ဖော်ထုတ်ခံလိုက်ရပြီ
Vol. 104 Ch. 1546
ဒူဘိုင်း ၊ အမှတ် ၀၄၁ ၊ သီးသန့်ကိုယ်ပိုင်ကျွန်း တစ်ခုတွင်။
ဒူဘိုင်း၏ ပင်လယ်ပြင်တွင် ကျွန်းငယ် အသေးလေးတို့ မြောက်များစွာ မျောလွင့်နေလျက် ရှိသည်။ လူမဆန်သည့် ကြွယ်ဝမှု၏ စိတ်ကူးဉာဏ်ကွန့်မြူးမှုကိုပါ ထပ်ပေါင်းထည့်လိုက်တော့ ထို ကျွန်းများအားလုံး အမှတ်တစ်ခုစီ ရေးထိုးခြင်း ခံရကာ ချမ်းသာသည့် တိုင်ကွန်းများထံ ရောင်းချခြင်း ခံလိုက်ရသည်။
လင်းရီ ကျီချင်းရန်ကို လက်ဆောင်ပေးသည့် ကျွန်းကလည်း ၎င်းတို့အနက်က တစ်ခု ဖြစ်လေသည်။ သို့သော် ၎င်း၏ ကျွန်းအမှတ်စဉ်က ၀၀၈ ဖြစ်၏။ သို့သော် လင်းရီက နာမည်ကို ပြောင်းလဲပစ်လိုက်သည်။
သို့သော် အမှတ် ၀၄၁ ဟူသည့် အမည်က ပြောင်းလဲခြင်း မရှိသေးချေ။ ကျွန်း၏ ကမ်းခြေတွင် ၀၄၁ လိုဂိုသည် မပျောက်မပျက် ရှိနေဆဲပင်။
ကျွန်း၏ အလယ်တွင်ရှိ ဗီလာတွင်တော့ အဖြူရောင် မီးအလင်းရောင်တို့ဖြင့် လင်းထိန်နေသည်။ ၎င်းအနီးတစ်ဝိုက်တွင် လမ်းမီးတိုင်များလည်း ရှိပြီး မှောင်မိုက်နေသည့် ကျွန်းပေါ်သို့ တောက်ပမှု တစ်ခုကို ထိတွေ့တိုးပွားသွားစေခဲ့၏။
ဒက် ဒက် ဒက် ဒက် …
နားကွဲမတတ် ဆူညံ ကျယ်လောင်သည့် ဒလက်သံနှင့် အဖြူရောင် ရဟတ်ယာဉ်တစ်စီးသည် ကျွန်း၏ နိုင်လွန်ကတ္တရာလမ်းပေါ်သို့ ဆင်းသက်လာခဲ့၏။
ရဟတ်ယာဉ်တံခါး ပွင့်ဟလာပြီး အနက်ရောင်ဝတ်စုံပြည့်နှင့် ထောင်ထောင်မောင်းမောင်း အမျိုးသားနှစ်ဦးက သက်လတ်ပိုင်း အမျိုးသား ဆင်းလာမည်ကို ကြိုဆိုလိုက်ကြသည်။
ထိုအမျိုးသား၏ နာမည်က ချူဘာ့တ် ဖြစ်ပြီး Fuseby လေလံအိမ်၏ ဒုဥက္ကဌတစ်ဦးဖြစ်သည်။ သူက ယခု လေလံပွဲ၏ အဓိက တာဝန်ရှိသူ တစ်ဦး ဖြစ်လေသည်။
ရဟတ်ယာဉ်ပေါ်က ဆင်းလာပြီးနောက် ချူဘာ့တ်သည် သူ၏ နက်ခ်တိုင်ကို ချိန်ညှိလိုက်ကာ လူကြီးလူကောင်း တစ်ယောက်နှင့် ပိုပြီး အသွင်တူသွားစေခဲ့သည်။
ထိုသို့ သေချာချိန်ညှိပြီးနောက် ဘော်ဒီဂတ်များ၏ လိုက်ပါပို့ဆောင်မှုအောက်တွင် ကျွန်းအလယ်ရှိ ဗီလာထံသို့ ရောက်ရှိလာခဲ့၏။
တစ်ချိန်တည်းတွင် အနောက်တိုင်း ဝတ်စုံပြည့်နှင့် လူတစ်ဦးက ဗီလာအပြင်သို့ ထွက်လာသည်။
