အခန်း (၁၂၄)
Vol. 9 Ch. 124
စုန့်ချောင်သည် ကျွင်းချောင်ရှောင်း၏အနားသို့ မကပ်နိုင်ခင်မှာပဲ ရှုံးနိမ့်သွားခဲ့ရပြီဖြစ်သည်။ အခြေအနေ တော်တော်ဆိုးရွားသည်ဟု ဆိုရမည်။
သူသည် အလွန်အမင်း အားနည်းလွန်းကြောင့် မဟုတ်ချေ။ ကျွင်းချောင်ရှောင်းသည် ဉာဏ်သုံးကာ လူလည်လုပ်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်၏။
လခြမ်းဓားကွက်သည် ဆန်းကြယ်လှသော ထိပ်သီးကျင့်ကြံသူတစ်ယောက် ပြင်ဆင်ထားသည့် တိုက်ကွက်ဖြစ်သောကြောင့် စွမ်းအင်အနည်းငယ်သာ ကုန်ဆုံးသည်။
ထို့ကြောင့် သူ့နေရာတွင် တစ်ခြားသော သိုင်းဆရာတစ်ယောက် ဖြစ်မည်ဆိုလျှင်လည်း ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်ချက်အား ခုခံနိုင်မည်မဟုတ်ပေ။
ဟုတ်ပေသည် ။ အဆင့်ကွာခြားချက်ကြောင့် လခြမ်းဓားကွက်၏ စွမ်းအင်ကို ပြည့်စုံစွာ ဖော်ထုတ်ရန် ခက်ခဲလှသည်။
ထို့ကြောင့်ပင် စုန့်ချောင်၏ ခန္ဓာကိုယ်သည် ရောင်ကိုင်းနေခြင်း ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် သိုင်းဆရာတစ်ယောက်ဖြစ်မည်ဆိုလျှင် အကြီးအကဲစုန့်သည် မြေပြင်ပေါ်တွင် ဒဏ်ရာရ၍ လဲကျနေမည်မဟုတ်ပဲ အသက်ပင် ပျောက်သွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သိုင်းဆရာတစ်ယောက်အား အနိုင်ယူနိုင်မည် ဆိုသည်မှာ အလွန်အမင်း အားကောင်းသည်ဟု ဆိုရမည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သတ်မှတ်ချက်အရဆိုလျှင် ဤတိုက်ကွက်သည် အဆင့်မြင့် အရည်အသွေးကိုပိုင်ဆိုင်ပြီး ရရှိရန်ခက်ခဲလှသော တိုက်ကွက်တစ်ခုလည်းဖြစ်သည်။
"ဂိုဏ်းချုပ်က အရမ်းကြမ်းတယ်။"
ခဏလောက်ဆွံ့အပြီးသည့်နောက်မှာ တပည့်များသည် စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးလိုက်ကြသည်။
ဂိုဏ်းသားသစ်များသည် သူတို့၏ဂိုဏ်းချုပ်မှာ သိုင်းတပည့်အဆင့် ကျင့်ကြံခြင်းသာ ရှိသော်လည်း သိုင်းဆရာတစ်ယောက်အား အနိုင်ယူနိုင်စွမ်းရှိကြောင်း မြင်ချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ ဦးညွှတ်၍ ကိုးကွယ်ချင်စိတ်တွေပင် ပေါက်သွားကြ၏။
"အကြီးအကဲစုန့်"
ကျွင်းချောင်ရှောင်းသည် သူ၏လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "အနိုင်ရအောင် လျှော့ပေးလို့ ကျေးဇူးတင်ပါတယ်။"
သီးခြားတာဝန်တစ်ခုကို ပြည့်စုံအောင်ပြုလုပ်ပြီး ဂိုဏ်းစုဆောင်းမှတ်တစ်ရာ့ငါးဆယ်ကို ရရှိခဲ့ပြီဖြစ်သောကြောင့် သူသည် စိတ်ကောင်းဝင်လျက်ရှိသည်။
စုန့်ချောင်သည် နာကျင်မှုကို အောင့်အီးသည်းခံပြီး မတ်တပ်ထရပ်လိုက်သည်။
သူ၏အားနည်းလှသော မျက်နှာပေါ်တွင် ဒေါသတရားများနှင့် ပြည့်နှက်နေ၏။
