အခန်း (၁၄၄)
Vol. 10 Ch. 144
"ကျွန်တော်တစ်ယောက်တည်းနဲ့တင် အားလုံးကို ရင်ဆိုင်ဖို့ လုံလောက်တယ်။"
ရီရှင်းချန်သည် သာမန်ကာလျှံကာပြောလိုက်သည် ဆိုသော်လည်း သူ၏အသံမှာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးနှင့် ပြည့်နှက်လျက်ရှိ၏။
သူသည် အရင်ဘဝတုန်းက ညအင်ပါယာဆိုသည့် ဂုဏ်ပုဒ် နှင့် ထိုက်တန်လှသူလည်း ဖြစ်သည်။
သူသည် သံမဏိအရိုးဂိုဏ်းနဲ့ တစ်သားတည်း ပေါင်းစပ်နိုင်မှု မရှိသေးသည့်အပြင် သူ့ကိုယ်သူ အစစ်အမှန်ဂိုဏ်းသားတစ်ယောက်ဟုလည်း သတ်မှတ်ထားခြင်းမရှိသေးပေ။
သို့ပေမဲ့ သူ၏အရင်ဘဝတုန်းက ကြုံဆုံခဲ့ရသည့် အတွေ့အကြုံများအားလုံးသည် သံမဏိအရိုးဂိုဏ်း၏ လျှို့ဝှက်သိုင်းကျမ်း၊ ဆေးလုံးများနှင့် ကြုံရချိန်မှာတော့ လောကကြီးအပေါ် ရှုမြင်သည့် အမြင်တွေအားလုံးပြောင်းလဲသွားခဲ့ရ၏။
သံမဏိအရိုးဂိုဏ်းသည် အလုံးစုံရိုးရှင်းသည့် ဂိုဏ်းတစ်ခုတော့ မဟုတ်ပေ။ ထို့အပြင် ဂိုဏ်းချုပ်၏လက်ထဲ၌ ထုတ်မပြသေးသော ပစ္စည်းကောင်းများ တော်တော်များများရှိနေမည်မှာ သေချာလှသည်။
သူ၏ အားအင်အဆင့်ကို သက်သေပြ၍ များပြားလှသော အရင်းအမြစ်များကို ရရှိရန် စဉ်းစားထားမိ၏။
လက်ရှိအချိန်တွင် ညအင်ပါယာသည် သံမဏိအရိုးဂိုဏ်းမှ ကုတ်နှင့်ကော်၍ ထွက်ခွာခိုင်းမည်ဆိုလျှင်ပင် အဓိဟောခန်း၏ တိုင်အားဖက်၍ ဘယ်လိုမှမထွက်ပေးနိုင်ဟု အော်ဟစ်မိမှာသေချာသည်။
"မင်းတစ်ယောက်တည်း အဆေင့်ခြောက်ဂိုဏ်းတစ်ခုလုံးကို ရင်ဆိုင်နိုင်တယ် ဟုတ်လား။"
ကျွင်းချောင်ရှောင်းပြောလိုက်၏။ "မင်းဒီလောက်ထိ ယုံကြည်မှုတွေများနေတာပဲ။"
ရီရှင်းချန်သည် တီးတိုးပြောလိုက်၏။ "ဟောင်ချီ ဂိုဏ်းရဲ့ တပည့်တွေဆိုရင် အတွင်းစည်းတပည့်ပဲဖြစ်ဖြစ်၊ တိုက်ရိုက်တပည့်ပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ကျွန်တော်ရိုက်နှက်နိုင်တယ်။"
ကျွင်းချောင်ရှောင်း သူ၏မေးစေ့ကိုပွတ်သပ်ကာပြောလိုက်သည်။ "မဆိုးဘူးပဲ။"
ရီရှင်းချန်၏ စကားလုံးအဓိပ္ပာယ် သည် ရိုးရှင်းလှ၏။
ဆိုလိုသည်မှာ သူ့အနေဖြင့် အဆင့်ခြောက်ဂိုဏ်း၏ တပည့်များနှင့် ရင်ဆိုင်ရချိန်တွင် မည်သူ့ကိုမဆို အနိုင်ယူနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းရဲ့အကြီးအကဲများကိုတော့ သူရဲ့စကားလုံးထဲတွင် မထည့်သွင်းထားချေ။
ထို့အပြင် အခြားနည်းလမ်းလည်းမရှိပေ။ အချိန်ဆိုသည်မှာ အကန့်အသတ်ရှိသည် မဟုတ်လား။ သူ့အနေနှင့် အချိန်အကြာကြီး လေ့ကျင့်ခဲ့ရသည် မဟုတ်သေးချေ။