ချူဘာ့တ်၏ ရုပ်ရည် ၊ သွင်ပန်း သဏ္ဌာန်နှင့် နှိုင်းယှဉ်မည်ဆိုပါက ယခု ထွက်လာသည့်လူ၏ သွင်ပြင်သည် သိသိသာသာကို ဆိုးရွားလှ၏။
ဗိုက်က ရှေ့ကို တစ်တောင်လောက် ထွက်နေပြီး လက်ထဲတွင်လည်း ဆေးတံကြီး ကိုင်ထားကာ ခေါင်းအထက်တွင် ဆံပင်တို့က မရှိသလောက် ဖြစ်နေပြီဖြစ်၏။ ဝတ်ကောင်းစားလှတို့ကို ဝတ်ဆင်ထားသော်လည်းပဲ မည်သည့်နည်းနှင့် ကြည့်ကြည့် လူကောင်းတစ်ဦး၏ ကြန်အင်လက္ခဏာတို့ ရှိမနေချေ။
“ မစ္စတာချူဘာ့တ်… ငါမင်းကို စောင့်နေတာ …”
ဂျက်ဖရီကို မြင်တော့ ချူဘာ့တ်သည် ပို၍ ပျူငှာလာပြီး လက်ကို ဆန့်တန်းလာခဲ့၏။
“ သိပ်ကြင်နာလွန်းနေပါပြီ မစ္စတာ ဂျက်ဖရီ … မင်းနဲ့ အတူ လက်တွဲလုပ်ရတာက ငါတို့ Fuseby လေလံအိမ်ရဲ့ ဂုဏ်ယူစရာပါပဲ…”
“ ဝိုင်နီနဲ့ စီဂါတွေ ပြင်ထားတယ်… အထဲဝင်ပြီး ပြောကြတာပေါ့ ..”
“ ဒါပေါ့ …”
ရိုးရှင်းသည့် စကားလုံးတို့ဖြင့် ပြောဆိုနှုတ်ဆက်ပြီးနောက် နှစ်ယောက်သား ဗီလာထဲသို့ ဝင်လာခဲ့ကြသည်။
အင်မတန် နောက်ကျနေပြီး ဖြစ်သော်လည်း ဒူဘိုင်းကဲ့သို့ မြို့တွင် ယောက်ျားသားတို့၏ ပါတီက စတင်ရုံသာ ရှိသေး၏။
နှစ်ယောက်သား ဗီလာရှေ့ တံခါးဝသို့ ရောက်လာသည်။ သို့သော် စောင့်ကြပ်နေသည့် ဘော်ဒီဂတ်နှစ်ယောက်လုံးက ဘေးသို့ လမ်းမဖယ်ပေးကြချေ။
“ မစ္စတာ ချူဘာ့တ် … မင်း စိတ်တော့ မရှိနဲ့ကွာ … ဒီခုက အရေးကြီးတဲ့ အချိန်ဆိုတော့ ငါတို့လည်း သေချာလေး ဂရုစိုက်ရပြီး ဘာအမှားမှ လုပ်မိလို့ မရဘူး …”
အပြင်လူတို့၏ မျက်လုံးထဲတွင် ဂျက်ဖရီသည် ရှိန်လောက်သည့် ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သော်လည်း သူသာလျှင် သူ့ပြိုင်ဘက်များ၏ နောက်၌ ချန်ရစ်ထားခဲ့ခြင်း ခံထားရပြီကို သိထားသည်။
သူ၏ ယုံကြည်စိတ်ချ အားကိုးရသည့် လက်အောက်ငယ်သား သုံးဦးလုံးက သေဆုံးကုန်ကြပြီး သူ့အနားဝန်းကျင်တွင် အမိန့်ပေးနိုင်သည့် လူတို့ကလည်း သိပ်မရှိကြတော့ချေ။
ထို့ကြောင့် ယခု သူတော်တော်လေးကိုမှ သတိချပ်နေရလေသည်။
ဟွာရှ၏ ကျုံးဝေ့တပ်ဖွဲ့နှင့် ဂျပန်ရှိ မစ်ဆူ မိသားစုတို့က သူ၏ အခြေစိုက် တည်နေရာသို့ အချိန်မရွေး ကျူးကျော်လာနိုင်သည်ဖြစ်ရာ သူ့ဘက်က ဂရုစိုက်ကာမှ တော်ရာကျလိမ့်မည်။
