← Chapters

နန်းတွင်းအကြံပေး၏ ဒုတိယတပည့်

Vol. 013 Ch. 1230

နန်းတွင်းအကြံပေး၏ ဒုတိယတပည့်

Vol. 013 Ch. 1230

ဗိုလ်ချုပ်ထန်နှင့် ဘုရင်ထန်တောက်တို့သည် ထိုနေရာ၌ ချက်ချင်းပင် တိုက်ခိုက်ခဲ့ကြသည်။ ဘုရင်ထန်ထောက်သည် တာလီစစ်တပ်မှ ဘုရင်ဖြစ်ပြီး ဘုရင်ခံလေးပါး၏ ခေါင်းဆောင်အဖြစ် ကျော်ကြားသည်။  သူသည် အနောက်ဘက်မှ စစ်တပ်အင်အားစုကို အမိန့်ပေးနိုင်သည်။

ဗိုလ်ချုပ်ထန်သည် အင်ပါယာရှားဘုံမှ စစ်မဟာကြီးရှစ်ခုထဲက ပထမစစ်တပ်၏ ဗိုလ်ချုပ် ဖြစ်ပေသည်။ နှစ်ဦးလုံးမှာ အလွန်ပင် ထူးကဲသာလွန်သည့် လူများ ဖြစ်ကြသည်။ သူတို့ နှစ်ဦးကြားမှ တိုက်ပွဲသည် ကောင်းကင်ကိုပင် တုန်ခါစေသည်။

သူတို့နှစ်ဦး တိုက်ခိုက်ကြသည့်အခါ ကောင်းကင်သည်ပင် ပြိုလဲကျလုမတတ် ထင်မှတ်ရပေသည်။

ရန်ယွင်သည် သူတို့နှစ်ယောက် တိုက်ခိုက်နေသည်ကို ကြည့်လိုက်ပြီး ထိုထိပ်တန်းပုဂ္ဂိုလ် ဗိုလ်ချုပ်ထန်သည် သူတို့အတွက် တားဆီးပေးရန် ရည်ရွယ်သည်ကို သူ သိသည်။

“ဒုတိယညီငယ်၊ ဖေးရွှီကို ဂရုစိုက်ပါ” ရန်ယွင်က နန်ကျိုင်းကို  လှည့်ကြည့်ကာ ပြောလိုက်သည်တွင် သူက ခေါင်းညိတ်သည်။ ရန်ယွင်သည် ခြေလှမ်းပြင်ကာ အဝေးသို့ ဦးတည်လိုက်၏။ မုချွန်းယန်သည် သူ၏ ရတနာဓားကို ကိုင်ကာ အနောက်မှ ချက်ချင်း လိုက်ပါသွားသည်။

တစ်ယောက်က သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုဖြစ်ပြီး တစ်ယောက်မှာ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးစ ဖြစ်သည်။ သူတို့ နှစ်ယောက်ထံမှ ပေါက်ကွဲထွက်လာသည့် အရှိန်အဝါမှာ အလွန်ပင် ကြီးမား၏။

သို့သော်လည်း သူတို့ကို ရှန့်ထိုစစ်တပ်က ဝန်းရံထားကာ လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။

ကောင်းကင် ထောင်ချောက်ဝင်္ကပါက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ကောင်းကင် ထောင်ချောက်ဝင်္ကပါ၏ ရွှေရောင်သံကြိုးကွင်းများက အဝေးနေရာအထိ ချိပ်ပိတ်လိုက်ပြီး ကျိုးပဲ့သွားသည့် ဆူညံသံများကို ကြားလိုက်ရသည်။ သံကြိုးကွင်းများသည် အလွန် လျင်မြန်စွာဖြင့် ကောင်းကင်ကို ဖြတ်သန်းသွားပြီး ရန်ယွင်နှင့် အခြားလူများဆီသို့ ပြေးဝင်သွားသည်။

