← Chapters

အခန်း (၁၃၂)

Vol. 10 Ch. 132

အခန်း (၁၃၂)

Vol. 10 Ch. 132

လက်တစ်ဖက် ဆုံးရှုံးသွားသည် ဆိုပေမဲ့ တောကြောင်သည် မသေဆုံးခဲ့ပေ။ သွေးထွက်လွန်ခြင်းကြောင့်သာ မေ့မျောနေခြင်း ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် သူ့အား လှိုဏ်ဂူဆီသို့ ပြန်ခေါ်လာရန် စဉ်းစားလိုက်သည်။

“ဂိုဏ်းချုပ် …”

ရှောင်ကျီသည် သွေးတိတ်အောင် ပြုလုပ်ပြီးသည့်နောက် အနာကို သေချာ ပတ်တီးစည်းလိုက်သည်။ ပြီးနောက် ပြောလိုက်၏ “ဒီကောင်ကြီးကို ဘာဆက်လုပ်မှာလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီကောင်ကြီးက မသေသေးဘူ။ သူ့ကို တခြားသုံးစရာတွေရှိသေးတယ်။ ဥပမာအားဖြင့် ငါးစာအဖြစ် လုပ်တာမျိုးပေါ့”

“ဪ …” ရှောင်ကျီ က နားလည်သွားသည်။

မိုးဆွေအဆောက်အဦ မှ လုပ်ကြံသတ်ဖြတ်သူများသည် သူတို့အား အမဲဖျက်ချင်သောကြောင့် ဖမ်းရန် စီစဉ်ကြသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ လက်ချက်ဖြင့် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြသည်။ ရှောင်ကျီသည် ဂိုဏ်းချုပ်အား အမှန်ပင် ချီးကျူးမိ၏။

ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည် “သွား ..ကြိုးတစ်ခုခု ရှာပြီး သူ့ကို ချည်လိုက်”

“ကောင်းပါပြီ”

ရှောင်ကျီသည် လှိုဏ်ဂူထဲကနေ ထွက်ပြီးနောက် နွယ်ကြိုးတစ်ခုကို ရှာပြီး တောကြောင်အား တင်းတင်းချည်နှောင်လိုက်သည်။

………

မိုးဆွေအဆောက်အဦ …….။

ကင်းမြီးကောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လှိုဏ်ဂူထဲမှာ ရှေ့နောက် လျှောက်လျက်ရှိသည်။ သူ၏ မျက်နှာပေါ်တွင်စိတ်ပူပန်မှုတွေ နှင့် ပြည့်နှက်နေသည်။

တောကြောင်သည် လွန်ခဲ့သော ညကတည်းက လူလေးယောက် ကိုခေါ်ပြီး ထွက်သွားခဲ့သည်။ သို့ပေမဲ့ယခု နေတောင် ထွက်နေပြီ ဆိုပေမဲ့ ဘယ်သူမှပြန်ရောက်မလာချေ။ ထိုအရာက သူ့အား ပိုမို၍ စိတ်ပူပန်နေစေ၏။

မိုးဆွေအဆောက်အဦ တွင် အမြဲတန်းတည်ငြိမ်ပြီး စဉ်းစားတွေးခေါ်တတ်သူ အဖြစ် နာမည်ကြီးသော မြွေဟောက် က ပြောလိုက်သည် “ညတုန်းက ဆူညံသံတစ်ချို့ကြားတယ်။ ကြည့်ရတာ တောကြောင် က ဒုက္ခတွေ့နေပြီ ထင်တယ်။”

ကင်းမြီးကောက် တီးတိုးပြောလိုက်သည် “ဒုက္ခမတွေ့လောက်ပါဘူး”

အဘယ့်ကြောင့် သူဤမျှ သေချာနေရသနည်း။

တောကြောင်၏ နာမည်ကြောင့်သာ ဖြစ်သည်။ တောကြောင်သည် အကဲဆတ်ပြီး သတိအပြည့်နှင့် ရှိတတ်သော တောသတ္တဝါ ဖြစ်သည်။ သေချာပုန်းအောင်းပြီး ညအချိန်တွင် အမဲလိုက်ရာ၌ ကျွမ်းကျင်သည်။

မိုးဆွေအဆောက်အဦ သည် အဖွဲ့သားများအား အချိန်အနည်းငယ်ကြာတိုင်း စစ်ဆေးမှု စာမေးပွဲတွေ စီစဉ်ပေးတတ်၏။

