← Chapters

အခန်း (၁၃၈)

Vol. 10 Ch. 138

အခန်း (၁၃၈)

Vol. 10 Ch. 138

လီလိုရှုသည် ပူးပေါင်းပါဝင်လိုက်ရသည်။

သူမသည် အကျဉ်းကျနေခြင်းဖြစ်သည်။ သူမသာ သဘောမတူပါက ထွက်ခွာသွား၍ မရတော့ချေ။ ထိုသို့ဆိုလျှင် လှောင်အိမ်ထဲမှ ငှက်လိုပင် ဖြစ်နေပေအုံးမှာပင်။

တစ်ညလုံး စဉ်းစားပြီးသည့်နောက် သံမဏိအရိုးဂိုဏ်းနှင့် ကျွင်းချောင်ရှောင်း တို့သည် ရုတ်တရက် အားကောင်းလာကြခြင်း ဖြစ်ကြောင်း နားလည်မိသည်။ ထူးဆန်းလှသည် ဆိုသော်လည်း အလားအလာ တော်တော် ရှိသော ဂိုဏ်းတစ်ခု ဖြစ်ကြောင်း ခန့်မှန်း၍ရ၏။

ပြီးတော့ တစ်ဖက်လူသည် သူမအား ဟောခန်းသခင် ရာထူးအား ပေးအပ်သည့်အပြင် သူမ ၏ လွတ်လပ်ခွင့်အားလည်း မချုပ်နှောင်ခဲ့ပေ။ စဉ်းစားကြည့်လျှင် တော်တော်အဆင်ပြေသည်ဟု သုံးသပ်ရမည်။

ပို၍ အရေးကြီးသည်မှာ ဂိုဏ်းချုပ်ကျွင်း ကိုင်ဆောင်သော လက်နက်ပုန်းပင် ဖြစ်သည်။

ကျွမ်းကျင် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် အနေနှင့် လီလိုရှုသည် လက်နက်ပုန်းများစွာ အသုံးပြုရခြင်းတွင် ကျွမ်းကျင်သည်။ ထို့အပြင် လက်နက်ပုန်းအား အသုံးပြုရခြင်းအားလည်း အလွန်အမင်း နှစ်သက်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်း အသုံးပြုသော လက်နက်အား ပစ်ခတ်ကြည့်ချင်စိတ် ပေါက်နေ၏။

“မိန်းကလေးလီ ..”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပြီးတော့ မနေ့တုန်းက ကျုပ်တို့ အသေအကြေ တိုက်ခိုက်ကြတယ် မဟုတ်လား။ အခု ခင်ဗျား က သံမဏိအရိုးဂိုဏ်းသား ဖြစ်လာဖို့ ပြောနေပြီ။ ကျုပ် နည်းနည်းတော့ စိုးရိမ်မိတယ်။”

“ရှင့်ကို ကျွန်မသတ်မှာ စိုးရိမ်တာလား” လီလိုရှု ပြုံးလိုက်သည်။

ကျွင်းချောင်ရှောင်း ပခုံးတွန့်လိုက်သည် “ခင်ဗျားလုပ်နိုင်မယ်လို့တော့ မထင်ပါဘူး”

လီလိုရှု ပြောလိုက်သည် “ဒါဆို ဘာကို စိုးရိမ်နေတာလဲ”

“ခင်ဗျားရဲ့ နောက်လိုက်တွေ ပေါက်ကရ လျှောက်လုပ်ကြမှာ ကို စိုးရိမ်မိတာ။ ဂိုဏ်းထဲမှာ ပေါက်ကရတွေ လျှောက်လုပ်ရင် မကောင်းဘူးမလား။”

“ဂိုဏ်းချုပ်ကျွင်း .. လုပ်ကြံသတ်ဖြတ်သူတွေရဲ့ စည်းကမ်းက အမိန့်နာခံခြင်းပဲ။ ထိုင်လို့ ကျွန်မပြောရင် ဘယ်သူမှ မထရဲဘူး”

