← Chapters

အခန်း (၁၃၃)

Vol. 10 Ch. 133

အခန်း (၁၃၃)

Vol. 10 Ch. 133

မှော်နည်းပညာဖြင့် ဖန်တီးထားသော မျက်ရည်ယိုဗုံးသည် ဓာတ်ငွေ့မဟုတ်ဘဲ ထူးဆန်းသည့် အခိုးအငွေ့သာ ဖြစ်သည်။ အကျိုးသက်ရောက်မှု အနေဖြင့် ရှုရှိုက်လိုက်မိသောသူသည် ဝမ်းနည်းမှုကို ခံစားရမှာဖြစ်ပြီး ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးတော့မှာ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် များပြားလှသော အတိတ်ဖြစ်ရပ်များ ရှိခဲ့၏။

ဥပမာအားဖြင့် သူသည် ဘာမှန်းမသိဘဲ သေဆုံးခဲ့ရသည်။ ထို့အပြင် ရင်းနှီးကျွမ်းဝင်မှု လုံးဝ မရှိသော ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသို့ ဝိညာဉ်ရွေ့ပြောင်းရောက်ရှိခဲ့သည်။

ဝမ်းအနည်းရဆုံး ကိစ္စမှာ ဝိညာဉ်ကူးပြောင်းရောက်ရှိမလာခင်က သူသည် FA ဖြစ်ခဲ့ပြီး ယခုလည်း တစ်ကိုယ်တည်း FA သာ ဖြစ်နေ၏။ တွေးကြည့်လေ ဝမ်းနည်းမိလေဖြစ်သည်။ ထို့ကြောင့် မျက်ရည်တွေ က အတောင့်လိုက် ထွက်လာသည်။

ဂိုဏ်းချုပ် အားရပါးရ ငိုကြွေးနေသည်ကို မြင်တော့ ရှောင်ကျီသည် ဘာလုပ်ရမှန်းမသိဘဲ ဖြစ်မိနေသည်။ သို့ပေမဲ့ သူသည် မိုးဆွေ အဆောက်အဦ ၏ ဝင်ပေါက်ဆီသို့ သေချာဆက်ကြည့်နေလိုက်၏။

ဂျိန်း …။

ခဏလောက်ကြာတော့ တောင်၏ ဂိတ်တံခါး ပွင့်လာသည်။

“ဟူး ….” အဖြူရောင် အခိုးအငွေ့တွေသည် ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ လွင့်ပျံ ထွက်လာ၏။

အခိုးအငွေ့တွေ ကြားထဲ ပျံသန်းလာသော ငှက်များသည် ကျောက်တုံးများပေါ်တွင် နားခိုလိုက်ကြသည်။ သူတို့၏ သေးငယ်သော မျက်စိအိမ်လေးတွေ ထဲတွင် အရည်လေးတွေ ရစ်ဝဲလျက်ရှိသည်။

ရှောင်ကျီသည် ထိုမြင်ကွင်းကို ရှစ်ဆမှန်ဘီလူးမှတဆင့် မြင်လိုက်ရတော့ မျက်လုံးပင် ပြူးသွားမိ၏။

ကောင်းကင်ဘုံ … ငှက်တွေပါ ငိုနေတာလား။

ထိုအချိန်မှာတော့ မျက်နှာကို ဖုံးအုပ်ထားသော လုပ်ကြံသတ်ဖြတ်သူများသည် လှိုဏ်ဂူထဲမှ လျှောက်ထွက်လာကြသည်။ သူတို့သည် ဝမ်းနည်းပက်လက်ဖြင့် မြေပေါ်လှဲ၍ အူလှိုက်သဲလှိုက် ငိုကြွေးတော့သည်။

“အဖေ … အမေ …. သား တာဝန် မကျေခဲ့ဘူး။ အနားမှာ မနေနိုင်ခဲ့တဲ့ အတွက် ခွင့်လွှတ်ပေးပါ”

“ရှောင်နီ … ငါ နင့်ကို လွမ်းတယ်။”

“ဒုတိယ ဦးလေး .. သား လိမ္မော်သီး စားချင်တယ်”

လုပ်ကြံသတ်ဖြတ်သူများသည် မျက်ရည်ယိုဗုံး၏ အငွေ့တွေကြောင့် ခံစားချက်တွေ သက်ဝင်ကုန်ကြသည်။ သူတို့ နှလုံးသားထဲတွင် ဝမ်းနည်းမှုတွေသည် လှိုက်တက်လာသည်။ ပြီးနောက် လင်သေသော မုဆိုးမ တွေကဲ့သို့ အားရပါးရ ငိုကြွေးနေတော့၏။