ကျွင်းချောင်ရှောင်း ထုတ်ဖော်တိုက်ခိုက်လိုက်သော စွမ်းအင်များသည် အလွန်အမင်း အားကောင်းနေခြင်း မဟုတ်ပေ။ သို့ပေမဲ့ အရေအတွက်မှာ များပြားလွန်းလှ၏။ ထို့ကြောင့် သူသည် မရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်၏။ ဤကိစ္စအား သူ့အနေနှင့် လက်မခံချင်သော်လည်း လက်ခံရမည်ဖြစ်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အကြီးအကဲစုန့် အဆင်မပြေဘူးဆိုလျှင် နောက်ရက်ကိုပြန်လာပြီး ကျုပ်ဂိုဏ်းကလူတွေနဲ့ တိုက်ခိုက်ပါအုံးလား။အချိန်မရွေး ကြိုဆိုနေပါ့မယ်။"
စုန့်ချောင်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ်။"
ပြောပြီးသည့်နောက် သူသည် သူ၏ဒဏ်ရာရနေသော တပည့်များနှင့် အတူ ပြန်လည်၍ ထွက်ခွာသွားတော့သည်။
မူလအားဖြင့် သံမဏိအရိုးဂိုဏ်းအား ဒုက္ခပေးရန် မဟာမိတ်ခေါင်းဆောင်ချင်၏ အမိန့်နှင့် သူတို့ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ အဆုံးသတ်မှာတော့ သူတို့သည် ခြောက်ပွဲလုံးရှုံး၍ အရှက်တကွဲပြန်သွားခဲ့ရသည်။
……….
"သိုင်းလေ့ကျင့်ရေးကွင်းပြင်ကို သန့်ရှင်းလိုက်။ပြီးရင် ဆက်ပြီးတော့ ကျင့်ကြံကြ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ကောင်းပါပြီ။"
တပည့်များသည် အလောတကြီးဖြင့် ရေခပ်သူကခပ်၊ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင်ရှိသော သွေးစီးချောင်းများအား ဆေးကြောသူက ဆေးကြော နှင့် အလုပ်ရှုပ်သွားကြသည်။
အားလုံးသန့်ရှင်းပြီးနောက်မှာတော့ သူတို့သည် ပုံမှန်အတိုင်း ပြန်လည်လေ့ကျင့်ကြတော့၏။
"စီနီယာအစ်ကိုစု ….. ဂိုဏ်းချုပ်က အရမ်းအားကောင်းတယ်။"
"ဟုတ်တာပေါ့။"
"စောနတုန်းက ဂိုဏ်းချုပ်ထုတ်ဖော်လိုက်တဲ့ နည်းစနစ်က စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်တစ်ခု မဟုတ်လား။"
"မှန်တယ်။"
"စီနီယာအစ်ကိုစု … အဲဒါကို ကျွန်တော်တို့ကော သင်လိုရလား။"
"မင်းတို့အနေနဲ့ သိုင်းတပည့်အဆင့်ကို ချိုးဖျက်ရောက်ရှိပြီဆိုရင် အဲ့ဒီတိုက်ခိုက်ရေး နည်းစနစ်ကို လေ့ကျင့်လို့ရပြီ။"
တပည့်သစ်များ၏ မျက်လုံးပေါ်တွင် စိတ်အားတက်ကြွမှုများနဲ့ ပြည့်နှက်သွားတော့သည်။ သူတို့သည် ယခင်ကထပ်ပို၍ အားကောင်းချင်စိတ် ဖြစ်ပေါ်လာ၏။
ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိသော လုံကျိရန်သည် တွေးတောလိုက်မိသည်။
"ဒီသံမဏိအရိုးဂိုဏ်းကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ငါ့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး သိုင်းတပည့်အဆင့်ကို ချိုးဖျက်နိုင်ဖို့ လိုအပ်တယ်။"
