← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်သည် သူတို့၏ကြေးစားလူသတ်သမားဟူသော ဂုဏ်ပုဒ်ကို လက်လွှတ်ချ၍ သူတို့၏ မူလ အဖွဲအစည်း ဋ္ဌာနချုပ် တည်နေရာကို ပြောပြလိုက်၏။

သူတို့သည် ထမင်းနှင့် စားကောင်းသောက်ဖွယ်များအား စားသောက်ချင်၍ မဟုတ်ပေ။ လျိုဝမ်ရှစ်ကြောင့် ဤသို့ပြောခဲ့ခြင်းဖြစ်သည်။

သူတို့သည် သံမဏိအရိုးဂိုဏ်းထဲတွင် အကျဉ်းသားတွေကဲ့သို့ ချုပ်နှောင်ခြင်း ခံခဲ့ရ၏။

စားသောက်ခန်းသို့ရောက်လာပြီး အိမ်မှုကိစ္စများအား ဝိုင်းဝန်းကူညီချိန်တွင်တော့ လျိုဝမ်ရှစ်သည် သူတို့အား အကျဉ်သားတစ်ယောက်လို မဆက်ဆံခဲ့ပေ။ သူငယ်ချင်းတစ်ယောက်လိုသာ ဆက်ဆံခဲ့သည်။ သူမသည် အရသာရှိလှသော အစားအသောက်များကို ချက်ပြုတ်ကျွေးသည်သာမက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ လုပ်ငန်းဆောင်တာများကိုလည်း စိတ်ဝင်တစားနဲ့ မေးမြန်းခဲ့သေးသည်။

ပထမပိုင်းမှာတုန်းက သူတို့သည် တင်းခံနေခဲ့ကြ၏။

သို့ပေမဲ့ အချိန်တွေကြာမြင့်ပြီးသည့်နောက် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလှသော လျိုဝမ်ရှစ်ကြောင့် သူတို့၏အေးစက်သော နှလုံးသားများသည် အရည်ပျော်သွားခဲ့ကြသည်။

သူတို့သည် သူတို့၏ကြေးစားလူသတ်သမားဟူသော ဂုဏ်ပုဒ်ကို မေ့လျောသွားခဲ့ကြပြီး သူတို့ကိုယ်သူတို့ စားပွဲထိုးတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ကြတော့သည်။

တပည့်များ စားသောက်ပြီးသည့်နောက်တွင် သူတို့သည် မိန်းကလေး လျိုဝမ်ရှစ်နှင့်အတူ သူတို့၏ အတိတ်ဘဝဇာတ်ကြောင်း များကို ပြန်လည် ပြောဆိုခြင်းပင် ပြုလုပ်ခဲ့ကြသေး၏။

"အစ်ကိုအားဟိုင်"

တစ်နေ့မှာတော့ လျိုဝမ်ရှစ်သည် သူမ၏မေးစေ့ကို အသာပွတ်ကာ မေးလိုက်၏။

"အမြဲတမ်းအမှောင်ထဲမှာပဲ နေခဲ့ရတာဆိုတော့ အမှောင်ကိုမကြောက်ဘူးလား။ ပြီးတော့ အမှောင်နဲ့အတူ အထီးကျန်မှုဆိုတာက ဒွန့်တွဲပါလာတတ်တယ်လေ။"

ပြောဆိုသည့်လူမှာတော့ မည်သည့်အဓိပ္ပာယ်မှမရှိသော်လည်း နားထောင်သည့်လူမှာတော့ နှလုံးသားတစ်ခုလုံး ထိခိုက်သွားခဲ့ရသည်။

လုပ်ကြံသတ်ဖြတ်သည့်သူနှစ်ယောက်သည် သူတို့၏ထမင်းပန်းကန်နှင့် တူများကိုချ၍ အချိန်အတော်ကြာ ငြိမ်သက်နေမိကြ၏။

သွေးအေး၍ အကြင်နာတရားကင်းမဲ့သော လူသား တစ်ယောက်အဖြစ် မွေးဖွားလာကြသူဟူ၍ မရှိချေ။

သူတို့သည် ဘဝတစ်လျှောက်လုံး အမှောင်ထဲတွင်နေထိုင်ပြီး ထက်ရှလှသော ဓားသွားပေါ်တွင် စြင်္ကန် လျှောက်ခဲ့ရ၏။ သေမင်း နှုတ်ခမ်းဝသို့ အကြိမ်ပေါင်း မြောက်များစွာ အလည်အပတ် သွားခဲ့ရသည်။

