အခန်း (၁၄၀)
Vol. 10 Ch. 140
ကျွင်းချောင်ရှောင်း တွေးတောခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
ကျိုးဟုန်သည် ဘဝ၏ ကြမ်းတမ်းသော အတွေ့အကြုံများနှင့် ရင်ဆိုင်ခဲ့ဖူးသော မျက်နှာ အသွင်အပြင်မျိုးရှိ၏။ ထိုသူသည် အမှန်တကယ်ပဲ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လို့နေသည်။
သူ၏ ကျင့်ကြံခြင်းကို မပြောနဲ့အုံး။ ဓားအထုတ်အသွင်း ပြုလုပ်ပြီး တိုက်ခိုက်မှု ကို ထုတ်ဖော်လိုက်ချိန်အတွင်းမှာပဲ လေထဲမှ ပြုတ်ကျလာသော သစ်ရွက်များအားလုံးသည် တစစီ ဖြစ်သွားခဲ့သည်။
ဤအရာသည် သူ၏အရည်အချင်းကို သက်သေပြရန် လုံလောက်နေပြီဖြစ်၏။ ကျိုးဟုန်၏ ဓားတာအိုမှာ အလွန်အမင်း အားကောင်းသည်ဟုဆိုရမည်။
ရီရှင်းချန်သည် ကျိုးဟုန်၏ တိုက်ခိုက်မှုကို မြင်ချိန်မှာတော့ ဓားတာအို ကို ကျွမ်းကျင်သူ ဆရာသမားတစ်ယောက်ယောက်မှ လမ်းညွှန်ချက်ပေးမည်ဆိုပါက အနာဂတ်တွင် ဓားဘုရင်အဆင့်ထိ တိုးတက်လာမည့်သူဖြစ်ကြောင်း မှတ်ချက်ပြုမိ၏။
သိုင်းပညာနဲ့ ဓားပညာသည် ခြားနားသည်ဆိုသော်လည်း အဆင့်သတ်မှတ်ပုံချင်း တူညီကြသည်။
သိုင်းပညာတွင် သိုင်းတပည့် ၊သိုင်းဆရာ ၊ သိုင်းစစ်သူကြီး၊ သိုင်းအင်ပါယာ စသဖြင့် ရှိသလိုပဲ ဓားပညာ တွင်လည်း ဓားတပည့် ၊ ဓားဆရာ ၊ဓားစစ်သူကြီး ၊ ဓားအင်ပါယာဟူ၍ ရှိသည်။
ဓားကျင့်ကြံသူများသည် အမှန်တကယ်တမ်းအားဖြင့် အခြားသော အဆင့်တူ သိုင်းပညာရှင်များထက်ပို၍ အားကောင်းလှ၏။ အစစ်အမှန် ဓားကျင့်ကြံသူများသည် ဓားတာအို ကို နားလည်ပြီးသည့်နောက်မှာတော့ အဆင့်တစ်ခုဆီသို့ ထိုးတက် ရောက်ရှိသွားတတ်ကြသည်။
သိုင်းပညာရှင်များကတော့ ခြားနားသည်။ သူတို့သည် လက်သီး နည်းစနစ်နှင့် ဓားနည်းစနစ် စသည်တို့ကို လေ့ကျင့်ကြသည်။ ထို့ကြောင့် ဓားတစ်ခုထဲသာ ကျင့်ကြံသော ဓားကျင့်ကြံသူများအား လိုက်မမှီနိုင်ခြင်းပင် ဖြစ်၏။
သို့ပေမဲ့ ဓားကျင့်ကြံခြင်း တစ်ယောက် ဖြစ်လာဖိုဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ဓားတာအို နှင့် ပတ်သက်သည့် အဆင့်မြင့် ပင်ကိုယ်စွမ်းရည်မျိုး ရှိရန် လိုအပ်နေသည်။
မှတ်တမ်းမှတ်ရာများအရဆိုလျှင် ဓားကျင့်ကြံသူဆိုသည်မှာ လူတစ်သောင်းမှာမှ တစ်ယောက်သာ ရှိတတ်သော လူမျိုး ဖြစ်၏။