ဘုန်း… ဘုန်း… ဘုန်း…

ရန်ယွင်၏ ခန္ဓာကိုယ်က မရေတွက်နိုင်သည့် သံကြိုးကွင်းများနှင့် ချည်နှောင် ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်ငြား အလွန်တောက်ပသော မဟာလမ်းစဉ်၏ ဝင်္ကပါက သူ့ခန္ဓာကိုယ်အနီးတွင် တောက်ပလာသည်။ သူသည် ပြန်လည်မွေးဖွားခြင်း အဆင့်သို့ တက်ရောက်ပြီးခဲ့ပြီဖြစ်ရာ ဝင်္ကပါမှာ အလွန်အမင်း တောက်ပလျက် ရှိသည်။ သူသည် မဟာလမ်းစဉ်၏ သံကြိုးကွင်းများကို ဆွဲယူလိုက်ကာ အဖျက်အဆီး စွမ်းအားများက သူ့ခန္ဓာမှ ထွက်ပေါ်လာပြီး မရေတွက်နိုင်သည့် သံကြိုးကွင်းများကို ဖျက်ဆီးပစ်သည်။

သူသည် လေထဲသို့ ခြေလှမ်းလိုက်ကာ ကောင်းကင် ထောင်ချောက်ဝင်္ကပါသို့ ဦးတည်သည်။ သူသည် သူ့ဆရာ သင်ပေးထားသည့် ဝင်္ကပါပညာကို အသုံးပြု၍ ပြိုင်ဘက်ကို တိုက်ခိုက်သင့်လားဟု တွေးနေသည်။

သူသည် ကောင်းကင်ကို လက်ညှိုး ညွှန်လိုက်ပြီး သူ့ခန္ဓာကိုယ်စည် ဝင်္ကပါ၏ အောက်ခြေသို့ လျှပ်စီး အလင်းတန်းသဖွယ် လျင်မြန်စွာဖြင့် ကျဆင်းလာပြီး သူ၏ အထက်သို့ လက်ညှိုးညွှန်သည်။

သူ၏ လက်ချောင်းသည် နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေသည့် ဝင်္ကပါကို ညွှန်ပြလိုက်ပြီး ဝင်္ကပါတွင် မရေတွက်နိုင်သော အက်ကွဲရာများ ပေါ်ပေါက်လာကာ နေရာအနှံ့သို့ ကွဲထွက် ပျံ့နှံ့သွားသည်။ ယင်ယန်စက်ဝိုင်းသည် ၎င်းတို့ ကွဲထွက်မသွားခင်တွင် မျောလွင့်နေသည်ဟု ထင်မှတ်ရသည်။ သူ့အထက်မှ ဝင်္ကပါ အက်ကွဲထွက်သွားသည့် အရှိန်ကြောင့် များပြားလှသော တန်ခိုးရှင်များမှာ နောက်သို့ ဆုတ်ခွာ သွားကြရသည်။

များလှစွာသော ရှန့်ထိုများသည် သူတို့၏ စွမ်းအားများကို အသီးသီး ဖော်ထုတ်လိုက်ပြီး ရန်ယွင်နှင့် အခြားလူများဆီသို့ ဦးတည်သည်။ ရန်ယွင်သည် ခြေလှမ်းလိုက်ပြီး လူအုပ်ကို ဝေ့ဝဲကြည့်ကာ ပြောသည်။ “ကျုပ် ဆရာက တစ်ချိန်က တာလီရဲ့ နန်းတွင်းအကြံပေး ဖြစ်ခဲ့ပြီးတော့ ကျုပ်ကလည်း တာလီပြည်သူ တစ်ယောက်ပဲ။ အခု ဒီအထဲက လူတွေထဲမှာ အရင်က တာလီကျောင်းတော်မှာ ပညာသင်ခဲ့တဲ့လူတွေ ပါတယ်။ အဲဒါကြောင့် ကျုပ် ဘယ်သူ့ကိုမှ မသတ်ချင်ဘူး။ လမ်းဖယ်ပေးပါ”

ဒုန်း …

သူသည် ပြောပြီးသည်နှင့် ခြေတစ်လှမ်း လှမ်းသည်။ လေထုက တုန်ခါသွား၏။

မဟာလမ်းစဉ်၏ ဓားများက သူ့အနီးတွင် ဝန်းရံထားပြီး အချိန်မရွေး လေထုကို ဖြတ်သန်း၍ ပေါက်ကွဲ ထွက်လာတော့မလိုပင် အော်မြည်နေသည်။

များပြားလှသည့် တန်ခိုးရှင်များမှာ ရန်ယွင်ထံမှ ထွက်ပေါ်လာနေသည့် တောက်ပသည့် အရှိန်အဝါကို ခံစားမိကြပြီး သူတို့အားလုံးသည် ချက်ချင်း ပြန်ဆုတ်ခွာရန် တွေးလိုက်ကြသည်။

