အခန်း (၁၂၃)
Vol. 9 Ch. 123
တစ်ခြားသူတစ်ယောက်သာဆိုလျှင် လျှိုခွန်းလော်သည် ဤကဲ့သို့ ဖြစ်ပျက်နေမည် မဟုတ်ပေ။ အများဆုံး ရိုက်နှက်ခံရယုံသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူ၏ ပြိုင်ဘက်သည် ရီရှင်းချန် ဖြစ်လို့နေ၏။
ရီရှင်းချန်ဆိုသည်မှာ မည်သူနည်း။
သိုင်းအင်ပါယာဆယ်ယောက်ထဲမှ တစ်ယောက်ပင် ဖြစ်တော့သည်။
သူသည် အရင်ဘဝကတည်းက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ရုံသာမက သူသတ်ဖြတ်ခဲ့သော အရိုးများကို ပုံထားလျှင်ပင် တောင်ကဲ့သို့ ဖြစ်နေလောက်သည်။ သူသည် လူတစ်ယောက်ကို သတ်ဖြတ်ရာတွင် မျက်တောင်တစ်ချက်မှ မခတ်သည့် လူစားမျိုးပင် ဖြစ်၏။
တောအုပ်ထဲတွင် များပြားလှသော သားရဲများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း။
ပြီးတော့ ယခုသူ့အား အထင်အမြင်သေးသည့် အကြည့်နှင့် ကြည့်ရှုခြင်း တို့အား ခံယူပြီးနောက်မှာတော့ သူ၏ ရင်ထဲ၌ ထိန်းသိမ်းထားသော စိတ်ခံစားချက်များသည် သတ်ဖြတ်လိုခြင်းဆန္ဒတွေ အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။
သူသည် လက်ထဲရှိဓားကို မြှောက်ပြီး ထပ်မံ၍ ခုတ်ပိုင်းလိုက်တော့သည်။
"ရှင်းချန်။" ကျွင်းချောင်ရှောင်းသည် လှမ်း၍ တားဆီးလိုက်သည်။
"ဒါက ယှဉ်ပြိုင်ပွဲလေးတစ်ခုပဲ။ သတ်ဖြတ်ဖို့ မလိုဘူး။"
ရီရှင်းချန်သည် ခုတ်ပိုင်းမှုကို ရပ်တန့်လိုက်၏။
ပြီးနောက် ဓားမော့အား မြေပေါ်သို့ ပစ်ချလိုက်သည်။
နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် နောက်ဆိုရင် ဒီလို အမှိုက်မျိုးနဲ့ ကျွန်တော့်ကို မတိုက်ခိုင်းခိုင်းနဲ့။ အချိန်ဖြုန်းတာနဲ့အတူတူပဲ။" ပြောပြီးသည့်နောက် သူသည် လှည့်ထွက်ကာ ရေသွားချိုးလေတော့သည်။
"သူက သိုင်းတပည့်အဆင့်ငါး တပည့်တစ်ယောက်ကိုတောင် ပြန်ပြီ တိုက်ခိုက်နိုင်တယ်။ ဂျူနီယာညီလေးရီက တကယ့်ကို အံ့ဩဖို့ ကောင်းတာပဲ။" တပည့်များသည် အံ့အားတသင့်ဖြင့် ပြောလိုက်ကြသည်။
စုချောင်မိုသည်လည်း အံ့အားသင့်မိ၏။
"ဂျူနီယာညီလေးရီရဲ့ တိုးတက်မှုက မြန်ဆန်လိုက်တာ။"
သူသာဆိုလျှင် သူ့ရဲ့အမြန်နှုန်းကို အသုံးပြု၍ လျှိုခွန်းလော်ကို တိုက်ခိုက်မှာ ဖြစ်၏။ သို့ပေမဲ့ ရီရှင်းချန်ကဲ့သို့ တစ်ဖက်လူ၏ ဓားအားယူ၍ ပြန်လည်တိုက်ခိုက်နိုင်မည်မဟုတ်မှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့အား ပွတ်သပ်ကာ ပြောလိုက်သည်။
"ခုနတုန်းက ဖြစ်ပေါ်ခဲ့တဲ့ အော်ရာလှိုင်းက ….။"
သူသည် အဝေးတစ်နေရာမှ လှမ်းကြည့်နေရသူ ဖြစ်သော်လည်း ရီရှင်းချန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ကြီးကျယ်ခမ်းနားကာ အာပြင်းလွန်းသည့် အော်ရာများကို ခံစားမိလိုက်၏။ ထိုအော်ရာများသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။
