အခန်း (၁၄၂)
Vol. 10 Ch. 142
အိုက်ရှန်းရီသည် သူ၏စိတ်ထဲတွင် ရည်မှန်းချက်နှစ်ခုဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ပထမတစ်ခုသည် သူ့တွင် ရှိသော ငွေလွှဲစာချုပ် နှစ်သန်းအား လာရောက်ပေးအပ်ခြင်း ဖြစ်သည်။ ဒုတိယအနေနှင့် သူသည် ပြန်လည်ကုစားခြင်း ဆေးလုံးတစ်ချို့အား ပြန်လည်ဝယ်ယူချင်သောကြောင့် ဖြစ်၏။
သူသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအတွက် ငွေတစ်သန်းပေးကာ သုံးစွဲခဲ့ရ၏။ သို့ပေမဲ့ ခြောက်သန်းကျော် ပြန်လည်ရရှိအောင် ရောင်းချနိုင်ခဲ့သည်။
ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းအား နှစ်သန်းပေးအပ်သည်ဆိုသည်မှာ ကောင်းမွန်သည့်ကိစ္စပင် ဖြစ်၏။
လီလိုရှု သည် ဆွံအသွားမိ၏။
ဂိုဏ်းချုပ် စောနတုန်းက ထုတ်ပေးခဲ့သော ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများသည် တကယ့်ကို စစ်မှန်သည့် ဆေးလုံးများ ဖြစ်နေသည်။
ထို့အပြင် အိုက်မိသားစု၏ခေါင်းဆောင်သည် ဂိုဏ်းချုပ်ကျွင်းအား ဆေးလုံးနှင့် ပိုက်ဆံများကို ဤအတိုင်း ပေးနေလေ၏။ အလွန်တရာ ရက်ရောလှသည်ဟု ဆိုရမည်။
ကျွင်းချောင်ရှောင်းသည် ငွေလွဲစာချုပ်များကို လက်ခံပြီးသည့်နောက် လက်သီးဆုပ်ကာ ပြောလိုက်၏။ "အိုက်မိသားစုခေါင်းဆောင်နဲ့ အလုပ်လုပ်ရတဲ့အတွက် ကျွန်တော် အရမ်းကို ပျော်ရွင်မိတယ်။"
အိုက်မိသားစုရဲ့ ဈေးကွက်ချဲ့ထွက်ခြင်း မပါဝင်ဘဲ သူကိုယ်တိုင် ရောင်းချမည်ဆိုလျှင် ဤမျှ များပြားသော ပိုက်ဆံများကို ရရှိနိုင်မည် မဟုတ်ပေ။
အိုက်ရှန်းရီ ပြုံးလိုက်သည်။ "ကျုပ်တို့ အိုက်မိသားစုကလည်း ဂိုဏ်းချုပ်ကျွင်းနဲ့ အလုပ်လုပ်ရတဲ့အတွက် အရမ်းကိုပဲ ပျော်ရွှင်မိပါတယ်။"
လီလိုရှုသည် ဘေးနားမှာ ကြည့်နေရင်းနဲ့ မေးလိုက်မိ၏။ "ဘာတွေတွဲလုပ်တာလဲ။"
"ဂိုဏ်းချုပ်ကျွင်း။"