လျိုဝမ်ရှစ်၏ စကားလုံးများသည် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်၏ အေးစက်နေသော နှလုံးသားများအား ထိခိုက်စေခဲ့၏။

ထို့ကြောင့် သူတို့သည် လျိုဝမ်ရှစ် ပန်းကန်နှစ်ခုကိုကိုင်၍ ပြန်ဝင်လာသည်ကို မြင်လိုက်ချိန်မှာတော့ မျက်ရည်များတောက်တောက် ကျဆင်းလာခဲ့၏။ သူတို့၏ နှလုံးသားထဲတွင် နက်နက်နဲနဲ ခံစားမိလိုက်ကြသည်။

"အစ်ကိုရီဟိုင် .. အစ်ကိုအားဟိုင် … ဒါကတုတု လုပ်ထားတဲ့ဟင်းတွေပဲ။ ပြီးတော့ ဒီပန်းကန်ထဲမှာရှိတဲ့ ဆန်စေ့တွေအကုန်လုံးက ခံစားချက်အပြည့်တွေနဲ့ချက်ထားတာ ဒါကိုကုန်အောင်စား။ ဖြုန်းတီးလို့မရဘူးနော်။"

ဤစကားသည် လျိုဝမ်ရှစ် ရံဖန်ရံခါပြောတတ်သည့် စကားဖြစ်၏။

နောက်ဆုံးမှာတော့ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်သည် သူတို့၏ ရပ်တည်ချက်ကို စွန့်လွှတ်ကာ ဤအပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလှသော မိန်းကလေးအတွက် သူတို့၏မူလအဖွဲအစည်းကို သစ္စာဖောက်ခဲ့ရလေတော့သည်။

လုပ်ကြံသတ်ဖြတ်သူ ကြေးစားလူသတ်သမားများသည် သွေးမအေးနိုင်တော့ပေ။

……….

မိုးဆွေအဆောက်အဦး၏ တိကျသည့် တည်နေရာကို သိရှိပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အစားအသောက်များကို အမဲဖြတ်သလို စားသောက်လျက်ရှိသော လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်အား ကြည့်၍ ပြောလိုက်၏။

"ဒီအတောအတွင်း ခင်ဗျားတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကျုပ် အမြဲတမ်းကြည့်ခဲ့တယ်။ပြီးတော့ ခင်ဗျားတို့အနေနဲ့ သံမဏိအရိုးဂိုဏ်းထဲကို ဝင်ရောက်နိုင်တယ်။ဒါပေမဲ့ ….."

သူသည် ခဏရပ်ကာဖြင့် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ "တစ်နေ့မှာ သံမဏိအရိုးဂိုဏ်းသား ဖြစ်ပြီဆိုရင် တစ်သက်လုံး သံမဏိအရိုးဂိုဏ်းသားတစ်ယောက်ပဲ။ ခင်ဗျားတို့အနေနဲ့ သံမဏိအရိုးဂိုဏ်းပေါ်ကို အလုံးစုံ သစ္စာရှိဖို့တော့ လိုအပ်လိမ့်မယ်။"

"ဂိုဏ်းချုပ် ကျေးဇူးပြုပြီး စိတ်ချပါ။"

လျိုဝမ်ရှစ်သည် သူ၏လက်ကိုမြှောက်၍ ပြောလိုက်၏။ "အစ်ကိုရီဟိုင်နဲ့ အစ်ကိုအားဟိုင်တို့က သစ္စာရှိတဲ့ သံမဏိအရိုးဂိုဏ်းတွေဖြစ်ရမယ်လို့ ကျွန်မက အသက်နဲ့ရင်းပြီးတော့ အာမခံပါတယ်။"

ကြေးစားလူသတ်သမားနှစ်ယောက်သည် သူတို့၏ပ န်းကန်နှင့်တူများကို ချလိုက်၏။

သူတို့၏ပါးစပ်ထဲတွင် ထမင်းများနှင့်ပြည့်နှက်လျက်ရှိ၏။ သို့ပေမဲ့ သူတို၏မျက်လုံးအိမ်ထဲရှိ မျက်ရည်များသည် ထိန်းချုပ်၍မရနိုင်ဘဲ ကျဆင်းလာတော့၏။