စနစ်မှ ပြောလိုက်သည်။ "ဒါ စိတ်ဝိညာဉ်အားလှိုင်းတစ်ခုပဲ။"
"စိတ်ဝိညာဉ်အားလှိုင်းတစ်ခု ဟုတ်လား။"
သိုင်းပညာရှင်တစ်ယောက်က စိတ်ဝိညာဉ်စွမ်းအင်တွေ အရမ်းအားကောင်းတဲ့အချိန် ရောက်လာရင် တစ်ဖက်လူကို ချုပ်နှောင်နိုင်ဖို့ စိတ်ဝိညာဉ်အားအင်တစ်ခုကို ဖန်တီးနိုင်တယ်။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မင်း ဆိုလိုတာက ရှန်းချန်ရဲ့စိတ်ဝိညာဉ်အားအင်က လျှိုခွန်းလော် ကို တုန်လှုပ်သွားစေတယ်။ ဒါကြောင့် သူ့လက်ထဲက ဓားမော့ ပြုတ်ကျခဲ့တာပေါ့။"
"အမှန်ပါပဲ။" စနစ်မှ ပြောလိုက်သည်။
တစ်ဖြည်းဖြည်းပျောက်ကွယ်သွားသော ပုံရိပ်ကို လှမ်းကြည့်ပြီး ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ့တပည့်က မရိုးရှင်းဘူးပဲ။"
"နည်းနည်းလေး မရိုးရှင်းတာကို မဟုတ်ဘူး။" စနစ်မှပြောလိုက်သည်။
လျှိုခွန်းလော်သည် ရီရှင်းချန်နှင့် တိုက်ခိုက်ချက် အနည်းငယ်ကိုသာ တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော်လည်း ရှင်းချန်ဆီမှ ထွက်ပေါ်လာသည့် ကြီးကျယ်ခမ်းနားသော အော်ရာများ၏ လွမ်းမိုးခြင်းကို ခံလိုက်ရချိန်မှာတော့ မြေပေါ်တွင် လဲကျနေသည်အထိ ဓားဖြင့်ခုတ်ခြင်းကို ခံခဲ့ရ၏။
သူသည် အားမကောင်း၍ အခုလို အဖြစ်မျိုး ဖြစ်ခဲ့ရခြင်း မဟုတ်ပေ။ သူ၏ ပြိုင်ဘက်သည် အလွန်အမင်း မိစ္ဆာဆန်နေသောကြောင့် ဖြစ်သည်။
အနောက်ဘက်တွင် ရပ်လျက်ရှိသော စုန့်ချောင်၏မျက်လုံးထဲတွင် ဒေါသတရားများ ဖြစ်ပေါ်လာသည်။ သူသည် လက်ထဲတွင် စုစည်းထားသော စိတ်ဝိညာဉ်စွမ်းအင်များကို အသာရုတ်သိမ်းလိုက်၏။
ရီရှင်းချန်သည်သာ နောက်ဆုံးအကြိမ် ခုတ်ပိုင်းလိုက်မည်ဆိုပါက သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ရီရှင်းချန်အား တိုက်ခိုက်ဖို့ စဉ်းစားထားပြီးသားဖြစ်သည်။
ထို့အပြင် လျှိုခွန်းလော်ဆိုသည်မှာ ကြယ်လဂိုဏ်း၏ အတွင်းတပည့်များထဲတွင် တန်ဖိုးအထားရဆုံး တပည့်တစ်ယောက်လည်း ဖြစ်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အကြီးအကဲစုန် ခင်ဗျားတို့ ကြယ်လဂိုဏ်းက လေးပွဲရှုံးသွားပြီ ဆက်ပြီးတိုက်အုံးမှာလား။"
ဤစကားသည် အလွန်အမင်း နာကျင်ဖွယ်ရာ ကောင်းလွန်းလှ၏။ သို့ပေမဲ့ သူသည် ခပ်တည်တည်နှင့် ဆက်ပြောလိုက်သည်။ "ဆက်တိုက်အုံးမယ်။"
ယခုအချိန်မှ ရပ်တန့်လိုက်လျှင် ရလာဒ်သည် ၄ - ၀ ဖြစ်နေမှာဖြစ်၏။
သို့ပေမဲ့ ဆက်၍ တိုက်ခိုက်မည်ဆိုလျှင်လည်း ရလာဒ်သည် ၅ - ၀ ဖြစ်သွားမှာပင်။ အဘယ့်ကြောင့်ဆိုသော် နောက်တစ်ကြိမ် တိုက်ခိုက်မည့်သူမှာ လုချင်းချင်း ဖြစ်နေသောကြောင့် ဖြစ်သည်။
ဤအေးစက်လှသော မိန်းမလှလေးသည် စိတ်ဝိညာဉ်စွမ်းအားများကို ဆူနာမီလှိုင်းကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ထုတ်ဖော်နိုင်စွမ်းရှိသည်။