သိုင်းပညာကို ကျင့်ကြံကြသော ကျင့်ကြံသူများသည် အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ် ရှိသည်ဆိုလျှင်တောင်မှ မရီဒန်စွမ်းအင်တစ်ခုကို ဖွင့်၍ သိုင်းပညာရှင်ဟူသော နာမည်ကို ရယူနိုင်သေးသည်။
ဓားကျင့်ကြံသူများတော့ တစ်သောင်းမှာ တစ်ယောက်သာရှိသည်။ အလွန်ရှားပါးသည့် ကျင့်ကြံသူများလည်း ဖြစ်၏။
ရီရှင်းချန်ကို ဥပမာဆိုရမည်ဆိုလျှင် သူသည် အရင်ဘဝတုန်းက ဓားပညာကို အထူးလေ့လာ လေ့ကျင့်ခဲ့ပြီး သိုင်းအင်ပါယာဆယ်ယောက်ထဲတွင် သူတစ်ယောက်တည်းသာ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သည်။
ကျန်သောကိုးယောက်သည် တစ်ခြားသော သိုင်းပညာနှင့်ပတ်သက်သည့် တာအိုလမ်းစဉ်များကို လျှောက်လှမ်းကာ သိုင်းအင်ပါယာ ဖြစ်လာကြခြင်း ဖြစ်သည်။
ဓားပညာကို အထူးပြုလေ့ကျင့်သော ဓားအင်ပါယာဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ ပေါ်မလာခဲ့သည်မှာ အချိန်အတော် ကြာမြင့်ခဲ့ပြီဖြစ်၏။
ဓားမော့ကို လေ့ကျင့်သော ဓားမော့ အင်ပါယာတစ်ယောက်သာ ရှားရှားပါးပါးပေါ်လာခဲ့ဖူးသည်။ "ချီးထဲမှ …နောက်ဆုံးတော့ ငါတကယ့်ကို တော်တဲ့ တပည့်တစ်ယောက်ကို ခေါ်ယူနိုင်ခဲ့ပြီပဲ။"
ကျွင်းချောင်းရှောင်း မြန်မြန်ဆန်ဆန်ပဲ နေကာမျက်မှန်အား ထုတ်တပ်၍ ကျိုးဟုန်အား ကြည့်လိုက်၏။
ကျင့်ကြံခြင်း ???
ပင်ကိုစွမ်းရည် ???
အားအင် ???
"ချီးထဲမှ … ဘာလို့ ဒါတွေ အကုန်လုံးက ကော်ရှင်မက် သင်္ကေတတွေ ဖြစ်နေရတာလဲ။ သူက အရမ်းအားကောင်းလွန်းလို့ အချက်အလက်တွေ ကြည့်ရှုလို့တောင် မရတော့ဘူးလား။"
စနစ်မှရှင်းပြလိုက်သည်။ "နေကာမျက်မှန်သည် သိုင်းလေ့ကျင့်တဲ့ ကျင့်ကြံသူတွေကိုပဲ ကြည့်ရှုလို့ ရနိုင်သည်။ တစ်ခြားကျင့်ကြံသူများကို ကြည့်ရှုလို့မရနိုင်။"
"ငါသိပြီ။"
ကျွင်းချောင်ရှောင်း နားလည်သွားမိသည်။
လီချင်းယန် ပြောလိုက်သည်။ "ဂိုဏ်းချုပ် … ဂျူနီယာကျိုးက ဓားကျင့်ကြံသူတစ်ယောက်ပဲ အခုသူ ဓားတာအိုကို နားလည်နေပြီ ။ ကျွန်တော်တို့ သူ့ကို မနှောက်ယှက်ရင်ကောင်းမယ်။"
"မှန်တာပေါ့။" ကျွင်းချောင်ရှောင်း အဝေးသို့ အသာထွက်ခွာသွားလိုက်သည်။
လမ်းတစ်လျောက်တွင်တော့ လီချင်းယန်ဆီမှ ဓားကျင့်ကြံခြင်း အကြောင်းကို နားထောင်ပြီးသည့်နောက် ကြိတ်ကာ ပြောလိုက်မိ၏။
"ငါ့ဆီမှာ ဓားတာဝန်နဲ့ ပတ်သက်တဲ့ ပင်ကိုယ်စွမ်းရည် အဆင့်မြင့်မြင့်နဲ့ ရှိမယ်ဆိုရင် လင်းကျန့် ဓားသိုင်းကို လေ့ကျင့်ဖို့ အတွက် လွယ်ကူနိုင်မယ်ထင်တယ်။"