ရန်ယွင် ပြောသကဲ့သို့ပင် သူတို့အားလုံးသည် တာလီမှ လူများဖြစ်ကြပြီး တာလီကျောင်းတော်၌ ပညာသင်ဖူးသည့် လူအချို့သည် ရန်ယွင်၏ လမ်းညွှန် သင်ကြားပေးမှုကိုပင် ခံယူခဲ့ကြဖူး၏။

သူတို့ထဲမှ လူအများစုမှာ နန်းတွင်းအကြံပေး၏ သင်ကြားပြသပေးခြင်းကို ခံယူခဲ့ရပြီး နန်းတွင်းအကြံပေးကို အမြဲလေးစားခဲ့ကြသည်။ အခြေအနေသာ ပေးခဲ့လျှင် သူတို့ထဲက မည်သူမှ နန်းတွင်းအကြံပေး၏ ကျင့်ကြံဆင့်များ ဖျက်ဆီးခံရပြီး ထောင်သွင်း အကျဉ်းချခြင်း ခံရသည်ကို မြင်လိုကြမည် မဟုတ်ပေ။ သူတို့ထဲက မည်သူကမှလည်း ရန်ယွင်ကို မသတ်လိုကြပေ။

“နန်းတွင်းအကြံပေး အိမ်တော်က သစ္စာဖောက်မှုကို ကျူးလွန်ပြီး အင်ပါယာရှားဘုံက ဘက်တော်သား ဖြစ်သွားခဲ့ပြီ။ သူတို့က အင်ပါယာရှားဘုံကို ထွက်ခွာဖို့ အသင့်ဖြစ်နေပြီ။ သူတို့ကို သတ်ပစ်” ကောင်းကင်ထက်တွင် ဗိုလ်ချုပ်ထန်နှင့် တိုက်ခိုက်နေသည့် ဘုရင်ထန်တောက်က အော်ပြောသည်။ အချို့လူများက တွေဝေလျက်ပင် လှုပ်ရှားလာကြသည်။

သို့သော်လည်း နောက်မှာရပ်နေသည့် လူအများအပြားလည်း ရှိနေကာ သူတို့သည် နန်းတွင်းအကြံပေး အိမ်တော်မှ လူများကို ခက်ခဲစေအောင် လုပ်ဆောင်လိုခြင်း မရှိကြပေ။

သူတို့ သေချာသိနေသည့် အချက်မှာ နန်းတွင်းအကြံပေးက အင်ပါယာ၏ အမိန့်ကို ငြင်းဆန်ခဲ့လျှင်ပင် နန်းတွင်းအကြံပေးသည် တာလီကို သစ္စာဖောက်၍ အင်ပါယာရှားဘုံနှင့် ပူးပေါင်းလိမ့်မည် မဟုတ်ပေ။ အခြားလူများနှင့် မတူသည့် နန်းတွင်းအကြံပေးကဲ့သို့ ကြီးမြတ်လှသော လူတစ်ယောက်သည် ထိုသို့ ဂုဏ်သိက္ခာကျဆင်းသည့် လုပ်ရပ်မျိုးကို ဘယ်သောအခါမှ လုပ်ဆောင်မည့် လူ မဟုတ်ပေ။ သူတို့ မသိသည့် အကြောင်းပြချက်တစ်ခုခု ကျိန်းသေ ရှိနိုင်သည်။

ထိုအခြေအနေတွင် မရေတွက်နိုင်သော လူများသည် သက်ပြင်းသာ ချလိုက်မိကြသည်။

များလှသော တန်ခိုးရှင်များက ရန်ယွင်ကို တစ်ချိန်တည်း တိုက်ခိုက်သည်။ ရန်ယွင်သည် ကောင်းကင်ကို မော့ကြည့်သည်။ သူ၏ အသိများတွင် ရှန့်ထိုများ အားလုံး ပေါ်ပေါက်လာသည်။ သူသည် ဘာစကားမှ မပြောတော့ဘဲ ရှေ့သို့ ခြေလှမ်းသည်။ အဖျက်အဆီး စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ့ဆီသို့ မဟုတ်ဘဲ ဖေးရွှီနှင့် အခြားလူများထံ သက်ညှာမှုမရှိ တိုက်ရိုက် ကျဆင်းလာသည်။

တွန့်ဆုတ်နေမှုနှင့် ကြိုးစား ရုန်းကန်နေမှုကို ရန်ယွင်၏ မျက်လုံးများတွင် မြင်နေရပြီးနောက် သူ့ရှေ့မှ မျက်နှာများကို ကြည့်ကာ အလျင်အမြန် ကြည်လင်ရှင်းလင်း သွားခဲ့သည်။

