အခန်း (၁၂၆)
Vol. 9 Ch. 126
လုပ်ကြံသတ်ဖြတ်သူ လေးယောက်တို့သည် ကျောက်တုံးကြီးနှင့် ကွယ်ကာ နေနေကြသည်။ သူတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တကိုယ်လုံး တုန်ရင်လျက်ရှိကြသည်။
ကျယ်လောင်သော အသံနှင့်အတူ သူတို့အဖော်၏ ဦးခေါင်းသည် ပွင့်ထွက်သွားခဲ့သည်။ ဤရုတ်တရက် ပြောင်းလဲမှုသည် သူတို့အား ကြောက်လန့်သွားစေ၏။
သူတို့သည် အထူးလေ့ကျင့်မှုများအား ဖြတ်သန်းထားကြသူများဖြစ်ပြီး စိတ်စွမ်းအင်လည်း အားကောင်းကြသည်။ ယခုအခြေအနေသည် စိတ်စွမ်းအင်အားမကောင်းသော သာမာန်ကျင့်ကြံသူ ဆိုပါက မြေပေါ်တွင် သတိလစ်နေလောက်ပြီ ဖြစ်သည်။
စိတ်ကိုတည်ငြိမ်အောင် ထားရမည်။
လုပ်ကြံသူလေးယောက်တို့သည် ကျောက်တုံးကြီးအား မှီရင်း အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူတို့ ၏ စိုးရိမ် ကြောက်လန့်မှုများသည် အတော်အသင့် လျော့ကျသွားသည်။
“ညီလေး .. ငါတို့ကို တွေ့သွားပြီလား”
“အလင်းတန်းက ဘယ်လို လက်နက်ပုန်းလဲ။ အစ်ကိုငါးကို တစ်ခါတည်း သတ်ပစ်သွားတယ်။”
“သံမဏိအရိုးဂိုဏ်း က နည်းနည်းထူးဆန်းတယ်။ နောက်ပြန်ဆုတ်ကြရအောင်”
သူတို့ဆွေးနွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် နေကာမျက်မှန်ကို ကောက်တပ်လိုက်သည်။ ပြီးနောက် သူ၏ မျက်စိရှေ့တွင် အသေးစိတ် အချက်အလက်များ ပေါ်လာ၏။
ချီးတဲ့မှ .. ဒီမျက်မှန်က လွန်လွန်းတယ်။
“ငါ့ကို သေနတ်ပေး”
ရှောင်ကျီသည် စနှိုက်ပါ ရိုင်ဖယ် အား ကမ်းပေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သေနတ်အား ကိုင်၍ ရှစ်ဆ မှန်ဘီလူးမှတဆင့် ချိန်လိုက်သည် “ငါ့ကို လာသတ်ရဲတယ် ဆိုမှတော့ ပြန်ထွက်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့တော့”
“ဒင် … လက်ခံသူသည် ရှစ်ဆမှန်ဘီလူးအား အသက်သွင်းခဲ့သည် ။ ဂိုဏ်းစုဆောင်းမှတ် ငါးမှတ် ကုန်ကျသည်။”
“ဒင် … ဂိုဏ်းစုဆောင်းမှတ် - ၁၆၅ / ၅၀၀။”
X – ray ဆို အမြင်အောက်မှာတော့ လုပ်ကြံသတ်ဖြတ်သူ လေးယောက်တို့သည် မြင်ကွင်းထဲ ဝင်လာသည်။
“ညီလေး .. ငါ လည်း ပြန်ဆုတ်ကြဖို့ သဘောတူတယ်။”
“ဒီသံမဏိအရိုးဂိုဏ်းက သာမာန်မဟုတ်ဘူး။ အစီအစဉ် ပြောင်းဖို့ လိုအပ်နေပြီ”
“ငါတို့ ဒီကနေ ထွက်ပြီး ဂိုဏ်းအပြင်မှာ ခြုံခို ပုန်းနေရအောင် ။ သံမဏိအရိုးဂိုဏ်းက လူတွေ ထွက်လာမှ တစ်ယောက်ချင်းစီကို သတ်ပစ်ရအောင်”
“ဒါက အကြံကောင်းပဲ။ ဒါပေမဲ့ …..”
