အခန်း (၁၃၉)
Vol. 10 Ch. 139
ရှောင်မိသားစုတွင် လုပ်ကြံသတ်ဖြတ်သူ ရှိသည်ဆိုသော စကားအား လီလိုရှုဆီမှ သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်မကို ကိုက်ကာ အတွေးနက်နေမိ၏။
လီယန်မြို့၏ အပြင်ဘက်တွင် လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရချိန်တုန်းက ထိုသူများအား လွတ်လိုက်သူ သည် ပိုင်မိသားစုနှင့် ရှောင်မိသားစုမှဖြစ်မည်ဟု သူ သုံးသပ်ခဲ့ဖူး၏။
သို့ပေမဲ့ ပိုင်မိသားစု၏ အသိအမှတ်ဆွဲပြားအား မြင်လိုက်ချိန်မှာတော့ ရှောင်မိသားစုက ဟု ယာယီ ကောက်ချက်ချမိ၏။
အဘယ့်ကြောင့်ဆိုသော် ပိုင်မိသားစု၏ အသိအမှတ်ပြု ဆွဲပြားအား တွေ့ရှိသည် ဆိုသည်မှာ တစ်ဖက်လူအနေနှင့် ပိုင်မိသားစု ပြုလုပ်သည်ဟု ထင်မှတ်စေရန် ရည်ရွယ်သည်ဟု တွေးစရာ ရှိသည် မဟုတ်လား။
ထို့အပြင် သိုင်းပြိုင်ပွဲတုန်းက ရှောင်မိသားစု၏ အကြီးအကဲနှင့် ခေါင်းဆောင်များ၏ အပြုအမူ ကို သေချာ ကြည့်မည်ဆိုလျှင် လုပ်ကြံသတ်ဖြတ်ရန် လွတ်လိုက်သူသည် ရှောင်မိသားစုမှ ဖြစ်မှန်း သာမန်လူများပင် အလွယ်တကူ ခန့်မှန်းနိုင်လိမ့်မည်။
ယခု ရှောင်မိသားစု၌ လုပ်ကြံသတ်ဖြတ်သူများ ရှိသည်ဟု သိလိုက်ချိန်၌ သူသည် လေးလေးနက်နက် စဉ်းစားလာမိသည်။
"ဒီ လုပ်ကြံသတ်ဖြတ်သူတွေက ရှောင်မိသားစု လွှတ်လိုက်တယ်ပဲ ထားပါတော့။ သူတို့လွှတ်လိုက်တာလို့ ဘယ်သူမှ မထင်ရအောင် ပိုင်မိသားစုရဲ့ အသိအမှတ်ပြုကပ်ပြားကို ဆွဲထားမယ်။ဒါမှ တစ်ဖက်လူအပေါ်ကို အပြစ်ပုံချလို့ရမှာ မဟုတ်လား။"
"ချီးထဲမှ … ဒါက ဉာဏ်ကစားပွဲတစ်ခုနဲ့တောင် ဆင်တူနေပြီ။ ဒါမှမဟုတ် တစ်ခြားသော လူတစ်ယောက်က ပိုင်မိသားစုနဲ့ ရှောင်မိသားစုက လုပ်တာလို့ အထင်ခံရအောင်လို့ ဖန်တီးထားတာလည်း ဖြစ်နိုင်တယ်။ အားလုံးရဲ့ အမြင်မှာ ပိုင်မိသားစု ကို တခြားအဓိပ္ပာယ်သက်ရောက်အောင် ဖန်တီးနိုင်သူက ရှောင်မိသားစု ပဲ ရှိတယ် ဆိုတာ ထင်းထင်းကြီး ပေါ်နေတာကို ရှောင်မိသားစုက လုပ်ပါ့မလား"
ကျွင်းချောင်ရှောင်း၏ စိတ်တစ်ခုလုံးသည် ရှုပ်ယှက်ခက်သွားသည်။ သူသည် အသက်ကို ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "ဟောခန်းသခင်လီ ….. ကျုပ် ခင်ဗျားကို ပထမဦးဆုံး စပြီး တာဝန်ပေးမယ်။"
လီလိုရှု နားထောင်လိုက်၏။
