အခန်း (၁၃၇)
Vol. 10 Ch. 137
“ဓားသမား … ကျိုးဟုန်”
ထိုသူ၏ အသံသည် ခြောက်ကပ်ကပ် နိုင်လှသည်။
ကျွင်းချောင်ရှောင်းသည် မော့ကြည့်လိုက်သည်။ ဓားကဲ့သို့ မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ပြီး ကြည်လင်တောက်ပ နေသော မျက်ဝန်းတစ်စုံ သည် မျက်နှာပေါ်တွင် ကြည့်ကောင်းလှစွာ ရှိနေပြီး အသက် နှစ်ဆယ့်သုံး ၊ နှစ်ဆယ့်လေး လောက် ရှိသည်။ သို့ပေမဲ့ မျက်နှာပေါ်တွင် အတွေ့အကြုံပေါင်းစုံအား ကြုံဆုံလာခဲ့သော အရိပ်အယောင်မျိုး ရှိနေ၏။ အသက်အရွယ်နှင့် မလိုက်ဖက်သော အတွေ့အကြုံကို ပိုင်ဆိုင်ပုံပေါ်သည်။
သူ၏ အမဲရောင် ဝတ်စုံသည် ဖုန်များပေကျံလျက်ရှိသည်။ တစ်ကိုယ်တော် လေ့လွင့်သူဓားသမား တစ်ယောက် ၏ ဟိတ်ဟန်အပြည့်နှင့် ဖြစ်သည်။
မာရုံနင်တွင်လည်း ထိုသို့သော ဟိတ်ဟန်မျိုး ရှိ၏။
ဓားသမားများအားလုံးသည် ထိုသို့သော ဟန်အမူအရာမျိုးကို ပိုင်ဆိုင်ပုံပေါ်သည်။ ကျိုးဟုန်သာ ဂိုဏ်းထဲ ရောက်ပြီးနောက် မာရုံနင် နှင့် အဓိက ဟောခန်းအမိုးပေါ်သို့ တက်၍ တိုက်ခိုက်နေကြလျှင် မည်သို့ လုပ်ရမည်နည်း။
ကျွင်ချောင်ရှောင်းသည် ဝင်ခွင့်ဖောင်တွင် နာမည်ကို ရေးသားပြီး တံဆိပ်တုံး နှိပ်ကာ ဂိုဏ်းသားအဖြစ် အသိအမှတ်ပြုလိုက်သည်။
ရိုးရှင်းလှသည်။ ထပ်မံ မေးမြန်းရေးသားစရာ မလိုသောကြောင့် မင်လည်း မကုန်ပေ။ ဓားသမား များသည် လေးစားမှုနှင့် ထိုက်တန်သူများ ဖြစ်၏။
“ဂွီ …..”
ကျိုးဟုန် ၏ ဗိုက်သည် ဆန္ဒပြသည့် အနေဖြင့် အသံတွေ ပေါ်လာသည်။ သူသည် စားပွဲပေါ် မှောက်ကာ အားဖျော့စွာဖြင့် ပြောလိုက်သည် “ဆာလိုက်တာ”
ချီးတဲ့မှ .. မင်းက ကြမ်းတမ်းတဲ့ လောကဓံကို ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံရင့် ဓားသမား တစ်ယောက် မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို အသာပွတ်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်မိသည် “ချင်းယန်… သူ့ကို စားသောက်ခန်းဆီ ခေါ်သွား။”
“ကောင်းပါပြီ” လီချင်းယန်သည် ရှေ့သို့ လျှောက်လာသည်။ ပြီးနောက် ကျိုးဟုန် အား လက်တစ်ဖက် နှင့် ဆွဲမကာ အခြားလက်တစ်ဖက် ဖြင့် ဓားအား လှမ်းဆွဲလိုက်၏။
သို့ပေမဲ့ ဓားအား ထိခါနီးမှတော့ ကျိုးဟုန်သည် ရုတ်တရက် ထရပ်လာပြီး ဓားအား ကောက်ဆွဲသည် “ဓားသမား … ဓားကို ခန္ဓာကိုယ်ကနေ လုံးဝ မခွာဘူး။”
လီချင်းယန်သည် ခေါင်းကို ခါယမ်းပြီး သူ့အား ဂိုဏ်းထဲသို့ ဆွဲခေါ်တော့သည်။
စာရင်းရေးသွင်းမှုသည် ဆက်လက်၍ ပြုလုပ်နေ၏။
ငါးယောက်မြောက် စာရင်းလာပေးသူသည် အသက်ဆယ့်နှစ်နှစ် အရွယ် လူငယ်တစ်ယောက် ဖြစ်ပြီး သာမာန်ပုံစံ နှင့် ဖြစ်ကာ မည်သည့် ကျွမ်းကျင်မှုမှ မရှိချေ။ နာမည်မှာ စီမာကျုံးတ ဖြစ်လေသည်။