“ကျုပ် စိတ်ပူနေတုန်းပဲ” ကျွင်းချောင်ရှောင်း သည် ဆေးပုလင်းလေးတစ်လုံးအား စားပွဲပေါ်တင်ကာ ပြောလိုက်သည် “ဒါက သုံးလတစ်ခါ ဖြေဆေးသောက်ရတဲ့ အဆိပ်တစ်မျိုးပဲ။ မိန်းကလေးလီ အရင်သောက်လိုက်ပါ”

“ဘာကိုဆိုလိုတာလဲ” လီလိုရှု၏ မျက်နှာတစ်ခုလုံးသည် အေးစက်သွားသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ် ခင်ဗျားကို လေ့လာမယ်လေ။ သုံးလ တစ်ခါ ဖြေဆေးပေးမယ်။ တစ်နှစ်ကြာလို့ စောင့်ကြည့်ကာလပြီးသွားရင် ခင်ဗျား ကိုယ်ထဲက အဆိပ်ကို ဖယ်ပေးမယ်။”

“ဂိုဏ်းချုပ်ကျွင်းက သတိအရမ်းကြီးတာပဲ” လီလိုရှု ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း ပခုံးတွန့်ကာ ပြောလိုက်သည် “ဒီလောက် အန္တရာယ်များတဲ့ ကမ္ဘာမှာ သတိမကြီးရင် ဘယ်လိုလုပ် အသက်ရှင်ပါ့မလဲ”

ဒီလောက်ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာတယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူး။ လီလိုရှု သည် အသာ လျှောက်လှမ်းလာပြီး စားပွဲပေါ်ရှိ ဆေးပုလင်းကို ကောက်ယူလိုက်သည် “ဒါကို သောက်ပြီးရင် လက်နက်ကို ပေးမှာလား”

“သေချာတာပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီလိုရှု သည် ပုလင်းကို ဖွင့်၍ အထဲတွင် ရှိသော ဆေးများအား မော့သောက်လိုက်သည်။ အနည်းငယ် ခါးသလို ၊ အနည်းငယ်လည်း စပ်၏ ။ သို့ပေမဲ့ ခန္ဓာကိုယ်အတွင်း ကြီးကြီးမားမား ပြောင်းလဲသွားသည်ကို မခံစားရချေ။

“ပေးတော့ ..”

ကျွင်းချောင်ရှောင်းသည် ကန္တာရ လင်းယုန်အား ပစ်ပေးလိုက်သည်။

လီလိုရှုသည် သေနတ်အား ယူပြီးနောက် ပြောင်းဝအား ကျွင်းချောင်ရှောင်း၏ နဖူးဆီ ချိန်လိုက်သည်။ သူမ၏ လက်ညိုးသည် မောင်းခလုတ်ပေါ် ရောက်ရှိသွားသည်။ ပြီးနောက် ပြုံးကာ မေးလိုက်၏ “ဂိုဏ်းချုပ် .. ဘယ်လို သုံရတာလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သင်ချင်တာလား။ သင်ပေးမှာပေါ့”

လီလိုရှု သည် သေနတ်အား လှည့်ကာ ဆော့ကစားနေ၏။ ဤအမျိုးအသီးသည် မည်သို့ ဆော့ရမည်ကို ကောင်းကောင်းသိနေသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မနက်ဖြန်မှာ မိုးဆွေဟောခန်းအကြောင်းကို ကျုပ် ကြေညာပေးမယ်။ ခင်ဗျားရဲ့ တပည့်တွေကို ပြောထားလိုက်”

လီလိုရှုသည် ကန္တရလင်းယုန်အား ဆော့ကစားရင်း ပြောလိုက်သည် “စိတ်ချ”

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားမှ မဆိုတော့ချေ။ အသာလှည့်ကာ ထွက်သွားလိုက်သည်။ သူသည် တံခါးကို ပြန်မပိတ်တော့ချေ။ ပိတ်ရန်လည်း မလိုတော့ပေ။

လီလိုရှု သည် ကန္တာရ လင်းယုန်အား သေချာ စစ်ဆေးပြီးနောက် သေနတ်မောင်းခလုတ်အား ဆွဲကြည့်လိုက်သည်။ သို့ပေမဲ့ ဂျောက် .. ဂျောက် ဟူသော အသံမှ လွဲ၍ မည်သည့် အလင်းတန်းမှ ထွက်မလာချေ။

ကျွင်းချောင်ရှောင်း ၏ အသံ ပေါ်လာသည် “ကျုပ် မသင်ပေးရင် ခင်ဗျား မသုံးတတ်ဘူး”

“မယုံဘူး”

လီလိုရှု သည် စိတ်တိုသွားသည်။ ပြီးနောက် ကျည်မရှိသော သေနတ်အား အားရပါးရ ပစ်နေတော့၏။

…..