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်သည်။ "တစ်စုံတစ်ယောက်ကို လီရန်မြို့ကို လွတ်ပြီး ပိုင်မိသားစုနဲ့ ရှောင်မိသားစုရဲ့ လုပ်ရပ်တွေကို ကြည့်ထားခိုင်းလိုက်။ အထူးသဖြင့် ရှောင်မိသားစုရဲ့ အကြီးအကဲတွေပေါ့။"
ဉာဏ်ကစားပွဲ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ကိစ္စမရှိပေ။ သူ့အနေနှင့် သေချာစောင့်ကြပ် ကြည့်ရှုရမည်ဆိုလျှင် သေချာသည့် သတင်းအချက်အလက်ကို ရရှိနိုင်သည်။
"လူတွေကို စောင့်ကြည့်ရုံပဲလား။ သတ်စရာမလိုဘူးလား။" လီလိုရှု မေးလိုက်သည်။
"ဟုတ်တယ်။"
“နားလည်ပါပြီ။"
လူတွေကိုသတ်ဖြတ်ခြင်းက အလုပ်ရှုပ်၏။ သို့ပေမဲ့ လူတွေကို စောင့်ကြည့်ခြင်းကတော့ အလွန်တရာပင် လွယ်ကူလှ၏။
လီလိုရှုသည် ကိစ္စဝိစ္စများအားလုံးအား မြွေဟောက်အား တာဝန် လွှဲအပ်ပေးလိုက်၏။
မြွေဟောက်သည် မိုးဆွေ ဟောခန်းထဲသို့ ရောက်ရှိချိန်မှာတော့ ရွေးချယ်ထားသော ရွေအဆင့် လုပ်ကြံသတ်ဖြတ်သူများကို ခေါ်ယူကာ လီရန်မြို့သို့ အလောသုံးဆယ် ထွက်ခွာသွားကြတော့သည်။ မိုးဆွေဟောခန်း၏ အခန်းဂဏ္ဍသည် အရေးပါလာခဲ့ပြီဖြစ်သည်။
"ဂိုဏ်းချုပ်"
လီလိုရှု ပြုံးကာ ပြောလိုက်သည်။ "ဒီ လက်နက်ကို ဘယ်လိုသုံးရတယ်ဆိုတာ သင်ပေးဖို အချိန်ရှိပြီလား။"
…….
တောင်၏ နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ဘယ်ညာလက်တို့သည် တစ်ဖက်တွင် ကန္တရ လင်းယုန် အား ကိုင်ဆောင်၍ တစ်ဖက်မှာတော့ သလင်းအမြုတေ စွမ်းအင်များကို အသုံးပြု၍ ကျည်ဖြည့်လျက် ရှိသည်။
ပြီးနောက် သူသည် လုံခြုံရေးခလုတ်အား အသာဆွဲဖယ်ကာ ပြောလိုက်သည်။
"ခင်ဗျား မြင်ရပြီလား။"
"မြင်ရပါပြီ။" လီလိုရှု ပြောလိုက်သည်။
သူမသည် ဂိုဏ်းချုပ် ညွှန်ကြားထားသည့်အတိုင်း ကန္တာရလင်းယုန်အား သေချာကျည်ဖြည့်၍ လုံခြုံရေးခလုတ်အား ဖယ်ရှားကာ ပစ်လိုက်တော့၏။
ဒိုင်း။
သေနတ်မောင်းခလုတ်အား ဆွဲယူလိုက်ချိန်မှာတော့ အလင်းတန်းတစ်ခုသည် ဖြတ်သန်းသွားတော့သည်။
ပြီးနောက် မီတာ တော်တော်ဝေးဝေးမှာရှိသော သစ်ပင်တစ်ခု၏ သစ်သီးအား ထိမှန်သွား၏။
လီလိုရှုသည် သိုင်းဆရာအဆင့်ငါး ကျင့်ကြံသူ တစ်ယောက် ဖြစ်သောကြောင့် ပြန်ကန်အားကို ခုခံနိုင်စွမ်းရှိ၏။ သူမ၏ လက်သည် နည်းနည်းလေးမှ ဒဏ်ရာ မရရှိခဲ့ပေ။
ဂိုဏ်းချုပ်ကျွင်း ဆွံ့အသွား၏။ "ကျုပ် ကြည့်ရအောင် နည်းနည်းလေး ထပ်ပစ်ကြည့်ပါဦး။"
ဒိုင်း။
လီလိုရှုသည် သူမ၏ ဘေးဘက်ရှိ သစ်ကိုင်းတစ်ခုပေါ်မှ သစ်သီးအား လှမ်းပစ်ချလိုက်သည်။