ကျွင်းချောင်ရှောင်း မေးခွန်းအနည်းငယ် မေးမြန်းပြီးသည့်နောက် တံဆိပ်တုံး ထုနှက်ပေးလိုက်တော့၏။
ဂိုဏ်းချုပ်ကျွင်းသည် မည်သို့သော အချက်အလက်များနှင့် တပည့်လက်ခံနေရသနည်း။
စိတ်ဝိညာဉ်အမြစ် ၊ ကျင့်ကြံခြင်အဆင့် စသည်တို့ကို သူ ဘေးဖယ်ထားသည်။ သူ၏ မျက်စိထဲတွင် သဘောကျသည် ဆိလျှင် သူ့အနေနှင့် အတောင်ပံတစ်စုံ တပ်ဆင်ပေးလိုက်မည် ဖြစ်သည်။
စနစ် မှ ခွန်းတုံ့ပြန်လိုက်သည် “ဂိုဏ်းသားတွေ လိုနေလို့ မဟုတ်ဘူးလား။ ဘာတွေ ကြီးကြီးကျယ်ကျယ် လျှောက်စဉ်းစားနေသနည်း။”
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုကာ ပြောလိုက်သည် “နောက်တစ်ယောက် ….”
တုံ့ပြန်မှုမရှိပေ။
သူ မော့ကြည့်လိုက်တော့ မည်သူ တစ်ဦးတစ်ယောက်မှ မရှိတော့သည်ကို မြင်လိုက်ရသည်။ စာရင်းပေးသွင်းရန် ရောက်ရှိလာသူမှာ ငါးယောက်သာ ရှိသည်။
ဟူး … ဟူး …။
လေအေးတွေ တိုက်ခိုက်လာပြီး တောင်တစ်ခုလုံးသည် ဆန်းကြယ်ပြီး ခမ်းနားသော အငွေ့အသက်တွေနှင့် ပြည့်နှက်သွား၏။
ဟင်း …။
ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်သည်။ သူသည် ထိုင်ခုံအား ဆွဲယူ၍ ဂိုဏ်းထဲ လျှောက်ဝင်လိုက်တော့သည်။ သူ့အား နောက်ကျောမှ ကြည့်လျှင် အတွေ့အကြုံများစွာအား ကြုံတွေ့ခဲ့သော အဘိုးအိုကြီးတစ်ယောက်လိုပင်။
………..
တပည့်သစ်များ ဝင်ရောက်လာပြီးနောက် ဂိုဏ်းသား အရေအတွက်သည် ၁၄၈ ယောက်မှသည် ၁၅၃ ယောက် ထိ ရောက်ရှိလာခဲ့သည်။ သူသည်လည်း ဂိုဏ်းစုဆောင်းမှတ်ငါးမှတ်ရရှိခဲ့၏။
လီချင်းယန်သည် တပည့်သစ်များအား ခေါ်ယူကာ ဝတ်စုံ နှင့် ဂိုဏ်းစည်ကမ်းများအား ပြောပြလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲတွင် နှစ်နာရီကြာ လေ့ကျင့်ခဲ့သည်။ ပြီးနောက် မိုးဆွေအဆောက်အဦ ပိုင်ရှင်အား ချုပ်နှောင်ထားသော အခန်းဆီသို့ လာလိုက်၏။
“နေရတာ အဆင်ပြေရဲ့လား” လျှောက်ဝင်လာပြီးနောက် သူသည် အမျိုးသမီးအား လူကြီးလူကောင်း ဆန်ဆန် ပြုံးပြလိုက်သည်။
မိုးဆွေအဆောက်အဦ ပိုင်ရှင် က ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ကျွန်မတို့စကားပြောကြမယ်လို့ သဘောတူထားတယ်မဟုတ်လား။ အခုလို ချုပ်နှောင်ထားတာက မသင့်တော်ပါဘူး။”
ကျွင်းချောင်ရှောင်းသည် တံခါးအား အသာမီ ပြီး လက်ပိုက်ကာ ပြောလိုက်သည် “ခင်ဗျားသာ ကတိတစ်ခု ပေးမယ်ဆိုရင် ကျွန်တော်က ဂုဏ်ထူးဆောင် ဧည့်သည်တစ်ယောက်လိုကို ဆက်ဆံပစ်လိုက်မှာ”
မိုးဆွေ အဆောက်အဦ ပိုင်ရှင် သည် သူမ၏ ဆံနွယ်တွေကို ဖြီးသင်ရင်း ပြုံးကာ ပြောလိုက်သည် “မကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးမလားး”