တောနက်အတွင်း အသက်ရှင်သန်နိုင်မှု၊ အကဲဖြတ်နိုင်မှု ၊ ပိပိရိရိ လှုပ်ရှားသွားလာနိုင်စွမ်း တို့တွင် တောကြောင် ဟု အမည်နာမ သမုတ်ထားသည့် သူတို့၏ အပေါင်းအဖော်သည် ပထမနေရာတွင် ရှိနေသည်။

ကင်းမြီးကောက် နှင့် တောကြောင် တို့သည် ဤ အဖွဲ့အစည်းထဲသို့ အတူတူ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့သည် ငွေအဆင့် လုပ်ကြံသတ်ဖြတ်သူ အဆင့်မှသည် ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ အဆင့်ထိ အတူတူ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့သည် များပြားလွန်းသော လုပ်ကြံသတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် တစ်ယောက်၏ အားအင်နှင့် အားသာချက်များအား တစ်ယောက်က သိရှိကြ၏။

တောကြောင်သည် အလွန်အမင်း အားကောင်းသည်။ ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်း နှင့် တွေ့ဆုံခဲ့ခြင်းကြောင့်သာ ယခုလို အခြေအနေဆိုးနှင့် ကြုံရခြင်း ဖြစ်သည်။

“မကောင်းတော့ဘူး …”

ထိုအချိန်မှာပဲ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်သည် လှိုဏ်ဂူထဲသို့ ပြေးဝင်လာသည် “အကြီးအကဲ .. အပြင်ဘက်မှာ ..”

အပြင်ဘက်မှာ ဟုတ်လား။

ကင်းမြီးကောက် နှင့် မြွေဟောက်တို့သည် လှိုက်ဂူအပြင်ဘက်ဆီသို့ မြန်မြန် ထွက်လိုက်ကြသည်။ သူတို့နှင့် မီတာရာအနည်းငယ် ဝေးကွာသည့် နေရာတွင် လူတစ်ယောက်ကို သစ်ပင်၌ တွဲလောင်းချိတ်ထားကြောင်း မြင်လိုက်ကြရသည်။

“တောကြောင် …”

ကင်းမြီးကောက်သည် ဒေါသတကြီးနှင့် ရှေ့သို့ လှမ်းထွက်ရန် ပြင်လိုက်၏။

သို့ပေမဲ့ မြွေဟောက်သည် ရုတ်တရက် လှမ်းတားပြီး အသံတိုးတိုးနှင့် ပြောလိုက်သည် “သူ ကျုပ်တို့ ထွက်လာအောင် မြှားခေါ်နေတာ။ သူ့ထောင်ချောက်ထဲကို မဝင်နဲ့”

“ဘုန်း …”

ကင်းမြီးကောက်သည် သူ၏ လက်ကို ဒေါသတကြီးနှင့် လွှဲယမ်းပြီး တောင်နံရံတစ်ခုအား ထိုးချလိုက်သည်။ သူ၏ မျက်လုံးများသည် အပြင်သို့ ထွက်လာတော့မတတ် ပြောလိုက်၏ “ဒီကောင်က အမှောင်ထဲမှာ .. ငါ သူ့ကို ဖမ်းမိတာနဲ့ သေချင်စိတ် ပေါက်သွားတဲ့အထိ နှိပ်စက်ပြမယ်။”

….

မိုးဆွေအဆောက်အဦ ၏ လှိုဏ်ဂူ မျက်နှာစာ နှင့် တည့်တည့်မှာတော့ ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူ လေးဦးထဲမှ တစ်ဦးဖြစ်သော တောကြောင်သည် သစ်ပင်၌ ချိတ်ဆွဲခံထားရသည်။

အဝေးတစ်နေရာမှာတော့ ရှောင်ကျီသည် မြက်ခင်းတွင် လှဲ၍ သေနတ်အား အဆင်သင့်ပြင်ထား၏။ ချဉ်းကပ်လာသူ မည်သူမဆို ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သစ်ပင် ကို မှီပြီး ပန်းသီးကို အသာကိုက်လိုက်သည် “ငါ့ကို ရန်စပြီးရင် ဖြစ်လာမယ့် အကျိုးဆက်ကို သိစေရမယ်။ သံမဏိအရိုးဂိုဏ်း .. လုပ်ကြံသတ်ဖြတ်ခံရတယ် ဆိုတာ ဘယ်လိုလဲ ဆိုတာ ငါ ပြမယ်။”