အချိန် အတော်ကြာလေ့ကျင့်ပြီးပြီဆိုလျှင်တော့ သူသည် အဆင့်ခြောက်ဂိုဏ်း၏ အကြီးအကဲများကို ပင် ရိုက်နှက်နိုက်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်နေမိ၏။
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် သူ၏ပေါင်ကိုရိုက်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ "ဟောင်ချီ ဂိုဏ်းကိုသွားပြီးတော့ သူ့တို့ကို အရှက်ခွဲကြမယ်။ အဲဒီအချိန်မှာ မင်းက အဓိကတိုက်ခိုက်သူဖြစ်လိမ့်မယ်။ မင်းသာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ဆုရမယ်။ တကယ်လို့ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင်တော့ အပြစ်ပေးခံရမယ်။"
"အဓိကတိုက်ခိုက်သူ ဟုတ်လား။"
ရီရှင်းချန်သည် ကျွင်းချောင်ရှောင်း၏ စကားအဓိပ္ပါယ်ကို အလုံးစုံနားမလည်ချေ။ သို့ပေမဲ့ ဆုပေးခြင်းနှင့်အတူ ဒဏ်ပေးခြင်းလည်းရှိသည်ဆိုတော့ သူ့အနေဖြင့် အကောင်းဆုံးလုပ်နိုင်မှ ဖြစ်ပေလိမ့်မည်။
"ဟောင်ချီဂိုဏ်း … ဒီအင်ပါယာက များပြားလှတဲ့ သိုင်းလေ့ကျင့်ခြင်း အရင်းအမြစ်ကြီးကို ဒီအူကြောင်ကြောင်ဂိုဏ်းချုပ်လက်ထဲကနေ ရရှိဖို့အတွက် မင်းတို့ရဲ့အပြုအမူပေါ်မှာ မူတည်တယ်။ ငါ့ကို အရှုံးပေးကြစမ်း"
…….
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် အတွင်းစည်းတပည့်များအားလုံးကို ဆင့်ခေါ်၍ သူ၏ ငရဲခန်းလေ့ကျင့်ခန်း အစီအစဉ် နောက်တစ်ကြိမ် စတင်တော့မှာဖြစ်ကြောင်း ကြေညာလိုက်သည်။
ကြာမြင့်မည့်အချိန်မှာ နှစ်ဆယ်ရက်ဖြစ်၏။
သူတို့သည် ပြဿနာသွားရှာမည်ဖြစ်သောကြောင့် ရီရှင်းချန်တစ်ယောက်တည်းကို ခေါ်သွား၍ မဖြစ်ချေ။
သို့ပေမဲ့ ကျိုးဟုန်ကို ခေါ်သွားရန်တော့ သူမစဉ်းစားသေးချေ။
ပထမဦးဆုံးအနေဖြင့် ကျိုးဟုန်၏ ကျင့်ကြံခြင်းနည်းစနစ်သည် ခြားနားနေ၏။ ဒုတိယအားဖြင့် ဤသို့သော အားကောင်းလှသော ပါရမီရှင် ကျင့်ကြံသူတစ်ယောက်အား သေးငယ်လှသော ဂိုဏ်းလေးတစ်ခုကို တိုက်ခိုက်ရာတွင် အသုံးပြုရန် သူမစဉ်းစားထားချေ။
တစ်နှစ်တာ ကြာမြင့်ပြီးသည့်နောက် နတ်စမ်းချောင်းဂိုဏ်းသို့သွားရာတွင်မှ ကျိုးဟုန်၏စွမ်းဆောင်ရည်ကို အသုံးပြုရပေလိမ့်မည်။
လီချင်းယန်နှင့် တစ်ခြားသူများသည် သူတို့၏စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရာတွင် အာရုံစူးစိုက်ထားကြ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ခန္ဓာကိုယ်ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အဆုံးအစွန်သော အဆင့်တစ်ခုသို့ ရောက်ရှိနေသောကြောင့် ဖြစ်၏။