အစ်ကို လေး ဟု ခေါ်သူက မျက်မှောင်ကုတ်လိုက်သည် “စောနက အလင်းပျံ က အရမ်းမြန်လွန်းတယ်။ ထွက်တာနဲ့ တိုက်ခိုက်ခံရမှာ သေချာတယ်။”
“ကျုပ်တို့ မတူညီတဲ့ နေရာ တွေဆီ ပြေးသွားမယ် ဆိုရင် ရန်သူက ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး။”
“ကျုပ် သဘောတူတယ်”
“ကျုပ်လည်း သဘောတူတယ်”
အစ်ကို လေး လို့ ခေါ်သော လုပ်ကြံသတ်ဖြတ်သူ သည် ခဏလောက် စဉ်းစားပြီး ပြောလိုက်၏ “တောင်အောက်ကို ဆင်းကြစို့ …. အောက်ရောက်မှ တွေ့မယ်။”
တောင်အောက်မှာ ပြန်ဆုံကြမှာ ဟုတ်လား။ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။
လုပ်ကြံသတ်ဖြတ်သူများ ပြောဆိုနေသည့် အသံများအား ကြားနေရသော ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည်။
လုပ်ကြံသတ်ဖြတ်သူ လေးယောက်တို့သည် ချက်ချင်း မလှုပ်ရှားကြချေ။ တည်ငြိမ်စွာဖြင့် ပြန်လည် ထွက်ခွာရမည့် လမ်းကြောင်းအား တွက်ချက်လိုက်၏။
“သွားစို့ …”
တို့သည် ကျောက်တုံးကြီး၏ ဘယ်နှင့်ညာ ဆီမှ ရွေ့လျား ထွက်ခွာလိုက်ကြသည်။
အရိုးသားဆုံး ပြောရလျှင် လုပ်ကြံသတ်ဖြတ်သူများသည် ယခုကဲ့သို့ ခက်ခဲသည့် အခြေအနေမျိုးတွင်တောင်မှ တည်တည်ငြိမ်ငြိမ် နှင့် လှုပ်ရှား သွားလာနေနိုင်ကြသည်။ အမှန်ပင် အထူးလေ့ကျင့်ထားသော ကျွမ်းကျင်သူများဟု ဆိုရမည်။
ဝှစ် … ။
အမဲရောင်အရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို မြင်ချိန်မှာတော့ ရှစ်ဆမှန်ဘီလူးသည် ပစ်မှတ်အား အတည်ပြုပြီးရုံတင်မက နေကာမျက်မှန်သည်လည်း ပစ်မှတ်၏ အဆင့်ကို ဖော်ပြလာသည်။ သိုင်းတပည့် ထိပ်ဆုံးအဆင့်။
“သိုင်းတပည့် ထိပ်ဆုံးအဆင့်လား။ အားမနည်းဘူးပဲ”
ဝှစ် .. ဝှစ်..။
ထိုအချိန်မှာပဲ တခြားသော အမဲရောင်ဝတ်စုံနှင့် လူသုံးယောက်တို့သည် မတူညီသည့် နေရာများဆီသို့ ပြေးလွှားတော့၏။ ထိုသူတို့အားလုံးသည် သိုင်းတပည့် အဆင့်ကိုးများ ဖြစ်ကြသည်။
ဒိုင်း … ။
ထိုအချိန်မှာပဲ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။
သေနတ်ပြောင်းဝ ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ရင်ဘတ်အား ထွင်းဖောက်သွားသည်။
ဒိုင်း ..။
ဒိုင်း …။
သေနတ်ပြောင်းဝ လှုပ်ရှားသွားပြီးသည့်နောက် လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်တို့၏ ရင်ဘတ်သည်လည်း ထွင်းဖောက်ခံလိုက်ရသည်။ ပြီးနောက် မြေပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားကြ၏။
ပစ်ချက် သုံးချက် .. တစ်ချက်မှ မလွဲခဲ့ချေ။
“ညီလေးရှစ် .. ညီလေးခုနှစ်…” အစ်ကိုလေး သည် သူ၏ အဖော်များ သေဆုံးသွားကြသည်ကို မြင်တော့ မျက်လုံးထဲတွင် နာကျည်းသည့် အရိပ်အယောင်တွေ ဖြစ်ပေါ်လာသည်။ သို့ပေမဲ့ သေချာမစဉ်းစားနိုင်သေးပေ။ မြန်မြန်ပဲ တောင်စောင်းအတိုင်း ဆင်းချလိုက်သည်။