"အံ့အားသင့်စရာပဲ ….. အံ့အားသင့်စရာပဲ။" ကျွင်းချောင်ရှောင်း ထအော်လိုက်မိ၏။
သူသည် လီလျိုရှူ၏ ပစ်ခတ်မှု စွမ်းရည်အား ချီးကျူးနေခြင်း မဟုတ်ပေ။
ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော သူမ ရင်သားများ၏ တုန်ခါမှုအား ကြည့်၍ အံ့အားသင့်နေခြင်းဖြစ်သည်။
"ထပ်ပစ်စမ်းပါအုံး …. ကြည့်ရအောင်လို့။"
ဒိုင်း … ဒိုင်း။
လီလိုရှုသည် နှစ်ချက်ဆက်တိုက်ပစ်လိုက်သည်။ သူမခန္ဓာကိုယ်သည် တုန်ခါသွား၏။
သေချာပြီ။ သေနတ်ပစ်လိုက်ချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ကြည့်လို့တော်တော်ကောင်းတာပဲ။
လီလိုရှုသည် သေနတ်ကို ပြန်ရုတ်လိုက်ပြီးနောက် ဂိုဏ်းချုပ်၏ အကြည့်များသည် တစ်စုံတစ်ခုမှားယွင်းကြောင်း သိရှိသွား၏။
ပြီးနောက် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် …. ဘာကို ကြည့်နေတာလဲ။"
“ဟမ်။”
ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ပြီး သက်ပြင်းချလိုက်၏။ "ကောင်းကင်ကြီးက အရမ်းကိုပြာတာပဲ။ ပြီးတော့ အရမ်းကြီးမားတယ်။"
လီလိုရှုပြောလိုက်သည်။ "ကျွန်မတို့ ငှာနချုပ် အပြင်ဘက်မှာ ဂိုဏ်းချုပ် လက်နက်တစ်ခုကို သုံးသေးတယ် မဟုတ်လား။ အဲဒါကိုလည်း စမ်းကြည့်လို့ ရမလား"
"ရတာပေါ့။"
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီကို ခေါ်၍ စနိုက်ပါအား ခေတ္တပေးလိုက်စေသည်။
ပြီးနောက် သူသည် ရှစ်ဆမှန်ဘီလူးနှင့် မည်ကဲ့သို ချိန်ရမည် ၊ သေနတ်အား မည်ကဲ့သို့ မှောက်၍ ပစ်ရမည်ဆိုသည်ကိုပါ သေချာ သင်ကြားပေးလိုက်၏။
"နားလည်ပါပြီ။" လီလိုရှု ပြောလိုက်သည်။
ဝှစ် ……။
ကျွင်းချောင်ရှောင်းနှင့် ရှောင်ကျီတို့သည် ခပ်ဝေးဝေးသို့ နောက်ဆုတ်သွားသည်။
"ဂိုဏ်းချုပ် သူ့ကို ပခုံးကာ မဝတ်ပေးတော့ဘူးလား။"
"ဟောခန်းသခင်လေးက သိုင်းဆရာ အဆင့်ငါး ကျင့်ကြံသူတစ်ယောက်လေ။ ပြန်ကန်အားကို ကျိန်းသေပေါက် ခုခံနိုင်မှာပဲ။"
"ဒါလည်း ဟုတ်တာပဲ။"
နောက်တော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရှုလိုက်မိကြသည်။
အဘယ့်ကြောင့်ဆိုသော် လီလိုရှုသည် မှာကြားထားသည့်အတိုင်း သေနတ်အား ဒေါက်ပေါ်တင်၍ မပစ်ဘဲ ပုခုံးနှင့် ထောက်၍ ရှစ်ဆမှန်ဘီလူးမှတစ်ဆင့် မြင်ကွင်းအား ချိန်လိုက်၏။
သူမသည် မတ်တပ်ရပ်၍ ပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