စိတ်ဝိညာဉ်စွမ်းအင် အစီအရင်အား တစ်ရက်ကို နှစ်ဆယ့်လေးနာရီ အသက်သွင်းထားလျက်ရှိပြီး ချီစုစည်းခြင်းဆေးလုံးများကို လည်း ဖောဖောသီသီ သုံးစွဲနိုင်၏။
ဤသို့သော လေ့ကျင့်ရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်ထားသည်မှာ အနည်းငယ်တော့ အံ့အားသင့် ဖွယ်ရာ ကောင်းလှ၏။ အဆင့်ငါးဂိုဏ်းတစ်ခုဆိုလျှင်ပင် ဤမျှများပြားသော အရင်းအမြစ်များကို ပေးစွမ်းနိုင်လိမ့်မည်မဟုတ်ပေ။
"ငါ့ဆီမှာ ဂိုဏ်းစုဆောင်းမှတ် နှစ်ရာရှိသေးတယ်။ ဒီတော့ ရှောင်ကျီနဲ့ ရှင်းချန်တို့ကို အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် တစ်ပုလင်းဆီ ပေးမှဖြစ်မယ်။"
ကျွင်းချောင်ရှောင်းသည် စနစ်ကိုဖွင့်၍ ဝယ်ယူလိုက်၏။
"ဒင်"
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်တစ်ရာအား အသုံးပြု၍ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်းနှစ်ခုကို ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပေးပို့လိုက်သည်။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် -၁၁၀/၅၀၀"
ရှောင်ကျီနှင့် ရီရှင်းချန်တို့သည် ဆေးရည်ကို သောက်ပြီးသည့်နောက်မှာတော့ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်သို့ ပြောင်းလဲ ရောက်ရှိသွားတော့သည်။
ရှောင်ကျီသည် မရီဒန်ဖွင့်ခြင်း အဆင့်တစ်ဆယ့်တစ်သို့ ရောက်ရှိသွားခဲ့ပြီး ရီရှင်းချန်မှာတော့ သိုင်းတပည့်အဆင့်နှစ်မှ သိုင်းတပည့်အဆင့်သုံးအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့သည်။
စုရှောင်မို နှင့် တစ်ခြားသူများအားလည်း လိုအပ်သည့် အရင်းအမြစ်ပစ္စည်းများကို ထောက်ပံ့ပေးထား၏။
သူတို့သည် ပြဿနာသွား၍ရှာမည်ဖြစ်သောကြောင့် ကြမ်းတမ်းသည့် တိုက်ခိုက်ရေးစွမ်းရည်များကို ထုတ်ဖော်နိုင်မှ ဖြစ်မည်မဟုတ်လား။
ရှောင်ကျီနှင့် ရီရှင်းချန်တို့သည် တိုက်ခိုက်ရေးအတွေ့အကြုံ နှင့် ပတ်သက်လျှင် တစ်ခြားသူများထက်ပို၍ အားကောင်းလှ၏။
ထို့ကြောင့် ဟောင်ချီဂိုဏ်း၏ လက်ရွေးစင် တပည့်များနှင့် တိုက်ခိုက်ရန် သူတို့အား အရင်ဆုံး ရွေးချယ်ထားသည်။
ကျွင်းချောင်ရှောင်းသည်လည်း အလကားမနေပေ။ သူသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား လေ့ကျင့်နေသည်သာမက လင်းကျန့်ဓားကျမ်းကိုလည်း နားလည်အောင် ကြိုးစားလျက်ရှိသည်။