သူသည် သံမဏိအရိုးဂိုဏ်းဆီသို့ ဝင်ရောက်ခဲ့သည်မှာ လမ်းတွင်ကြေညာထားသော ကြေညာစာရွက်များအား မြင်၍ မဟုတ်ပေ။ လီချင်းယန်တစ်ယောက် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်ကို အသုံးပြု၍ နတ်စမ်းချောင်းဂိုဏ်းမှ မိုရှန်းဖေးအား အနိုင်ယူခဲ့သည်ဆိုသော သတင်းကို ကြားရှိခဲ့ခြင်းကြောင့် ဖြစ်၏။
တိတိကျကျပြောရမည်ဆိုလျှင် သူသည် ထိုတိုက်ခိုက်ရေး နည်းစနစ်ကြောင့်ပင် လာခဲ့ခြင်းဖြစ်သည်။
လုံကျိရန်သည် သံမဏိအရိုးဂိုဏ်းသို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည့် သူ့ကိုယ်သူ ပြန်လည်ချီးကျူးလိုက်မိ၏။ ဂိုဏ်းချုပ်သည် သိုင်းတပည့်အဆင့်သာ ဖြစ်သည်ဆိုသော်လည်း သိုင်းဆရာတစ်ယောက်အားပင် အနိုင်ယူနိုင်စွမ်း ရှိ၏။
"ဟင်း …ငါ ဒီခန့်မှန်းလို့မရတဲ့ တိုက်ခိုက်ရေး နည်းစနစ်ကို လေ့ကျင့်ပြီးတဲ့ထိ ခဏစောင့်ကြအုံး။ကလန်ကို ပြန်ရောက်ပြီဆိုရင် မင်းတို့အားလုံး တုန်လှုပ်သွားအောင် လုပ်ပြမယ်။"
"ဘုန်း …"
လီဖေးသည် ရုတ်တရက် လက်ကိုရမ်းခါပြီးပြောလိုက်သည်။
"ဂျူနီယာညီလေးလုံ …. ဘာလို့အဲ့မှာ ကြောင်တောင်တောင်လုပ်နေတာလဲ။လာ ငါတို့နဲ့ ကစားရအောင်။"
အမေ …. အလကားနေ ဘောလုံးပဲကန်နေကြတာပဲ … အခုအိမ်ကိုပြန်ချင်လာပြီ။ လုံကျိရန် ၏ ဘောလုံးလာမှန်သော သူ၏ မျက်နှာသာ အသာအုပ်ကိုင်ပြီး စိတ်ထဲမှာ အော်ဟစ်နေမိသည်။
ရီရှင်းချန် နှင့် ရှောင်ကျီတို့သည် ရေမိုးချိုးပြီးသည့်နောက် သန့်ရှင်းသည့်ဂိုဏ်းဝတ်စုံကို ပြောင်းလဲ၍ ဝတ်လိုက်ကြသည်။
သူတို့အား ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေးခန်းမဆီသို့ ခေါ်ဆောင်လိုက်၏။
"မဆိုးဘူး မဆိုးဘူး။"
ကျွင်းချောင်ရှောင်းသည်ခြေထောက်နှစ်ဖက်အား စားပွဲခုံပေါ်သို့ လှမ်းတင်လိုက်၏။
"တောထဲကိုသွားပြီး လေ့ကျင့်တဲ့အတောအတွင်း မင်းတို့က ငါ့ကို စိတ်မပျက်စေဘူးပဲ။"
ဤကဲ့သို့ ဆောင့်ကြွားကြွားပုံစံကိုမြင်တော့ ရီရှင်းချန်သည် သူ၏ဂိုဏ်းချုပ်အနားသို့သွား၍ ဦးခေါင်းကိုဖိကာ လက်သီးဖြင့် အားရပါးရ ထုနှက်ချင်စိတ်ပင် ပေါက်မိနေ၏။
"ဂိုဏ်းချုပ်" ရှောင်ကျီ ပြောလိုက်သည်။
"ဒီတပည့်က တောနက်ထဲကနေပြီး သလင်းအမြုတေတော်တော်များများ ရခဲ့တယ်။"
"ဟုတ်လား။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။
ရှောင်ကျီသည် လက်ကို ရမ်းခါလိုက်၏။ ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ သလင်းအမြုတေများသည် မြေပြင်ပေါ်တွင် ပေါ်လာ၏။
သလင်းအမြုတေများမှာ တော်တော်များပြားပြီး လေးဆယ်မှ ငါးဆယ်နီးပါးလောက်ပင် ရှိသည်။
ထိုအထဲတွင် တစ်ချို့မှာ သူကိုယ်တိုင်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ချို့မှာ စနိုက်ပါရိုင်ဖယ်နှင့် ပစ်သတ်ခဲ့ခြင်းဖြစ်၏။
