အခန်း (၁၃၁)
Vol. 9 Ch. 131
……
တောကြောင် နှင့် သူ၏ တပည့် လေးယောက်တို့သည် တစ်ယောက်နှင့် တစ်ယောက် အနည်းငယ်စီ ခြား၍ ရန်သူအား ရှာဖွေနေသည်။ သူတို့၏ လှုပ်ရှားမှုများသည် ငြိမ်သက်လှပြီး ကျွမ်းကျင်သူတွေမှန်း သိသာလှသည်။
ကံဆိုးစွာနှင့် ကျွင်းချောင်ရှောင်းသည် ရှစ်ဆမှန်ဘီလူး၏ လုပ်ဆောင်ချက် ဖြစ်သော x- ray အမြင်အား အသုံးပြုနေသောကြောင့် အမှောင်ထဲတွင် သိုသိုသိပ်သိပ် လှုပ်ရှားနေသည် ဆိုလျှင်တောင်မှ မြင်နေရသည်။
မိုးကောင်းကင်မှ ချီးမြင့်ထားသော စနစ်ကို ပိုင်ဆိုင်သူ တစ်ယောက်အဖို့ သေမျိုးများသည် ပုရွက်ဆိတ်များ သာသာ ပင် ဖြစ်တော့၏။
သူတို့အား လိုက်လံရှာဖွေနေကြောင်း သိသည်မို့ ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “တွင်းထဲမှ အမြဲ ပုန်းမနေချင်တဲ့ အဖွဲ့လေးပဲ”
ရှောင်ကျီ မေးလိုက်သည် “ဂိုဏ်းချုပ် .. တကယ်ပဲ လူရှိတာလား။”
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပုန်းနေတော့”
သူသည် သတိအပြည့်နှင့် အမြဲရှိနေတတ်သော သူ၏ တပည့်အား ချီးကျူးချင်မိသည်။
“ကောင်းပါပြီ”
ရှောင်ကျီသည် မနီးမဝေးရှိ ခြုံပုတ်ထဲသို့ ဝင်ရောက်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် သေနတ်ကို မြှောက်ကိုင်ပြီး တောထဲ ဝင်ရောက်သွားသည်။ သူသည် သိုလှောင်လက်စွပ်ထဲရှိ အအေးဓားကိုလည်း ထုတ်ယူလိုက်၏။
သူသည် လင်းကျန့်ဓားကွက်ကို ယခုမှ သင်ယူထားတာဖြစ်သည်။ ထို့ကြောင့် အားအင်ကိုစမ်းသပ်ချင်စိတ် ဖြစ်ပေးနေမိသည်။
ရွှစ်. .။
ရှစ်ဆ မှန်ဘီလူး၏ x – ray အမြင်မှ တဆင့် သူသည် သစ်ပင်မြင့် တစ်ခုပေါ် ခုန်တက်ကာ ပုန်းအောင်းနေလိုက်သည်။ လုပ်ကြံသတ်ဖြတ်သူများသည် သူ့အောက်မှ ဖြတ်သွားလျှင်ပင် သူ့အား တွေ့နိုင်မည် မဟုတ်ချေ။
ငါးရာ မီတာ အဝေးမှာတော့ .
ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူသည် မည်မျှပင် သတိထား လျှောက်လှမ်းနေသည်ဆိုဆို သေမင်းဆီသို့ တည့်တည့် လျှောက်လာမိနေ၏။
ညသည် မှောင်မဲ၍ တိတ်ဆိတ်လျက်ရှိသည်။
လေအေးတွေ ဖြတ်သန်းသွားချိန်မှာတော့ လူတွေသည် ဆံပင်တွေ ထောင်ထသွားသည် အထိ အေးစက်မှုကို ခံစားလိုက်ကြရ၏။
ခြုံပုတ်တစ်ခု နားတွင် ရှိနေသော လုပ်ကြံသတ်ဖြတ်သူသည် ပခုံးကိုကြုံ့၍ ကျိန်ဆဲလိုက်မိသည် “ယီး … ဒီအချိန်ကြီး ဘာလို့ လေအေးတွေ တိုက်နေရတာလဲ”
ရွှစ် ..။
ရုတ်တရက် ဆိုသလိုပဲ အအေးအလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
“ဟမ် …”
တောကြောင်သည် အလင်းကို သတိပြုမိသောကြောင့် သူ၏ တပည့်အား လှမ်းကြည့်လိုက်သည်။ သူ၏ တပည့်သည် မတ်တပ်ရပ်လျက်ရှိနေသည်ကို မြင်တော့ တီးတိုးလှမ်းမေးလိုက်၏ “နံပါတ်ခုနှစ် .. ဘာဖြစ်တာလဲ”