လူတိုင်းသည် သူတို့၏ ရပ်တည်ချက်နှင့် ဆုံးဖြတ်ချက် ရှိပြီးဖြစ်ကာ အထူးသဖြင့် ရှန့်ထို ဖြစ်လာပြီးသော သူများတွင် ဖြစ်သည်။ သူတို့သည် ရွေးချယ်မှုများ ပြုလုပ်ပြီးခဲ့ပြီ ဆိုကတည်းက ထပ်၍ တွေဝေနေရန် မလိုအပ်တော့ပေ။

သူသည် ထိုသို့ တွေးလိုက်သော တစ်ခဏအတွင်း ပြည့်ဝလှသည့် စွမ်းအားများသည် သူ့အနီးဝန်းကျင်တွင် ပေါက်ကွဲထွက်လာပြီး ကျယ်ပြောလှသည့် နေရာများထိ ဖြတ်သန်း၍ လွှမ်းခြုံသွားသည်။

ရှန့်ထိုများသည် ချက်ချင်းပင် ထူးခြား ဆန်းကြယ်သော စွမ်းအားများ ဖုံးလွှမ်းသွားခြင်းကို ခံလိုက်ရသည်။ သူတို့သည် မဟာလမ်းစဉ်၏ အဆုံးမဲ့ ဝင်္ကပါကြီးက သူတို့အားလုံးကို လွှမ်းမိုးသွားသည်ကို ခံစားမိလိုက်ကြသည်။ မရေတွက်နိုင်သည့် ရှေးဟောင်း သင်္ကေတများသည် အနီးဝန်းကျင်တွင် ရစ်ဝဲနေပြီး သူတို့၏ ရှန့်ထိုစွမ်းအားများသည် ကန့်သတ်ခြင်းကို ခံလိုက်ရသည်။ သူတို့သည် ရုန်းကန်ရန် ရည်ရွယ်လိုက်သော်လည်း ၎င်းကို လှုပ်ခါစေရန်မှာ ခက်ခဲလှသည်ကို တွေ့ရှိသည်။

တောက်ပလင်းလက်နေသည့် အဆုံးမဲ့ ဝင်္ကပါကြီးသည် သူတို့ကို ထာဝရဆန်သော အာကသများဆီသို့ ခေါ်ဆောင်သွားသည်ဟု ထင်မြင်ရပြီး ရန်ယွင်သည် ဝင်္ကပါ၏ အလယ်တွင် ရှိနေသည်။ သူသည် သူ့အနီးတဝိုက်ကို ဝေ့ဝဲကာ ကြည့်ရှုလိုက်ပြီး ရှေးဟောင်း သင်္ကေတများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

ချန်၊ ခွင်း၊ ခန်၊ လီ..

ရှေးဟောင်သင်္ကေတ စာလုံးများ အားလုံးသည် အလွန်ကြောက်မက်ဖွယ် စွမ်းအားများနှင့် စိမ့်ဝင် ပေါင်းစပ်သွားသည်။

“သူတို့ကို သတ်” ရန်ယွင်က ပြောလိုက်ပြီး ခဏချင်းပင် သင်္ကေတများသည် သူ့အနားမှ လူများ၏ စိတ်ထဲသို့ တိုးဝင်သွားသည်။ ကောင်းကင်တွင် တိုက်ခိုက်နေကြသည့် ရှန့်ထိုများ၏ စွမ်းအား အသိများသည် ဓားအသိဖြင့် ဖြတ်တောက်လိုက်ခြင်းကို ခံရကာ သူတို့၏ မျက်ခုံးနှစ်ခုကြားမှ သွေးများ ထွက်လာသည်။ သူတို့၏ မျက်လုံးများသည် ပြူးကျယ်ကာ အောက်ဘက်ရှိ ရန်ယွင်ကို စူးစိုက်ကြည့်သည်။

တန်ခိုးရှင်များ၏ စွမ်းအားများသည် ဟိုမှဒီမှ ကွဲထွက်ပျံ့နှံ့သွားပြီး သူတို့၏ စိတ်ထဲတွင် အော်မြည်နေပြီး အသိစိတ်များလည်း အတူတကွ ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် မြေပေါ်သို့ ပြုတ်ကျသွားကြ၏။