သူသည် မိစ္ဆာတစ်ယောက် မဟုတ်သလို မိစ္ဆာတစ်ယောက်လည်း မဖြစ်ချင်ပေ။

သို့ပေမဲ့ သူ၏ စည်းမျဉ်းသည် သူ့အား ပြဿနာရှာပါက ပိုမို၍ ကြီးမားသော ပြဿနာကို ပေးမည် ဆိုခြင်းပင်။

မိုးဆွေ အဆောက်အဦ သည် လုပ်ကြံသတ်ဖြတ်မှု ကျရှုံးချိန်တွင် ရပ်လိုက်သင့်သည်ဟု ကျွင်းချောင်ရှောင်း ထင်မြင်မိသည်။ အလုပ်အပ်သူလည်း မရှိတော့ဘဲနှင့် အဘယ့်ကြောင့် တာဝန်ကို ဆက်လက် ထမ်းဆောင် နေရသနည်း။ ဤကိစ္စကိုတောာ့ သူ ခွင့်မလွှတ်နိုင်ပေ။

လူတိုင်းတွင် သည်းခံနိုင်လောက်သော အောက်ခြေစည်းမျဉ်းဆိုသည်မှာ ရှိသည်။

ချောင်ပိတ်ရိုက်ပါက ခွေးပင် … အဲ .. နူးညံလှသော ယုန်လေးတစ်ကောင်ပင်လျှင် ပြန်ကိုက်မှာ သေချာ၏။

ကျင့်ကြံသူများသည်သာ လေးစားမှုကို ခံရသော ကမ္ဘာကြီးတွင် သူသည် မိစ္ဆာတစ်ကောင် မဖြစ်ချင်သလို လူကောင်းလည်း မလုပ်ချင်ပေ။ ကောင်းကင်မှ သူ့အား စနစ် တစ်ခု ချီးမြင့်ခဲ့သည် ဆိုမှတော့ တခြားသူများ အနိုင်ကျင့်မှုကို မခံရအောင် နေထိုင်ဖို့ကတော့ သူ၏ တာဝန် ဖြစ်လာသည် မဟုတ်လား။

ကျွင်းချောင်းရှောင်းသည် လေးလေးနက်နက် လုပ်ကိုင် ဆောင်ရွက်ချိန်မျိုးတွင် သူ့အား ပေါ့သေးသေး ဂိုဏ်းချုပ် တစ်ယောက်ဟု သတ်မှတ်၍ မရတော့ချေ။

…..

ညအချိန်သို့ ရောက်ရှိလာသည်။

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ နှင့် နေရာချင်းလဲကာ တောကြောင်အား ချိတ်ဆွဲထားသော နေရာသို့ သေနတ်နှင့် ချိန်လိုက်၏။

ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူကိုပင် ဖမ်းဆီး၍ ကြိုးတုတ်ထားကြောင်း မြင်ချိန်မှာတော့ မိုးဆွေအဆောက်အဦ သည် သူတို့၏လူအား လာမကယ်ရဲတော့ချေ။ ထို့ကြောင့် တစ်ညလုံး အန္တရာယ်ကင်းကင်းနှင့် သူတို့ နားနေနိုင်သည်။

နောက်တစ်ရက် .. ရှောင်ကျီ နှင့် နေရာချင်း ပြန်လဲပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စတိုးထဲ ဝင်ကာ မွှေတော့သည်။ မည်သို့ပင်ဖြစ်စေ မိုးဆွေအဆောက်အဦ သည် သူတို့ဆီ အလောသုံးဆယ် နှင့် ထွက်လာ၍ တိုက်ခိုက်နိုင်မည် မဟုတ်သေးချေ။

“ဟင် ….”