နံပါတ်ခုနှစ်သည် မည်သည့်စကားမှ ခွန်းတုံ့မပြန်ချေ။ မတ်မတ်ရပ်လျက်ရှိနေသည်။
တောကြောင်သည် မျက်မှောင်ကုတ်လိုက်ပြီး သူ၏ တပည့်အနားသို့ လျှောက်သွားကာ အသာပုတ်လိုက်၏။ နံပါတ် ခုနှစ်၏ ဦးခေါင်းသည် ဘုတ်ခနဲ ပြုတ်ကျသွားပြီး သွေးတွေ ပန်းထွက်လာတော့၏။
မြင်ကွင်းသည် ရုတ်တရက် ဆန်လှပြီး အလွန်တရာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
တောကြောင်သည် အားကောင်းလှသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်သည်။ သို့ပေမဲ့ ရုတ်တရက် ခေါင်းကြီး ပြတ်ကာ ပြုတ်ကျလာသော သူ၏ တပည့် နံပါတ်ခုနှစ် အဖြစ်ကို မြင်ချိန်မှာတော့ နှလုံးရပ်မတတ် စိုးရွံ့သွားတော့၏။
ဘာဖြစ်တာလဲ။
နံပါတစ်ခုနှစ်၏ ဦးခေါင်းသည် အကြောင်းမဲ့ ပြတ်သွားစရာမရှိပေ။
အလင်း … စောန တုန်းက အလင်း။
ဝှစ် ..။
တွေးနေတုန်းမှာပဲ သူ၏ မြင်ကွင်းထဲသို့ အေးစက်သည့် အလင်းတစ်ခု ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။ သူ အသာ လိမ့်ရှောင်ရင်း တခြားသော တပည့်တစ်ယောက် ရှိရာ ဆီ သွားလိုက်၏။
“နံပါတ်ရှစ် …”
တောကြောင် အော်ခေါ်လိုက်ချိန်မှာပဲ နံပါတ်ရှစ်သည် မြေပေါ် ဒူးထောက်ထိုင်ကျလာသည်။ သူ၏ လည်ပင်းတွင် ဓားဒဏ်ရာ တစ်ခု ပေါ်လာသည်။ ပြီးနောက် ဇာတ်ကျိုးကာ သေဆုံးသွားလေတော့သည်။
အေးစက်သော အလင်း ..။ ဤ အလင်းသည် ဓားအလင်းပင် ဖြစ်တော့သည်။
ရွှစ် ……။
တောကြောင်သည် သူ၏ လက်နက်ပုန်းများအား ထုတ်ကိုင်ရင်း ပတ်ဝန်းကျင်အား သတိထား ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ဖြစ်ပေါ်လာ၏။
သူ၏ တပည့်နှစ်ယောက်ဖြစ်သော နံပါတ်ခုနှစ် နှင့် နံပါတ်ရှစ်တို့သည် တစ်ယောက်မှာ ဦးခေါင်းဖြတ်ခြင်း ခံလိုက်ရပြီး တစ်ယောက်မှာ လည်မြိုအား လှီးခြင် ခံလိုက်ရသည်။ တိုက်ခိုက်လာသူ၏ ဓားသည် အလွန်ပင် မြန်ဆန်လှသည်။ အထူးလေ့ကျင့်ထားသော ကျွမ်းကျင်သူပင် ဖြစ်ရမည်။
“အကြီးအကဲ …”
သူတို့၏ အဖော်နှစ်ယောက် အသတ်ခံလိုက်ရသည်ကို သိချိန်မှာတော့ တခြားသောသူများသည် ချက်ချင်းပဲအနားသို့ ရောက်လာကြသည်။
သို့ပေမဲ့ တစ်ယောက်သည် သူတို့အဖွဲ့ဆီ မရောက်ခင်မှာတော့ အလင်းတန်းတစ်ခု သူ့ဆီ တိုးဝင်လာကြောင်း မြင်လိုက်ရသည်။
ဝှစ် ..။
ရှောင်တိမ်းရန်စဉ်းစားလိုက်ပေမဲ့ ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူသည် တစ်ချက်လေးတောင် မလှုပ်ရှားရသေးခင်မှာပဲမြေပေါ် ပြုတ်ကျ၍ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ တိုက်ခိုက်မှုမှာ မြန်ဆန်လွန်းသောကြောင့် သေသွားသည်အထိ သွေးပင်ထွက်မလာခဲ့ချေ။ အသက်ထွက်ပြီးနောက်မှ သွေးတွေ တရဟော ထွက်လာ၏။
“နံပါတ်ကိုး ..”