ဤအမျိုးသမီးသည် နှစ်ဆယ်ကျော် အသက်အရွယ်ရှိသည်။ သူမသည် လှပပြီး ခန္ဓာကိုယ်က တောင့်တင်းလှသည်။ သူမ အနေဖြင့် တမင်နေထိုင်သည် မဟုတ်လျှင်တောင်မှ ဆွဲဆောင်မှုအပြည့်နှင့် လူတွေကို ဆွဲငင်နေစေသည်။
ငါ့ရဲ့ တပည့်ကြီးသာ သူမ လို ဆိုရင် … ။ ကျွင်းချောင်ရှောင်း ရုတ်တရက် ဆိုသလိုပဲ သူ၏ အတွေးကို ရပ်တန့်လိုက်သည်။ ပြီးနောက် ပြောလိုက်၏ “ဒါ က ကြောက်စရာ ပဲ။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မိန်းကလေ ..နာမည် ဘယ်လိုခေါ်ပါသလဲ”
“လီလိုရှို” မိုးဆွေ အဆောက်အဦ ပိုင်ရှင် က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “နာမည်ကောင်းပဲ”
လီလိုရှို က ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းပြောချင်တာ ဒီအကြောင်းတော့ မဟုတ်ဘူးမလား။”
“ဘယ်ဟုတ်မှာလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ပိုင်ရှင်လီ … ခင်ဗျားနဲ့ အပေါင်းအပါ တွေ သံမဏိအရိုးဂိုဏ်းထဲ ဝင်ဖို့ စိတ်ဝင်စားလား”
“ဟားဟားဟား …”
လီလိုရှို ပါးစပ်ကို အုပ်ကာ ကာ အသာရယ်လိုက်သည်။ သူမသည် ရယ်မောချိန်တွင်လည်း လှပနေသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အဲလောက် ရယ်ရလား။”
လီလိုရှို သည် ရယ်မောနေခြင်းအား ရပ်တန့်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ကျွန်မ လီလိုရှိုက လုပ်ကြံသတ်ဖြတ်ူ တစ်ယောက်ပါ။ ဂိုဏ်းတစ်ခုခုကို ဝင်မှာမဟုတ်ပါဘူး”
“ဘာကြောင့်လဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လီလိုရှို ပြောလိုက်၏ “လွတ်လပ်မှုကို ရပြီးသား ငှက်တစ်ကောင်က ဘယ်လိုလုပ် လှောင်အိမ်ထဲမှ အချုပ်ခံချင်မှာလဲ”
ကျွင်းချောင်ရှောင်း သူ၏ ခေါင်းကို အသာယမ်းခါပြီး ပြောလိုက်သည် “အမှောင်ကို အားကိုးပြီး မျက်နှာတောင် မပြရဲတဲ့ သူ တစ်ယောက် လွတ်လပ်မှုကို ရတယ်ဆိုတာ တကယ် ဟုတ်ပါ့မလား”
လီလိုရှို သည် ထူးမခြားနားသလို ပြောလိုက်သည် “ရှင် ကျွန်မကို ဂိုဏ်းသား ဖြစ်စေချင်တာ ဆိုရင် လေကုန်ခံမနေပါနဲ့”
ကျွင်းချောင်ရှောင်းသည် လက်မလျော့ပေ။ သူ ပြောလိုက်သည် “မိန်းကလေး လီ .. ကျုပ်က စိတ်ဝိညာဉ် စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးခဲ့သူဖြစ်သလို နတ်စမ်းချောင်းဂိုဏ်းကိုလည်း ကြောက်ရွံသူ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားတို့ မိုးဆွေအဆောက်အဦ က လူတွေ အားလုံးကို ဒီနေရာဆီ ခေါ်လာသေးတယ်။ ကျုပ် ရဲ့ အားအင် အဆင့်ကို သိတယ်မဟုတ်လား””
ခဏလောက် စဉ်းစားပြီးနောက် လီလိုရှိုသည် ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း က မရိုးရှင်းဘူး။”