[ဤနေရာမှ စတင်၍ စနစ်မှ ပြောဆိုသည့် စကားလုံးများအား စာလို မဟုတ်တော့ဘဲ စကားပြောလိုသာ သုံးနှုန်း ဘာသာပြန်ဆိုပါတော့မည်]

“လက်ခံသူ … အဆိပ်ကို ဘယ်နေရာကနေ ရခဲ့တာလဲ” စနစ် မေးလိုက်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တုတု ချက်တဲ့ ဟင်းရည်အကျန်တွေကို ဂျင်းနည်းနည်းထောင်းထည့် ၊ ငရုတ်သီးနည်းနည်းရောပြီး မွှေထားတာလေ။”

စနစ်မှ ပြောလိုက်သည် “မိုက်ရိုင်းလိုက်တာ”

….

နောက်တစ်ရက် …

မနက်ခင်း လေ့ကျင့်ခန်းများ ပြီးစီးပြီးနောက် ကျွင်းချောင်ရှောင်း သည် မိုးဆွေ ဟောခန်း တည်ဆောက်ခြင်းနှင့် မိုးဆွေဟောခန်း ၏ သခင်၏ လီလိုရှု ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်၏။

တပည့်များသည် ဤကိစ္စနှင့် ပတ်သက်၍ ငြင်းဆန်သူ တစ်ယောက်မှ မရှိချေ။

ရီဟိုင် နှင့် အားဟိုင် တို့သည် မူးနောက်နောက်ပင် ဖြစ်သွားမိသည်။

အကျဉ်းချခံခဲ့ရသော ခေါင်းဆောင်သည် ဤမျှ မြန်မြန်စည်းရုံးမှုကို လက်ခံခဲ့သည်လား။ သူမ ၏ စိတ်စွမ်းအင်သည် သူတို့လောက်ပင် ကြံ့ခိုင်မှု မရှိပေ။

တကယ်တန်းမှာတော့ ထမင်းနှစ်ပန်းကန် နှင့် ကန္တရာ လင်းယုန်အား မည်သို့ နှိုင်းယှဉ်၍ ရမည်နည်း။

ကျွင်းချောင်ရှောင်းသည် လီလိုရှု အား ဟောခန်းသခင် ရာထူးပေးသည်သာမက အပြင်ခြံဝန်း၏ ခမ်းနားလှသော အဆောက်အဦ တစ်ခု ၏ ရှေ့တွင် မိုးဆွေ ဟောခန်းဟူ သော ဆိုင်းပုဒ်ကြီးပင် ချိတ်ဆွဲပေးခဲ့သေးသည်။

ပြောရမည် ဆိုလျှင် သံမဏိအရိုးဂိုဏ်းသည် သူတို့၏ ပထမဆုံး ဟောခန်းကို တည်ထောင်နိုင်ခဲ့ပြီ ဖြစ်သည်။

လီလိုရှု ပြောသလိုပင် သူမ၏ တပည့်များသည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ရခြင်းအတွက် မည်သည့် ငြင်းဆန်မှုမှ မပြုလုပ်ကြပေ။ သူတို့၏ ခေါင်းဆောင်နောက်ကို အဆုံးထိ လိုက်လာကြ၏။

လက်တစ်ဖက် ဖြတ်ခံလိုက်ရသော တောကြောင်သည်ပင် လိုလိုချင်ချင် နှင့် သံမဏိအရိုးဂိုဏ်းထဲ ဝင်လာသည်။

အဓိက အားဖြင့် သူသည် ဤဂိုဏ်းထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ ထို့အပြင် ခေါင်းဆောင်တောင်မှ ပူးပေါင်းဖို့ ရွေးချယ်ခဲ့သည်ကို အဘယ့်ကြောင့် သူက ကလန်ကဆန် လုပ်နေမည်နည်း။