တစ်ချို့သော သူများသည် သူတို့၏ မိဘဆွေမျိုးတွေ အပေါ် လွမ်းဆွတ်မှု ၊ တစ်ချို့သော သူများကတော့ ချစ်သူ ရည်းစားအပေါ် လွမ်းဆွတ်မှု စဖြင့် အမျိုးမျိုးသော ခံစားချက်တွေနှင့် တမ်းတမ်းတတ ငိုကြွေးနေကြတော့သည်။ တစ်ချို့ဆိုလျှင် သူတို့၏ ဦးခေါင်းအား ကျောက်နံရံနှင့်ပင် တိုက်၍ ငိုနေလေသည်။

ယနေ့မှာတော့ အားကောင်းကြောင်း ဟန်ဆောင်ထားကြပါသော လုပ်ကြံသတ်ဖြတ်သူများသည် သူတို့၏ စိတ်နှလုံးသားထဲတွင် ရှိနေသော ဝမ်းနည်းမှုတွေကို ထုတ်ဖော် တမ်းတရင်း စိတ်လွတ်ကိုယ်လွတ် ငိုနေကြခြင်း ဖြစ်သည်။

“အီး .. အီး .. အီး …”

တည်နေရာတစ်ခုလုံးတွင် ကျယ်လောင်သော အော်ဟစ်ငိုယိုသံများနှင့် ဆူညံလျက်ရှိသည်။ အနီးနားရှိ ရေတံခွန်မှ ရေကျသံသည်ပင် ပျောက်ကွယ်သွားရ၏။

ကျွင်းချောင်ရှောင်းသည် အော်ငိုသံများကို ကြားတော့ သူ၏ နှလုံးသားထဲတွင် ပိုမို၍ ဝမ်းနည်းလာပြန်သည်။ သူသည် မြေပေါ်မှာ လှိမ့်ရင်း ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်။

အနောက်ဘက်တွင် သူ၏ ဂိုဏ်းချုပ်တစ်ယောက် အော်ငိုနေပြီး အရှေ့ဘက်တွင်တော့ လုပ်ကြံသတ်ဖြတ်သူများ အော်ဟစ်ငိုကြွေးနေသည်ကို မြင်တော့ ရှောင်ကျီသည် ပဟေဠိ ဖြစ်မိနေသည်။ နောက်ဆုံးမှာတော့ မအောင့်နိုင်တော့ဘဲ ထအော်လိုက်မိ၏ “ဘာတွေဖြစ်ကုန်တာလဲ”

…..

မျက်ရည်ယိုဗုံးဆီ မှ ထွက်ပေါ်လာသော အငွေ့များသည် အလွန်တရာ များပြားသည်။ထို့ကြောင့် လှိုဏ်ဂူတစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့သည်။

အချိန်တိုအတွင်းမှာပဲ လုပ်ကြံသတ်ဖြတ်သူ ခြောက်ဆယ်ကျော်တို့သည် မျက်ရည်နှင့် မျက်ခွက် ဖြစ်နေကြသည်။သွေးအေးအေးနှင့် ရက်ရက်စက်စက် သတ်ဖြတ်တတ်သူများ မျက်ရည်ကျနေသည်ကို မြင်ရသော မြင်ကွင်းသည် ဆန်းကြယ်လွန်းနေသည်။

ငိုချင်လည်း အထဲမှာ ငိုလေ။ အဘယ့်ကြောင့် အပြင်သို့ ထွက်လာ၍ ငိုနေရသနည်း။

သူတို့သည် အကြောက်အရွံ့ကင်းကြသော လူသတ်သမားများဖြစ်ကြသည်။သို့ပေမဲ့ မကြာသေးသော အချိန်အတွင်း လှိုဏ်ဂူထဲမှ မထွက်ရဲဘဲ ပုန်းအောင်းနေရသော ကြွက်လေးများလို ဖြစ်ခဲ့ကြရ၏။ ဤ ကိစ္စသည်လည်း သူတို့၏ နှလုံးသားထဲမှ ဝမ်းနည်းမှု တစ်ခုပင်ဖြစ်တော့သည်။

ဝမ်းနည်းဖွယ်ရာ ကောင်းလွန်းလှ၏။ ယခု သူတို့ ဂူအပြင် ရောက်နေလေပြီ။ သတ္တိရှိပါက လာရောက် သတ်ဖြတ်ရန် မျက်ရည် စက်လက်ဖြင့် စိန်ခေါ်မိကြသည်။

ရှောင်ကျီသည် မှန်ဘီလူးနှင့်ပင် ချိန်တွယ်စရာမလိုပေ။ လူတွေ စုနေသောကြောင့် ရမ်းပစ်လိုက်လျှင်ပင် တစ်ယောက်ကိုတော့ ထိမှန်မှာ ဖြစ်၏။

ဂျိန်း …။.