ထိုကိစ္စအား လွန်ခဲ့သော ညတကည်းက သူမ တွေးနေမိခြင်း ဖြစ်သည်။ ဤမျှ အားကောင်းသော ဂိုဏ်းတစ်ခု ကျင့်ကြံခြင်းလောကတွင် ဘယ်တုန်းက ရုတ်တရက်ကြီး ပေါ်လာရသနည်း။
ထို့အပြင် ကျွင်းချောင်ရှောင်း ဆိုသည့် လူငယ် …။
ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲမှာတုန်းက သူသည် စွမ်းအင်ျဖွင့်ခြင်း အဆင့်ငါး သို့မဟုတ် ခြောက်တွင်သာ ရှိသည်။ လအနည်းငယ် အတွင်းမှာပဲ သူသည် သိုင်းတပည့် ထိပ်ဆုံးအဆင့် နီးပါးသို့ ရောက်ရှိနေသည်။ ထို့အပြင် ဤကျင့်ကြံခြင်းအဆင့်လောက်နှင့် သူမ အား အနိုင်ယူခဲ့သေး၏။
ဤကိစ္စမှာ သောက်ကျိုးနည်းလောက်သည့် ကိစ္စပင်ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်တို့ သံမဏိအရိုးဂိုဏ်း က ခုမှ စတင်တာ။ လူအင်အား လိုအပ်နေတယ်။ မိန်းကလေးလီ နဲ့ အပေါင်းအပါတွေ ကျုပ်တို့ ဂိုဏ်းကို ဝင်မယ်ဆိုရင် တစ်ချိန်မှာ သံမဏိအရိုးဂိုဏ်း အနေနဲ့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်လာတာနဲ့ ဂိုဏ်းရဲ့ စဦးအကြီးအကဲ ဖြစ်လာမှာပဲ။”
လီလိုရှု မျက်လုံးပြူးသွားမိ၏။
ချင်းယန်နိုင်ငံလောက်ကို လွှမ်းမိုးဖို့ ပြောမည် ဆိုလျှင် သူမ ယုံကြည်မိနိုင်သေးသည်။
ကုန်းမြေတိုက်ကြီး ဟုတ်လား။ ပြိုင်စံရှားဂိုဏ်း ဟုတ်လား။ ဖြစ်နိုင်ချေ နှစ်ခုသာ ရှိသည်။ တစ်ခုမှာ ဟာသလုပ်နေခြင်း ဖြစ်ပြီး နောက်တစ်ခုမှာ ကျွင်းချောင်ရှောင်း၏ ဦးနှောက်ချောင်နေခြင်း ဖြစ်၏။
တကယ်တန်းမှတော့ကျွင်းချောင်ရှောင်းသည် ဟာသလုပ်နေခြင်း မဟုတ်သလို သူ၏ ဦးခေါင်းအလုပ်လုပ်ပုံကလည်း သာမာန်သာ ဖြစ်သည်။
သူ လေးလေးနက်နက် ပြောလိုက်သည် “မိန်းကလေးလီသာ ကျုပ်ကို ကူညီမယ် ဆိုရင် မိုးဆွေ ဟောခန်းရဲ့ အကြီးအကဲ ဖြစ်လာမယ်။”
လီလိုရှို နောက်ပြောင်လိုက်သည် “သံမဏိအရိုးဂိုဏ်းမှာ ဟောခန်းသခင် ရာထူးမျိုး ရှိလား”
“မရှိဘူး။ ဒါပေမဲ့ အရင်က။ အခု ရှိသွားပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မိန်းကလေးလီသာ ဂိုဏ်းထဲ ဝင်မယ်ဆိုရင် သံမဏိအရိုးဂိုဏ်းရဲ့ ပထမဆုံး ဟောခန်းသခင် ဖြစ်လာမှာ ဖြစ်ပြီးတော့ လောကကြီးရဲ့ သမိုင်းစာအုပ်မှာ ရေးထိုး မှတ်တမ်းတင်ခံရမယ့်သူ ဖြစ်လာမယ်”
လီလိုရှို “……”
ဝှစ် …။
ကျွင်းချောင်ရှောင်းသည် သူ၏ ကန္တာရ လင်းယုန်အား ထုတ်ယူပြီး ပြောလိုက်သည် “ခင်ဗျားသာ လက်ခံမယ် ဆိုရင် ဒီလက်နက်ကို စိတ်တိုင်းကျ သုံးနိုင်မယ်။ ပြီးတော့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရမယ်။ မိန်းကလေးလီ တင်မကဘူး။ နောက်လိုက်တွေ အားလုံးလည်း ရမယ်”’
“ပြောပြီးပြီလား” လီလိုရှို မေးလိုက်သည်။