"ကျုပ် အားဟိုင် သေသွားမယ်ဆိုရင်တောင် သံမဏိအရိုးဂိုဏ်းမှာပဲနေပြီး ညီမလေးလျိုဝမ်ရှစ်ကို စောင့်ရှောက်မယ်။"

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်း လက်ဖျောက်တီးကာ ပြောလိုက်၏။

"ချင်းယန် သူတို့အတွက် ဝင်ခွင့်ဖောင် သွားယူခဲ့။"

"ကောင်းပါပြီ။"

ကြေးစားလူသတ်သမားနှစ်ယောက်သည် ဝင်ခွင့်ဖောင်ကို ဖြည့်ပြီးသည့်နောက် ဂိုဏ်းချုပ်၏ တံဆိပ်ထုနှက်ချိန်မှာတော့ သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းသားအရေအတွက်သည် တစ်ရာလေးဆယ့်ရှစ်ယောက်မှ တစ်ရာ့ငါးဆယ် သို့ ရောက်ရှိသွားခဲ့တော့သည်။

ဂိုဏ်း၏ စုဆောင်းမှတ်သည်လည်း ၂၆၇ မှတ်သို့ တိုးမြှင့်သွားခဲ့၏။

"ဒင် … လက်ခံသူသည် ဖုံးကွယ်ထားသောတာဝန်အား ပြည့်စုံစေခဲ့သည် ။ အမှောင်မှအလင်းသိုညွှန်ပြခြင်း အတွက် ဆုလာဒ်သည်ဂိုဏ်းစုဆောင်းမှတ်ငါးဆယ်ဖြစ်၏။”

"ဒင်"

"ဂိုဏ်းစုဆောင်းမှတ် - ၃၁၇/၅၀၀"

ဖုံးကွယ်ထားသောတာဝန်ဆိုသည်မှာ တစ်ခါတစ်လေ မည်သည့်အရာတွေမှန်းပင်မသိရှိပေ။ ကြောင်တောင်တောင်လည်းနိုင်လှ၏။

"ဟမ့်"

မီးဖိုချောင်ရှေ့တွင်ရပ်လျက်ရှိသော မာယုံနင်သည် ဓားကိုကိုင်၍ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်အား ကြည့်လိုက်သည်။

ပြီးနောက် အထင်အမြင်သေးသလိုပြောလိုက်၏။ "အသုံးမဝင်တဲ့ကောင်တွေပဲ။ စိတ်ဓာတ်က ပျော့ညံ့လိုက်တာ"

"ဦးလေးမာ …."

လျိုဝမ်ရှစ်သည် သူမ၏လက်ကိုရမ်းခါ၍ ကြီးမားသောမျက်လုံးကြီးများအား ပေကလပ်ပေကလပ်လုပ်ကာ အော်လိုက်သည်။ "ဦးလေးမာကော သံမဏိအရိုးဂိုဏ်းထဲဝင်ချင်လား။"

"မိန်းကလေး မင်းက တစ်ကိုယ်တော်ဓားသမားဖြစ်တဲ့ ဦးလေးမာရဲ့ဂုဏ်သိက္ခာကို လျှော့တွက်နေတာပဲ။"

"ဒင်"

"ဂိုဏ်းသား -၁၅၁/၅၀၀"

"ဒင်"

"ဂိုဏ်းစုဆောင်းမှတ် - ၃၁၈/၅၀၀"

………

ဂိုဏ်း၏အဓိကဟောခန်းထဲမှာတော့ လီချင်းယန်သည် လေးလေးနက်နက်ပြောလိုက်၏။ "ဂိုဏ်းချုပ် မိုးဆွေအဆောက်အဦးရဲ့ ဌာနချုပ်ကို သိရပြီ။ ဒီတော့ ….. "

"ဟုတ်တယ်။"

ကျွင်းချောင်ရှောင်းသည် လက်ခုပ်တစ်ချက်တီးပြီး အေးစက်စက်ကြည့်ကာ ပြောလိုက်၏။ "ငါ သူတို့အားလုံးကို တစ်ခါတည်းရှင်းပစ်မှာ"