စနစ်မှ ပြောလိုက်သည်။
"စနစ်၏စတိုးထဲတွင် ဓားစွမ်းရည် ပင်ကိုယ်ပြောင်းလဲခြင်း ဆေးရည် ရှိသည်။"
"အဲလိုမျိုးလည်း ရှိတာပဲလား" ကျွင်းချောင်ရှောင်း ထအော်လိုက်မိသည်။
စနစ်မှ ပြောလိုက်သည်။ “လက်ခံသူတွင် ဂိုဏ်းစုဆောင်းမှတ်များ လုံလုံလောက်လောက် ရှိသည်ဆိုရုံသာမက ကံကောင်းလျှင် ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်သော ပစ္စည်းများ ရရှိနိုင်သည်။”
"ငါ့အနေနဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို ပိုမိုရအောင် စုဆောင်းဖို့ လိုတယ်။" ကျွင်းချောင်ရှောင်းသည် စဉ်းစားလိုက်မိ၏။
ကျိုးဟုန်သည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူ၏ကျင့်ကြံခြင်း နည်းစနစ်သည်လည်း သိုင်းကျင့်ကြံခြင်း နည်းစနစ်များနှင့် ခြားနားလှသည်။
ကျွင်းချောင်ရှောင်းသည် တစ်ခြားသော တပည့်များနှင့် လေ့ကျင့်ရန် အတင်းကာရော ဖိအားမပေးခဲ့ပေ။ အတွင်းခြံဝန်းထဲတွင် တစ်ယောက်တည်း ထားရှိပြီး ဓားအား နားလည်အောင် ကျင့်ကြံစေ၏။
ဤလိုနှင့်ပဲ ကျိုးဟုန်သည် ဗိုက်ဆာ၍ သွားကာ စားသောက်သည်က လွလျှင် သိုင်းလေ့ကျင့်ရေးကွင်းထဲမှာပဲ နှစ်ရက်ဆက်တိုက် လေ့ကျင့်လျက်ရှိသည်။ သူသည် စိတ်ရှည်လက်ရှည်နှင့် ဓားကွက် တစ်ခုအား နားလည်အောင် ကြိုးစားလျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် တစ်ခါတစ်လေ အဝေးမှလာ၍ လှမ်းလှမ်း ကြည့်လျက် ရှိသည်။
လင်းကျန်ဓားသိုင်း ဖန်တီးသူသည် အဘယ့်ကြောင့် သူ့ကိုယ်သူ တစ်ကိုယ်တော် ဓားအင်ပါယာဟု သတ်မှတ်ခဲ့သည် ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်း နားလည်သွားမိ၏။
တစ်ကိုယ်တော် … တစ်ယောက်တည်း။
လူတစ်ယောက် ….. ဓားတစ်လက်။
ဤကဲ့သို့သာ ဆက်လက်ကျင့်ကြံမည်ဆိုပါက ကျိုးဟုန်သည် ဓားအင်ပါယာတစ်ယောက် ဖြစ်လာနိုင်ပေသည်။ သို့ပေမဲ့ သူသည် ကျိန်းသေပေါက် အထီးကျန်သော သူတစ်ယောက် ဖြစ်လာလိမ့်မည်။
"သူသံမဏိအရိုးဂိုဏ်းနဲ့ တစ်သားတည်းဖြစ်ပြီး သူ့ကိုယ်သူ ဂိုဏ်းရဲ့ တပည့်တစ်ယောက်လို သတ်မှတ်သည်အထိ စောင့်ကြတာပေါ့။ ပြီးရင် ငါသူ့ကို လင်းကျန် ဓားသိုင်း သင်ပေးမယ်။" ကျွင်းချောင်ရှောင်း တွေးလိုက်၏။
ကျိုးဟုန်သည် ဓားကျင့်ကြံခြင်းနှင့် ပတ်သက်၍ အထီးကျန်သည်ဆိုသော်လည်း ရိုင်းစိုင်းလှသည့် လူတစ်ယောက်တော့ မဟုတ်ပေ။
