အခန်း (၁၄၅)
Vol. 10 Ch. 145
ကျွင်းချောင်ရှောင်းသည် သူ၏ အသစ်သန့်စင်ထားသော ချီစုစည်းခြင်းဆေးလုံး ကို ထုတ်ယူကြည့်လိုက်တော့ အရောင်နှင့် အနံ့မှာ အရင်ဆေးလုံးများထက် ပို၍ ကောင်းမွန်နေသည်ကို တွေ့ရှိလိုက်ရသည်။
“အကျိုးသက်ရောက်မှုကလည်း သိသာနိုင်တယ်”
သူ ပါးစပ်ကို ဟပြီး ဆေးလုံးကို မြိုချလိုက်သည်။ ပြီးနောက် ခြေချိတ်ထိုင်ကာ ကောင်းကင်နှင့် မြေကြီး ကြားမှာ ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များကို စတင်ကာ စုပ်ယူတော့သည်။
ဆေးလုံးအား သောက်သုံးပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ မွေးညှင်းပေါက် များသည် ကျယ်ပြန်သွားသလို ခံစားမိလိုက်သည်။ သူ၏ အဓိက ကျင့်ကြံခြင်း နည်းစနစ်ဖြစ်သော ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား လှည့်ပတ်လိုက်ချိန်မှာတော့ ကြီးမား၍ များပြားလွန်းသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ကိုယ်ထဲသို့ အများအပြား စီးဝင်လာတော့၏။
တစ်နာရီလောက် စုပ်ယူပြီးနောက်တွင် အရင် ဆေးလုံးများထက် စွမ်းအင်စုပ်ယူနိုင်မှု ဆယ်ဆ တိုးလာကြောင်း သူ အံ့အားသင့်စွာ သိရှိလိုက်ရသည်။
စတိုးထဲတွင် ရောင်းချသော ချီစုစည်းခြင်း ဆေးလုံး နှင့် သာမာန်ဆေးပင်များနှင့် ဖော်စပ်ထားသော ချီစုစည်းခြင်း ဆေးလုံးများသည် စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူမှုတွင် သာမာန် ဆေးလုံးများထက် ငါးဆ ပိုသာသည်။
သို့ပေမဲ့ အဘိုးအိုဝေ စိုက်ပျိုးထားသော ဆေးပင်များနှင့် ဖော်စပ်သော ဆေးလုံးမှာတော့ စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှုတွင် ဆယ်ဆ ပို၍ သာလွန် ကောင်းမွန်နေသည်။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အံ့အားသင့်မိစေ၏ ။
“ဆေးလုံးက အံ့အားသင့်စရာပဲ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွား၏။
အသစ်သန့်စင်ထားသော ချီစုစည်းခြင်း ဆေးလုံး သုံးရာ၏ အစွမ်းသက်ရောက်မှုသည် အရင်ဆေးလုံး ခြောက်ရာ ၏ အစွမ်းသက်ရောက်မှုထက် ပို၍ ကောင်းနေသည်။ ထို့အပြင် ပို၍ အရေးကြီးသည်မှာ စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူမှုတွင် ဆယ်ဆ ပို၍ အားကောင်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် အချိန်ကုန် သက်သာနေသည်။
“ချင်းယန် နဲ့ တခြားသူတွေကို ဒီဆေးလုံးပေးရမယ်။ ဒါဆိုရင် ဟောင်ချီဂိုဏ်းကို ဖျက်ဆီးဖို့ပိုပြီး လွယ်ကူသွား လိမ့်မယ်။” ကျွင်းချောင်ရှောင်း သွားဖြီးကာ တွေးလိုက်မိသည်။
“စီနီယာဝေ .. ခင်ဗျားက ကျုပ်အတွက် ရတနာ တစ်ပါးပဲ။ ပိုက်ဆံတွေ အများကြီးသုံးပြီး သံမဏိအရိုးဂိုဏ်းအတွက် ငှားရမ်းခဲ့တာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ”
……….