အိုက်ရှန်းရီသည် စားပွဲပေါ်သို့ သိုလှောင်လက်စွပ်တစ်ခုအားတင်ကာ ပြောလိုက်၏။ "ဒီထဲမှာ အရင်တုန်းက ခင်ဗျားဝယ်ခဲ့တဲ့ ဆေးပင်တွေပါတယ်။ အိုက်မိသားစုက ဒီဆေးပင်ကို ရဖို့အတွက် တစ်လလောက် ကြိုးစားပြီးရှာခဲ့ရတာ။"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွား၏။ သူ့တွင် လက်ရှိလိုအပ်နေသည်မှာ ဆေးဖော်စပ်ရန်အတွက် ဆေးပင်ကုန်ကြမ်းများပင် ဖြစ်၏။
မူလအားဖြင့်သူသည် ဟူရန်မြို့သို့ ခရီးထွက်၍ ဆေးပင်များ ရှာဖွေမည်ဟု စဉ်းစားထား၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ အိုက်မိသားစု ခေါင်းဆောင်သည် ရှေ့ရေးကို မျှော်တွေး၍ သူ့အတွက် အဆင်သင့် ပြင်ဆင်ပေးထား၏။
"ဘယ်လောက်ကျလဲ။"
"ကျုပ်တို့ရဲ့ ခင်မင်ရင်းနှီးမှုအရ ပိုက်ဆံကိစ္စပြောရင် ဘယ်ကောင်းပါ့မလဲ။ ဒါတွေကို ဂိုဏ်းချုပ်ကျွင်းကို လက်ဆောင်ပေးဖို့ ယူလာတာပါ။"
လီလိုရှု သည် မျက်လုံးများ ပြူးကျယ်သွားမိသည်။
ဆေးလုံးများ ၊ ငွေသားများအပြင် ဆေးပင်များပါ ပေးနေသည်။ အိုက်မိသားစုခေါင်းဆောင်နှင့် ဂိုဏ်းချုပ်ကျွင်းသည် မည်မျှရင်းနှီးသနည်း။
"ဒါ … ဒါက"
ကျွင်းချောင်ရှောင်း အားနာသည့်ပုံစံမျိုး ဟန်ဆောင်လိုက်၏။ပြီးနောက် သူသည် သိုလှောင်လက်စွပ်ကို လက်ခံယူပြီး ပြောလိုက်၏။ "အိုက်ခေါင်းဆောင် …. ကျေးဇူးတင်ပါတယ်။"
သူ့အား အိုက်ရှန်းရီ ပိုက်ဆံနှင့် ဆေးပင်များ ပေးနေသည့် အကြောင်းအရင်းကို ကောင်းကောင်း သိ၏။
ထို့ကြောင့် သူသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများ ပါဝင်သောဆေးပုလင်းအား စားပွဲပေါ်သို့ တင်လိုက်သည်။ "ကျုပ်က ဒီရက်ပိုင်းအတွင်းမှာ ဆေးတွေ တော်တော်များများကို သန့်စင်ထားတယ်။ အိုက်အကြီးအကဲက ကျုပ်အစား လေလံပွဲဆွဲပေနိုင်မလား။"
သူ့အစား လေလံဆွဲတာ ဟုတ်လား။
ဂိုဏ်းချုပ်ကျွင်းသည် ဤဆေးလုံးများအား သင့်တော်သောပမာဏတွင် ရောင်းချရန် စိတ်ကူးမရှိကြောင်းကို အိုက်ခေါင်းဆောင် နားလည်သွားမိ၏။ သူတို့သည် အကျိုးအမြတ်ကို ခွဲယူရန် စဉ်းစားထားပုံပေါ်သည်။
“ဂိုဏ်းချုပ်ကျွင်းက ကျုပ်တို့ အိုက်မိသားစုကို ဒီလောက်ယုံကြည်နေမှတော့ အိုက်မိသားစုက ခင်ဗျားအစား လေလံပွဲကို တာဝန်ယူပေးရမှာပေါ့။”
"ဒါပေမဲ့ ဈေးနှုန်းက …."