လီချင်းယန်ပြောလိုက်သည်။ "ရီဟိုင် ပြောသလိုအရဆိုလျင် မိုးဆွေအဆောက်အဦးရဲ့ခေါင်းဆောင်က သိုင်းဆရာအဆင့်ငါးတစ်ယောက် ဖြစ်တယ်တဲ့။ ပြီးတော့ ထိပ်သီးလုပ်ကြံသတ်ဖြတ်သူလေးယောက်က သိုင်းတပည့်ထိပ်ဆုံးအဆင့်တွေပဲ။သူတို့အားလုံးက အဆင့်ခုနစ်ဂိုဏ်းတစ်ခုနဲ့ နှိင်းယှဉ်လို့ရလောက်တယ်။"

ခဏလောက်စဉ်းစားကာ ဆက် ပြောလိုက်သည်။ "လုပ်ကြံသတ်ဖြတ်သူအဖွဲအစည်းက အမှောင်ထဲမှာပဲ အမြဲပုန်းအောင်းနေကြတာ ။ သူတို့က လျပ်တပြတ်ထွက်ပေါ်ပြီးတော့ တိုက်ခိုက်သတ်ဖြတ်ရတာကို ကြိုက်နှစ်သက်ကြတယ်။ ဒီတော့ သူတို့ကို တစ်ခါထဲ အပြတ်ရှင်းဖို့ဆိုတာ ခက်လိမ့်မယ်။"

လီချင်းယန်သည် သေသေချာချာ စဉ်းစားသုံးသပ်တတ်သူဖြစ်၏။

"ချင်းယန် ဒီလိုမျိုးအဖွဲအစည်းမျိုးကို ရင်ဆိုင်ဖို အကောင်းဆုံးနည်းလမ်းက သူတို့ထပ်ပိုပြီးတော့ သိုဝှက်တက်ရမယ်။ ပြီးတော့ လျှို့ဝှက်တတ်ရမယ်။ သတ်ဖြတ်တတ်ရမယ်။ ဒါပဲ။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။

လီချင်းယန်သည် နားလည်သွားမိ၏။

ဂိုဏ်းချုပ်သည် လုပ်ကြံသတ်ဖြတ်သူများ၏ အကောင်းဆုံးနည်းလမ်းကိုအသုံးပြု၍ မိုးဆွေအဆောက်အဦးအား ဖျက်ဆီးရန် ကြိုးစားချင်ပုံပေါ်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "မင်း ဂိုဏ်းရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ခဏတာဝန်ယူထားလိုက်။ရှောင်ကျီနဲ့ငါ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ရွံ့စရာယင်ကောင်လိုကောင်တွေကို သွားပြီးတော့ ရင်ဆိုင်မယ်။"

လီချင်းယန်သည် မူလအားဖြင့် သူ၏ဂိုဏ်းချုပ်နှင့်အတူ လိုက်ပါသွားချင်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ၏စကားအား တန်ဖိုးထားတတ်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ့ကို ခေါ်သွားလိမ့်မည် မဟုတ်ချေ။

ခေါင်းညိတ်ကာ ပြောလိုက်မိ၏။ "ကျွန်တော် သံမဏိအရိုးဂိုဏ်းကို စောင့်ရှောက်ထားလိုက်ပါ့မယ်။"

မိုးဆွေအဆောက်အဦးသည် ချင်းယန်နိုင်ငံထဲတွင် မဟုတ်ပေ။ ချင်းယန်နိုင်ငံ၏ အပြင်ဘက်တွင်ရှိသော အလွန်တရာ နက်ရှိင်းလှသော တောနက်ထဲတွင် တည်ရှိနေ၏။

ဤအဖွဲအစည်းသည် ကျင့်ကြံခြင်းလောက၌ ပေါ်မလာသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ သူတို့၏စီးပွားရေးမှာ ငါ့ကိုပိုက်ဆံပေး ငါမင်းတို့ရဲ့ကပ်ဘေးတွေကို ဖြေရှင်းပေးမည် ဟူ၍ ဖြစ်သည်။

များပြားလှသောဂိုဏ်းများ သို့မဟုတ် သိုင်းပညာရှင်များသည် သူတို့ရင်ဆိုင်ရန် လိုအပ်သော ရန်သူများရှိ၏။ ထိုသို့သော အချိန်မျိုးတွင် မိုးဆွေအဆောက်အဦးအား အသုံးမဝင်လမ်းကြောင်းဖြင့် ဆက်သွယ်၍ လုပ်ကြံသတ်ဖြတ်ပေးရန် ငှားရမ်းလေ့ရှိ၏။