ရှန့်ထိုတစ်ဦးပြီး တစ်ဦးသည် ချက်ချင်းလိုပင် ကောင်းကင်ထက်မှ မြေပြင်သို့ ပြုတ်ကျလာကာ သုတ်သင်ခံလိုက် ရလေသည်။ ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေကြသည့် လူများသည် ဤအချင်းအရာကြောင့် အံ့သြထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။

ထိုလူများအားလုံးသည် ရှန့်ထိုများ ဖြစ်သော်လည်း သူတို့ အားလုံးသည် တစ်ခဏအတွင်း အသတ်ခံလိုက်ရလေသည်။

ဤသည်မှာ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်ရှိလာသည့် ရန်ယွင်၏ စွမ်းအားပေလော။

အင်ပါယာလီသည် နန်းတွင်းအကြံပေး၏ ပထမတပည့်ကို နန်းတွင်းအကြံပေး နေရာ ဆက်ခံရန် ကြေညာခဲ့ဖူးသည်။

သို့သော်လည်း သူသည် ဘာကိုမှ မလိုအပ်ဘဲ ထွက်သွားရန်သာ စိတ်အား ထက်သန်ခဲ့သည်။

တာလီနှင့် နန်းတွင်းအကြံပေး အိမ်တော် ကြားတွင် မည်သည့်ငရဲမျိုး ဖြစ်လာသည်လဲ။

မရေတွက်နိုင်သော လူများသည် နှမြောတသစိတ်များ ခံစားမိသည်။ တာလီတွင် နန်းတွင်းအကြံပေး ဆိုသည်မှာ ရှိတော့မည် မဟုတ်သကဲ့သို့ ယခုတွင် နန်းတွင်းအကြံပေး အိမ်တော်သည်လည်း သုတ်သင်ခံရပေမည်။

ထိုသည်မှာ တာလီပြည်ထောင်၏ ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။ အင်ပါယာသည် ဤသည်ကို သိသဖြင့် နန်းတွင်းအကြံပေးကို အခွင့်အရေး ပေးလိုခဲ့သော်လည်း နန်းတွင်းအကြံပေးက တွေဝေခြင်းမရှိ ငြင်းပယ်ခဲ့သည်။ အင်ပါယာသည် နန်းတွင်းအကြံပေးအား ဖမ်းဆီးပြီးနောက်တွင် ရန်ယွင်နှင့် အခြားလူများကို ဆက်လက်၍ တာဝန်ထမ်းဆောင်စေရန် ရည်ရွယ်ပြီး ဖေးရွှီကို ဘုရင်မဟူသော ဘွဲ့ကို ပေးအပ်၍ လီကျန်း၏ ဇနီးအဖြစ်နှင့် တော်ဝင်နန်းတော်သို့ ဝင်ရောက်စေလိုသည်။

သို့သော်လည်း ဘယ်အရာကမှ သူတို့ကို နေရစ်ခဲ့ရန် မစီမံနိုင်ပေ။

သူတို့၏ စိတ်ထဲမှ အက်ကြောင်းသည် ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ဘဲ ပြန်လှည့်ဖို့ရာ အကြောင်းလည်း မရှိတော့ပေ။

နန်းတွင်းအကြံပေး အိမ်တော်မှ ရန်ယွင်နှင့် အခြားလူများသည် ထွက်သွားလိုသည့် ဆန္ဒတစ်ခုသာ ရှိကြပေသည်။

ထိုအချိန်၌ အခြားတိုက်ပွဲတစ်ခု အတွင်းတွင် ဘုရင်ထန်တောက်၏ တပ်မဟာမှ လူများသည် ရန်ယွင်ကို ဝန်းရံထားပြီး သူတို့၏ တိုက်ခိုက်မှုကို မုချွန်းယန်နှင့် နန်ကျိုင်းဆီသို့ ဦးတည်သည်။ သူတို့ နေရာယူဖွဲ့စည်းထားပုံအရ နန်ကျိုင်း၏ ခုခံကာကွယ်မှုကို ချိုးဖောက်၍ ဖေးရွှီကို ခေါ်ဆောင်ရန် ရည်ရွယ်နေကြခြင်း ဖြစ်ပေသည်။

သူတို့သာ နန်းတွင်းအကြံပေး၏ သမီးကို ခေါ်ဆောင်သွားနိုင်လျှင် နန်းတွင်းအကြံပေး အိမ်တော်မှ မည်သူမဆို သူတို့ ထွက်ခွာချင်လျှင်ပင် ထွက်သွားနိုင်တော့မည် မဟုတ်သည်ကို သူတို့ သေချာသိရှိထားသည်။