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ချင်းယန် နှင့် တခြားသူများအား ခေါ်ယူပြီး အသစ် သန့်စင်ထားသော ဆေးလုံး ဆယ်လုံးအား ပေးအပ်လိုက်သည်။ ပြီးနောက် ကျင့်ကြံခြင်းတွင် ပို၍ အားစိုက်ရန်လည်း မှာကြားလိုက်သည်။
အတွင်းစည် တပည့် ခုနှစ်ယောက်သည် ဆယ်ရက်တိတိ စိတ်ဝိညာဉ်စွမ်းအင်များအား ဆယ်ဆ ပို၍ စုပ်ယူနိုင်လိ့မ်မည်။ ဤအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“ဒုတိယ စီနီယာအစ်ကို … ဂိုဏ်းချုပ်ပေးတဲ့ ဆေးက အရင်ဆေးထက် စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူမှုမှာ ဆယ်ဆ ပိုပြီး မြန်နေတယ်။” စုရှောင်မို ထအော်လိုက်မိသည်။
လီချင်းယန်သည် စုရှောင်မိုအား လျစ်လျူရှုထားသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ထဲတွင် ခြေချိတ်ထိုင်ပြီး စိတ်ဝိညာဉ်စွမ်းအင်များအား အာရုံစိုက် စုပ်ယူလျက်ရှိသည်။
“သေချာပြီ။ ဒီအူကြောင်ကြောင် ဂိုဏ်းချုပ်ဆီမှာ ထုတ်မပေးသေးတဲ့ ပစ္စည်းကောင်းတွေ တော်တော်ရှိသေးတယ်။” အစီအရင်ထဲတွင် ရှိနေသော ရီရှင်းချန်သည် တုန်လှုပ်မိနေ၏။
သူသည် အရင်ဘဝကတည်းက စိတ်ဝိညာဉ်စွမ်းအင်ကိုစုပ်ယူမှုတွင် မြန်ဆန်စေနိုင်သော အဆင့်မြင့် ဆေးလုံးပေါင်းများစွာကို သောက်သုံးခဲ့ဖူးသည်။ သို့ပေမဲ့ ယခုလို ဘာအဆင့်မှ မရှိသော ဂိုဏ်းတစ်ခုတွင် အဘယ့်ကြောင့် ဤကဲ့သို့ အားကောင်းလွန်းသော ဆေးမျိး ရှိနေရသနည်း။
အထက်နယ်မြေ ….
အထက်နယ်မြေမှ ဖြစ်လိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေမှ လာသူဖြစ်ကြောင်း ရီရှင်းချန် ပိုမို၍ ယုံကြည်လာမိသည်။ မဟုတ်လျှင် အဘယ့်ကြောင့် ဆန်းကြယ်လှသော ကျင့်ကြံခြင်း နည်းစနစ် ၊ လက်သီးနည်းစနစ် ၊ ဓားနည်းစနစ်တွေကို ပိုင်ဆိုင်နေမည်နည်း။
သူသည် အရင်ဘဝ က ဆိုးဆိုးရွားရွား နှင့် မမျှမတ သေဆုံးခဲ့ရသည်မို့ ကံကြမ္မာက လက်စားချေနိုင်ရန် သံမဏိအရိုးဂိုဏ်း နှင့် တွေ့ဆုံခွင့် ပေးခဲ့သည်လား။
ရီရှင်းချန်သည် အတိတ်ဘဝမှာ ဖြစ်ရပ်များကို စဉ်းစားမိသည့်နောက် မျက်လုံးထဲတွင် အကန့်အသတ်မဲ့ အားကောင်းလှသော သတ်ဖြတ်လိုခြင်း အရိပ်အယောင်တွေ ဖြစ်ပေါ်လာသည်။ သူသည် သေဆုံးခဲ့စဉ် အခါက မြင်ခဲ့ရသော အေးစက်ပြီး လှပလွန်းသော မျက်နှာတစ်ခုကို မြင်ယောင်လာမိ၏။
လင်းရောင် … မင်းစောင့်နေ..။
စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ထဲတွင် သတ်ဖြတ်လိုခြင်း အော်ရာတွေ ထွက်ပေါ်လာတော့ လီချင်းယန် နှင့် တခြားသာ သူများသည် သတိအပြည့်နှင့် ဖြစ်သွားရသည်။
“စီနီယာအစ်ကို .. ဂျုနီယာ ညီလေးရီ ကို ကြည့်ရတာ ကြောက်စရာကြီး” စုရှောင်မို တီးတိုးပြောလိုက်၏။
လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည် “ဘယ်လောက် အားကောင်းလိုက်တာ သတ်ဖြတ်လိုခြင်း ဆန္ဒွတွေလဲ”
လီဖေးသည် အပြစ်ကင်းစင်စွာ ပြောလိုက်သည် “စီနီယာအစ်ကို …. ခင်ဗျား သူ့ကို ဘောလုံးနဲ့ ကန်ခဲ့တယ် မဟုတ်လား။ အဲတာကြောင့် အခဲမကျေတာ ဖြစ်မယ်”
ရီရှင်းချန် စိတ်ဆိုးအောင် သူတို့နှစ်ယောက် မည်မျှပြုလုပ်ခဲ့သည် ဆိုကြောင်းကို မှတ်တောင် မမှတ်မိတော့ပေ။ သို့ပေမဲ့ တကယ်တန်း ရီရှင်းချန် သတ်ဖြတ်လိုနေသည်မှာ ဧကရီ လင်းရောင်ကို ဖြစ်သည်။
ဧကရီ လင်းရောင်အပေါ်တွင် ရှိသော သူ၏ အမုန်းတရားသည် နက်ရှိုင်းလွန်းပြီး နှလုံးသားထဲတွင်ပင် အမြစ်တွယ်လျက်ရှိသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည် ဆိုလျှင်တောင် … အကြိမ်ရာချီ ပြန်လည် မွေးဖွားခြင်း သံသရာထဲ လည်ပတ်ခဲ့ပြီးသည် ဆိုလျှင်တောင်မှ ဖျောက်ဖျက်၍ ရမည် မဟုတ်တော့ချေ။
……..
အတွင်းစည်း တပည့်များ ကျင့်ကြံနေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည်လည်း ကျင့်ကြံလျက်ရှိသည်။ ရက်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် သူသည် သိုင်းတပည့် အဆင့်ကိုး မှသည် သိုင်းတပည့် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူ တခြားကမ္ဘာမှ ဝိညာဉ်ကူးပြောင်းလာခဲ့သည်မှာ သုံးလ မှ လေးလ နီးပါး ရောက်ရှိခဲ့ပြီ ဖြစ်၏။
အဆင့်သုံးစွမ်းအင်ဖွင့်ခြင်း အဆင့်မှသည် သိုင်းတပည့်ထိပ်ဆုံးအဆင့်သို့ လေးလအတွင်း ရောက်ရှိခဲ့သည် ဆိုခြင်းမှာ အလွန်တရာ မြန်ဆန်သည်ဟုဆိုရမည်။
ကျွင်းချောင်ရှောင်း အား စိတ်ပျက်မိစေသည်မှာ သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာပြီးနောက် ဆေးလုံးများအား အမှီပြု၍ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူမှုတွင် အမြန်နှုန်း မှာ နှေးကွေးလာခြင်း ဖြစ်သည်။
စနစ်မှ ပြောလိုက်သည် “သိုင်းတပည့် ထိပ်ဆုံးအဆင့် ဆိုတာ တည်တည်ငြိမ်ငြိမ် နဲ့ သိုင်းဆရာ အဆင့်ကို ရောက်နိုင်ဖို့ အခြေခံကို တည်ဆောက်ရမယ့် အချိန်ကိုရောက်နေတာပဲ”
“ဖြတ်လမ်းနည်း မရှိဘူးလား” ကျွင်းချောင်ရှောင်း မေးလိုက်၏။
စနစ်မှ ပြောလိုက်၏ “အထူးတာဝန် တစ်ခုခု အသက်ဝင်လာတာက လွဲရင်တခြား ဖြတ်လမ်းနည်းမရှိဘူး။ လက်ခံသူ အနေနဲ့ အချိန်ယူပြီး ကျင့်ကြံခြင်းအဆင့်ကို နားလည်အောင် လုပ်ဖို့ တစ်လမ်းသာ ရှိတယ်။”
“ဒင် .. လက်ခံသူသည် သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်မို့ လိုအပ်ချက်နှင့် ပြည့်စုံသွားသည်။ အထူးတာဝန် အသက်ဝင်သည်။”
စနစ် “……..”