“ မင်းရဲ့ စိုးရိမ်မှုတွေကို ငါနားလည်ပါတယ်….” ချူဘာ့တ် ပခုံးတွန့်၍ လက်မောင်းနှစ်ဖက်ကို ပင့်မြှောက်ပေးလိုက်သည်။ စစ်ဆေးခံရမည်ကို ပွင့်ပွင့်လင်းလင်း သဘောတူလိုက်၏။
ဘော်ဒီဂတ်နှစ်ဦးလုံးကလည်း ရှေ့သို့တက်ကာ ချူဘာ့တ်၏ ကိုယ်ကို သူတို့ လက်ထဲရှိ စစ်တံဖြင့် စစ်ဆေး၏။ ပုံမှန် မဟုတ်သည့် အရာ မတွေ့သည့် အခါ၌ ဘေးတွင် ပြန်ရပ်၍ ဝင်ခွင့်ပြုလိုက်လေသည်။
ဂျက်ဖရီ သူ့ကို အထဲသို့ ဝင်ရန် ဖိတ်မန္တက ပြုလိုက်၏။ ထို့နောက် နှစ်ယောက် အတူ တံခါးဝ အရှေ့သို့ ရောက်ရှိလာသည်။
ဘိ ဘိ ဘိ ဘိ ဘိ ဘိ ဘိ ဘိ …
တံခါးဝကို ဖြတ်သန်းသည်နှင့် အန္တရာယ် အသိပေးသည့် လျှပ်စစ်အသံတို့ ရုတ်တရက် ထွက်ပေါ်လာကာ ရှိနေသည့် လူတိုင်းအား အထိတ်တလန့် ဖြစ်သွားစေခဲ့၏။
ဂျက်ဖရီ၏ လူများက သူတို့၏ သေနတ်များကို ချက်ချင်းဆွဲထုတ်ကာ ချူဘာ့တ်ထံ ချိန်ရွယ်ထားလိုက်ကြသည်။
ဂျက်ဖရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ကာ သတ်ဖြတ်လို့သည့် အရိပ်အယောင်တို့ ပြသလာသည်။
“ မစ္စတာ ချူဘာ့တ် … ဒါ ဘာတွေ ဖြစ်နေလဲ …”
အမှန်တော့ ဂျက်ဖရီသည် အပြင်ဘက်တွင်သာ စစ်ဆေးဂိတ်ကို ထားရှိသည် မဟုတ်ဘဲ အိမ်ထဲတွင်လည်း အချက်ပြကိရိယာတို့ တပ်ဆင်ထားခဲ့၏။
သို့သော် အိမ်အတွင်းရှိ ခြေရာခံ နည်းလမ်းတို့က အဆင့်ပိုမြင့်ကာ အဆင့်မြင့်ဆုံး အင်ဖာရက် လေဆာ နည်းပညာကို အသုံးပြုထားခဲ့သည်။ အကယ်၍ ရောက်လာသည့် ဧည့်သည်က မည်သည့် တားမြစ်ပစ္စည်းကိုမျှ ယူဆောင်လာခြင်း မရှိသ၍ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့သော ကိရိယာများကို တပ်ဆင်ထားသည်က ချူဘာ့တ်ကဲ့သို့သော ဧည့်သည်များကို ရည်ရွယ်ထားခြင်းတော့ မဟုတ်ဘဲ သူက အိမ်အတွင်းသို့ အပြင်လူ တစ်ယောက်ယောက် ခိုးဝင်လာသည်နှင့် ချက်ချင်း သိရှိရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဂျက်ဖရီ၏ မေးခွန်းနှင့် ရင်ဆိုင်ရတော့ ချူဘာ့တ်သည်လည်း ရှုပ်ထွေးသွားခဲ့ရ၏။ သူ၏ လက်နှစ်ဖက်စလုံးကို အလျင်အမြန် လေပေါ်မြှောက်၍ ရိုးသားဖြူစင်မှုကို ပြသလိုက်သည်။