တောကြောင်၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ထွက်ကျတော့မလို ဖြစ်သွားသည်။ သူ၏ အသံသည် တိတ်ဆိတ်နေသော ညနက်ထဲတွင် ထင်းထင်းကြီး ပေါ်လာသည်။
ဝှစ် ..။
ဓားအလင်း ထပ်မံရှောက်ရှိလာပြီးသည့်နောက် နောက်ထပ် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်သည် မြေပေါ် ပြုတ်ကျသွားတော့သည်။ ထိုသူလည်းလည်း ဦးခေါင်းငုံ့ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အချိန်တိုအတွင်းမှာပဲ ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ လေးဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အဖြစ်အပျက်များသည် မြန်ဆန်လွန်းသောကြောင့် တောကြောင့်သည် တုံ့ပြန်ချိန်ပင် ကောင်းကောင်းမရခဲ့ချေ။ ဘာတစ်ခုကိုမှလည်း ရှင်းရှင်းလင်းလင်း မမြင်လိုက်ရ။
“အား …”
သူ ဒေါသတကြီးနှင့် ထအော်လိုက်သည် “ဘယ်သူလဲ ။ ထွက်ခဲ့စမ်း”
လုပ်ကြံသတ်ဖြတ်သူများ၏ ပထမဦးဆုံးသော စည်းမျဉ်းသည် မည်သည့်နေရာ ၊ မည်သည့် အချိန်တွင် ဖြစ်ဖြစ် ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ရန် ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူများသည် ခံစားချက် ကင်းမဲ့ရ၏။
သို့ပေမဲ့ တောကြောင်သည် လက်ရှိ အချိန်တွင်တော့ သည်းမခံနိုင်တော့ချေ။ ရန်သူ၏ ဆန်းကြယ်လွန်းသော သတ်ဖြတ်ခြင်း နည်းလမ်းသည် သူ့အား ဇောချွေးတွေပင် ပြန်စေသည်။ ထို့ကြောင့် အားရပါးရ အော်ဟစ် စိန်ခေါ်ရင်း သတ္တိမွေးလိုက်ခြင်းပင် ဖြစ်သည်။
ရွှီး ..။
သူ၏ နောက်ဘက်ဆီမှ အသံတစ်ခု ပေဗါ်လာသည်။ သို့ပေမဲ့ လှည့်ကြည့်လိုက်ချိန်မှာတော့ မည်သည့်အရာကိုမှ မမြင်ရချေ။
ညဘက်များတွင်သာ လှုပ်ရှားသွားလာတတ်သော လုပ်ကြံသတ်ဖြတ်သူသည် ညအမှောင်အား ပို၍ ကြောက်လန့်လာမိသည်။
ရွှစ် ..။
ရွှစ် ..။
သူ၏ နားထဲတွင် အသံတွေ ဆက်တိုက်ထွက်နေသည်။ သို့ပေမဲ့ နောက်လှည့်ကြည့်လိုက်တိုင်း မည်သည့်အရာကိုမှ မတွေ့ရချေ။ အမှောင်ထဲတွင် တွေ့ရသည်မှာ လူတစ်ယောက် မဟုတ်ဘဲ သရဲဖြစ်နေလောက်သည်။
စိတ်ကို ငြိမ်ငြိမ်ထား။
တောကြောင်သည် သူ၏ ခေါင်းကို ခပ်ကြမ်းကြမ်း ယမ်းခါပြီး နှလုံးသားထဲမှ စိုးရွံ့ မှုများအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သူ စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီးချိန်မှာတော့ သူ၏ မျက်နှာရှေ့တွင် မျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရ၏။
“အား ….”
ကြောက်လန့်တကြား အော်ဟစ်သံသည် တောနက်ထဲမှာ ပေါ်လာတော့သည်။
ရှောင်ကျီသည် ဆိုးဆိုးရွားရွား အော်ဟစ်လိုက်သံကို ကြားတော့ တစ်ကိုယ်လုံး တုန်ရင်သွားရ၏။ “ဝိညာဉ်များလား”
….
တောကြောင်သည် နောက်ဘက်သို့ ခြေဆယ်လှမ်းလောက် ဆုတ်လိုက်မိသည် ။ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှု၊ ကြောက်လန့်မှု များနှင့် ပြည့်နေလေသည်။
သူ့ရှေ့တွင်တွင် ကျွင်းချောင်ရှောင်းသည် ဇက်ကြီးအား စောင်းပြီး လျှာထုတ်ကာ ခြောက်လန့်နေ၏ “ခင်ဗျား .. မဆိုးဘူးပဲ။ သေးမထွက်ကျသေးဘူး။ တော်တယ်”
“မင်း ….”