စားသောက်ခန်းထဲတွင် ဂိုဏ်းချုပ်နှင့်တွေ့ဆုံသည့်အချိန်မျိုးတွင် သူသည် ဦးညွှတ်ကာ ဂါဝရပြု နှုတ်ဆက်တတ်သည်။
သို့ပေမဲ့ စားသောက်ခန်း၏ ထောင့်တစ်ခု တွင်ထိုင်၍ ငြိမ်ငြိမ်သက်သက် စားသောက်ရသည်ကို အထူးနှစ်သက်၏။ အထူးသဖြင့် အစားအစာတစ်ခုချင်းစီတိုင်း ဆန်တစ်စေ့တိုင်း၏ အရသာကို အာရုံခံစားသောက်တတ်၏။
လျိုဝမ်ရှု၏ အစားအသောက် လက်ရာကို ငြင်းဆန်၊ခုခံနိုင်သည့်လူဟူ၍ မရှိပေ။
လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင် လီလိုရှု သည်ပင်လျှင် စားသောက်ခန်းထဲသို့ အချိန်မှန် ရောက်ရှိလာတတ်၏။
ဟောခန်းသခင်၏ စားပွဲသည် သူမတစ်ယောက်တည်းသာရှိသည်။
ကျွင်းချောင်ရှောင်းသည် အစားအသောက်များကို ကိုင်၍ ဘေးတစ်ဖက်၌ ထိုင်လိုက်၏။ ပြီးနောက် ကြက်သွန်အစိမ်းတစ်ခုအား ကိုက်ကာ ပြောလိုက်သည်။ "ဘယ်လိုတွေ စီစဉ်ထားလဲ။"
လီလိုရှုသည် သူ၏ နှာခေါင်းကို အုပ်ကာ ပြောလိုက်၏။
"ချင်းယန်နိုင်ငံမှာ ရှိတဲ့ မြို့ရှစ်မြို့ကို လူတွေ လွှတ်လိုက်ပြီးပြီ။ မနက်ဖြန်ကျရင် သူတို့သက်ဆိုင်တဲ့သတင်းအချက်တွေ ပို့ပေးလိမ့်မယ်။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် ဟူးကနဲ လေကို မှုတ်ထုတ်ကာ ပြောလိုက်သည်။ "ငါ့ပါးစပ်က နံလား။"
"အရမ်းနံတယ်။"
လီလိုရှုသည် မျက်နှာကို ဘေးတစ်ဖက်ဆီသို့ လှည့်ကာ ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် စုချောင်မိုရှေ့သို့ လျှောက်သွားပြီး ဟူးခနဲ လုပ်လိုက်သည်။ "နံလား။"
စုချောင်မိုသည် မျက်လုံးတွေ ချာချာလည်ပြီး ထိုင်နေသည့် စားပွဲပေါ်မှ ပြုတ်ကျသွားတော့သည်။
စွန်းပုကုံး သည် ရုတ်တရက် လက်ကိုမြှောက်၍ မတ်တပ်ရပ်လိုက်သည်။
"ဂိုဏ်းချုပ်ရဲ့ ပါးစပ်က နံတယ်။ ဒါပေမဲ့ စီနီယာအစ်ကိုစုက မေ့လဲသွားခဲ့တယ်ဆိုတာ ကျောက်ကပ် အားနည်းတာပဲ ဖြစ်ရမယ်။"
………
နောက်တစ်ရက်မှာတော့ မြို့ရှစ်မြို့ဆီမှ သတင်းအချက်အလက်များ အားလုံးသည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အချက်အလက်များ အားလုံးသည် အသေးစိတ်ကျ၏။ လီလိုရှုသည် အချက်အလက်အားလုံးကို တစ်ခါတည်း အလျှင်စလို မပေးလိုက်ချေ။ တစ်ခုချင်းစီအား သေချာလေ့လာသုံးသပ်၍ အချောသပ်ကာ ပြန်၍ သတင်းပို့လိုက်တော့သည်။