အမြင့်ဆုံးအဆင့်သည် သိုင်းတပည့်ထိပ်ဆုံးအဆင့်ဖြစ်ပြီး အနိမ့်ဆုံးအဆင့်မှာ သိုင်းတပည့် ဒုတိယအဆင့်နှင့် ညီမျှသော သားရဲရိုင်းများ၏ သလင်းအမြူတေများ ဖြစ်ကြသည်။
"ဒီလောက်များတာလား။" ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။
သူသည် ရှောင်ကျီအတွက် လက်နက်ပြုလုပ်ရန် သင့်တော်သော သလင်းအမြုတေတစ်ချို့ကို ရွေးချယ်လိုက်၏။ ပြီးနောက် ကျန်သောအရာများကို ယူလိုက်သည်။
သလင်းအမြုတေများသည် နေရာတော်တော်များများတွင် အသုံးဝင်သည်။ ထို့ကြောင့် သူ့အနေနှင့် သိမ်းဆည်းထားရလိမ့်မည်။
အရူးပဲ။ ရီရှင်းချန် ကြိတ်ကာ ပြောလိုက်သည်။
ဤမျှများပြားသော သလင်းအမြုတေများကို ရောင်းချ၍ သိုင်းပညာလေ့ကျင့်ရန် အရင်းအမြစ်များ ဝယ်ယူမည်ဆိုလျှင် ပို၍ကောင်းမည်မဟုတ်လား။ အဘယ့်ကြောင့် ကြောင်တောင်တောင်နဲ့ သွားပေးနေရ သနည်း။
"ဂိုဏ်းချုပ်" ရှောင်ကျီသည် ရိုးသားစွာဖြင့် ပြောလိုက်သည်။ "ဂျူနီယာညီလေးရီ ဆီမှာလည်း သလင်းအမြုတေတွေ တော်တော်များများရှိတယ်။"
ရီရှင်းချန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။
အဘယ့်ကြောင့် သူ့တွင်ရှိကြောင်း လျှောက်၍ ပြောရသနည်း။
ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိ၏။ "မင်းသိမ်းထားချင်လို့လား။"
"မဟုတ်ပါဘူး။" ရီရှင်းချန်သည် နှမျောတသအမူအရာဖြင့် သူ၏ရင်ဘတ်ထဲတွင်ရှိသော သလင်းအမြုတေ များအား ထုတ်ယူလိုက်၏။ ပြီးနောက် စားပွဲပေါ်တင်လိုက်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်း ဒီကျောက်တုံးလိုအရာတွေကို ရင်ဘတ်ထဲထည့်ထားတာ ဘယ်လိုမှမနေဘူးလား။"
ရီရှင်းချန် ငြိမ်သက်သွား၏။ ဟုတ်ပေသည်။ နေရထိုင်ရတော့ အနည်းငယ်ခက်လှ၏။
"ဒီမှာရော့။"
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ကား ပစ်ပေးကာ ပြောလိုက်၏။ "ဒါက သိုလှောင်လက်စွပ်။ပစ္စည်းတွေကို ထည့်ထားလို့ရတယ်။"
ချီးတဲ့မှ ….. သိုလှောင်လက်စွပ်ကို ငါမသိဘူးလို့များ ဒီလူထင်နေတာလား။
ဒီထဲမှာ မရီဒန်ဖွင့်ခြင်း ဆေးလုံးငါးလုံး၊ချီစုစည်းခြင်းဆေးလုံး ငါးလုံး၊ပြီးတော့ ချီလေပွေဆေးလုံးတစ်လုံး ရှိတယ်။ချီလေပွေဆေးလုံးဆိုတာက ချီလပွေကို မြန်မြန်ဆန်ဆန်စုစည်းနိုင်ပြီး သိုင်းတပည့်အဆင့်ကို ရောက်ရှိစေနိုင်တဲ့ဆေးလုံးပဲ။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။
ရီရှင်းချန်သည် သူ၏လက်ခလယ်တွင် လက်စွပ်အားဝတ်၍ တွေးလိုက်သည်။ "အရွယ်အစားကတော့ အနေတော်ပဲ။"
"ရှောင်ကျီ၊ ရှင်းချန်"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ငါ အတွင်းတပည့်နဲ့ အပြင်တပည့်ဆိုပြီးတော့ ဂိုဏ်းထဲမှာ ခွဲခြားထားတယ်။ မင်းတို့နှစ်ယောက်က အတွင်းတပည့်တွေပဲ။ဒီတော့ ကောင်းကောင်းကြိုးစားကြပါ။"