သူ စတိုး၏ နောက်ဆုံးနေရာအား လှမ်းကြည့်လိုက်ချိန်မှာတော့ မှော်နည်းစနစ် ဖြင့် အဆင့်မြင့်တင်ထားသော မျက်ရည်ယိုဗုံး ဆိုသော အရာအားမြင်လိုက်ရသည်။

သူသည် လက်ပစ်ဗုံးကို မရခဲ့ချေ။ သို့ပေမဲ့ မျက်ရည်ယိုဗုံးကိုတော့ ရရှိခဲ့သည်။

ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်သာ ကုန်မည့် ပစ္စည်းဖြစ်ပြီး အသုံးပြုလိုက်ချိန်တွင် အငွေ့တွေ နှင့် ဖုံးလွှမ်းသွားမည်။ ရန်သူသည် ထိုအငွေ့အား ရှုရှိုက်မိပါက စိတ်ခံစားချက်များ မထိန်းချုပ်နိုင်တော့ဘဲ အားရပါးရ အော်ငိုနေလိမ့်မည်။

“စိတ်ခံစားချက်တွေ လွတ်ထွက်သွားမှာလား။”

ကျွင်းချောင်ရှောင်း သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည် “ကြည့်ရတာ နည်းနည်းစိတ်ဝင်စားစရာပဲ။”

“ဒင် . လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အား သုံးစွဲခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ် ထဲသို့ ပို့ဆောင်ပြီး ဖြစ်သည်။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၁၇၅ / ၅၀၀”

ကျွင်းချောင်ရှောင်းသည် မျက်ရည်ယိုဗုံးအား ထုတ်ယူပြီး ပြောလိုက်သည် “စမ်းပစ်ကြည့်ရမယ်။”

“ငါ့ကို သေနတ်ပေး”

ရှောင်ကျီ ကမ်းပေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စနိုက်ပါရိုင်ဖယ် အား ဆွဲယူပြီး မိုးဆွေအဆောက်အဦ ၏ အဓိက လှိုဏ်ဂူဆီ ချဉ်းကပ်သွားလိုက်၏။

သူ လှိုဏ်ဂူနား ရောက်ချိန်မှတော့ ကျောက်နံရံ ဆီမှ အပေါက်တစ်ခု ပေါ်လာပြီး ထိုထဲမှ မြှားတွေ ထွက်လာသည်။

အစောကတည်းက သတိအပြည့်ရှိနှင့်ပြီးဖြစ်သော ဂိုဏ်းချုပ်ကျွင်းသည် ဝိညာဉ်ခြေလှမ်းကို အသုံးပြု၍ လှပစွာ ရှောင်လိုက်သည်။ ပြီးနောက် သူသည် လှိုဏ်ဂူအဝင်ဝ သို့ ခုန်ဆင်းလိုက်ပြီး သေနတ်သုံးချက် ပစ်လွှတ်လိုက်သည်။

သူ့ရှေ့တွင်ရှိသော ကျောက်တံခါးကြီးတွင် သေနတ်ကျည်ကြောင့် လက်သီးဆုပ်အရွယ် အပေါက်တစ်ခု ဖြစ်လာ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ ခန္ဓာကိုယ်အား လေထဲတွင် တပတ်လှည့်နေရင်း မျက်ရည်ယိုဗုံး၏ အတံကို ဆွဲဖြုတ်လိုက်သည်။ ပြီးနောက် အားယူ၍ ကျောက်တံခါး၏ အပေါက်ထဲသို့ ပစ်လွှတ်လိုက်တော့သည်။

သူ၏ လှုပ်ရှားမှုများသည် အထူးလေ့ကျင့်ထားသော စစ်သားတစ်ယောက်၏ လုပ်ကိုင်ပုံနှင့် ဆင်တူ၏။

ကျွင်းချောင်ရှောင်းသည် ချက်ချင်း ထွက်ခွာမသွားချေ။ အဲအစား ကျောက်တံခါးအပေါက်မှ တဆင့် အတွင်း၌ ဖြစ်ပေါ်လာမည့် ပေါက်ကွဲသံကို နားစွင့်လိုက်သည်။

“ရွှီး ….”

အတွင်းဘက်ဆီမှ လေသံတွေ ထွက်ပေါ်လာသည်။ ပြီးနောက် အပေါက်ဆီမှ အဖြူရောင် အငွေ့တွေ စိမ့်ထွက်လာ၏။

“ပြီးပြီ”

ကျွင်းချောင်ရှောင်း သူ၏ သေနတ်ကို ကိုင်ကာ ယုံကြည်ချက် ရှိရှိနှင့် လှည့်ထွက်သွားသည်။

“ရှပ် .. ရှပ် …”

မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ နေရာဆီသို့ ပြန်လာလိုက်သည်။ သူသည် စနိုက်ပါအား ရှောင်ကျီ ဆီ ပစ်ပေးလိုက်၏ “လှိုဏ်ဂူ အဝင်ဝ ကို ကြည့်နေ.. မကြာခင်မှာ တစ်စုံတစ်ယောက် …..”