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်၏ “မိန်းကလေးလီ .. ကျုပ် လေးလေးနက်နက် နဲ့ ဖိတ်ခေါ်နေတာက ပထမဆုံးအကြိမ်ပဲ။ ပြီးတော့ နောက်ဆုံးအကြိမ်လည်းဖြစ်တယ်။ကျေးဇူး့ပြုပြီး စဉ်းစားပါ။ အခွင့်အရေးက နှစ်ခါမလာဘူး”
“ခွီ …”
လီလိုရှို ပါးစပ်ကို အုပ်ကာပြီး ရယ်လိုက်သည် “သဘောမတူရင် တစ်သက်လုံး နောင်တရနေမယ်လို့ ဆိုလိုချင်တာလား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စဉ်းစားဖို့သုံးရက်ပေးမယ်။”
ပြီးနောက် သူ လှည့်ထွက်လိုက်သည်။
လီလိုရှို အော်လိုက်၏ “ရပ်”
ကျွင်းချောင်ရှောင်း ရပ်တန့်လိုက်သည် “မိန်းကလေးလီ .. တစ်ခုခု စဉ်းစားမိလို့လား”
လီလိုရှိုသည် လက်ပိုက်ပြီး စိတ်ဝင်တစားနှင့် မေးလိုက်သည် “သံမဏိအရိုးဂိုဏ်း ရဲ့ ဟောခန်းသခင် ဖြစ်မယ် ဆိုရင် အထူးရပိုင်ခွင့်တွေ ရှိလား”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ခင်ဗျား နဲ့ နောက်လိုက်နောက်ပါတွေက အကန့်အသတ် မရှိဘဲ ဂိုဏ်းကနေ ကြိုက်သလို အပြင်ထွက် သွားလာခွင့် ရှိတယ်။”
ဟုတ်ပေသည်။ သတင်းအချက်အလက် စုံစမ်းပါသည် ဆိုမှတော့ ဂိုဏ်းထဲတွင် ထိုင်၍ လက်ဖက်ရည် သောက် ၊ သတင်းစာထိုင်ဖတ်နေလို့မဖြစ်ချေ။ အပြင်ကို ထွက်ကို ထွက်မှ ဖြစ်မည် မဟုတ်လား။
လီလိုရှို ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ကျွန်မကို ဖိတ်ခေါ်နေတာ က ဂိုဏ်းထဲမှာ ဟောခန်းသခင် နေရာ လိုအပ်လာလို့လား”
“မဟုတ်ပါဘူး”
ကျွင်းချောင်ရှောင်း ပြောလိုကသ်ည် “ကျုပ်က မိန်းကလေးလီကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ ထောက်ပံ့မယ်။ ခင်ဗျား က ထိုက်တန်တဲ့ တာဝန်ကို ထမ်းဆောင်ရမယ်။”
“လူတွေ ကူသတ်ပေးရမှာလား” လီလိုရှို မေးလိုက်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “လူသတ်ရတဲ့ အလုပ်ကို ယောကျာ်းလေး တပည့်တွေ လုပ်ပါလိမ့်မယ်။ မိန်းကလေးလီ က ကျုပ်ကို ကူညီပြီး သတင်းအချက်အလက်တွေ စုဆောင်းပေးရုံပဲ”
“သတင်းအချက်အလက်တွေ စုဆောင်းဖို့လား” လီလိုရှို အံ့အားသင့်သွားသည်။
ကျွင်းချောင်ရှောင်း မေးလိုက်သည် “ခင်ဗျား တခြားအရာ တစ်ခုခု လုပ်ချင်တာ ရှိလို့လား”
လီလိုရှိုသည် မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “စဉ်းစားဖို့ အချိန်ခဏပေး”
“သုံးရက်နေရင် ကျုပ် ပြန်လာမယ်။ မိန်းကလေးလီ .. တကယ်ပဲ …”
သူ ပြော၍ မပြီးသေးခင်မှာပဲ လီလိုရှိုသည် ဖြတ်ကာ ပြောလိုက်သည် “ကျွန်မ ရှင့်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပါတယ်”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားရ၏။
အမျိုးသမီးတွေ၏ တွေးခေါ်မှုသည် ဤမျှ မြန်ဆန်လေသလား။