တောကြောင်သည် အံ့အားသင့်သွားသည် “လူပဲ .. သရဲမဟုတ်ဘူး”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခင်ဗျားတို့ လုပ်ကြံသတ်ဖြတ်သူတွေက သရဲတွေ၊ နတ်ဘုရားတွေကို ယုံတယ်လား။”
“ယီး တဲ့မှ ….” တောကြောင်၏ မျက်လုံးသည် ပြူးထွက်လာသည်။ ရုတ်တရက် ဆိုသလိုပဲ သူ၏ ညာလက်ကို လှုပ်ယမ်းလိုက်တော့ လက်နက်ပုန်း သုံးခုသည် အလွန်မြန်ဆန်သော နှုန်းဖြင့် ကျွင်းချောင်ရှောင်း ဆီ ဝင်ရောက်လာတော့သည်။
ဝှစ် .. ဝှစ် … ။
ကျွင်းချောင်ရှောင်းသည် ထူးဆန်းသော ခြေလှမ်းကွက် တစ်ခုကို အသုံးပြုပြီး ရှောင်ရှားလိုက်သည်။ ပြီးနောက် ဘေးတစ်ဖက်တွင် ခပ်တည်တည်ဖြင့် ရပ်ကာ ပြောလိုက်သည် “ပေါက်မြှားလေးသုံးခု က ကျုပ်ကို ဘာလုပ်နိုင်မှာလဲ”
တောကြောင်သည် တုန်လှုပ်သွား၏ “မင်း ဝိညာဉ်ခြေလှမ်းကို အသုံးပြုခဲ့တယ်လား”
“ခင်ဗျား အံ့အားသင့်သွားတာလား” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အဘယ်သို့ အံ့အားမသင့်နေမည်နည်း။ ဝိညာဉ်ခြေလှမ်းသည် မိုးဆွေ အဆောက်အဦ ၏ ခြေလှမ်းကွက် ဖြစ်ပြီး အလယ်အလတ်အဆင့် နည်းစနစ်တစ်ခုလည်း ဖြစ်၏။ အသုံးပြုလိုက်လျှင် ဝိညာဉ်တစ်ခုလို လျှင်မြန်စွာ သွားလာနိုင်၏။
တောကြောင် အံ့အားသင့်မိနေသည် “မင်း .. ဘယ်လိုလုပ် ဒီလောက်ကျွမ်းအောင် တတ်မြောက်နေတာလဲ”
ဝိညာဉ်ခြေလှမ်းသည် အလယ်အလတ် အဆင့် ဖြစ်သည် ဆိုသော်လည်း အောင်မြင်စွာ လေ့ကျင့်နိုင်ရန် အချိန် သုံးနှစ်မှ ငါးနှစ်ထိ ကြိုးစားရသည်။
ရီဟိုင်နှင့် အားဟိုင် တို့သည် ငယ်စဉ်ကတည်းက မိုးဆွေအဆောက်အဦ ဆီ ရောက်ရှိလာခဲ့ကြသည် ဆိုသော်လည်း ဆယ်နှစ်ကျော် လေ့ကျင့်ပြီးချိန်တွင်မှ တတ်မြောက်သည် ဆိုသော အဆင့်သာ ရောက်ရှိခဲ့ကြ၏။
“ဒီလိုပဲ ကျုပ်သင်လိုက်တာလေ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သူ ကြွားဝါ၍ ပြောနေခြင်းမဟုတ်ပေ။ တကယ်တန်းမှာတော့ အသိအမြင်အဆောင်ကို ချိုးပြီးသည့်နောက် အလဟာသ ဖြစ်တော့မည်ကို နားလည်သွားသောကြောင့် လွန်ခဲ့သော လတော်တော်များများကတည်းက ရခဲ့သည့် ဝိညာဉ်ခြေလှမ်း နည်းစနစ်အား ထုတ်ယူကာ သင်ယူခဲ့ခြင်း ဖြစ်သည်။
မိုးဆွေအဆောက်အဦ ၏ ခေါင်းဆောင်ပင်လျှင် ကျွင်းချောင်ရှောင်းကဲ့သို့ မကျွမ်းကျင်ဟု ဆိုရမည်။ အသိအမြင် အဆောင်သည် ဤမျှ အားကောင်းလှ၏။
သူ စောနက ထုတ်ဖော်တိုက်ခိုက်၍ ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူများအား သတ်ခဲ့ခြင်းသည် အမှန်တကယ်တန်းတွင်တော့ လင်းကျန့် ဓားကွက် အစွမ်းကြောင့် မဟုတ်ချေ။ ဝိညာဉ်ခြေလှမ်း၏ အမြန်နှုန်း နှင့် အအေးဓား၏ အစွမ်းအား ပေါင်းစပ် အသုံးပြုခဲ့ခြင်း သက်သက်ပင် ဖြစ်သည်။