ထို့ကြောင့် ကြယ်လဂိုဏ်း၏ တပည့်သည် မြေပေါ်တွင် လဲကျနေတော့သည်။
သူမဆီမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအင်များသည် လက်သီးများအဖြစ်သို့အသွင်ပြောင်းပြီး ကြယ်လဂိုဏ်း၏တပည့် ရင်ဘတ်ဆီသို့ တဖုန်းဖုန်း ထိုးနှက်လျက်ရှိသည်။
နောက်ဆုံးမှာတော့ ကြယ်လဂိုဏ်း တပည့်သည် သွေးတွေ ပွက်ပွက်အန်ရင်း မော့မျောသွားတော့သည်။
သံမဏိအရိုးဂိုဏ်းတပည့်များ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားခဲ့ကြ၏။
သူတို့၏ လှပလှသော စီနီယာအစ်မသည် စောနတုန်းက တိုက်ခိုက်ခဲ့သော ရီရှင်းချန်ထက်ပင် ပို၍ ကြမ်းတမ်းသေး၏။
အခုမှ အသစ်ရောက်လာသော ဂိုဏ်းသားအသစ်ဖြစ်သည့် လုံကျိရန်၊ ရန်ယုဟွာ နှင့် တခြားသော တပည့်များသည်လည်း ကြိတ်ကာ ပြောလိုက်သည်။ "စီနီယာအစ်မကြီးက ဂိုဏ်းထဲမှာ အကြမ်းတမ်းဆုံးလူပဲ။သူမကို စိတ်ဆိုးအောင် လုပ်လို့ မဖြစ်ဘူး။"
[ဒင်။
သံမဏိအရိုးဂိုဏ်းတပည့်များအား အရပါးရရိုက်နှက်ခြင်း ၅/၅။
သီးခြားတာဝန်ပြည့်စုံပါပြီ။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀ အား ရရှိသည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၂၃၀/၅၀၀။]
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်၍ ပြုံးကာ ပြောလိုက်သည်။
"အကြီးအကဲစုန့် ကျုပ်တို့ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
အကြီးအကဲစုန့်၏ မျက်နှာတစ်ခုလုံးသည် မဲနက်သွား၏။
သူသည် ရောက်ရှိလာချိန်၌ သံမဏိအရိုးဂိုဏ်းတပည့်များကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်မည်ဟု ချင်ဟောင်ရန်အား ကတိပေးခဲ့၏။ နောက်ဆုံးအဆုံးသတ်မှာတော့ သူသည်သာ ငါးပွဲလုံး ရှုံးနိမ့်ခဲ့ရသည်။
ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင် အလွန်အမင်း ရှက်ရွံ့ဖွယ်ရာကောင်းပေလိမ့်မည်။
"အကြီးအကဲစုန့်" ကျွင်းချောင်ရှောင်းသည် ထပ်ပြောလိုက်၏။ "ခင်ဗျားကို ကြည့်ရတာ သိပ်ပြီး အစာကြေပုံမပေါ်ဘူး။ ဒီလိုလုပ်ရအောင် ကျုပ်နဲ့ခင်ဗျားနဲ့ တစ်ပွဲလောက်တိုက်ခိုက်ရအောင် ဘယ်လိုလဲ။"
စုန့်ချောင်၏ မျက်နှာသည် ရုတ်တရက် အေးခဲသွားသည်။
သူ၏တပည့်များ ရှုံးနိမ့်မှုကို သူ သည်းမခံနိုင်ချေ။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းချုပ်နှင့် တစ်ပွဲလောက်တိုက်ခိုက်ရန် သူ စဉ်းစားနေခြင်း ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူမှာ ဤသို့တိုက်ခိုက်မယ်ဆိုသည်ကို စပြောနေလေ၏။
စုန့်ချောင်သည် လက်သီးဆုပ်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်းက ပြောနေမှတော့ ကျုပ်က လေးလေးစားစားနဲ့ လက်ခံပေးရမှာပေါ့။"