သံမဏိအရိုးဂိုဏ်း …. ငါ ပြန်လာမယ်။
ကြိမ်းဝါးပြီးသည့်နောက် သူသည် တောင်စောင်းအတိုင်း ကျွမ်းထိုး၍ ဆင်းသက်လိုက်တော့သည်။
ဒိုင်း …။
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
အစ်ကို လေး ၏ နှလုံးသားသည် သေခြင်းတရား၏ အငွေ့အသက် များအား ခံစားမိလိုက်သည်။ သူသည် ခေါင်းလှည့်ကြည့်လိုက်တော့ အလင်းတန်းတစ်ခုကို ရိပ်ခနဲ မြင်လိုက်ရ၏။
“မဟုတ်ဘူး” သူ မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။
အလင်းတန်းသည် သူ၏ ဖင်ခေါင်းကြားမှ ဖြတ်ဝင်သွားတော့၏။ သူသည် အသေဆိုးဖြင့် သေဆုံးသွားခဲ့၏။
ထိုကဲ့သို့ သေဆုံးခြင်းအတွက် ကျွင်းချောင်ရှောင်းအား အပြစ်တင်၍တော့ မရချေ။ အစ်ကိုလေး သည် တောင်စောင်းအတိုင်း လိမ့်မဆင်းဘဲ ဖင်ယားကာ ကျွမ်းထိုး ဆင်းခဲ့ခြင်း ဖြစ်သည်။
“သောက်ရူး ….”
ကျွင်းချောင်ရှောင်းသည် သူ၏ သေနတ်အား သိမ်းပြီး မျက်မှန်အားလည်း ချွတ်လိုက်သည် “ရိုးရိုးဆင်းလည်း ရရဲ့သားနဲ့ သောက်ဆရာကြီးလို လုပ်တာကိုး”
“ဒင် .. လုပ်ကြံသူအား သတ်ဖြတ်ခြင်း ၅ / ၅”
“ဒင် … သီးခြားတာဝန် ပြည့်စုံသည်။ သင်သည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀ ရရှိသည်။”
“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၂၆၅ / ၅၀၀”
တော်တော်များသော ဂိုဏ်းစုဆောင်းမှတ် ဖြစ်၏။
စနစ်မှ ပြောလိုက်သည် “ပစ်မှတ်၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လေ ဆုက များလေဖြစ်သည်။”
“ဪ .. ဒီလိုကိုး။”
ကျွင်းချောင်ရှောင်းသည် သေနတ်အား ရှောင်ကျီဆီ ကမ်းပေးလိုက်သည်။
ရှောင်ကျီက ချီးကျူးလိုက်၏ “ဂိုဏ်းချုပ် .. လေးချက်တိတိ ပစ်တာ ပြန်ကန်အားကြောင့် နည်းနည်းလေးမှတောင် မဆုတ်သွားဘူး။ ပြီးတော့ ပခုံးကာလည်း မရှိဘူး။ အရမ်း အားကောင်းလွန်းတယ်။”
ပို၍ အံ့အားသင့်စေသည်မှာ လုပ်ကြံသတ်ဖြတ်သူ လေးယောက်၏ အလောင်းများအား သွားရောက်ကြည့်ရှုချိန်မှာတော့ သုံးယောက်၏ ရင်ဘတ်တွင် ဒဏ်ရာများနှင့် ဖြစ်နေသည်။ ပစ်ခတ်မှု စွမ်းရည်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသည်။
ရှောင်ကျီ တီးတိုးပြောလိုက်သည် “ငါ ပိုပြီး ကြိုးစားရမယ်။ ဂိုဏ်းချုပ်ဆီက သေနတ်ပစ်တဲ့ စွမ်းရည်ကို သေချာ သင်ယူရမယ်”
လူငယ်လေး .. ဒီအတွေးကို လက်လျော့လိုက်တော့။ မင်းတို့ရဲ့ ဂိုဏ်းချုပ်က ရှစ်ဆမှန်ဘီလူးကို အသက်သွင်းပြီး ပစ်နေတာ။