ကျွင်းချောင်ရှောင်း သည် မြန်မြန်ပဲ အထူးတာဝန်ကို ဖွင့်ကြည့်လိုက်သည်။ အထူးတာဝန်မှာ တပည့်များအား သေမင်း တောင်ကြားသို့ ခေါ်ဆောင်၍ လေ့ကျင့်ပေးရန် ဖြစ်နေသည်။
သူ အသေးစိတ် အချက်အလက်များအား ဝင်ကြည့်လိုက်၏။
အထူးတာဝန် - နှစ်။
တာဝန် အသေးစိတ် - လက်ခံသူသည် ယနေ့မှ စ၍ နှစ်လအတွင်း တပည့်များအား သေမင်းတောင်ကြားသို့ ခေါ်ဆောင်သွားပြီး ခုနှစ်ရက် တိတိ လေ့ကျင့်ပေးရန် ဖြစ်သည်။
တာဝန် ၏ လိုအပ်ချက် - မီးနဂါးကို သတ်ဖြတ်ရန် ၀ / ၁ ၊ လူဝံကြီးကို သတ်ဖြတ်ရန် ၀ / ၁၀၊ မုန်တိုင်းဝံပုလွေအား သတ်ဖြတ်ရန် ဝ / ၁၀၀၊ အဆိပ်ပြင်း ပင့်ကူ ကို သတ်ဖြတ်ရန် ဝ / ၅၀၀။
တာဝန် ကျရှုံးမှု - အချိန်အတိုင်းအတာ သတ်မှတ်ချက် အတွင်း သေမင်းတောင်ကြားသို့ မသွားခြင်း ၊ အချိန်အတိုင်းအတာ သတ်မှတ်ချက် အတွင်း သားရဲများအား လုံလောက်စွာ မသတ်ဖြတ်နိုင်ခြင်း။
ဆုလဒ် - ????
“ချီးတဲ့မှ … ဒီလောက်များတဲ့ သားရဲတွေ သွားသတ်ရမှာလား”တာဝန်၏ လိုအပ်ချက်များအား ကြည့်ရှုပြီးနောက် ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည်။
စနစ်မှ ပြောလိုက်သည် “အထူးတာဝန် တွေ ဆိုတာ တခြားတာဝန်တွေ လို မဟုတ်ဘူး။ ခက်ခဲမှုကလည်း ကြီးမားတယ်။ လက်ခံသူအနေနဲ့ လက်မခံချင်ရင် ပစ်ထားလိုက်လို့ရတယ်။ အများဆုံး အချိန်ကာလ တစ်ခုထိ အဆင့်မတက်နိုင်ရုံ ပြစ်ဒဏ်ပဲ ရှိတာလေ”
ဤစကားလုံးများမှာ ပြောင်ချော်ချော် နိုင်လှသည်။ စနစ် သည် တမင် သူ့အား ရစ်နေခြင်း ဖြစ်ကြောင်း နားလည်လိုက်မိသည်။
ကျွင်းချောင်ရှောင်း သေချာစဉ်းစာပြီး ပြောလိုက်သည် “နှစ်လ အတွင်း သွားပြီး ခုနှစ်ရက် ပဲ လေ့ကျင့်ပေးရမှာ။ တပည့်တွေရဲ့အားအင် တိုးတက်စေဖို့သွားရမယ်”
……
လီချင်းယန် နှင့် တခြားသူများသည် မြန်မြန်ဆန်ဆန်ပဲ တိုးတက်နေကြသည်။ အပြင်စည်း တပည့်များသည်လည်း သူတို့၏ ကျင့်ကြံခြင်းအား ပြင်းပြင်းထန်ထန် ကြိုးစားနေကြသည်။
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံပြီးသည့်နောက် သူ၏ အထူးတာဝန် အား စဉ်းစားလိုက်မိသည်။ ထိုတာဝန်သည် ပြိုင်ပွဲကြီးတစ်ခု သွားပြိုင်ရသည်နှင့် ဆင်တူသည်။ တပည့်အနည်းငယ်ခေါ်သွားရုံလောက် ဖြင့် မရချေ။ တော်တော်များများ ခေါ်သွားမှ ဖြစ်လိမ့်မည်။
ထိုအရာသည် တပည့်များ၏ အားအင်နှင့် သက်ဆိုင်နေသည်။ သူတို့တွေ သေမင်းတောင်ကြားထဲ ရောက်ရှိပြီးနောက် သားရဲများအား အမဲမလိုက်ရဘဲ သားရဲများ၏ အမဲလိုက်ခြင်းကို ခံသွားရနိုင်သေးသည်။
“ချင်းယန်မြို့က ခေါ်လာတဲ့ တပည့်တွေက မြန်မြန်ပဲ တိုးတက်နေကြတယ်။ တစ်လ ကြာပြီးရင် သူတို့တွေရဲ့ အားအင်တွေ တိုးတက်နေလောက်ပြီ။ လုံကျိရန် နဲ့ လီယုဟွာ တို့လည်း မဆိုးဘူး။ မြန်မြန် တိုးတက်လာနေတယ်။”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ်ပြီး အားတက်တရော ပြောလိုက်သည် “အထူးတာဝန် က ဂိုဏ်းစုဆောင်းမှတ် နဲ့ ဂိုဏ်းအောင်မြင်မှု အမှတ်တွေ အများကြီး ရနိုင်တယ်။ အရင်တစ်ခေါက်ကလည်း အများကြီး ရခဲ့တာပဲ။ ငါ တပည့်တွေ ပိုတိုးတက်ဖို့ ခေါ်သွားရမယ်။.. ဟောင်ချီဂိုဏ်း ကိစ္စကို အရင်ရှင်းပြီးမှ သွားလည်း နောက်မကျသေးပါဘူး။ စိတ်အေးအေးထားရမယ်။”
…..