ဤဓားနည်းစနစ်၏ ဆယ်ရာခိုင်နှုန်းလောက်ကို နားလည်သည်ဆိုလျှင်ပင် ကိုးလိုင်းဓားသိုင်းထက်ပို၍ အားကောင်းသည့် စွမ်းဆောင်ရည်ကို ထုတ်ဖော်နိုင်မည် ဖြစ်ကြောင်း သူကောင်းကောင်းသိ၏။
ကျွင်းချောင်ရှောင်းသည် ဟောင်ချီဂိုဏ်းနှင့် တိုက်ခိုက်ဖိုသွားရာတွင် တပည့်များကြား တိုက်ခိုက်ပွဲများသာ ဖြစ်လာမည်ဟု ထင်မှတ်မထားချေ။
အချိန်ရောက်လာလျှင် ဟောင်ချီဂိုဏ်းသည် သူတို၏ အကြီးအကဲ သို့မဟုတ် ချင်ဟောင်ရန်ကိုယ်တိုင်ပင် သူ နှင့် တိုက်ခိုက်ဖို့ ကမ်းလှမ်းလာမည်ဖြစ်ကြောင်း ခန့်မှန်းထား၏။ ထို့ကြောင့် သူ၏အားအင်အဆင့် တိုးတက်အောင် ပြုုလပ်မထားလျှင် ပြဿနာတက်နိုင်သည်။
သေးငယ်လှသော သိုင်းလေ့ကျင့်ရေးကွင်းပြင်တစ်ခုမှာတော့ ကျိုးဟုန်သည် သူ၏ဓားနည်းစနစ်ကို နားလည်အောင် ကြိုးစားလျက်ရှိ၏။
အဝေးတစ်နေရာရှိ အစိမ်းရောင်မြက်ခင်းပြင်ထဲမှာတော့ ရီရှင်းချန်သည် သစ်ကိုင်းတစ်ခုဖြင့် လင်းကျန်ဓားသိုင်းအား ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိသည်။
……..
"ဟူရန်မြို့ အိုက်မိသားစု"
အိုက်ရှန်းရီသည် မိသားစု၏ထူးချွန်သောတပည့်များကို ခေါ်ယူ၍ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများကို တိုက်ကျွေးလိုက်၏။
စမ်းသပ်ပြီးသည့်နောက်မှာတော့ တပည့်များ၏ ခန္ဓာကိုယ်အားအင်သည် ပိုမို၍ တိုးတက်လာခဲ့ကြောင်းကို သူသိရှိလိုက်ရသည်။
"ခေါင်းဆောင် … သိုင်းတပည့် အဆင့်တစ်ဖြစ်တဲ့ ရှောင်တင်က အားအင်အဆင့် ဂျင်တစ်ထောင်လောက်တိုးသွားတယ်။ ဒါက ကြောက်စရာပဲ။"
အိုက်ရှန်းကီ တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။
ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးသည် ကုသရာတွင်သာ အသုံးပြုလို့ရ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အရေးအကြီးဆုံးအရာမှာ သိုင်းနည်းစနစ်များဖြစ်သည်။
ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးသည် သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်နှင့် အတွင်း မရီဒန် အားအင်များ အားလုံးကို ပိုမို၍ တိုးတက်သွားစေသည်။ ဤအရာသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသောအရာ ဖြစ်နေသည်။
အိုက်ရှန်းရီသည် သူ၏နှလုံးသားထဲတွင် ဖြစ်တည်လာသော တုန်လှုပ်မှုကို ဖိနှိပ်ကာ လေးလေးနက်နက်ပြောလိုက်၏။