လုပ်ကြံသတ်ဖြတ်သူ ငါးယောက် ဆီမှ သိုလှောင်လက်စွပ်များအား ယူကြည့်လိုက်တော့ အတွင်း၌ မည်သည့်အရာမှ မရှိချေ။ ကျွင်းချောင်ရှောင်းသည် သူ၏ လင်းလုံ မီးဓာတ်ကို အသုံးပြု၍ အလောင်းများအား မီးရှို့ကာ ဂိုဏ်းဆီ ပြန်လာလိုက်သည်။
“မဖြစ်ဘူး .. မဖြစ်တော့ဘူး…”
လေ့ကျင့်ရေးခန်းမ တွင် ထိုင်နေရင်းကနေ ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ စဉ်းစားလိုက်မိသည် “မိုးဆွေ အဆောက်အဦ ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရှင်းမှ ဖြစ်မယ်”
စနစ်မှ ပြောလိုက်သည် “လက်ခံသူ အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များ ရရှိအောင် အမြစ်ပြတ် မရှင်းဘူးဟု ပြောခဲ့သည်။”
ကျွင်းချောင်ရှောင်းသည် ပထမတုန်းက ရွှေဥ ဥပေးနေသည့် ငန်းဟု သဘောထားကာ မိုးဆွေအဆောက်အဦ အား လွှတ်ပေးထားခဲ့သည်။ သို့ပေမဲ့ လုပ်ကြံသတ်ဖြတ်သူများ၏ ပြောစကားအရဆိုလျှင် သူ၏ ဂိုဏ်းသားများကို ပါ သတ်ဖြတ်သွားနိုင်သည်။ ထို့ကြောင့် သူ သေချာစဉ်းစားမှ ဖြစ်မည်။
တပည့်များသည် ဂိုဏ်းထဲတွင် လေ့ကျင့်နေချိန်မှ လွဲ၍ တခြားအချိန်များတွင်အန္တရာယ် ရှိနေသည် ဆိုသည်မှာ အဓိပ္ပာယ်မရှိလှချေ။
သူ၏ တပည့်များသည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ဆင်တူသည်။ ထို့ကြောင့် လာရောက်သတ်ဖြတ်ရန် ပြောဆိုနေသည်မှာ သည်းခံနိုင်စရာ မဟုတ်ပေ။ သူ့အတွက် ဂိုဏ်းစုဆောင်းမှတ် များ မရတော့လျှင်ပင် မိုးဆွေ အဆောက်အဦ ကို ရှင်းပစ်ရမည်။
“ငါ ဆုံးဖြတ်လိုက်ပြီ”
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်းအရိပ်အယောင်များ ထွက်ပေါ်လာသည် “မိုးဆွေ အဆောက်အဦ ကို ဖျက်ဆီးမယ်။”
ဂိုဏ်းတစ်ခုသာဆိုလျှင် မိုးဆွေအဆောက်အဦ ကို ဖျက်ဆီးပစ်ရန် သူ့အနေနှင့် သေချာ စဉ်းစားရလိမ့်မည်။ သို့ပေမဲ့ အမှောင်ထဲမှ မိစ္ဆာ အဖွဲ့အစည်း တစ်ခု ဖြစ်သည်မို့ ထိုသို့သော အဖွဲအစည်းမျိုး တစ်ရာလောက် ဖျက်ဆီးရမည် ဆိုလျှင်ပင် မှန်ကန်သည်ဟု သူ ခံစားမိ၏။
သို့ပေမဲ့ ပြဿနာတစ်ခု ရှိနေသည်။
မိုးဆွေအဆောက်အဦ သည် မည်သည့်နေရာတွင် ရှိသနည်း။
ကျွင်းချောင်ရှောင်း ခေါင်းကုတ်ကာ ပြောလိုက်သည် “ဒီလိုမှန်းသိရင် တစ်ယောက်လောက် မသတ်ဘဲ ချန်ထားပါတယ်”
“ဟုတ်သားပဲ။” သူ သူ့နဖူးအား ရိုက်လိုက်မိသည် “ထောင်ထဲမှ လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက် ကျန်သေးတာပဲ”
……
ထိုအတောအတွင်း လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်တို့သည် စားသောက်ခန်းတွင် အကောင်းဆုံး အလုပ်လုပ်နေကြသည်။
အစားအစာများသည် မွှေးပျံ့လွန်းသောကြောင် သူတို့သည် သူတို့၏ ကြေးစားလူသတ်သမား ဟူသော ဘွဲ့ကိုပင် မေ့လျော့ကာ ပျော်ပျော်ကြီး စားပွဲထိုး လုပ်နေကြတော့၏။
နောက်တစ်ရက်မှာတော့ ….