တော်တော်များများသည် အသုံးမဝင်သည့် သတင်းအချက်အလက်များ ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မြို့ထဲတွင်ရှိသော အခြေအနေများအား ဤသတင်းအချက်အလက် များမှတစ်ဆင့် သိရှိနိုင်၏။
အပြင်ကမ္ဘာမှာ ဖြစ်ပျက်နေသည်များကို လျစ်လျူရှုထားသည်ထက်စာလျှင် အသုံးမဝင်သည့်သတင်းများ ဖြစ်နေလျှင်တောင်မှ သူ့အတွက် အဆင်ပြေသေးသည်။
"ဂိုဏ်းချုပ်"
လီလိုရှု ပြောလိုက်သည်။ "သုံးရက်ကြာရင် လီရန်မြို့မှာရှိတဲ့ အိုက်ကလန်က ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနဲ့ ပတ်သက်ပြီး တရားဝင် လေလံပွဲ ပြုလုပ်လိမ့်မယ်။ အဲမှာ ကလန်တော်တော်များများနဲ့ ဂိုဏ်းတော်တော်များများက လေလံပွဲကို တက်ရောက်ဖို့ လီရန်မြို့ထဲမှာ လာစုဝေးနေကြတယ်။ အဆင့်ငါး ဂိုဏ်းတွေတောင်မှ ပါတယ်လို့ ပြောရမယ်။"
"ဒီလိုလား။"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ပြီး စဉ်းစားမိလိုက်၏။ "အိုက်ကလန်က လေလံပွဲကို ဘယ်လိုကြေညာရမလဲဆိုတာကို ကောင်းကောင်းသိတာပဲ။ အဆင့်ငါးဂိုဏ်းတွေတောင်မှ ဂရုစိုက်နေရတယ်။ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး ဆယ်လုံးကတော့ မိုးလောက်မြင့်တဲ့ ဈေးနှုန်း နဲ့ ရောင်းရမှာ သေချာတယ်။"
သူသည် ဤဆေးလုံးများအား ဈေးမြင့်မြင့်နဲ့ ရောင်းချနိုင်စေဖို့ မျှော်လင့်မိ၏။ ထိုမှသာ ပိုက်ဆံများများ ရှာနိုင်မည် မဟုတ်လား။
လီလိုရှု ပြောလိုက်သည်။ "ဂိုဏ်းချုပ် အိုက်ကလန်ဆီက ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးက ဒဏ်ရာရပြီးရင် ချက်ချင်း သက်သာလာနိုင်တယ်လို့ ကျွန်မ ကြားထားတယ်။ ဒီတော့ ကျွန်မဆီမှာ ရဲရင့်တဲ့ အကြံအစည်တစ်ခုရှိတယ်။ ပြောလို့ရမလား မသိဘူး။"
"ပြောသာပြောပါ။"
"သွားခိုးရအောင်။"
ထိုင်ခုံ၏ လက်ရမ်းပေါ်တွင် မေးထောက်၍ ဟိတ်ဟန်အပြည့်နှင့် နားထောင်နေသော ကျွင်းချောင်ရှောင်းသည် ဟောခန်းသခင်လီ၏ စကားကို ကြားချိန်မှာတော့ လက်ချော်ပြီး ထိုင်ခုံပေါ်မှ ပြုတ်ကျမလိုပင် ဖြစ်သွားရ၏။
သူ၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် နှင့် တုန်ရင်နေသည်။
"ဟောခန်းသခင်လီရဲ့ အကြံက အရမ်းကြမ်းတာပဲ။"
"ဂိုဏ်းချုပ် သဘောတူတာလား။" လီလိုရှုသည် ပျော်ရွှင်စွာနှင့် ပြောလိုက်သည်။
ချီးထဲမှ ….ဘာကို သဘောတူရမှာတုန်း။ ဒီဆေးကို ရောင်းတာက ငါလေ။ ငါက ဘာလို့ ပြန်ခိုးရမှာလဲ။
