟုတ်ချေ။ ထို့ကြောင့် နောက်ထပ် ယှဉ်ပြိုင်ပွဲ သုံးပွဲတွင် အနိုင်ရပါက အဆင်ပြေပြီ ဖြစ်သည်။
တွေးကြည့်ပြီးသည့်နောက် စွေ့ချောင်သည် သူ၏ လက်ကို မြှောက်လိုက်သည်။
သိုင်းတပည့် အဆင့်လေး တပည့်သည် လေ့ကျင့်ရေးကွင်းပြင်ဆီ လျှောက်ထွက်သွား၏။
မူလ က ထျန်းချီ သို့မဟုတ် စုရှောင်မိုအား လွှတ်၍ တိုက်ခိုက်ခိုင်းမည်ဟု စဉ်းစားထားသော ကျွင်းချောင်ရှောင်းသည် နာမည်မအော်ခင်မှာပဲ ဂိတ်တံခါးမှ တဆင့် ဝင်လာသော လူနှစ်ယောက်ကို မြင်လိုက်ရသည်။
ရှောင်ကျီ နှင့် ရီရှင်းချန် ပင် ဖြစ်၏။
နှစ်ယောက်လုံး၏ ဆံပင်များသည် ရှုပ်ပွနေပြီး မျက်နှာတွေကလည်း ညစ်ပတ်ပေရေ လျက်ရှိ၏။ သူတို့ဝတ်ဆင်ထားသော ဂိုဏ်းဝတ်စုံသည် စုတ်ပြတ်နေပြီး သားရဲရိုင်းများ၏ လက်သည်းချက်များဖြစ်ကြောင်း ကြည့်လိုက်သည်နှင့် သိနိုင်သည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည် “ထွက်သွားတုန်းက သပ်သပ်ရပ်ရပ် နဲ့ပါ။ တောထဲသွားပြီး တွင်းသွားတူးရင်တောင် မင်းတို့လောက် ညစ်ပတ်ပြီး ပြန်လာမှာ မဟုတ်ဘူး။”
“ဂိုဏ်းချုပ် .. ပြန်လာပါပြီ” ရှောင်ကျီသည် သွားဖြီးကာ နှုတ်ဆက်လိုက်၏
“အချိန်ကိုက်ပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို ယမ်းခါပြီး ပြောလိုက်သည် “ကြယ်လဂိုဏ်းက သိုင်းပြိုင်ဖို့ လာပြောနေတယ်။ မင်း တတိယမြောက် ဝင်တိုက်လိုက်။”
“အမ် …” ရှောင်ကျီ ဆွံ့အသွားသည်။
သူ နှင့် ရီရှင်းချန်သည် တောနက်ထဲသွား၍ သားရဲရိုင်းများနှင့် တိုက်ခိုက်လာကြခြင်း ဖြစ်သည်။ အသက်ဘေးကို လုပြီး ထွက်ပြေးလာ၍သာ အသက်ရှင်နေကြခြင်း ဖြစ်သည်။ မည်မျှ ဆိုးရွားသော တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရသနည်း ဆိုသည်ကို သူတို့၏ ပုံစံတွေ ကြည့်ရုံဖြင့် သိနိုင်သည်မဟုတ်လား။ သို့ပေမဲ့ ဂိုဏ်းသို့ ပြန်ရောက်ရောက်ချင်း အနားပင်မယူရသေးခင်မှာ တိုက်ပွဲတစ်ခု တိုက်ခိုက်ရတော့မည်။ သောက်ကျိုးနည်းလှချေသည်တကား။
မည်သို့ပင် ဖြစ်ဖြစ် စိတ်လှုပ်ရှားစရာတော့ ကောင်းပေသည်။