သူသည် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်းအား ထုတ်ယူလိုက်၏။ ပြီးနောက် ရှောင်ကျီဆီသို့ ပစ်ပေးကာ ပြောလိုက်သည်။ "ဒါက ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ပဲ။သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ဆိုင်တဲ့သူတွေ အတွက် သင့်တော်တယ်။ ယူပြီးသောက်လိုက်။"
ရှောင်ကျီသည် မြန်မြန်ပဲဖမ်းယူလိုက်၏။ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်သည့်အမူအရာများ ပေါ်လာသည်။
သူသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်အား အရင်တုန်းက သောက်ခဲ့ဖူး၏။ ထို့ကြောင့် ဤအရာသည် ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် အလွန်တန်ဖိုးရှိသောအရာဖြစ်ကြောင်း ကောင်းကောင်း သိ၏။
"ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည် ဟုတ်လား။"
ရီရှင်းချန်သည် တွေဝေစွာဖြင့် ပြောလိုက်၏။ "ဒါဘာကြီးလဲ။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဒါက မင်းရဲ့စိတ်ဝိညာဉ်အမြစ် အရည်အသွေးကို အဆင့်တစ်ဆင့်ထိပိုပြီးတိုးစေနိုင်တဲ့ ဆေးရည်ပဲ။"
ရီရှင်းချန်၏ အမူအရာသည် ရုတ်တရက်ဆိုသလိုပဲ အေးစက်သွား၏။
စိတ်ဝိညာဉ်အမြစ်ရဲ့အရည်အသွေးကို ပြောင်းလဲစေနိုင်တယ်။ချက်ချင်း ဟုတ်လား။ဒါ အဓိပ္ပါယ်မှမရှိတာ။
သူ့ကဲ့သို့ သိုင်းအင်ပါယာဟောင်းတစ်ယောက်အနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် စိတ်ဝိညာဉ်အမြစ်ကို ပြောင်းလဲစေနိုင်သောဆေးရှိကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။
ဤအရာသည်လည်း မှန်ကန်လှ၏။
ထိုသို့သောဆေးသည် ဤကမ္ဘာကြီးတွင်မရှိပေ။ သို့ပေမဲ့ စနစ်၏ စတိုးဆိုင်ထဲတွင်တော့ရှိသည်။
"ဂလု"
ထိုအချိန်မှာပဲ ရှောင်ကျီသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ပုလင်းအားဖွင့်၍ အထဲတွင်ရှိသော ဆေးရည်များအား မြိုချလိုက်တော့သည်။
"ဟူး … ဟူး"
ခဏအတွင်းမှာပဲ သူ၏ခန္ဓာကိုယ်အတွင်းဆီမှ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာ၏။ ပြီးနောက် သူ၏ကိုယ်ရည်ကိုယ်သွေးသည် ပြောင်းလဲသွားသည်။
ရီရှင်းချန် မျက်လုံးပြူးသွားမိ၏။
ရှောင်ကျီ၏ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲရုံတွင်မကပဲ ကျင့်ကြံခြင်းအဆင့်သည်လည်း တိုးတက်သွားသည်ကို သူ ခံစားလိုက်မိသည်။
ထို့အပြင် ဤအရာများသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။