"ခင်ဗျား ခြောက် ယူ ကျွန်တော် လေးယူမယ်။"
အိုက်ရှန်းရီ ၏ အမူအရာတစ်ခုလုံးသည် အေးခဲသွားမိ၏။
သူသည် နှစ်ဆယ် - ရှစ်ဆယ် ဒါမှမဟုတ် သုံးဆယ် - ခုနစ်ဆယ် စသဖြင့် ခွဲခြမ်းရန် ကြိုတင် စဉ်းစားထားပြီးဖြစ်၏။
သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပင် တစ်ဖက်လူသည် လေးဆယ်ခြောက်ဆယ်ဟု ခွဲခြမ်းပေးနေသည်။ သူ့အတွက် များပြားလှသည့် နှုန်းထားကို ရရှိလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
"အမှန်ပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါပေမဲ့ ကျုပ်ဆီမှာ ထပ်ပြီးတော့ တောင်းဆိုစရာလေး ရှိသေးတယ်။ အိုက်ခေါင်းဆောင် သဘောတူမယ်လို့ မျှော်လင့်မိတယ်။"
"ကျေးဇူးပြုပြီး ပြောပါ။"
"အိုက်မိသားစုရဲ့ ဆေးဆိုင်တွေကနေ ဆေးပင်တွေကို ကူညီပြီး ရှာပေးဖို့ တောင်းဆိုချင်တယ်။ ပြီးတော့ လစဉ်လတိုင်း သံမဏိအရိုးဂိုဏ်းဆီကို ပို့ပေးပေါ့။"
လက်ရှိအချိန်၌ သံမဏိအရိုးဂိုဏ်း၏ တပည့်များသည် ပိုမိုအားကောင်းလာချင်သည်ဆိုပါက ဆေးခန်းမဆောင်၏ ဆေးလုံးများကို အမှီသဟဲပြုရန်လို၏။ ထို့ကြောင့်ပင် သူသည် သူတို့၏ အမြတ် တော်တော်များများ ကို အိုက်မိသားစုကို လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။
ထိုမှသာ အိုက်မိသားစုအနေနှင့် ဆေးပင်များကို လိုလိုချင်ချင်နှင့် ရှာဖွေပေးချင်မည် မဟုတ်လား။
"ပြဿနာမရှိဘူး။" အိုက်ရှန်းရီ သည် တစ်ချက်လေးမှ မတွန့်ဆုတ်ဘဲ ပြောလိုက်မိ၏။
ထုံးစံအတိုင်းပဲ သူတို့သည် စာချုပ်ကို လက်မှတ်ထိုး၍ တံဆိပ်တုံးများ ထုနှက်လိုက်ကြသည်။
အရောင်းအဝယ်ကိစ္စ ပြီးဆုံးသွားပြီးနောက်မှာတော့ အိုက်ရှန်းရီ သည် ကျွင်းချောင်ရှောင်းကို နှုတ်ဆက်၍ ထွက်ခွာသွားရန် ပြင်လိုက်သည်။ "အိုက်ခေါင်းဆောင် … ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် ဆေးလုံးအမျိုးအစားတစ်မျိုးကို သုတေသန ပြုလုပ်ထားတယ်။ ဒါကို ပူးပေါင်းဖို့ရော စိတ်ဝင်စားရဲ့လား။"
"စိတ်ဝင်စားတာပေါ့။"
အိုက်ရှန်းရီ အလောတကြီးဖြင့် ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အဆင့်နိမ့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးငါးလုံးအား ထုတ်ယူ၍ ပြောလိုက်သည်။ "ဒီဆေးလုံးတွေကို ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးလို့ ခေါ်တယ်။ သိုင်းပညာရှင်တစ်ယောက်က ဒါကို သောက်မယ်ဆိုရင် ခန္ဓာကိုယ်နဲ့ မရီဒန်တွေအားလုံး အားကောင်းလာလိမ့်မယ်။"
"အံ့အားသင့်စရာပဲ။"
အိုက်ရှန်းရီ ထအော်လိုက်မိ၏။
အိုက်မိသားစုအနေနှင့် ရောင်းချသော ဆေးလုံးများသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများနှင့် ပြန်လည်ကုစားခြင်းဆေးလုံးများဖြစ်၏။ လူတစ်ယောက်၏ ခန္ဓာကိုယ်အားအင်အား တိုက်ရိုက်တိုးတက်အောင် လုပ်နိုင်သည့် ဆေးလုံးဟူ၍ သူတို့မှာ မရှိသေးပေ။ အိုက်ခေါင်းဆောင်တင်မက ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်လည်း ခန္ဓာကိုယ်အားအင်ကို တိုးတက်စေသည့် ဆေးလုံးမျိုး မရှိပေ။
ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို သန့်စင်ထားနိုင်သော ကျွင်းချောင်ရှောင်း အနေဖြင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို သန့်စင်ထားနိုင်မည်ဆိုသည်ကို အိုက်ရှန်းရီ အနေဖြင့် သံသယမရှိချေ။ ထို့ကြောင့် သူအလောတကြီးမေးလိုက်သည်။ "ဈေးနှုန်းကကော"