ပြောပြီးသည့်နောက် သူသည် လေ့ကျင့်ရေးကွင်း အလယ်ဆီသို့ လျှောက်သွားလိုက်သည်။ ပြီးနောက် မြေပေါ်တွင်လဲလျက်ရှိသော လျှိုခွန်းလော်အား ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်လုံးတိုက်ကျွေးပြီး အပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေးကွင်းထဲသို့ လျှောက်ဝင်လာပြီး စဉ်းစားကြည့်လိုက်၏။
"ဒီလူဘယ်လောက်ထိ အားကောင်းလဲ။"
"ဂျင်သုံးသောင်း။" စနစ်မှ ပြောလိုက်သည်။
"ဂျင်သုံးသောင်းတဲ့လား။"
ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးမိသွား၏။ သူသည် သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း သူ၏ အားအင်အဆင့်သည် ဂျင်နှစ်သောင်းကျော်အထိ ရှိသည်။
စနစ်မှ ပြောလိုက်သည်။ “ဤအကြီးအကဲ၏ ပင်ကိုယ် စွမ်းရည်က သာမန်အဆင့်ပဲ ရှိသည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းဆရာ သာမန်အဆင့်လောက်ပဲ ရှိ၏။ လက်ခံသူအနေ နှင့် အကောင်းဆုံးသော ကျင့်ကြံခြင်း နည်းစနစ်တွေကို ကျင့်ကြံခဲ့ရတာကြောင့် သာမန်လူလို မဟုတ်ပေ ။ ထို့ကြောင့် သာမန်လူတွေနှင့် နှိုင်းယှဉ်၍ မရပါ။"
"အင်း … ဒါလည်း ဟုတ်တာပဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သူတင် မဟုတ်ပေ။ သူ၏ တပည့်များအားလုံးသည်လည်း ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံကြသည်။ ခန္ဓာကိုယ်တည်ဆောက်ခြင်းဆေးလုံးအား သောက်သုံးကြ၏။ ထို့အပြင် ကြွက်သားတည်ဆောက်ခြင်းအခန်းထဲသို့ဝင်၍ ခန္ဓာကိုယ်အားအင်ကို အားကောင်း အောင် ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် သာမန်လူများထက် တိုက်ခိုက်ရေးစွမ်းအင်လည်း ပိုမိုကောင်းမွန်ကြ၏။
"ဂိုဏ်းချုပ် … တိုက်ခိုက်တော့မယ်။"
ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေးကွင်းအလယ်သို့ သွားလိုက်ချိန်မှာတော့ သံမဏိအရိုးဂိုဏ်း တပည့်များသည် စတင်၍ ဆွေးနွေးလိုက်ကြသည်။
ထို့အပြင် ဂိုဏ်းချုပ် နောက်ဆုံးတိုက်ခိုက်သည်ကို မြင်ရသည်မှာ တကိုယ်တော် ဓားသမား မာရုံနင်အား တံခါးဖျက်ဆီးခဲ့ခြင်းကြောင့် ထိုးနှက်ခဲ့ခြင်းဖြစ်၏။
“ကြယ်လဂိုဏ်းရဲ့အကြီးအကဲက သိုင်းဆရာအဆင့်ပဲ။ဂိုဏ်းချုပ် နိုင်နိုင်ပါ့မလား။"
အသစ်ရောက်လာသောတပည့်များသည် တီးတိုးပြောဆိုလိုက်ကြ၏။
"ပေါက်ကရတွေ လျှောက်မပြောနဲ့။ သူ ကျိန်းသေပေါက်နိုင်တယ်။"
ဂိုဏ်းထဲသို့ ရောက်ရှိနေတာ ကြာပြီဖြစ်သော တပည့်များသည် တစ်ရာရာခိုင်နှုန်း ယုံကြည်မှု ရှိကြ၏။
"ဂိုဏ်းချုပ် နိုင်ကိုနိုင်ရမယ်။"
လျှိုဝမ်ရှစ်သည် သူမ၏ သေးငယ်လှသော လက်သီးလေးများကို မြှောက်၍ ပြောလိုက်သည်။
ဒီအချိန်မှာပဲ သံမဏိအရိုးဂိုဏ်းတပည့်များသည် စိတ်အားတက်ကြွလာပြီး သံပြိုင်အော်ပြီး အားပေးလိုက်ကြသည်။
ဟမ့်။