ကျွင်းချောင်ရှောင်းသည် လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက် စားကောင်းသောက်ဖွယ်များ ပြင်ဆင်ကာ စားပွဲပေါ်၌ တည်ခင်းထားရန် လျှိုဝမ်ရှစ်အား ခိုင်းစေလိုက်သည်။
ပြီးနောက် လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်အား ထိုင်စေ၏ “ခင်ဗျားတို့ နှစ်ယောက် သံမဏိအရိုးဂိုဏ်းမှာ နေနေတာ အသားကျပြီလား”
“ဂလု ..”
လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်တို့သည် အစားအသောက်များအား ကြည့်ကာ တံတွေးမြိုချလိုက်မိသည် ။ ပြီးနောက် ပြုံးကာ ပြောလိုက်သည် “အသားကျပြီ။ အသားကျပါပြီ”
ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်သည် “ခင်ဗျားတို့က ကျုပ်ကို လာသတ်တယ်။ ကျုပ်က ခင်ဗျားတို့ကို နေစရာ၊ စားစရာပေးထားတယ်။ ဒီကိစ္စက ကျေးဇူးတင်သင့်တဲ့ ကိစ္စမဟုတ်လား။ ဟုတ်တယ်ဟုတ်”
“………” လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်သည် ဆွံအသွားသည်။
“ဂိုဏ်းချုပ်ကျွင်း …” ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူက ပြောလိုက်သည် “ဘယ်လို ကျေးဇူးတင်စေချင်တာလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “လွယ်ပါတယ်။ မိုးဆွေအဆောက်အဦ ရဲ့ ဋ္ဌာနချုပ် တည်နေရာကို ပြောပြ”
လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်သည် ကြောင်သွားကြသည် ။ ပြီးနောက် ချက်ချင်းပဲ သံပြိုင်ပြောလိုက်ကြ၏ “မရဘူး”
သူတို့သည် အဘယ့်ကြောင့် မူလ အဖွဲ့အစည်းကို သစ္စာဖောက်ရမည်နည်း။
မပြောဘူး။ သေအောင် ရိုက်ရင်တောင် မပြောဘူး။
ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ပြောလိုက်သည် “ကောင်းပြီ။ လျှိုဝမ်ရှစ် .. ဒီအစားအစာတွေ နွားတွေ၊ သိုးတွေ သွားကျွေးလိုက်”
လျှိုဝမ်ရှစ်သည် အနားသို့ လျှောက်လာပြီး အစားအသောက် ပန်းကန်များအား သိမ်းဆည်းလိုက်သည်။ သူမ၏ မျက်လုံးထဲမှာတော့ မျက်ရည်တွေ ရစ်သိုင်းလျက်ရှိ၏ “အစ်ကို ရီဟိုင် .. အစ်ကို အားဟိုင် … ဒီဟင်းပွဲ က အစ်ကိုတို့အတွက်လုပ်ထားတာ။ ပစ်ရမှာ နှမျောမိတယ်”
လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်တို့သည် ခေါင်းငုံ့သွားကြသည်။
“ဟင်း …” လျှိုဝမ်ရှစ် ပန်းကန်များအား သယ်ဆောင်၍ ပြန်ထွက်သွားလိုက်သည်။
သူမ စားသောက်ခန်းထဲကနေ ထွက်ခွာချိန်မှာတော့ ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တီးတိုးပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. ပြောပြမယ် ဆိုရင် သံမဏိအရိုးဂိုဏ်းထဲမှ အမြဲ နေလို့ရမလား။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သိပ်ရတာပေါ့”
“ဒါဆို ပြောပြမယ်”