"အိုက်မိသားစုကပဲ ဒါကိုလေလံပွဲအနေနဲ့ တာဝန်ယူပြီး လုပ်လိုက်။ကျွန်တော် လေးဆယ်ရာခိုင်နှုန်းယူမယ် ခင်ဗျားတို့က ခြောက်ဆယ်ရာခိုင်နှုန်းယူ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ကောင်းပါပြီ။" အိုက်ရှန်းရီ သည် စာရွက်တစ်ရွက်ကိုထုတ်၍ စာချုပ်တစ်ခုရေးကာ နှစ်ယောက်သားလက်မှတ်ထိုးလိုက်ကြ၏။
အိုက်ရှန်းရီ သည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. မိသားစုကိစ္စတွေ လုပ်စရာရှိသေးလို့ ကျုပ်အရင် သွားလိုက်ပါအုန်းမယ်။"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်၍ အပြင်ဘက်သို့ လိုက်ပို့လိုက်၏။
အိုက်ခေါင်းဆောင် ထွက်ခွာသွားပြီးသည့်နောက် လီလိုရှုသည် သတိပြန်ဝင်လာသည်။
သူမ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်နေ၏။ "ဂိုဏ်းချုပ် အိုက်မိသားစုက လေလံပွဲပြုလုပ်ခဲ့တဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတွေကို သန့်စင်တဲ့သူက ရှင်လား။"
"ဟုတ်တယ်လေ။" ကျွင်းချောင်ရှောင်းပြောလိုက်၏။
"အားး" လီလိုရှုသည် ရုတ်တရက် ထအော်လိုက်၏။
ကျွင်းချောင်ရှောင်းသည် ထိတ်လန့်စွာဖြင့် မြေပေါ်လဲကျတော့မလို ဖြစ်သွားသည်။ ပြီးနောက် သူ နားတွေကိုအုပ်ကာ ပြောလိုက်၏။ "ခင်ဗျားရူးသွားပြီလား။"
လီလိုရှုသည် အော်ဟစ်နေရာမှ ရပ်တန့်၍ လေးလေးနက်နက်အမူအရာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဆေးပုလင်း ပေးမယ်လို ပြောထားတာလေ ။ အဲစကားကို ပြန်ပြီးမရုတ်သိမ်းဘူးမဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကိုဖြန့်ပြပြီးပြောလိုက်သည်။ "ခင်ဗျားပဲရူးနေတာမဟုတ်ဘူးဆို ။။ ဘာလို့အဲ့ဒါကိုလိုချင်တာတုန်း။"
လီလိုရှုသည် သူမ၏ဆံပင်များကိုဆွဲရင်း သတိလစ်မေ့မြောတော့မလိုပင်ဖြစ်နေ၏။
"ဒီကိစ္စကို နောက်မှပြောကြတာပေါ့။" ကျွင်းချောင်ရှောင်းဟာသလုပ်လိုက်၏။ "ကျုပ် အိုက်ခေါင်းဆောင်ကို ဆေးပုလင်းပေးလိုက်ပြီးပြီ။ဒါကြောင့် ဆေးလုံးတွေမရှိတော့ဘူး။"
"အားး"
လီလိုရှုသည် သူမ၏ခေါင်းကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ပြီး တတွတ်တွတ်နှင့် ရေရွတ်လျက်ရှိ၏။ "ငါညံ့လိုက်တာ … ငါရူးနေပြီ ငါရူးနေပြီ။"
ကျွင်းချောင်ရှောင်း သည် သူ၏ ခေါင်းကို ရမ်းခါပြီး ပြုံးလိုက်၏။
ပြီးနောက် စားပွဲပေါ်သို့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်လုံးအားတင်၍ ပြောလိုက်သည်။ "ဒါကိုယူလိုက်။"
လီလိုရှု ပျော်ရွှင်သွား၏။
သူမသည် အလောတကြီးဖြင့် လက်ထဲတွင်ရှိသော ဆေးပုလင်းအား သေသေချာချာစစ်ဆေးကြည့်ရှုလိုက်၏။ ထို့အပြင် ဤဆေးလုံးသည် ခြောက်သန်းတန်သော ရတနာတစ်ခု ဖြစ်နေသည်မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် သူ၏အသစ်ခန့်အပ်လိုက်သော ဟောခန်းသခင်အတွက် ကပ်စီးနည်းခြင်းမရှိပေ။ ထို့အပြင် သူမအတွက် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများအား ပေးကာ ပြောလိုက်သည်။ "ဒါတွေကို မိုးဆွေဟောခန်းက အဖွဲ့ဝင်တွေအတွက် တစ်လုံးစီပေးလိုက်။"
သူမသည် သိုလှောင်လက်စွပ်ထဲသို့ ဆေးလုံးများကို သိမ်းဆည်းပြီးသည့်နောက် ကျွင်းချောင်ရှောင်း အားကြည့်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ် … ကျေးဇူးအရမ်းတင်ပါတယ်။"
…….