မုချွန်းယန်၏ ဓားသည် အလွန်ပင် ရက်စက်လှကာ သူ ဓားကို ဝှေ့ယမ်းသည်နှင့် သူ့ရှေ့မှ နေရာသည် လမ်းကြောင်းအဖြစ် ကွဲထွက်သွားသည်။ သူ၏ ဓားစွမ်းအားများသည် သူ့ရှေ့မှ အရာအားလုံးကို သုတ်သင်ရှင်းလင်း သွားသည်။ များပြားလှသည့် ရှန့်ထိုများသည် သူ၏ ဓားမုန်တိုင်းအတွင်း လျင်မြန်စွာ သတ်ဖြတ်ခံလိုက်ရသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် အလွန် စွမ်းအားကြီးမားသည့် ရှန့်ထိုများမှာ သူတို့ကို ဝန်းရံနေသည်။ သူတို့အားလုံးသည် သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုများ ဖြစ်ကြပြီး သူတို့သည် မုချွန်းယန်ကို ကြားဖြတ်တိုက်ခိုက်ကာ နန်ကျိုင်း၊ လုချွန်နှင့် ဖေးရွှီတို့၏ တိုက်ပွဲမှ ခွဲထုတ်ရန် ကြိုးစားနေကြသည်။

ထိုအချိန်တွင် သံသယကင်းစင်ခြင်း အဆင့်က ဦးဆောင်၍ အခြားသော များပြားလှသည့် ရှန့်ထိုများသည် ဖေးရွှီနှင့် သူမ၏ အစ်ကိုနှစ်ယောက် ရှိရာသို့ ဦးတည်လိုက်ပြီး သူတို့ကို ဝန်းရံရန် ကြိုးပမ်းသည်။ အခြေအနေမှာ အလွန်ပင် အန္တရာယ်များလှ၏။

နန်ကျိုင်းသည် ရှေ့သို့ တက်လိုက်ပြီး လုချွန်နှင့် ဖေးရွှီကို နောက်မှာ ထားကာ ကာကွယ်သည်။ ထိုသို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရပင်လျှင် နန်ကျိုင်း၏ အမူအရာမှာ အလွန် တည်ငြိမ်နေပြီး တွန့်ဆုတ်မှု တစ်စွန်းတစ်စမျှ ရှိမနေပေ။ ရန်ယွင်နှင့် မုချွန်းယန်သည် သူတို့၏ တိုက်ပွဲကို ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

“အကြီးဆုံးတပည့်က ပြန်လည် မွေးဖွားခြင်းအဆင့် ဖြစ်လာမယ်ဆိုပေမဲ့ သူ ထွက်သွားချင်တယ် ဆိုတိုင်း ကျုပ်တို့က အလျှော့ပေး လွှတ်ပေးလိုက်မှာတော့ မဟုတ်ဘူး” သံသယကင်းစင်ခြင်း အဆင့် တစ်ယောက်က ပြောလိုက်ပြီး သူ၏ လက်ကို မြှောက်ကာ ရှေ့မှ လေဟာနယ်ကို ဆုပ်ဆွဲသည်။ နတ်နဂါးတစ်ကောင်သည် ၎င်း၏ အစွယ်များကို လှစ်ဟလိုက်ပြီး လက်သည်းများသည် ချက်ချင်း လျင်မြန်စွာ လှုပ်ရှား၍ အထက်မှ ကျဆင်းလာကာ နန်ကျိုင်းနှင့် အခြားနှစ်ယောက်ကို တိုက်ခိုက်လာသည်။

ထိုလူ၏ စွမ်းအားများမှာ ကြီးမားပြည့်ဝလှပြီး သူ့ကို ကြည့်ရသည်မှာ ဣန္ဒြေသိက္ခာ ရှိလှပေသည်။ သူသည် အနီးတွင် ဝန်းရံထားသည့် တာလီ တော်ဝင်အနွယ်တော်များ ကြားမှ တစ်ဦးဖြစ်သည့် ပုံပေါ်သည်။