ထိုအချိန်မှာပဲ လှိုဏ်ဂူ၏ တံခါးသည် ပြန်ပိတ်သွားသည်။

အငွေ့ကို များများစားစား မရှုလိုက်ရသော သတိရှိသည့် လုပ်ကြံသတ်ဖြတ်သူများသည် ဝမ်းနည်းသည့် ခံစားချက်ကို အချိန်ခဏတာ ခံစားလိုက်ကြရ၏။

“ချီးတဲ့မှ …”

“ဘာလို့ ငိုမိတာလဲ”

မြွေဟောက်နှင့် ကင်းမြီးကောက်တို့သည် အပြင် ကို ထွက်လျှောက်လာတော့ မျက်ရည် မသုတ်ရသေးသည့် သူတို့၏ တပည့် တစ်ဒါဇင်ကျော်အား မြင်လိုက်ကြရသည်။

သူတို့ နှစ်ယောက်သည် လှိုဏ်ဂူ၏ အတွင်းပိုင်းတွင် ရှိနေကြသည်မို့ အငွေ့များသည် သူတို့ဆီသို့ ရောက်မလာကြချေ။ ထို့ကြောင့် လွတ်မြောက်သွားကြခြင်းဖြစ်၏။

“သံမဏိအရိုးဂိုဏ်းက မိစ္ဆာဆန်လွန်းတယ်။ ကျုပ်အထင်အရတော့ ခေါင်းဆောင်ကို ထွက်လာဖို့ သွားပြီး အကြောင်းကြားမှ ဖြစ်မယ် ထင်တယ်” မြွေဟောက် လေးလေးနက်နက် ပြောလိုက်သည်။

“ဟင်း …”

ကင်းမြီးကောင်သည် သက်ပြင်းချလိုက်သည်။ ပြီးနောက် လှိုဏ်ဂူအတွင်း ပိုင်းဆီ လျှောက်သွားပြီး စည်းခတ်ထားသော လျှို့ဝှက်အခန်းတစ်ခု ရှေ့တွင် ရပ်လိုက်၏။

ခဏလောက်ကြာတော့ သူသည် သတ္တိမွေးကာ ပြောလိုက်သည် “ခေါင်းဆောင် … ပြဿနာ ဖြစ်နေပြီ”

……….

ဆယ်မိနစ်လောက် ကြာမြင့်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ငိုနေရာမှ ရုတ်တရက် ရပ်တန့်လိုက်သည်။ ပြီးနောက် မြေပေါ်မှ ခုန်ထလိုက်ပြီး တီးတိုးပြောလိုက်၏ “အခြေအနေ ဘယ်လိုရှိလဲ”

သူသည် စောနကလေးတင် လှိုက်လှိုက်လှဲလှဲ ငိုကြွေးနေခြင်း ဖြစ်သည်။ သို့ပေမဲ့ မျက်စိတမှိတ်အတွင်းမှာပဲ ငိုနေရာကနေ ရပ်တန့်၍ လေးနက်သော အမူအရာအဖြစ် ပြောင်းလဲသွား၏။ ဤပြောင်းလဲမှုသည် ရှောင်ကျီ အား ရူးချင်သလိုပင် ဖြစ်မိစေသည်။

“ဂိုဏ်းချုပ် ….”

သူ လေးလေးနက်နက် ပြောလိုက်သည် “လှိုဏ်ဂူ အဝင်ဝမှာ ခြောက်ဆယ့်ငါးယောက် ရှိတယ်။ အားလုံး ငုတ်တုတ်ထိုင်ငိုနေကြတာပဲ”

“ဖယ်.. ငါ သူတို့ အားလုံးကို သတ်ပစ်လိုက်မယ်”

“ကောင်းပြီ”

ရှောင်ကျီ ဘေးတစ်ဖက်သို့ တိုးပေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သေနတ်ရှေ့တွင် အသာမှောက်လိုက်ပြီး ရှစ်ဆ မှန်ဘီလူးမှ တဆင့် ကြည့်လိုက်သည်။ သူသည် ငိုယိုနေသော လုပ်ကြံသတ်ဖြတ်သူများအား တွေ့လိုက်ရ၏။