အိုက်ကလန်သည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးအား ဈေးကွက်ဆက်လက် ချဲ့ထွင်လျက်ရှိသည်။ လေလံပွဲ သတင်းသည် ချင်းယန်နိုင်ငံ တစ်ခုလုံးသို့ ပျံ့နှံ့နေပြီး အင်အားကြီး ဂိုဏ်းနှင့် မိသားစုကြီးများကိုပင် ဆွဲဆောင်နေသည်။
ကျွင်းချောင်ရှောင်းသည် နိုင်ငံထဲတွင် ပျံ့နှံ့လျက်ရှိသော သတင်းများအား အာရုံစိုက် နားစွင့်ထားသည်။ သူသည် ကျင့်ကြံခြင်းအား ခေတ္တရပ်တန့်၍ ဂိုဏ်း၏ ကိစ္စများကို သေချာပြန်ပြီး စီစဉ်လိုက်၏။
ဤအတောအတွင်း ဂိုဏ်းသို့ ဝင်ရောက်ရန် စာရင်းလာပေးသော လူများ ရှိသည် ဆိုပေမဲ့ ဆယ်ယောက် မပြည့်သေးပေ။ လာရောက်သူအားလုံးကို လက်ခံပြီးနောက် ဂိုဏ်းသား အရေအတွက်သည် ၂၄၀ ထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ဂိုဏ်းစုဆောင်းမှတ်လည်း ဆယ်မှတ်တိုးလာသည်။
“ကြည့်ရတာ ဟောင်ချီ ဂိုဏ်းကို ဖျက်ဆီးပြီးမှ သံမဏိအရိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာက တိုးလာမယ်ထင်တယ်။ ဒါမှ ဂိုဏ်းသားသစ်တွေ ဝင်လာဖို့ ဆွဲဆောင်နိုင်မယ်။”
အချိန်တွေ ကုန်လွန်သွားသည်။
မျက်စိတမှိတ်အတွင်း ငရဲခန်းလေကျင့်မှု ရက်နှစ်ဆယ်သည် ကုန်လွန်သွားခဲ့၏။
လုချင်းချင်း ၊ ရှောင်ကျီ နှင့် တခြားသော အတွင်းစည်း တပည့်များသည် စိတ်ဝိညာဉ် အစီအရင်ထဲမှ ထွက်လာကြသည်။
ဤအတောအတွင်း သူတို့သည် စားချိန်နှင့် နားချိန်မှ လွဲ၍ ကျန်သော အချိန်အားလုံးအား စိတ်ဝိညာဉ်အစီအရင် ထဲတွင် ကုန်ဆုံးခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် သူတို့သည် ချီစုစည်းခြင်း ဆေးလုံး၏ အစွမ်းအား မဖြုန်းတီးချင်သောကြောင့် ဖြစ်၏။
အဓိက ဟောခန်းထဲမှာတော့ ….
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြုံးလိုက်သည် “မင်းတို့ အခု ဘယ်အဆ င့်ရောက်ပြီလဲ”
လုချင်းချင်းသည် ထူးမခြားနားသလို ပြောလိုက်သည် “သိုင်းတပည့် အဆင့်သုံး…”
ကျွင်းချောင်ရှောင်း “……..”