မိုးဆွေအဆောက်အဦး၏ ဌာနတွင်းစီမံခန့်ခွဲမှုမှာ အလွန်တရာ ရိုးရှင်းလှသည်။

အဆောက်အဦးပိုင်ရှင်သည် အမြင့်ဆုံးသော အမိန့်ပေးနိုင်သူဖြစ်ပြီး သူ၏နောက်တွင် ထိပ်သီးလုပ်ကြံသူ ၊ ရွှေအဆင့်လုပ်ကြံသူ၊ ငွေအဆင့်လုပ်ကြံသူဟူ၍ ရှိသည်။

ရီဟိုင်သည် ရွှေအဆင့် လုပ်ကြံသူဖြစ်ပြီး အားဟိုင်မှာတော့ ငွေအဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်သည်။

မိုးဆွေအဆောက်အဦးတွင် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများလည်းရှိ၏။

အဖွဲအစည်း အား သစ္စာဖောက်ခြင်း ၊ တာဝန်ကို ခွင့်ပြုချက်မယူပဲ လက်ခံရယူခြင်းနှင့် သေဆုံးပြီးသည်မှလွဲ၍ တစ်ခြားကိစ္စတစ်ခုခုဖြင့် အဆောက်အဦးသိုပြန်မလာခြင်း … ဤအရာများကို တားမြစ်ထားသည်။

ရီဟိုင်နှင့် အားဟိုင်တိုသည် စည်းမျဉ်းကိုချိုးဖျက်ပြီးပြီဖြစ်ကြောင်း သိရှိကြ၏။ ထို့ကြောင့်ပင် သူတို့သည် အဆောက်အဦး၏ မူရင်းဌာနတည်နေရာအား ပြောပြခဲ့ခြင်းဖြစ်သည်။

……….

"ဒိုင်း"

ရုတ်တရက်ဆိုသလိုပဲ တိတ်ဆိတ်ငြိမ်သက်လှသော သစ်တောနက်ထဲတွင် ကျယ်လောင်လှသော အသံကြီးတစ်ခု ပေါ်လာသည်။

ငှက်နှင့် သားရဲများအားလုံးသည် လန့်ဖြန့်၍ ထပျံသူပျံ ၊ ထွက်ပြေးသူပြေး နှင့် ဖြစ်ကုန်ကြ၏။

"ရွှစ် …. ရွှစ်"

အမဲရောင်ဝတ်စုံဝတ်ဆင်ထားသော လူနှစ်ယောက်သည် အမှောင်ထဲမှ ထွက်ပေါ်လာပြီး ကြီးမားသော သစ်ပင်ကြီးအောက်သို ခုန်ဆင်းလိုက်ကြ၏။

သူတို့၏အဖော်၏ ရင်ဘတ်တွင် ဖောက်ထွင်းခံထားရသည်ကိုမြင်တော့ ချက်ချင်းဆိုသလိုပဲ သတိအပြည့်နှင့် ဖြစ်သွားကြ၏။

သူတို့သည် သေနတ်သံ ထွက်ပေါ်လာရာနေရာဆီသို လှမ်းကြည့်လိုက်သည်ဆိုသော်လည်း သစ်ပင်ကြီးနှင့် ခြုံပုတ်များမှလွဲ၍ တစ်ခြားမည်သည့်အရာမှ မရှိချေ။

"သေစမ်း ….. ငါတို့မိုးဆွေအဆောက်အဦးကို အမှောင်ထဲကလာပြီး ပုန်းကွယ်တိုက်ခိုက်နေတာ ဘယ်သူများလဲ။"

အမဲရောင် ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။

"ဒိုင်း"

ထိုအချိန်မှာပဲ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏မျက်နှာဆီသို့ သွေးများလာရောက်စင်သည်။

သူ၏ဘေးတွင်ရှိသော အဖော်သည် ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လျက်ရှိပြီး မြေပေါ်သို့လဲကျသွားတော့၏။

ထိုမိုးဆွေအဆောက်အဦး၏ လုပ်ကြံသတ်ဖြတ်သူသည် ဒူးတွေခွေသွားတော့မတတ် ကြောက်လန့်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပဲ လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။

"ဒိုင်း"