“မှန်ဘီလူးကို အသက်သွင်းစရာတောင်မလိုဘူး။ တစ်ခါတည်း တစ်ယောက်ချင်းစီ ပစ်လိုက်လို့ရတယ်”

သူသည် သေနတ်ပြောင်းဝကို ရွေ့ရင်းမှ မောင်းခလုတ်ပေါ်သို့ လက်တင်လိုက်သည်။ သူ ပစ်ကာနီး မှာပဲ လှိုဏ်ဂူ၏ ကျောက်တံခါးဝသည် ပြန်လည်၍ ပွင့်လာသည်။

“ဟမ် …” ကျွင်းချောင်ရှောင်း မှန်ဘီလူးမှ တဆင့် သေချာကြည့်လိုက်တော့ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရ၏။ သူမသည် အလွန်ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် အချိုးအဆက်အား ပိုင်ဆိုင်သည်။ အထူးသဖြင့် သူမ၏ ရင်သားများဖြစ်ပြီး အလွန်တရာ ကြီးမားနေ၏။

“ဝူး .. အီး … ခေါင်းဆောင် …..” အပြင်ဘက်တွင် ငိုကြွေးနေသော လုပ်ကြံသတ်ဖြတ်သူများသည် ဝမ်းနည်းပက်လက် ဖြင့် ခေါ်လိုက်ကြသည်။

ချီးတဲ့မှ .. မိုးဆွေ အဆောက်အဦ ရဲ့ ခေါင်းဆောင်က အမျိုးသမီးလား။

ကျွင်းချောင်ရှောင်းသည် ရှစ်ဆမှန်ဘီလူးမှ တဆင့် အမျိုးသမီး၏ မျက်နှာကို ချိန်ရွယ်၍ သေချာကြည့်လိုက်သည်။ သူမသည် ဘဲဥပုံ မျက်နှာကျလေးနှင့် ဖြစ်ပြီး ထင်ရှားလှသောမျက်ခုံးမွေး နှစ်ဖက် က ထင်းခနဲ ဖြစ်နေသည်။ နှာတံပေါ်ပေါ်၊ နို့နှစ်ရောင် အသားအရည် ၊ ချယ်ရီရောင် နှုတ်ခမ်းသားတွေ နှင့် အလွန်တရာ လှပလွန်းနေ၏။

လုချင်းချင်းသည် အေးစက်ပြီး သီးခြားဆန်သော ကြာပန်းဖြူ တစ်ပွင့် ဆိုလျှင် မိုးဆွေ အဆောက်အဦ ခေါင်းဆောင်သည် ကြွားကြွားဝင့်ဝင့် ပွင့်လန်းနေသော နှင်းဆီ တစ်ပွင့် ဖြစ်လိမ့်မည်။

ကျွင်းချောင်ရှောင်း ဆွံ့အသွားသည် “ဒီလောက် လှတဲ့ အမျိုးသမီးက ဘယ်လိုကြောင့် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်နေရတာလဲ”

ထိုအချိန်မှာပဲ မိုးဆွေ အဆောက်အဦ ခေါင်းဆောင်သည် ရုတ်တရက် လှည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် အေးစက်နေပြီး သူူ ရှိရာ နေရာဆီသို့ လှမ်းကြည့်လာ၏။

သူ့ကို တွေ့သွားပြီာလး။

ကျွင်းချောင်ရှောင်း နည်းနည်းလေးမှ ဂရုမစိုက်လေချေ။ မတ်တပ်ထရပ်ပြီး အော်လိုက်သည် “ခင်ဗျားက မိုးဆွေ အဆောက်အဦ ရဲ့ ခေါင်းဆောင်လား”

“အမှန်ပဲ”

အမဲရောင် ဝတ်စုံ နှင့် အမျိုးသမီးက ပြန်ပြောလိုက်သည်။ သူမ ၏ အသံသည် ရှင်းလင်းနေပြီး အေးစက်လွန်းသည်။

သူမ တံခါးပိတ်ကျင့်ကြံနေတုန်းမှာ သူမ၏ တပည့် သုံးဆယ်နီးပါး သေဆုံးခဲ့ရသည်။ ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်လည်း သေဆုံးခဲ့သည်။ သူမ ဘယ်လောက်ပဲ စိတ်ရှည် သည်းခံတတ်သည် ဆိုဆို လက်ရှိ အချိန်တွင်တော့ ရင်ထဲ၌ မီးတောက်လျက်ရှိနေတော့သည်။