စုန့်ချောင်သည် အသာနှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် သူသည် လက်သီးကို ဆုပ်ကာဖြင့် အသာပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ လက်နက်နဲ့ချမှာလား လက်သီးနဲ့ချမှာလား။"
"လက်သီးနဲ့ချရမှာပေါ့။"
ကျွင်းချောင်ရှောင်း ပြန်ပြော၏။
"ကောင်းတာပေါ့။"
ပြောပြီးသည့်နောက် သူ၏ လက်ဝါးပေါ်တွင်တော့ ထူကဲလှသော စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်ပေါ်လာပြီး သူ၏ အော်ရာများသည်လည်း ဟုန်းခနဲ ထွက်ပေါ်လာ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းတပည့်အဆင့်များသည် စိတ်ဝိညာဉ်စုစည်းခြင်းသာဖြစ်ပြီး သိုင်းဆရာအဆင့်သို့ ရောက်ရှိချိန်မှာတော့ စိတ်ဝိညာဉ်များကို ပုံဖော်၍ တိုက်ခိုက်နိုင်စွမ်းရှိသည်။
စုန့်ချောင်သည် သိုင်းဆရာ သာမန်အဆင့်သာ ရှိသည်ဆိုသော်လည်း သိုင်းဆရာဆိုသည်မှာ အဆင့်မြင့်သော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။
ထို့ကြောင့် သူ၏ လက်ဝါးတွင် ဖြစ်တည်လာသော စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်အမင်း အားကောင်းလှ၏။
"ကောင်လေး … တိုက်ပွဲစပြီဆိုတာနဲ့ ငါ့တပည့်အစား မင်းကို ကောင်းကောင်းထိုးပြီး လက်စားချေရမယ်။" စုန့်ချောင်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း စကြတော့မလား။"
"စကြတာပေါ့။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ရွှစ်။
စုန့်ချောင်သည် ရှေ့သို့ လှမ်းတက်လာ၏။ ပြီးနောက် သူ၏ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။
လက်သီးသို့ ကြမ်းတမ်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် စုဝေးလာပြီး ရုတ်တရက်ဆိုသလိုပဲ လေထုထဲတွင် လှိုင်းတွေ ဖြစ်ပေါ်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် အသာပြုံးလိုက်၏။ ပြီးနောက် သူ၏ လက်ဝါးကို မြှောက်၍ “လခြမ်းဓားကွက်”
ရွှီး ….။
လခြမ်းပုံစံ အလင်းတန်းတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
စုန့်ချောင်သည် သူ၏ မျက်ခုံးကို ပင့်လိုက်မိ၏။
သူ၏ ညာဘက် လက်သီးသည် ပြင်းထန်လှသော လေအဟုန်နှင့် အတူ ချက်ချင်းဆိုသလိုပဲ ရောက်ရှိလာသော လခြမ်းပုံစံ အလင်းတန်းများအား ထိပ်တိုက် ထိုးနှက်လိုက်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို ကြည့်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ဘယ်ညာလက်များကို လှုပ်ရမ်း၍ စားဖိုမှူးတစ်ယောက် ဟင်းသီးဟင်းရွက် ခုတ်ပိုင်းနေသလို ခုတ်ပိုင်းလျက် ရှိ၏။
“လခြမ်း ဓားကွက်”
“လခြမ်းဓားကွက်”
ရွှီး ….. ရွှီး ….ရွှီး။
ချက်ချင်းဆိုသလိုပဲ များပြားလှသော အလင်းတန်းများသည် နေရာအနှံ့ဆီမှ သူ့ဆီသို့ ဝင်ရောက်လာတော့သည်။
"ဒါတွေက ….."
လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားသည်။
လခြမ်းဓားကွက်ကို ဂိုဏ်းချုပ် အသုံးပြုချိန်မှာတော့ ပို၍ ကြောက်မက်ဖွယ်ရာကောင်းသွား၏။
အစပိုင်းတုန်းက အထင်အမြင်သေးလျက်ရှိသော စုန့်ချောင်သည် သူ့ဆီသို့ နေရာပေါင်းစုံမှ ဝင်ရောက်လာသော အလင်းတန်းများအား မြင်ချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ လေးနက်သွားသည်။
ရှောင် ….။
ရှောင် ….။
ထိုအရာသည် သူ့စိတ်ထဲတွင် တွေးနေသော တစ်ခုတည်းသော အရာဖြစ်၏။
သို့ပေမဲ့ သူသည် မရှောင်တိမ်းနိုင်ပေ။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အလောတကြီးဖြင့် စုဖွဲပြီး ဝင်ရောက်လာသော အလင်းတန်းများကို တစ်ခုချင်းစီ ဖယ်ရှားနေရသည်။
ဘန်း .. ဘန်း …. ဘန်း။
စုန့်ချောင်သည် အလွန်အမင်း အားကောင်းသည်။ ထို့ကြောင့် ဝင်ရောက်လာသောအလင်းတန်းများအား တားဆီးနိုင်ခဲ့သည်။
“လခြမ်းဓားကွက် ….”
“လခြမ်းဓားကွက် …..”
“လခြမ်းဓားကွက် …..”
ကျွင်းချောင်ရှောင်းသည်တော့ တည်နေရာတစ်ခုတည်းမှာတင် ရပ်တန့်၍ လက်နှစ်ဖက်အား လှုပ်ရှားကာ လခြမ်းဓားအလင်းတန်းများအား တရွှီးရွှီး နှင့် ပစ်လွှတ်လျက်ရှိသည်။
အဆုံးအစမဲ့သော စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ် တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံနေရသော အကြီးအကဲစုန့်သည် ခုခံရန်သာ တက်နိုင်တော့သည်။ သူရင်ဆိုင်နေရသော အလင်းတန်းများသည် များပြားပြီး မြန်ဆန်လွန်းလှ၏။
ဘုန်း …. ဘုန်း …..ဘုန်း။
ငါးမိနစ်လောက်ကြာပြီးချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် မောကြီးပန်းကြီးနှင့် မတ်တပ်ရပ်လျက် ရှိသည်။
လခြမ်းဓားကွက်ကို အများအပြား ထုတ်ဖော်ခဲ့သောကြောင့် သူ၏ ဒန်ထျန်ထဲတွင် ရှိသောချီလေပွေ စွမ်းအင်များသည် ခုနစ်ဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
စုန့်ချောင်သည် တုန်ရင်နေသောခြေလှမ်းများဖြင့် သိုင်းလေ့ကျင့်ရေးကွင်းအပြင်ဘက်တွင် မတ်တပ်ရပ် လျက်ရှိသည်။ နောက်ဆုံးမှာတော့ သူသည် မည်သို့မှ မထန်းချုပ်နိုင်တော့ပဲ မြေပေါ်တွင် ဖင်ထိုင်လျက် လဲကျသွားတော့သည်။
[ဒင်။
ကြယ်လဂိုဏ်း၏ ခုနစ်ယောက်မြောက် အကြီးအကဲ စုန့်ချောင်အား အနိုင်ယူခြင်း။ (အထူးတာဝန်။)
ဒင်။
အထူးတာဝန်ပြည့်စုံသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀အား ရရှိခဲ့သည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၃၅၀/၅၀၀။]
လီချင်းယန်နှင့် တစ်ခြားသော ဂိုဏ်းသားများသည် သူတို့ ဂိုဏ်းချုပ်အား ချီးကျူးသည့်အကြည့်ဖြင့် ကြည့်လိုက်မိကြသည်။
သူတို့စိတ်ထဲတွင်တော့ အတွေးတစ်ခုပင်ရှိသည်။
ထိုအရာမှာ သူတို့ ဂိုဏ်းချုပ်သည် သောက်ရမ်း ကြမ်းသည်ဆိုသော အကြောင်းအရာပင်ဖြစ်၏။