“ … မဖြစ်နိုင်ဘူး”
တောကြောင်သည် မယုံကြည်နိုင်သလို ပြောလိုက်သည် “ဝိညာဉ်ခြေလှမ်းက သေချာ ထပ်တလဲလဲ မလေ့ကျင့်ဘဲ တစ်ခါတည်း ဒီအဆင့်ရောက်အောင် မကျင့်နိုင်ဘူး”
“အဲတာက အရေးမကြီးပါဘူး .. အရေးကြီးတာက …” ကျွင်းချောင်ရှောင်းသည် အအေးဓားအား သူ၏ ပခုံးထက်သို့ တင်ရင်း ဆောင့်ကြွားကြွားဖြင့် ပြောလိုက်သည် “ခင်ဗျား သေတော့မှာ မလို့ပဲ”
ရွှစ် …။
တောကြောင်သည် ဝိညာဉ်ခြေလှမ်းကို အသုံးပြု၍ ချက်ချင်းဆိုသလိုပဲ တောအုပ်ထဲမှ လှည့်ပြေးတော့သည်။ ရွှေအဆင့်လုပ်ကြံသူတွေကိုပင် တစ်ချက်လေးမှ တုန့်ပြန်ချိန်မရအောင် သတ်ဖြတ်ခဲ့သည်မို့ ဤလူသည် အလွန်အားကောင်းလှကြောင်း သူ သုံးသပ်မိပြီးသား ဖြစ်သည်။ ထို့ကြောင့် ထွက်ပြေးခြင်းသည်သာ ဦးနှောက်ရှိသော သူတွေ၏ အလုပ်ဖြစ်မည်။
ရွှစ် … ရွှစ် ..။
မီတာတော်တော်များများထိ ပြေးပြီးသည့်နောက် နောက်လှည့်ကြည့်လိုက်တော့ သူ့နောက်ကို လိုက်မလာကြောင်း သတိပြုမိလိုက်သည်။ တောကြောင်၏ နှုတ်ခမ်းပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ မီတာ အနည်းငယ်လောက် အလှမ်းဝေးသွားမည် ဆိုလျှင် သူသည် လွတ်အောင် ပြေးလွှားနိုင်မည် ဟု ယုံကြည်ချက် ရှိနေသည်။
ရွှီး ..။
ရုတ်တရက် ဆိုသလိုပဲ အလင်းတစ်ခု ဖြတ်သန်းသွားပြီး လွတ်မြောက်ပြီဟု တွေးတောထားသော တောကြောင်၏ ညာဘက်လက်သည် ပခုံးဆီမှ ဖယ်ခွာသွားသည်။ ပြီးနောက် နှလုံးသားကို ဖိညှစ်လိုက်သကဲ့သို့ နာကျင်လှသော ခံစားမှုသည် သူ၏ ညာဘက်ပခုံးဆီမှ ဖြစ်ပေါ်လာ၏။
သူ၏ ညာလက်သည် ခုတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
တောကြောင်သည် ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းချုပ်နိုင်တော့ဘဲ သစ်ပင်ကြီး တစ်ပင်နှင့် ဝင်တိုက်ကာ မြေပေါ် လဲကျသွား၏။
မကြာမီမှာပဲ ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းလျှောက်လာပြီး ထိုသူ၏ ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။ ပြီးနောက် မိစ္ဆာဆန်ဆန် ပြုံးလိုက်၏ “ကျုပ်လက်က လွတ်သွားသူ ဆိုတာ မရှိဘူး။”
တောကြောင်သည် သွေးထွက်လွန်နေသောကြောင့် မကြာခင်မှာပဲ မေ့မျောသွားတော့သည်။ သတိမလစ်ခင်မှာတော့ ငရဲမင်းတစ်ပါး၏ လောကတွင် မိစ္ဆာအဆန်ဆုံးအပြုံးတစ်ခုအား မြင်ခဲ့ရသည်။ အလွန်တရာ ကြောက်စရာကောင်းသည့် ပုံရိပ်တွင် သူ၏ စိတ်ထဲတွင် ကဗ္မည်းရေးထိုးထားသလို ဖြစ်နေတော့မှာ သေချာသည်။