သူလှည့်ထွက်လာချိန်မှာပဲ အေးစက်စက်အရာတစ်ခုသည် သူ၏နဖူးအား ထွင်းဖောက်သွားတော့သည်။

နေကာမျက်မှန်ကိုဝတ်ဆင်ပြီး ဆေးပြင်းလိပ်အား ကိုင်ဆောင်ထားသော ကျွင်းချောင်ရှောင်းသည် သူ၏ညာဘက်လက်ဆီမှ ဂန္ဓာရလင်းယုန်သေနတ်အား ပြန်သိမ်းလိုက်၏။

သူသည် မောင်းခလုတ်တစ်ချက်ကို ဆွဲပြီး ချိန်မှာ သူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ငါ့အပြင် တစ်ခြားလူတွေ သေနတ်မကိုင်ပါစေနဲ့လို့ ဆုတောင်းမိတယ်။"

"ဒိုင်း"

သေနတ်သံတစ်ခုသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အနားပတ်ဝန်းကျင်ရှိ သစ်ရွက်များပင် ကြွေကျသွားတော့၏။

မိုးဆွေအဆောက်အဦး၏ လုပ်ကြံသတ်ဖြတ်သူသုံးယောက်ကို ရှင်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏အကျင့်အတိုင်း ထိုသူများ၏ ခန္ဓာကိုယ်အား ရှာဖွေတော့သည်။

ကောင်းမွန်သည့် မည်သည့်အရာမှ မရှိသည်ကို တွေ့သည့်နောက် သူသည် ရှောင်ကျီအား အရိပ်အယောင်ပြ၍ အမှောင်ထဲသို့ တိုးဝင်ကာ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားသည်။

ကျယ်လောင်လှသော အသံကြီးကြောင့် သတိအပြည့်နှင့်ဖြစ်သွားကြသော မိုးဆွေအဆောက်အဦ၏ လုပ်ကြံသတ်ဖြတ်သူများသည် အလျင်စလိုနှင့် ရောက်ရှိလာကြ၏။

သူတို့၏အဖော်သေဆုံးနေသည်ကို မြင်သည့်အချိန်မှာတော့ သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များနှင့် ပြည့်နှက်လာသည်။

ဤနေရာသည် သူတို့၏ဌာနေဖြစ်သည်။ သို့ပေမဲ့ တစ်ခြားလူတစ်ယောက်သည် သူတို့အား ခြုံကွယ်၍ ပုန်းခိုတိုက်ခိုက်လျက်ရှိ၏။

"တစ် … နှစ် …. သုံး"

ရှောင်ကျီသည် ရေညှိတွေ ဖုံးလွှမ်းလျက်ရှိသော ကျောက်တုံးကြီးတစ်ခုအား အသာမှီ၍ ရန်သူများကို ကြည့်ရှူနေသည်။ သူသည် စစ်စိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ပတ်ဝန်းကျင်တွင် ပျောက်ကွယ်လျက်ရှိ၏။

"လူဆယ်ယောက်"

ရှောင်ကျီသည် မှန်ဘီလူးမှတစ်ဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ရင်ဘတ်ကို ချိန်ထားခဲ့သည်။ ပြီးနောက် သေနတ်မောင်းခလုတ်အား ဆွဲလိုက်တော့သည်။

ဒိုင်းဆိုသည့် အသံနှင့်အတူ အလင်းတန်း ကျည်ဆံတစ်ခုသည် ထွက်ပေါ်လာပြီး အနီးအနားတွင် ထပ်၍ ရပ်နေကြသော လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်၏ ရင်ဘတ်အား ထွင်းဖောက်သွားတော့သည်။

သသ်ပင်၏ ကိုင်းတစ်ခုပေါ်တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ထိုမြင်ကွင်းကိုမြင်တော့ သွားဖြီးကာ ရယ်လိုက်၏။ "ကျည်တစ်တောင့်နဲ့ လူနှစ်ယောက် မဆိုးဘူး။"

လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်အား ဖြေရှင်းပြီးသည့်နောက် ရှောင်ကျီသည် စနိုက်ပါရိုင်ဖယ်အား ကောက်ယူပြီး တစ်ခြားနေရာ တစ်ခုဆီသို့ လှစ်ခနဲ ထွက်ခွာသွား၏။

သူ၏အင်္ကျီအရောင်သည် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီနေသောကြောင့် သူ့အား ရှာဖွေရန် မလွယ်ကူလှချေ။

All Chapters