ကျွင်းချောင်ရှောင်းသည် လီလိုရှု အား ဟောခန်းသခင် ရာထူးပေးခဲ့သည် ဆိုသော်လည်း သံမဏိအရိုးဂိုဏ်း၏ အကြီးအကဲ ရာထူးအား မပေးခဲ့ပေ။ လီလိုရှုသည် အားကောင်းလှသည် ဆိုသော်လည်း စီမံခန့်ခွဲမှုပိုင်းတွင် မကျွမ်းကျင်လှချေ။ သူမသည် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းကိုသာ စီမံဖူးသည် မဟုတ်လား။

စီမံခန့်ခွဲမှုတွင် ကျွမ်းကျင်သော လီချင်းယန်သည် ကျင့်ကြံခြင်းအဆင့် မမြင့်မားသေးချေ။ ထို့အပြင် ငယ်ရွယ်သေးသောကြောင့် အကြီးအကဲ ဂုဏ်ပုဒ်နှင့် မကိုက်ညီသေးပေ။

…..

ဟောခန်းတည်ထောင်မှု ပြီးစီးသွားပြီ ဖြစ်သောကြောင့် ဆက်လက် ပြုလုပ်ရမည့် အလုပ်မှာ ဝင်ခွင့်ဖောင် များ ဖြည့်သွင်းခြင်းပင်။

“ဒင် … ဒင် …”

လုပ်ကြံသတ်ဖြတ်သူများ၏ ဝင်ခွင့်ဖောင်အား တံဆိပ်တုံး ရိုက်နှက်ပြီးသည့်နောက် ဂိုဏ်းချုပ်ကျွင်းသည် နားထဲ၌ ပေါ်လာသော စနစ်၏ အသံများကို နားထောင်ရင်း ပြုံးလိုက်မိသည်။

လီလိုရှု အပါအဝင်အားလုံးကို စာရင်းသွင်းပြီးနောက် စုစုပေါင်း ခုနှစ်ဆယ့် ခုနှစ်ယောက် ရှိကြောင်း သိလိုက်ရ၏။

ဂိုဏ်းသား - ၂၃၀ / ၅၀၀။

ဂိုဏ်းစုဆောင်းမှတ် - ၂၂၅ / ၅၀၀။

ကျွင်းချောင်ရှောင်း တွေါ်လိုက်သည် “ဂိုဏ်းသား အရေအတွက်သာ ပြည့်ရင် ဂိုဏ်းစုဆောင်းမှတ်လည်း ပြည့်သွားမှာပဲ”

“ဂိုဏ်းချုပ် … ရှာနေတယ်ဆို”

လီလိုရှုသည် အဓိက ဟောခန်းထဲ လျှောက်ဝင်လာသည်။ သူမသည် ဂိုဏ်းချုပ်ကျွင်းဟု ခေါ်ဆိုနေရာမှ ဂိုဏ်းချုပ် ဟုသာ ပြောင်းလဲ ခေါ်ဆိုခဲ့သည်။ ရောမ ရောက်ပြီဆိုမှတော့ ရောမ လို ကျင့်ရမည် မဟုတ်လား။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်ကို သတ်ဖို့ လူဘယ်နှစ်ဖွဲ့ လွှတ်လိုက်တာလဲ”

“အင်း ..” လီလိုရှု ပြောလိုက်သည် “အဲတုန်းက ကျွန်မ တံခါးပိတ်ကျင့်ကြံနေတာမို့ ဘာမှမသိဘူး။ ဂိုဏ်းချုပ်ကို သတ်ဖြတ်ဖို့ တာဝန် လက်ခံသူက ကင်းမြီးကောက်လေ”

“ကင်းမြီးကောက် ဘယ်မှာလဲ။ သူ့ကို ခေါ်လိုက်”ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီလိုရှု ပြောလိုက်သည် “ရှင်ပဲ သတ်လိုက်ပြီလေ”

“……..” ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တခြား ထပ်တန်း လုပ်ကြံသူ နှစ်ယောက် သိတယ် မဟုတ်လား”

“မြွေဟောက် သိနိုင်တယ်။”