ညရောက်လာချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏စာကြည့်ခန်းထဲတွင်ထိုင်၍ ဆေးသန့်စင်ဆောင်အား ဖွင့်လိုက်၏။
ပါဝင်သော ဆေးပင်အမျိုးအစားများအလိုက် ဆေးလုံးငါးလုံးသည် အလိုအလျောက် သန့်စင်လျက်ရှိ၏။
အိုက်ခေါင်းဆောင်သည် ဆေးပင်နှင့်ပတ်သက်သည့် ပစ္စည်းအမျိုးအစားများအား များများစားစားပေးပို့ခဲ့သည်။
ထို့ကြောင့် သူသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတစ်ထောင်၊ ခန္ဓာကိုယ်ဖြစ်တည်ခြင်း နှင့် ချီစုစည်းခြင်းဆေးလုံးငါးရာ ၊ မရီဒန်ဖွင့်ခြင်းဆေးလုံး ခုနစ်ရာကျော်နှင့် ချီလေပွေဆေးလုံး သုံးရာကျော်တို့ကို သန့်စင်နိုင်ပြီဖြစ်သည်။
ချီလေပွေဆေးလုံးများသည် အနည်းငယ်လောက်ရှိလျင်ကို အဆင်ပြေသည်ဟု ဆိုရမည်။ ထို့အပြင် တပည့်များအား သူ ဂိုဏ်းသားအဖြစ် လက်ခံပြီးချိန်တွင် တစ်ယောက်ကို တစ်ခုစီသာ ပေးသည်မဟုတ်လား။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အခုကစပြီးတော့ ချီစုစည်းဆေးလုံးတွေက များများရလေကောင်းလေ။ ကံဆိုးတာက ဆေးပင်ထဲပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက ရှာရခက်တာပဲ။"
"ဒင် ဒင် ဒင်"
သူသည် ဆေးလုံးများကို သန့်စင်လျက်ရှိ၏။
နာရီအနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ဆေးလုံးအမျိုးအစားငါးလုံးသည် သန့်စင်ပြီးဖြစ်နေ၏။
"ဟုတ်ပြီ။ စီနီယာဝေစိုက်ထားတဲ့ ဆေးပင်တွေ အခြေအနေဘယ်လိုရှိလဲ မသိဘူး။"
နောက်တစ်ရက်မှာတော့ ဂိုဏ်း၏ကိစ္စဝိစ္စများကို ပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည် ဆေးဥယျာဉ်ဆီသို့သွား၍ ကြည့်လိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဆွံအသွားမိ၏။
ဆယ်ဧကနီးပါးရှိသော ဆေးစိုက်ပျိုး ရာကွင်းပြင်ကြီးတစ်ခုလုံးတွင် များပြားလှသောဆေးပင်များနှင့် ဝေဆာလျက်ရှိသည်။
ကောင်းကင်တွင်လည်း စိတ်ဝိညာဉ်စွမ်းအင်များသည် စုစည်းလျက်ရှိနေ၏။
စီနီယာဝေသည် ထိုဆေးပင်များထဲတွင် တကုတ်ကုတ်နှင့် အလုပ်လုပ်လျက်ရှိ၏။သူ၏အိုမင်းရင့်ရော်နေသော မျက်နှာပေါ်တွင် အပြုံးတွေ ဝေနေသည်။
သူစိုက်ပျိုးခဲ့သောဆေးပင်များ ဝေဆာ ပွင့်လန်းနေသည်ကိုကြည့်၍ အလွန်အမင်း စိတ်ကျေနပ်သဘောကျနေပုံပေါ်၏။