မြက်ခင်းပြင်တွေကြားထဲမှာတော့ စနိုက်ပါသေနတ်ကို ကိုင်ဆောင်၍ မတ်တပ်ရပ်ထားသော လှပသည့် မိန်းကလေးတစ်ယောက် ရှိနေ၏။
မြင်ကွင်းမှာ အလွန်တရာလှပသည်။
"ဟောခန်းသခင်လီ ……မလုပ်။"
ဘန်း … ဘန်း။
လီလိုရှုသည် နှစ်ချက် ဆက်တိုက်ပစ်လိုက်၏။
ကျည်ဆံများသည် မီတာ တစ်ရာအကွာအဝေးတွင်ရှိသော ကျောက်ခဲအား တစ်စစီ ဖြစ်သွားစေသည်။
ထို့အတူ ပြန်ကန်အားကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်ဘက်သို့ လွင့်စင်သွားတော့သည်။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သူမကျဆင်းလာမည့် နောက်ဆီသို့ ခန့်မှန်းကာ ဖမ်းဆီးလိုက်၏။
ဒီမိန်းမ မတ်တပ်ရပ်ပြီး ပစ်ရုံနဲ့တင် မကျေနပ်သေးဘူး။ နှစ်ချက်တောင် ပစ်တာပဲ။
ဘုတ်။
လီလိုရှုသည် မြေပေါ်သို့ ကားကားကြီး ပြုတ်ကျလာတော့သည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တစ်ဆက်ဆက် တုန်ခါသွား၏။ "ဟောခန်းသခင်လီ တောင်းပန်ပါတယ်။ အကျကို မိအောင် ဖမ်းလိုက်တာပဲ။ ဒါပေမဲ့ ခြေတစ်လှမ်း နောက်ကျသွားတယ်။"
လီလိုရှုသည် မှောက်ပြီး ပစ်ရသည်ထက်စာလျှင် မတ်တပ်ရပ်ပြီး ပစ်ရသည်ကို ပို၍ ကောင်းသည်ဟု ခံစားမိ၏။ ထို့ကြောင့် မတ်တပ်ရပ်ကာ ပစ်လိုက်ခြင်းဖြစ်သည်။ သို့ပေမဲ့ သူမသည် နှစ်ချက်ဆက်တိုက်ပစ်ခတ်ခဲ့၏။
ပေးဆပ်ရသည့်တန်ဖိုးမှာ သူမ၏ ပုခုံးနှင့် လက်တစ်ခုလုံးသည် တစ်ညလုံး ထုံကျဉ်သွားခဲ့ခြင်းပင် ဖြစ်၏။
နောက်တစ်ရက်မှာတော့ တပည့်များသည် မနက်ခင်း လေ့ကျင့်ခန်းကို ပြုလုပ်နေပြီး ထုံးစံအတိုင်း လေ့ကျင့်ကြတော့သည်။
အခုမှဂိုဏ်းထဲသို့ ဝင်ရောက်လာသော တပည့်ငါးယောက်တို့သည်လည်း ပိုမိုသန်မာလာစေရန်အတွက် ကြိုးစားရသည့် ဂိုဏ်းသားတစ်ယောက်၏ ဆိုးဝါးသည့် ဘဝကိုခံစားမိနေပြီ ဖြစ်၏။
သူတို့အားဒုက္ခအပေးဆုံးလူမှာ လီဖေးပင် ဖြစ်၏။ သူတို့သည် လီဖေး၏ ဘောလုံး ကန်ချက်များကြောင့် အလူးအလဲ ခံနေရသည်။
စွန်းပုကုံးနှင့် စီမာကျုံးတ တို့သည် အဝေးတစ်နေရာတွင် ဆောင့်ကြောင့်ထိုင်နေလျှက်ရှိပြီး သူတို့သည် ခြေပစ်လက်ပစ်နှင့် လေ့ကျင့်ရေးကွင်းထဲတွင် လဲလျက်ရှိသော လူအား လှမ်းကြည့်လိုက်ကြ၏။ ထိုလူ၏ မျက်နှာတွင်လည်း ဘောလုံးရာများနှင့် ပြည့်လျက် ရှိ၏။