ကောင်းကင်ဘုံ ….ဒီကမ္ဘာကြီးမှာ ကောင်းကင်က ငြင်းဆန်ရလောက်တဲ့ဆေးလုံးမျိုး တကယ်ရှိနေတာလား။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ရှင်းချန် …. မင်းက အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ် ရှိတယ်မဟုတ်လား။ ငါ့ဆီမှာ အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်တွေနဲ့ သင့်တော်တဲ့ ဆေးပုလင်းတစ်ခု ရှိတယ်။"
"ခဏ"
ရီရှင်းချန်သည် သူ၏လက်ကိုမြှောက်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်…. ကျွန်တော့်ရဲ့စိတ်ကို တည်ငြိမ်အောင် အရင်ဆုံး လုပ်လိုက်အုန်းမယ်။"
"ဟူး" သူသည် သူ၏မျက်နှာကို ပုတ်လိုက်၏။ ပြီးနောက် သူ၏မျက်လုံးများကို ပွတ်သပ်ကာ ရှောင်ကျီကို ထပ်မံ၍ ကြည့်လိုက်သည်။
ရှောင်ကျီ ၏ ကိုယ်ရည်ကိုယ်သွေးသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်ဟု အတည်ပြုပြီးသည့်နောက် သူ လေးလေးနက်နက်နှင့် ပြောလိုက်မိ၏။
"ဂိုဏ်းချုပ် ဒါက အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်တွေနဲ့ သင့်တော်တယ်ဆို … အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်တဲ့သူတွေအတွက်ပဲ အကျိုးသက်ရောက်မှု ရှိမှာလား။"
"မှန်တာပေါ့။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်ကနေပြီးတော့ သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်ဆီကို ချိုးဖျက်ရောက်ရှိသွားနိုင် တယ်။"
"မင်းရဲ့စီနီယာအစ်ကိုရှောင်က သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်အတွက် အသုံးပြုရတဲ့ဆေးကို သောက်ခဲ့တာပဲ။ အခုလက်ရှိမှာ သူက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သွားပြီ။"
ရီရှင်းချန် အလောတကြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်တော်က တစ်ကယ်တော့ သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိပြီးသားပါ။ ဂိုဏ်းထဲကိုဝင်ဖို့ ဖောင်ဖြည့်တုန်းက ဒါကို ဘာမှန်းမသိဘဲနဲ့ ဖုံးကွယ်ထားခဲ့မိပါတယ်။"
"မင်းက သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိတယ် ဟုတ်လား။" ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။
"ဟုတ်ပါတယ်။" ရီရှင်းချန်ပြောလိုက်၏။
ဤတစ်ကြိမ်တွင်တော့ သူသည် ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထို့အပြင် သူသည် သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိသူ မဟုတ်လား။ အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သောလူတွေအတွက် သောက်သုံးရမည့်ဆေးကိုသာ သောက်မိပြီဆိုရင် မည်သည့်အကျိုးကျေးဇူးမှ ရရှိလိမ့်မည် မဟုတ်ပေ။
ကျွင်းချောင်ရှောင်းသည်လည်းတွေးတောလိုက်မိ၏။
"ဒီကောင်က သာမန်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်တယ် ဟုတ်လား။ ဒီကိစ္စက မရိုးရှင်းဘူး"