ထို ရွှေရောင်နတ်နဂါးကြီးသည် နန်ကျိုင်း၏ ဦးခေါင်းထက်တွင် စက်ဝိုင်းသဖွယ် လှည့်ပတ်နေပြီး ၎င်း၏ လောင်ကျွမ်းနေသော ဖိအားများကို ထုတ်လွှတ်နေသည်။ ကျယ်လောင်သည့် အော်မြည်သံကို ထုတ်ဖော်လိုက်ပြီးနောက် အောက်သို့ ဆင်းလာခဲ့သည်။

နန်ကျိုင်းသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ လက်များကို ဝှေ့ယမ်းသည်။ လေထုတစ်ခုလုံးကို ဖြန့်ကြက်အုပ်မိုးထားနိုင်သော ပန်းချီပုံရိပ်ကြီးတစ်ခု ကောင်းကင်၌ ဖြစ်ပေါ်လာပြီး ထိုအရာမှ အလွန်သန့်စင်သော ဖိအားများ ပေါက်ကွဲ ထွက်ပေါ်လာသည်။ မဟာလမ်းစဉ်၏ စွမ်းအားများဖြင့် ပြည့်ဝနေသည့် အရှိန်အဝါနှင့် ၎င်းသည် အလွန်ပင်စွမ်းအား ပြည့်ဝသော နတ်လက်နက်တစ်ခု ဖြစ်လာခဲ့သည်။

အဆုံးမဲ့ တောက်ပနေသော ဝင်္ကပါအတွင်းမှ လင်းလက်နေသည့် ပန်းချီကားသည် အကန့်အသတ်မဲ့ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ကို ထုတ်ဖော်လိုက်ကာ မရေတွက်နိုင်သည့် နွယ်များ ထွက်ပေါ်လာပြီး ကောင်းကင်ကိုပင် ဖုံးကွယ် ပိတ်ဆို့သွားခဲ့သည်။

အောက်သို့ ထိုးဆင်းလာသည့် နဂါးသည် ခဏအတွင်း ထိုရှုပ်ထွေးနေသည့် နွယ်များအတွင်း ဖမ်းချုပ်ခြင်း ခံလိုက်ရကာ တဖြည်းဖြည်း တိုက်စား ခံလိုက်ရသည်။

လူအများသည် ပန်းချီကားထဲမှ ရှေးဟောင်းသစ်ပင်ကြီး အထက်တွင် ရပ်နေသည့် နန်ကျိုင်းကို  ထိတ်လန့် တုန်လှုပ်စွာ ကြည့်နေကြ၏။ လုချွန်နှင့် ဖေးရွှီသည် သူ့အနောက်တွင် ရပ်နေကြသည်။ သူတို့ သုံးယောက်ကို ကြည့်ရသည်မှာ ပန်းချီကားထဲမှ ပုံရိပ်များသဖွယ် ဖြစ်လာပြီး အလွန်ပင် ထူးခြား ဆန်းကြယ်လှသည်။

ထိုအခိုက်တွင် သူတို့အားလုံးအတွက် ပိုပြီး ထိတ်လန့် အံ့သြဖွယ် ကောင်းသည် နန်ကျိုင်းသည် ပန်းချီကားအတွင်းသို့ ဝင်ရောက်ကာ မဟာလမ်းစဉ်၏ အဆုံးမဲ့ စွမ်းအားများက ၎င်းအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပန်းချီကားသည် ဆက်လက်၍ ကျယ်ပြန့်လာနေကာ နန်ကျိုင်းသည် ထိုအတွင်းတွင် ရှိနေကာ သူ့အရှိန်အဝါသည် ပန်းချီကားနှင့် ရောယှက်နေသည်ဟု ထင်မှတ်ရကာ ပို၍ပင် ပြင်းထန် လာလေသည်။ သူသည် မိမိကိုယ်ကိုယ် သိမြင်ခြင်း ရှန့်ထိုအဆင့်၏ နယ်နိမိတ်ကို ချိုးဖျက်ကာ သံသယကင်းစင်ခြင်း အဆင့်သို့ ရောက်ရှိလာသည်။

သူ၏ စွမ်းအားများသည် သံသယကင်းစင်ခြင်း အဆင့်သို့ ရောက်ရှိလာပြီးနောက် ဆက်လက်၍ မြင့်တက်လာပြီး လက်ရှိအဆင့်၏ အထွတ်အထိပ်ထိ ရောက်ရှိလာသည်။