ပြောနေရင်းမှာပဲ ရုတ်တရက် ဆိုသလို သူ၏ အတိတ်ဘဝ အမိကမ္ဘာမြေတွင် နေထိုင်ခဲ့သော ဖြစ်ရပ်များအား ပြန်လည် သတိရသွားသည်။ မျက်ရည်များသည် သူ၏ မျက်လုံးအိမ် ဆီမှ အလိုလို ထွက်ကျလာသည်။

စနစ်မှ ပြောလိုက်သည် “သွားပြီ။ လက်ခံသူ မျက်ရည်ယိုဗုံး အငွေ့ကို ရှုခဲ့သည်”

သေနတ်ပစ်ရန် အဆင်သင့်ပြင်နေသော ရှောင်ကျီသည် ရုတ်တရက် ဆွံ့အသွားသည်။ ပြီးနောက် သူ မေးလိုက်သည် “ဂိုဏ်းချုပ် ဘာလို့ မျက်ရည်တွေ ကျနေတာလဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်ရည်များအား သုတ်ရင်း အော်ငိုလိုက်သည် “မဟုတ် .. မဟုတ် .. အီး .. အု … အု .. စိတ်မပူ .. နဲ့.. မြန်မြန် ….. ဝူး .. အီး …”

“ဟုတ်ကဲ့ပါ”

ရှောင်ကျီ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားသည်။ ဂိုဏ်းချုပ် ဘာပြောချင်တာလဲ ဆိုသည်ကို မသိသောကြောင့် မြန်မြန်ပဲ လှိုဏ်ဂူအဝင်ဝ ဆီသို့ လှမ်းကြည့်လိုက်၏။

ကျွင်းချောင်ရှောင်း၏ စိတ်များသည် ဝမ်းနည်းသည့်အတွေးများနှင့် ပြည့်နှက်နေသည်။ အထူးသဖြင့် သူ၏ စော်မရှိသော ဘဝအား တွေးရင်း မျက်ရည်တွေ လှိမ့်ဆင်းလာမိသည်။ သူ၏ မျက်နှာတစ်ခုလုံးတွင် မျက်ရည်တွေနှင့် ပြည့်လာသည်။

အဆုံးသတ်မှာတော့ သူသည် သစ်ပင်ကြီးအား လက်တစ်ဖက် နှင့် ပိုက်ကာ ဖက်ငိုနေတော့သည်။

ယောကျာ်းများသည် လွယ်လွယ်ကူကူ နှင့် မငိုချေ။ သို့ပေမဲ့ ထိုသို့ မငိုခြင်းသည် မျက်ရည်ယိုဗုံးနှင့် မတွေ့သေးသောကြောင့် ဖြစ်ရမည်။

ဝူး … ဝူး …။

ချီးတဲ့မှ .. ဝမ်းနည်းလိုက်တာ။

“စနစ် .. စနစ် .. နည်းလမ်းမြန်မြန်ရှာပါအုံး”

စနစ်သည် အကူအညီ မဲ့စွာ ပြောလိုက်၏ “လက်ခံသူ ရှုလိုက်သော အငွေ့သည် ပမာဏ နည်းပါးသည်။ ထို့ကြောင့် ဆယ်မိနစ်လောက် နေလျှင် ဓာတ်ပြယ်သွားလိမ့်မည်။”

ဆယ်မိနစ် ဟုတ်လား။

ကျွင်းချောင်ရှောင်းသည် ထိုစကားကို ကြားတော့ ပိုမို၍ ဝမ်းနည်းလာသည်။ သူသည် သစ်ပင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ ခေါင်းနင့် တိုက်ကာ နာနာကျင်ကျင် ပြောလိုက်၏ “အီး … အု .. အု .. မျက်ရည်ယိုဗုံး ပစ်ပြီးရင် တစ်ခါတည်း ထွက်လာရမှာကို ငါဘာလို့ ဖင်ယားပြီး အသံသွားနားထောင်ခဲ့မိတာလဲ .. အီး …. အု …. အု .. အစ်…..”

All Chapters