တပည့်ငါးယောက်ထဲ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့် လင်းယွမ်ရွှယ် သည် အပျော်ဆုံးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် စီနီယာအစ်မများသည် သူမအား ချစ်ချစ်ခင်ခင် နှင့် စကားပြောကြသောကြောင့် သူမ၏ မူလအားဖြင့် ရှက်ရွံ့သိမ်ငယ်တတ်သော အမူအယာများပင် ပျောက်ကွယ်သွားခဲ့ရသည်။
"ချင်းယန်။"
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်၍ တပည့်များအား တစ်ယောက်ချင်းစီ ကြည့်ရှုနေ၏။
လီချင်းယန် ပြောလိုက်သည်။
"ဂိုဏ်းချုပ် …. ဒီဂျုနီယာညီလေးက နည်းနည်း ထူးဆန်းတယ်။ ဂိုဏ်းထဲကို ဝင်ပြီးတဲ့နောက်မှာ သိုင်းလေ့ကျင့်ရေးကွင်း ထဲမှာ လှုပ်ရှားမှု မရှိဘဲ ရပ်နေတယ်။စကားသွားပြောရင်လည်း ပြန်တောင်မဖြေဘူး။"
"ဒီလိုလား။"
ကျွင်းချောင်ရှောင်းသည် အတွင်း ခြံဝန်းဆီသို့ သွားလိုက်၏။
ကြီးမားလှသော သိုင်းလေ့ကျင့်ရေးကွင်းထဲမှာတော့ ဂိုဏ်းဝတ်စုံကိုပင် ပြောင်းလဲမဝတ်ဆင်ရသေးသော ကျိုးဟုန်သည် မတ်မတ်ရပ်လျက်ရှိသည်။
သူ၏ လက်ထဲတွင် ဓားအိမ်ကို ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်မှာတော့ ဓါးလက်ကိုင် ပေါ်တွင် ရှိနေ၏။ သူ၏ ခေါင်းသည် အနည်းငယ် ငုံ့ထားပြီး အမဲရောင်ဆံပင်များသည် လေနှင့်အတူ လွင့်လျက် ရှိ၏။
ဤပုံစံသည် ဓားသမားတစ်ယောက်၏ ဟန်ပန်မျိုး ဖြစ်သည်။ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ လှုပ်ရှားမှုကင်းမဲ့နေသော်လည်း မည်သူမှ အနားသိုမကပ်ဝံ့သည့် ဟန်ပန်မျိုးပင်။
လီချင်းယန် တီးတိုးပြောလိုက်သည်။ "ဂိုဏ်းချုပ် သူ မနေ့က ညစာ စားပြီးကတည်းက ဒီအတိုင်းပဲ မတ်တပ်ရပ်နေခဲ့တာ။ တစ်ညလုံးလုံး ဒီမှာ မတ်တပ်ရပ်နေတာလို့ ပြောရမယ်။"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒီကောင်က နည်းနည်းတော့ ထူးဆန်းတယ်။"
ချလွမ်။
ရုတ်တရက်ဆိုသလိုပဲ ကျိုးဟုန်၏ ဓားသည် ဓားအိမ်ထဲမှ ထွက်လာသည်။
ဓားအလင်းတန်းများသည် သူ့အားလွမ်းခြုံသွားပြီး ထွက်ပေါက်မဲ့သော ဓားပိုက်ကွန်တစ်ခုကဲ့သို့ ဖြစ်တည်လာတော့သည်။
"သောက်ကျိုးနည်း။"
ကျွင်းချောင်ရှောင်းနှင့် လီချင်းယန်တို့သည် မျက်လုံးပြူးသွားသည်။
ချလွမ်။
ဓားသည် ဓားအိမ်ထဲသို့ ပြန်ရောက်သွား၏။
ဓားစွမ်းအင်များအားလုံးသည်လည်း ပျောက်ကွယ်သွားတော့သည်။ ဓားဆွဲထုတ်ခြင်းနှင့် ပြန်ထည့်လိုက်ခြင်း သည် အလွန်တရာ မြန်ဆန်လှသည်။
ကျွင်းချောင်ရှောင်းသည် ဓားဆွဲထုတ်ပြီး ဓားပြန်ထည့်လိုက်သည့် အသံကိုသာ ကြားလိုက်ရ၏။ ဓားလှုပ်ရှားသွားမှုကို သေချာပင် မမြင်လိုက်ရချေ။