လီလိုရှုသည် မြေဟောက်ကို ခေါ်ပြီး သေချာ မေးမြန်လိုက်သည် “ဂိုဏ်းချုပ် …. သုံးကြိမ် လွတ်လိုက်တယ်လို့ မြွေဟောက် ပြောတယ်။”

“ဘယ်တုန်းကလဲ ။ လူ ဘယ်နှစ်ယောက် လွှတ်တာလဲ။”

မြွေဟောက် က သိုင်းပြိုင်ပွဲ မကျင်းပခင် ပထမတစ်ကြိမ် သုံးယောက်၊ သိုင်းပြိုင်ပွဲ ပြီးတော့ ဒုတိယတစ်ကြိမ် တစ်ယောက် ၊ တတိယ တစ်ကြိမ် က သုံးယောက်ဖြစ်ကြောင်း အသေးစိတ် အစီရင်ခံလိုက်၏။

“ဒါပဲလား”

“ဒါပါပဲ” ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်မိသည်။

လီရန်မြို့အပြင်ဘက်မှာတွေ့တဲ့ လုပ်ကြံသတ်ဖြတ်သူတွေကရော ဘယ်သူတွေလဲ။ တကယ်ဆိုလျှင် သူတို့အား လုပ်ကြံသတ်ဖြတ်သည့် အရေအတွက်မှာ ငါးကြိမ်တိုင်တိုင် ရှိခဲ့သည်။

မိုးဆွေအဆောက်အဦ က သုံးကြိမ်သာ ပြုလုပ်ခဲ့သည်ဆိုလျှင် နှစ်ကြိမ်ကို မည်သူက ပြုလုပ်ရန် ခိုင်းစေခဲ့သနည်း။

မြေဟောက်ပြောတာ အမှန်ပင် ဖြစ်လိမ့်မည်။ လီရန်မြို့အပြင်ဘက်ရှိ လုပ်ကြံသတ်ဖြတ်သူများတွင် ဝိညာဉ်ခြေလှမ်း သိုင်းနည်းစနစ် စာအုပ်မရှိသလို မွဲတေလှသူများ ဖြစ်ခဲ့သည်။

ကျွင်းချောင်ရှောင်း သူ၏ ဂုတ်ပိုးအား ပွတ်သပ်ပြီး ပြောလိုက်သည် “ဟောခန်းသခင်လီ … ချင်းယန်နိုင်ငံမှာ တခြား လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း ရှိသေးလား”

“မရှိဘူး” လီလိုရှု ပြောလိုက်သည် “ဒါပေမဲ့ မြို့ကြီးတွေရဲ့ မိသားစုကြီးတွေက လုပ်ကြံသတ်ဖြတ်သူတွေ မွေးမြူ လေကျင့်ပေးထားတတ်တယ်။ တစ်ချို့ ကလန်ကြီးတွေ ဆိုရင် မိုးဆွေအဆောက်အဦ ဆီက လုပ်ကြံသတ်ဖြတ်ခြင်းနည်းလမ်းတွေကို ငွေတော်တော်သုံးပြီး လာဝယ်ဖူးကြတယ်။”

“ဘယ်ကလန်တွေလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

လီလိုရှု ပြောလိုက်သည် ဥပမာအားဖြင့် ကျန်းရန်မြို့က ဟယ်ကလန်၊ ချင်းယန်မြို့က ဝမ်ကလန် ၊ လီရန် မြို့က ပိုင်ကလန် နဲ့ ရှောင်ကလန် .. လျှိုရန် မြို့ က ….”

“နေအုံး ..”

ကျွင်းချောင်ရှောင်း ဖြတ်ပြောလိုက်သည် “စောနက ပြောလိုက်တာ လီရန်မြို့ ရဲ့ ရှောင်ကလန် ဟုတ်လား”

“အမှန်ပါပဲ”

လီလိုရှု ပြောလိုက်သည် “ရှောင်ကလန် ဘိုးဘေးကိုယ်တိုင် လာဝယ်တာ။ သူက ဘယ်သူမှ မသိအောင် ရုပ်ဖျက်လာပေမဲ့ ကျွန်မက တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ကို မှတ်မိတယ်။”

All Chapters