"ရှန်းကီ …. ဂိုဏ်းချုပ်ကျွင်းက မယုံနိုင်စရာကောင်းတဲ့ ဆေးဖော်စပ်သူပဲ။ သူ့ရဲ့ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးကိုသာ လေလံပွဲမှာ ထုတ်ဖော်လိုက်မယ်ဆိုရင် ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံးထက်တောင် ပိုပြီးကြီးမားတဲ့ ကသောင်းကသင်းတွေ ဖြစ်ကုန်တော့မှာပဲ။"
အိုက်ရှန်းကီမျက်မှောင်ကုပ်လိုက်၏။
"ခေါင်းဆောင် … အိုက်မိသားစုက ဒီဆေးလုံးကို ရောင်းမယ်ဆိုရင် တစ်ခြားအင်အားကြီးဂိုဏ်းတွေရဲ့ အာရုံကို ဆွဲဆောင်မိသွားမှာကို စိုးရိမ်နေတာလား။"
"ဒါ့ကြောင့် တစ်ယောက်ယောက်လာပြီး ပြဿနာမရှာအောင် လေလံပွဲကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ငါတွေးနေမိတာပဲ။"
အိုက်ရှန်းကီ သည် တွေးတွေးဆဆ ဖြင့် ပြောလိုက်၏။ ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်သည်။ "ကျုပ်တို့ တောင်ပြဂိုဏ်းကြီးက ကျွမ်းကျင်သူတွေကိုခေါ်ပြီး လေလံပွဲကို စောင့်ကြည့်ပေးဖို့ ငှားရမ်းရင်ကော။"
"ဒါကောင်းတဲ့အကြံတစ်ခုပဲ။"
အိုက်ရှန်းရီ သဘောတူလိုက်၏။
တောင်ပြဂိုဏ်း၏ အဆင့်သည် အလွန်အမင်း မြင့်မားသည့်အဆင့်တစ်ခု မဟုတ်သော်လည်း သမာဓိရှိသောဂိုဏ်းတစ်ခုအဖြစ် အားလုံး၏အသိအမှတ်ပြုမှုကို ရရှိထားသည်။ ကျင့်ကြံခြင်းလောကတွင်လည်း ကြီးမားသည့်ဂုဏ်သိက္ခာကို ပိုင်ဆိုင်၏။
ထို့ကြောင့် သူတို့အားဖိတ်ခေါ်၍ လေလံပွဲအား စောင့်ကြည့်စေမည်ဆိုလျှင် တစ်ခြားသော အင်အားစုများသည် မျက်ကန်းတောတိုးဆိုသလို သူတို့အား ဒုက္ခပေးနိုင်မည် မဟုတ်ချေ။
ဟုတ်ပေသည်။ သူတို့အနေနှင့် ထိုသို့စောင့်ကြည့်ရန်အတွက် ဖိတ်ခေါ်သည့်နေရာ၌ ပိုက်ဆံများသုံးရသည်ကိုလည်း သိရှိပြီးဖြစ်၏။
အိုက်မိသားစုသည် တောင်ပြဂိုဏ်းနှင့် ဆက်သွယ်၍ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား ငှားရမ်းနိုင်ခဲ့၏။ ပိုက်ဆံလည်း တော်တော်များများပေးခဲ့ရသည်။
ပြီးနောက် သူသည် ပြောနေစရာပင် မလိုအပ်ပေ။ ဆေးလုံးကို သန့်စင်ပေးသူမှာ သူဖြစ်ကြောင်းသာ တစ်ခါထဲ ကြေညာခဲ့ရ၏။
အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် သိုသိုသိပ်သိပ်နှင့် နေချင်သူ ဖြစ်သည်။ သူ၏နာမည်ကို ထုတ်ဖော်မပြောကြားစေချင်သောကြောင့်ပင်။
"လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အားအင်ကို ပိုပြီးတိုးစေတဲ့ ဆေးလုံးဟုတ်လား။"
သတင်းပျံ့နှံ့ပြီးသည့်နောက်မှာတော့ ချင်းယန်နိုင်ငံတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။