“သူက ဘာလို့ ဒီလောက်ထိ အစွမ်းထက်ရတာလဲ” လူအများသည် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်နေကြသည်။ တာလီရှိ လူတိုင်း သိကြသည်မှာ နန်းတွင်းအကြံပေး၏ တပည့်များအကြားတွင် အသန်မာဆုံးမှာ ရန်ယွင်ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ ဒုတိယတပည့် နန်ကျိုင်းသည် လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းသော စိတ်ထားရှိ၍ သူသည် ပန်းချီဆွဲခြင်းနှင့် ဟာသပြောရခြင်းကို နှစ်သက်ပြီး သူ၏ တန်ခိုးစွမ်းအားကတော့ မြင့်မားခြင်းမရှိပေ။ သူသည် မိမိကိုယ်ကိုယ် သိမြင်ခြင်း ရှန့်ထိုအဆင့်သာလျှင် ဖြစ်ကာ သူ၏ စွမ်းအားသည် သူ့ညီငယ် မုချွန်းယန်ထက်ပင် နိမ့်ကျပေသည်။

သို့သော်လည်း ထိုအချိန်၌ နန်ကျိုင်းသည် မုချွန်းယန်ထက် အားနည်းသည်ဟု မည်သူကမှ မပြောရဲတော့ချေ။

သူ၏ လက်ရှိစွမ်းအားမှာ မကြာသေးခင်က ပြန်လည်မွေးဖွားခြင်း ရှန့်ထိုဖြစ်လာသည့် ရန်ယွင်၏ စွမ်းအားပမာဏအောက် မနိမ့်ကျနိုင်သော ပြည့်ဝသည့် ကြောက်မက်ဖွယ် အရှိန်အဝါ ရှိပေသည်။

“ပန်းချီပညာလမ်းစဉ်” လူတိုင်းသည် တုန်လှုပ်နေပြီး သူတို့သည် နန်ကျိုင်း၏ စွမ်းအားကို လျှော့တွက်မိမှန်း သိလိုက်ကြသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်၌သာ ရှိသော်လည်း သူ့ပန်းချီစွမ်းရည်သည် ပို၍ သန်မာပုံရလေသည်။

သူ ပန်းချီကားအတွင်းသို့ ဝင်ပြီးနောက်တွင် သူ၏ စွမ်းအားများသည် ပို၍ ထက်မြက်လာပေသည်။

ထိုသံသယကင်းစင်ခြင်း အဆင့်မှ သူသည် အေးစက်သော အမူအရာနှင့် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ့အနီးမှ ရှန့်ထိုများဖြင့် ပူးပေါင်းကာ ရှေးဟောင်းသစ်ပင်၏ နွယ်များကို ဆုတ်ဖြဲပစ်ရန် ရည်ရွယ်လေသည်။

ပန်းချီကားသည် ဆက်လက်၍ ကျယ်ပြန့်လာနေပြီး တစ်စတစ်စနှင့် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ထိုရှန့်ထိုများသည် လျင်မြန်စွာ ရှာဖွေတွေ့ရှိသည်က သူတို့သည် နန်ကျိုင်း၏ ပန်းချီကားအတွင်းသို့ ရောက်ရှိသွားကာ ပန်းချီကားအတွင်းမှ လူများဖြစ်လာသည်ဟု ထင်မှတ်ရပြီး နန်ကျိုင်း၏ စွမ်းအားများမှ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြလေသည်။

လူအများသည် ထိုအရာကို သိလျှင်သိချင်း ထွက်ပြေးရန် ကြိုးပမ်းလိုက်သော်လည်း အလွန် နောက်ကျသွားပြီ ဖြစ်၏။

လူအများကို ဖမ်းဆီးထားသည့် ပန်းချီကားအတွင်းမှ ပျက်စီးပြိုကွဲသွားသည့် အသံများ နေရာအနှံ့ကို ပျံ့နှံ့သွားသည်။ ရှေးဟောင်းသစ်ပင်မှ နွယ်များသည် ရှန့်ထိုများကို ဝါးမျိုနေပြီး ဓားအရှိန်အဝါနှင့် အခြား သတ်ဖြတ်မှု စွမ်းအားများသည် ပန်းချီကားဆီမှ ပေါက်ကွဲ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် နန်ကျိုင်းကို မည်သူ တစ်ဦးတစ်ယောက်ကမှ ဝန်းရံထားခြင်း မရှိဘဲ သူကသာ လူအများကြီးကို ဝန်းရံထားသည့် သူ ဖြစ်နေသကဲ့သို့ ထင်မှတ်ရပေသည်။

***

All Chapters