ကျွင်းချောင်ရှောင်း သည် ထူးမခြားနားသလို ပြောလိုက်သည် “ဒီလောက်များတဲ့ တပည့်တွေ သေနေတာ။ အခု မှ ထွက်လာတယ်ပေါ့။ မသင့်တော်ပါဘူး”

မိုးဆွေအဆောက်အဦ ခေါင်းဆောင်သည် အေးစက်စက် ပြောလိုက်၏ “ရှင် ဘယ်သူလဲ”

သူမတို့အား ချုံခို တိုက်ခိုက်၍ သတ်ဖြတ်နေသော သူသည် သံမဏိအရိုးဂိုဏ်း နှင့် ပတ်သက်နေမည် ဆိုသည်ကို သူမ မြွေဟောက်ဆီမှကြားထားပြီး ဖြစ်သည်။ သို့ပေမဲ့ သေချာအတည်ပြုရန် ကျန်ရှိနေသေးသည် မဟုတ်လား။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းဆီ က ငွေကို လက်ခံပြီး ကျုပ်ကို လာသတ်ခဲ့တယ်။ ဒါတောင်မှ ကျုပ်ဘယ်သူလဲ မေးတာကြီးက မဟုတ်သေးဘူးထင်တယ် မိုးဆွေအဆောက်အဦ ခေါင်းဆောင်”

မိုးဆွေအဆောက်အဦ ခေါင်းဆောင်က မျက်ခုံးပင့်ကာ ပြန်ပြောလိုက်သည် “ဒါဆို ရှင် က သံမဏိအရိုးဂိုဏ်း ခေါင်းဆောင် ကျွင်းချောင်ရှောင်းပေါ့”

“အမှန်ပါပဲ”

ကင်းမြီးကောက် နှင့် မြွေဟောက်တို့ ဆွံ့အသွားမိသည်။ သူတို့အား ချုံခို တိုက်ခိုက်နေသူသည် သံမဏိအရိုးဂိုဏ်းသား မဟုတ်ဘဲ ဂိုဏ်းချပ် ဖြစ်လို့နေ၏။

မိုးဆွေ အဆောက်အဦ ခေါင်းဆောင်သည် ြ့ပုံးကာ ပြောလိုက်သည် “ခေါင်းဆောင်ကျွင်း ကိုယ်တိုင် လာတာပဲ။ ဒီမိန်းကလေးက ရှက်ရွံမိပါတယ်”

ဒိုင်း …။

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး သူမနှင့် မနီးမဝေးရှိ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ရင်ဘတ်သည် ပွင့်ထွက်သွားသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “လူတွေကို မျက်တောင်တချက် မခတ်ဘဲ သတ်ဖြတ်တတ်တဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် မိန်းမငယ်လေး ဆိုပြီး အရှက်မဲ့ ပြောဆိုနေတာလဲ။ ကျုပ် ခင်ဗျား အစား ရှက်တောင် ရှက်မိတယ်”

မိုးဆွေအဆောက်အဦ ခေါင်းဆောင်၏ မျက်နှာသည် သုန်မှုန်သွားတော့သည်။

သို့ပေမဲ့ သူမ ရင်ထဲမှာ စိုးထိတ်မိသည်။ စောနတုန်း က ရောက်ရှိလာသည့် အလင်းတန်း၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းနေသည်။ သူမကို တိုက်ခိုက်လျှင်တောင်မှ ရှောင်ရှားရန်ခက်ခဲပေလိမ့်မည်။

ဒါက နတ်ဘုရားမီးတောက် ဘာဆိုလား .. အဲဒီ လက်နက်ပုန်းလား။

သူမ၏ တပည့်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

“ဂိုဏ်းချုပ်ကျွင်း …”

မိုးဆွေ အဆောက်အဦ ခေါင်းဆောင် အမျိုးသမီးသည် သူမ၏ ဆံပင်တွေကို ဆော့ကစားပြီး ပြုံးကာ ပြောလိုက်သည် “လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းကို ပြဿနာ လာရှာတယ် ဆိုတာ ဉာဏ်ရှိတဲ့ လုပ်ရပ် မဟုတ်ဘူးနော်။”

“ဒိုင်း …”

ကျွင်းချောင်ရှောင်းသည် နောက်ထပ် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အား သတ်ဖြတ်လိုက်တော့သည်။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်၏ “ခင်ဗျား အထင်မှားနေပြီ ထင်တယ်။ ကျုပ်က မိုးဆွေ အဆောက်အဦကို ပြဿနာ လာရှာတာ မဟုတ်ဘူး။ လာဖျက်ဆီးတာပါ”

All Chapters