ပို၍ ဆိုးသွားသည်မှာ လေနှင့်အတူ ကျိုးဟုန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသော သစ်ရွက်များ အားလုံးသည် ဓားအလင်းတန်းကြောင့် လေထဲတွင် တစ်ချက်တန့်ပြီးမှ မြေပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားသည်။။
"မြန်တယ်။ ဓားစွမ်းအင်တွေက အရမ်းကို မြန်လွန်းတယ်။ ပြုတ်ကျလာတဲ့သစ်ရွက်တွေကို ထပ်ပြီး မခုတ်မိဘူးဆိုရင်တောင်မှ ဓားက တော်တော်ကြီးကောင်းတဲ့ ဓားကွက်တစ်ခုပဲ။”
ဝှစ် …..။
ထိုအချိန်မှာပဲ လေပြင်းတစ်ချက် တိုက်ခိုက်သွားတော့သည်။
စောန ကျိုးဟုန်၏ ခြေရင်းအောက်သို့ ပြုတ်ကျခဲ့သော သစ်ရွက်များသည် အစိတ်အစိတ်အပိုင်းပိုင်း အဖြစ် မွစာကြဲကာ ကျွင်းချောင်ရှောင်းနှင့် လီချင်းယန်တို့၏ မျက်နှာပေါ်တွင် လာကပ်လျက်ရှိသည်။
"ဟ … ဒါ ဟန်ပြမဟုတ်ဘူးပဲ။"
အဘယ့်ကြောင့်ဆိုသော် ဓားစွမ်းအင်ဖြင့် ပိုင်းဖြတ်ခံရပြီးနောက်တွင် ပုံမှန်အားဖြင့် မပြတ်တောက်သလို ဖြစ်နေလော သစ်ရွက်များအားလုံးသည် လေတစ်ချက်အဝေ့မှာတော့ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။
ဓားချက်မှာ အလွန်တရာ မြန်ဆန်လွန်းသောကြောင့် သစ်ရွက်များ ပြတ်တောက်သွားသည်ဟုပင် မထင်ခဲ့ရချေ။
သူတို့၏ မျက်လုံးပေါ်တွင် ကပ်လျက်ရှိသော သစ်ရွက်မှုန်များအား အသာဖယ်ရင်း ကျွင်းချောင်ရှောင်းနှင့် လီချင်းယန်တို့သည် အသာ ထအော်လိုက်မိ၏။
"ဒါ ကျွမ်းကျင်သူပဲ။"
ကျိုးဟုန်၏ ဓားအထုတ်အသွင်း မြင်ကွင်းအား အဝေးတစ်နေရာမှ လှမ်းကြည့်နေသော ရီရှင်းချန်သည် တီးတိုးရေရွတ်လိုက်သည်။
“အသက်တစ်ရှိက်အတွင်း ဓားချက် နှစ်ဆယ့်သုံးချက်ကို ထုတ်ဖော်ခဲ့တယ်။ ဒီကောင်လေးက ဓားတာအို ရဲ့ ပထမအဆင့်ကို နားလည်နေပြီပဲ။သူက ဓားတာအို နဲ့ ပတ်သက်ရင် ရှားမှ ရှားတဲ့ မျိုးစေ့ကောင်းလေး ဖြစ်လိမ့်မယ်။ နှမြောစရာပဲ။"
သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"သံမဏိအရိုးဂိုဏ်းသာ ကြောက်မက်စရာကောင်းတဲ့ ခန္ဓာကိုယ်အားအင် နည်းစနစ်နဲ့ လက်သီးနည်းစနစ် စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်တွေ ရှိတယ်ဆိုပေမယ့် ဓားနည်းစနစ်မှာတော့ လုံလုံလောက်လောက် ကောင်းမွန်တဲ့ ဓားနည်းစနစ်မျိုး ရှိတာ မတွေ့ရဘူး။ ဒီမှာလာပြီး ကျင့်ကြံတယ်ဆိုတာ သူ့ရဲ့ပါရမီကို လာပြီး ဖြုန်းတီးတာနဲ့အတူတူပဲ။"