ဆေးဥယျာဉ်ထဲရှိ အဆောင်ငယ်လေးတစ်ခုထဲမှာတော့ များပြားလှသော ဆေးဥယျာဉ်ထဲရှိ ဆေးပင်များကို ကြည့်ရင်း ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ငှဲသောက်ကာ ခံစားချက်အပြည့်ဖြင့်ပြောလိုက်သည်။ "ဒီလောက်အချိန်တိုအတွင်း စီနီယာဝေက ဆေးပင်တွေအများကြီး ကြီးထွားအောင် စိုက်ပျိုးနိုင်မယ်လို့ ကျုပ်ထင်ကိုမထင်ထားခဲ့ဘူး။"
အဖိုးအိုဝေက ပြောလိုက်သည်။
"ဒီမှာ အရင်တုန်းက ဘာဆေးပင်မှ မစိုက်ပျိုးဘူး။ဒါကြောင့် ဆေးပင်တွေရဲ့ ကြီးထွားမှုနှုန်းက ပိုပြီးတော့ ကောင်းလာတယ်။ပြီးတော့ ဆေးပင်တွေ ကြီးထွားမှုနှုန်းကလည်း မြန်ခဲ့တယ်။"
ကျွင်းချောင်ရှောင်းသည်ရေနွေးခွက်ကို အသာချ၍ ပြောလိုက်၏။ "စီနီယာဝေ .. ခင်ဗျားစိုက်ပျိုးထားတဲ့ ဆေးပင်တွေကို ဈေးကွက်မှာရောင်းမယ်ဆိုရင် ဘယ်လိုနေမလဲ။"
အကြီးအကဲဝေသည် သူ၏ဂိုဏ်းချုပ်အတွက် ရေနွေးတစ်ခွက်ငှဲပေးလိုက်ပြီး ယုံကြည်ချက်ရှိရှိပြောလိုက်၏။ "တူညီတဲ့ ဆေးပင်အမျိုးအစားဆိုရင်တောင်မှ ဒါက နှစ်ဆပိုပြီးတော့ အစွမ်းထက်တယ်။"
"အဲလောက်ထိအံ့အားသင့်စရာ ကောင်းတာလား။" ကျွင်းချောင်ရှောင်းအံ့အားသင့်သွားမိ၏။ သို့ပေမဲ့ သူသည် ချက်ချင်းပြုံးကာ ပြောလိုက်သည်။ "စီနီယာဝေက တကယ့်ကိုရိုးရှင်းတဲ့လူမဟုတ်ဘူးပဲ။ကျုပ် အထင်မမှားခဲ့မိဘူး။"
စနစ်မှ အချိန်ကိုက်ဝင်ပြောလိုက်သည်။
"သီးခြားတာဝန်အနေနှင့် စနစ်ကသာ ပေးမထားဘူးဆိုလျှင် လက်ခံသူသည် သူ့ကိုသတိတောင်ပြုမိမှာမဟုတ်ပေ"
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုထားမိ၏။
သူသည် ဆေးလုံးအမျိုးအစားငါးခု၏ ပါဝင်သော ဆေးပင်အမျိုးအစား ကုန်ကြမ်းများ ထုတ်ကာ ပြောလိုက်သည်။ "အကြီးအကဲဝေ ဒီဆေးပင်တွေကို စိုက်ပျိုးဖို့ လိုအပ်တယ်။ကျုပ်က ဆေးသန့်စင်အဆောင်အတွက် ဒီဆေးပင်တွေလိုအပ်တယ်။"
အကြီးအကဲဝေသည် သေချာကြည့်ပြီး ချီစုစည်းခြင်းဆေးလုံးအတွက် ပါဝင်သော ပစ္စည်းအမျိုးအစားများအား လက်ညှိးထိုးပြလိုက်၏။ "ဒီပစ္စည်းတွေအကုန်လုံးက ဆေးဥယျာဉ်ထဲမှာရှိတယ်။ကျန်တဲ့ဆေးလုံးအတွက် ပစ္စည်းတွေကတော့ နည်းနည်းနည်းသေးတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါတွေကို စိုက်ပျိုးဖို့အတွက်ကို အချိန်ဘယ်လောက်လောက်ကြာနိုင်မလဲ။"
"ဆယ်ရက်" အဘိုးအိုဝေက ပြောလိုက်သည်။
"ဆယ်ရက် ဟုတ်လား။"
ထိုကာလသည် သိပ်၍ မကြာလှပေ။ ဟောင်ချီဂိုဏ်းသို့သွား၍ စိန်ခေါ်မှုမပြုလုပ်ခင်မှာ တပည့်များအား သူ ဆေးလုံးများ ဖြန့်ဝေပေးနိုင်လောက်သည်။