ကျင့်ကြံသူတော်တော်များများသည် ပထမ၌ သံသယဖြစ်မိနေကြ၏။ သို့ပေမဲ့ အလွန်အမင်း အားကောင်းလှသော ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအား အိုက်ကလန်အနေနှင့် လေလံဆွဲခဲ့သည်ကို သတိရသွားချိန်မှာတော့ သူတို့အားလုံး၏ သံသယများသည် ပျောက်ကွယ်သွားခဲ့ရသည်။
သူတို့၏ ကြိုးစား၍ စုံစမ်းရသလောက်ဆိုလျှင် အိုက်မိသားစုတွင် အမှန်တကယ်ပဲ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများ ရှိပြီး လေလံပွဲကိုလည်း အစစ်အမှန်ပြုလုပ်မှာဖြစ်၏။ ထို့ကြောင့် သူတို့အနေနှင့် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ငွေကြေးစုဆောင်းထားရန် စဉ်းစားမိလိုက်ကြ၏။
တစ်စုံတစ်ယောက်၏ အားအင်ကို ပိုမိုအားကောင်းစေသော ဆေးလုံးဆိုသည်မှာ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးထက် ပို၍ အသုံးဝင်သည့်ဆေးလုံးဟု ဆိုရမည်။
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး လေလံပွဲကျင်းပမည်ဆိုသည့် သတင်းကို ရချိန်မှာတော့ အိုက်မိသားစုအနေနှင့် ပိုက်ဆံများများရအောင် ပြုလုပ်နိုင်မည်ကို မျှော်လင့်နေမိ၏။
သို့ပေမဲ့ သူသည် ဤလေလံပွဲအား သတင်းစွင့် နားထောင်ရုံသာ ရှိသည်။ ကိုယ်တိုင်ပါဝင်မည်မဟုတ်ပေ။
သူသည် သူ၏ ဂိုဏ်းပိုမိုတိုးတက်လာစေရန်အတွက် သိုသိုသိပ်သိပ်နေထိုင်၍ ပြင်းပြင်းထန်ထန် ကြိုးစားလျက်ရှိသည်။
တပည့်များသည် ပြင်းပြင်းထန်ထန်နှင့် လေ့ကျင့်နေကြပြီး အချိန်တွေလည်းကုန်လွန်သွားခဲ့၏။
ဆယ်ရက်ကြာပြီးသည့်နောက်မှာတော့ အဖိုးအိုဝေသည် သတင်းပို့လာသည်။
"ဂိုဏ်းချုပ် ဂိုဏ်းချုပ်ပြောထားတဲ့ ဆေးပင်တွေက အဆင်သင့်ဖြစ်နေပါပြီ။ဆေးလုံးသန့်စင်လို့ရပြီ။"
"ဟုတ်လား။"
ကျွင်းချောင်ရှောင်း ပျော်ရွှင်သွားမိ၏။
အဖိုးအိုဝေသည် ချီစုစည်းခြင်းဆေးလုံးအတွက် သင့်တော်သော ဆေးပင်များအားလုံးကို သေချာစိုက်ပျိုးထားခဲ့သည်။
ထို့ကြောင့် ချီစုစည်းခြင်းဆေးလုံး သုံးရာလောက် ဖော်စပ်၍ရသော ဆေးပင်များသည် အဆင်သင့် ဖြစ်နေပြီဖြစ်၏။
သူသည် ဆေးပင်များစိုက်ပျိုးရာ၌ တစ်ခြားသူများကို အကူအညီမတောင်းခံခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဆေးပင်များ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထိခိုက်မိမည် စိုးရွံ့သောကြောင့် ဖြစ်သည်။
"ဂိုဏ်းချုပ်"
ဆေးပင်များကို ကျွင်းချောင်ရှောင်းဆီ ပေးပြီးသည့်နောက်မှာတော့ အဖိုးအိုဝေသည် လေးလေးနက်နက်နှင့် ပြောလိုက်၏။