လီချင်းယန်ကတော့ အမှန်ကို ပြောလာသည် “ဂိုဏ်းချုပ် ရက်နှစ်ဆယ် အပြင်းအထန် လေ့ကျင့်ပြီးနောက်မှာ ကျွန်တော် သိုင်းတပည့် အဆင့်ခုနှစ်ကို ရောက်ခဲ့ပြီ။”
စုရှောင်မို ခေါင်းကုတ်ကာ ပြောလိုက်၏ “ကျွန်တော် မနေ့ကသိုင်းတပည့် အဆင့်ခြောက် ထဲ ရောက်ခဲ့တယ်”
လီဖေး နှင့် ထျန်းချီ တို့သည်လည်း သိုင်းတပည့် အဆင့်ငါးဆီသို့ ရောက်ရှိခဲ့သည်။ ထိုအရာသည် သူတို့၏ စိတ်ဝိညာဉ်အမြစ် အရည်အသွေး အကန့်အသတ်ကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက ထိုထက် ပို၍ အားကောင်းလာနိုင်သည်။
ရက်နှစ်ဆယ်အတွင်း ရှောင်ကျီ သည် ချီလေပွေ ဆေးလုံး၏ အကူအညီဖြင့် သိုင်းတပည့်အဆင့်ကို ချိုးဖျက်ရောက်ရှိရုံမက သိုင်းတပည့် အဆင့်သုံးထိ ရောက်ရှိသွားခဲ့၏။
ရီရှင်းချန် ထူးမခြားနားသလို ခပ်တည်တည် ဖြင့် ပြောလိုက်သည် “အဆင့်ခြောက် သိုင်းတပည့်”
ကျွင်းချောင်ရှောင်းသည် ဆွံအသွားသည် ။ သူတို့နှစ်ယောက်သည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ရှိေသောကြောင့် ချင်းယန်ကိုပင် အမှီလိုက်လာနေပြီ ဖြစ်သည်။ နတ်ဘုရားအဆင့်အထက် ကျင့်ကြံခြင်း နည်းစနစ်ကို မကျင့်ကြံခဲ့ဘူးဆိုလျှင် ရီရှင်းချန်သည် အမှန်ပင်ဆန်းကြယ်သည့် သတ္တဝါ ဖြစ်လိမ့်မည်။
“ဂိုဏ်းချုပ်”
ရီရှင်းချန် ပြောလိုက်သည် “ဟိုဂိုဏ်းကို သွားပြီး ဖျက်ဆီးကြစို့”
သူသည် မြန်မြန်ဆန်ဆန် ဟောင်ချီ ဂိုဏ်းအား ဖျက်ဆီး၍ ကျင့်ကြံခြင်းအရင်းအမြစ်များ ရရှိရန် စိတ်လောလျက် ရှိသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “မင်းတို့ နှစ်ရက်လောက် နားလိုက်ကြအုံး..။ ပြီးရင် ဟောင်ချီ ဂိုဏ်းဆီ သွားကြတာပေါ့”
“ဖျက်ဆီးရမယ်” ရီရှင်းချန် ခပ်တည်တည် နှင့် ထောက်ခံလိုက်သည်။
ထိုညမှာပဲ ဂိုဏ်းချုပ်၏ အမိန့်နှင့်အတူ လီလိုရှုသည် မိုးဆွေ ဟောခန်း၏ တပည့်များဆီ သတင်းပို့လိုက်သည်။ သံမဏိအရိုးဂိုဏ်းသည် တဘက်ခါတွင် ဟောင်ချီ ဂိုဏ်းအား သွား၍စိန်ခေါ် တိုက်ခိုက်မည် ဆိုသော သတင်းပင် ဖြစ်၏။
နှစ်ရက် အနားယူခြင်းသည် တပည့်များ အနားရန် အဓိက မဟုတ်ချေ။ သူ၏ ရည်ရွယ်ချက်မှာ သံမဏိအရိုးဂိုဏ်း ဟောင်ချီ ဂိုဏ်းအား ဖျက်ဆီးမည် ဆိုသော သတင်းအား နေရာအနှံ့သို့ ပျံ့နှံ့စေချင်သောကြောင့် ဖြစ်သည်။
အချိန်ရောက်လာလျှင် အကုန်လုံး လာကြည့်ကြ။ အပျင်းပြေစေရမည် ဆိုသော ရည်ရွယ်ချက်ပင် ဖြစ်တော့၏။