"လီလိုရှု။"
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည်။ "မင်းက အခု ဂိုဏ်းရဲ့ အဓိက ကျောထောက်နောက်ခံဖြစ်နေပြီ။ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်မဟုတ်ဘူး။ ဘယ်လိုကြောင့် လုဖို ယက်ဖို့အထိ စဉ်းစားနေရတာလဲ။"
"ဟုတ်ပါပြီ။"
လီလိုရှုသည် အသာလက်ပိုက်ပြီး ပြောလိုက်သည်။ "ကျွန်မအခု ဟောခန်းသခင်တစ်ယောက်ဖြစ်နေပြီ။ လုယက်မယ်လို့ စဉ်းစားရင် ဂုဏ်သက္ခာကျဆင်းသွားမှာပဲ။ ဒါပေမဲ့ ဒီဆေးက တကယ့်ကို မှော်ဆန်လွန်းတယ်လေ။ ကျွန်မတို့ နည်းနည်းလေးရမယ်ဆိုရင်တောင်မှ တပည့်တွေ ဒဏ်ရာရရင် ဆေးကုပေးဖို့ စိတ်ပူစရာမလိုတော့ဘူး။"
ဘုတ်။
ကျွင်းချောင်ရှောင်းသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးပုလင်းအား စားပွဲတစ်ခုပေါ်တွင် တင်ကာ ပြောလိုက်သည်။
"ဒါက မင်း ပြောတဲ့ အိုက်ကလန်ရဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးပဲ။ ဒီထဲမှာ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးဆယ်လုံးရှိတယ်။ ကြိုက်ရင် ယူသွားလိုက်။"
လီလိုရှု ကြောင်သွားသည်။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ "ဂိုဏ်းချုပ် လာမစနဲ့နော်။ အိုက်ကလန် အရင်တစ်ခေါက်လေလံဆွဲတဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးက တစ်လုံးကို တစ်သိန်းလောက်နဲ့ ရောင်းခဲ့ရတာ။ ဂိုဏ်းချုပ်ဆီမှာ ဘယ်လိုလုပ် ပုလင်းလိုက်ရှိနေရတာလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ငါက အိုက်ကလန် ခေါင်းဆောင်နဲ့ တော်တော်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ ဒါကြောင့် သူ ငါ့ကို တစ်ပုလင်းပေးထားတာ။"
လီလိုရှု၏ မျက်လုံးများသည် ပေကလပ် ပေကလက် ဖြစ်သွားသည်။ "ကျွန်မကို ရူးနေတယ်များ ထင်နေတာလား။"
"မင်း မရူးပါဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လီလိုရှုသည် မျက်လုံးတွေ ချာချာလည်သွား၏။ ပြီးနောက် လှည့်ထွက်သွားလိုက်၏ "မရူးဘူးဆိုရင် ဘာလို့ ဂိုဏ်းချုပ်ရဲ့ ဟာသကို ယုံရမှာလဲ။"
ဆေးပုလင်းကို မယူဘဲ ထွက်ခွာသွားသည့်အမျိုးသမီးကို ကြည့်ပြီး ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းလိုက်မိ၏။
"မင်းက အခု မရူးဘူး။ မကြာခင် ရူးတော့မှာ။"