"ဒီဆေးပင်တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးသန့်စင်တာအကောင်းဆုံးပဲ။ မဟုတ်လို့ သိုလှောင်လက်စွပ်ထဲကို ထားလိုက်ပြီဆိုတာနဲ့ ဆေးပင်ရဲ့အစွမ်းသက်ရောက်မှုက ပျောက်ကွယ်သွားနိုင်တယ်။"
သိုလှောင်လက်စွပ်ဆိုသည်မှာ ပြင်ပကမ္ဘာတွင် သီးခြားရှိနေသော တည်နေရာတစ်ခုဖြစ်၏။ ထို့ကြောင့် ဆေးပင်များ၏ အစွမ်းသက်ရောက်မှုကို လျော့ကျသွားစေနိုင်သည်။
ထို့အပြင် အကြီးအကဲဝေသည် သူစိုက်ပျိုးထားသော ဆေးပင်များမှာ သာမန်ထက်ပို၍ ကောင်းမွန်သည်ကို သိရှိပြီးဖြစ်၏။ သူ၏ဆေးပင်များသည် သာမန်ဆေးပင်များနှင့် အလုံးစုံခြားနားနေ၏။
ထို့ကြောင့်ပင် ဂိုဏ်းချုပ်ကျွင်းအား သတိပေးခဲ့ခြင်းဖြစ်သည်။
"ကျုပ် ဒီနေ့စပြီး သန့်စင်ပါမယ်။ မနက်ဖြန်လောက်ဆိုရင် ပြီးမယ်ထင်တယ်။"
ကျွင်းချောင်ရှောင်းသည် သိုသိုသိပ်သိပ် နေထိုင်ချင်သည်။ ထို့ကြောင့် ဤဆေးလုံးများအား ဆယ်မိနစ်အတွင်း သန့်စင်၍ ရကြောင်း မပြောခဲ့ပေ။
အဓိကဟောခန်းထဲမှ လမ်းလျှောက်ထွက်ခွာသွားသော စီနီယာဝေ သည် သူ၏ခေါင်းကို ခါရမ်းရင်း တီးတိုးပြောလိုက်သည်။ "အဆင့်မြင့်ဆေးပညာရှင်တွေဆိုရင်တောင်မှ ဒီလိုဆေးပင်တွေကို သန့်စင်ဖို့အတွက် ရက်တော်တော်ကြာနိုင်မယ်။ဒါပေမဲ့ ဂိုဏ်းချုပ်က တစ်ညအတွင်း သန့်စင်လို့ရမယ် လို့ ဘာ့ကြောင့် ပြောရတာလဲ။"
"ဒင် ဒင် ဒင်"
စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်း၏နားထဲ၌ စနစ်၏သတိပေးသံများ တဒင်ဒင်နှင့် ပေါ်ထွက်လျက်ရှိ၏။
ထူးဆန်းလှချေသည်။ သူသည် ချီစုစည်းခြင်းဆေးလုံးသုံးရာကျော်အား သန့်စင်ရာ၌ လေးနာရီကျော်ကြာ ကြာမြင့်လျက်ရှိ၏။ ဤအရာသည် ချီလေပွေဆေးလုံး သန့်စင်သည်ထက်ပင် ပို၍ ကြာမြင့်နေသေး၏။
ကျွင်းချောင်ရှောင်း စဉ်းစားလိုက်မိသည်။
"ဘာတွေဖြစ်နေတာလဲ။"
စနစ်မှပြောလိုက်သည်။ "ဆေးလုံးရဲ့အရည်အသွေးက ဆေးပင်ရဲ့အရည်အသွေးနဲ့ သက်ဆိုင်နေတာ။ ပြီးတော့ ဆေးလုံးရဲ့အရည်အသွေးက သန့်စင်တဲ့အချိန်ကာလကို ဆုံးဖြတ်ပေးနိုင်တယ်။ဒါ့ကြောင့် ကြာနေတာ။"
"ဒါဆို မင်းဆိုလိုတာက "
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"စီနီယာဝေ စိုက်ပျိုးထားတဲ့ ဆေးပင်တွေက အဆင်မြင့်ဆေးအစွမ်းတွေရှိနေတယ်လို့ ဆိုလိုတာလား။ဒါ့ကြောင့် ချီစုစည်းခြင်းဆေးလုံးတွေရဲ့ အရည်အသွေးက အရမ်းကို မြင့်မားနေတာပေါ့။"
"အမှန်ပါပဲ။"
စနစ်သည် လက်ခံသူ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ပတ်သက်၍ မည်သည့်အချိန်ကမှ သံသယမဝင်ခဲ့ပေ။ လက်ခံသူသည် တစ်ခါတစ်လေမှသာ ဦးနှောက်အလုပ်လုပ်ပုံ လွဲမှားတတ်သည်။