“ ငါလည်း ဘာဖြစ်နေမှန်း တကယ်ကြီး မသိတာ … ငါတို့က စီးပွားရေး ပါတနာတွေလေ… မင်းကို ထိခိုက်မယ့် ကိစ္စတွေ ငါ လုပ်ပါ့မလား …”
ဂျက်ဖရီ၏ အမူအရာ ပြောင်းလဲ မသွားချေ။ သူ့ခေါင်းထဲတွင် ချူဘာ့တ်ပြောသည်က အဓိပ္ပာယ်ရှိသည်ဟု ခံစားနေရ၏။
သူ့တွင် ထိုသို့ ပြုစရာ အကြောင်း မရှိချေ။
အကယ်၍ ဂျက်ဖရီသာ တစ်ခုခု ဖြစ်မည်ဆိုပါက သူသည်လည်း ပစ္စည်းကို ရဖို့ မေ့လိုက်ရုံသာ တတ်နိုင်တော့၏။
“ အဲ့လိုဆို … ခွင့်ပြုပါဦး …” ဂျက်ဖရီ ပြောလိုက်ပြီး “ မစ္စတာ ချူဘာ့တ်ကို ခေါ်သွားပြီး အဝတ်အစားအသစ် လဲပေးလိုက် … ဘာဖြစ်နေလဲဆိုတာ ငါသိချင်တယ်…”
“ ဟုတ် သူဌေး …”
လက်အောက်ငယ်သားများ၏ ဦးဆောင်မှုအောက်တွင် ချူဘာ့တ်သည် တစ်နေရာသို့ ခေါ်ဆောင်သွားခြင်း ခံရ၏။ သူနှင့် အံကိုက်မဖြစ်သည့် ဝတ်စုံအသစ်ကို လဲပြုပြီးနောက် သူ၏ လူကြီးလူကောင်းဆန်သည့် သွင်ပြင်သည်လည်း တစ်ဝက်လောက်ကို လျော့ကျသွားတော့သည်။
မကြာမီ ဂျက်ဖရီ၏ လူများက ချူဘာတ့်၏ ရိုးလက်စ် နာရီကို သယ်ဆောင်လာခဲ့ကြသည်။
“ သူဌေး … ပြဿနာက ဒီနာရီရဲ့ မျက်နှာပြင်မှာပါ .. တစ်စုံတစ်ယောက်က အထဲမှာ ခြေရာခံ ပစ္စည်း အသေးစားလေး ထည့်ထားတယ်… နည်းပညာကလည်း တော်တော်လေး အဆင့်မြင့်ပြီးမှ သာမန် စစ်ဆေးရေး ကိရိယာတွေက သူ့ကို မဖော်ထုတ်နိုင်ဘူး …”
“ မစ် ... မစ္စတာ ဂျက်ဖရီ … ဒါ ငါနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ဘုရားသခင်ရဲ့ အမည်နာမကို တိုင်တည်ပြီး ကျိန်ဝံ့တယ်… ဘယ်လိုတွေ ဖြစ်နေမှန်းလည်း ငါ တကယ်ကြီး မသိတာ …” ချူဘာ့တ် အပြစ်ကင်းစင်စွာ ပြောလိုက်၏။
“ ငါသိတယ်… ဒါပေမယ့် ဒီနေ့ တွေ့ဆုံပွဲကို ဆက်လုပ်စရာ မလိုတော့ဘူးလို့ ထင်တယ်… ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့ …”
“ မင်း ဒီလို လုပ်လို့ ဘယ်ရမှာ ..” ချူဘာ့တ် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး “ လေလံပွဲက မနက်ဖြန်ဆို စပြီ… ငါတို့ အခုထိ ပစ္စည်းကို မရသေးတာကတော့ မဟုတ်သေးဘူးလေ …”
“ စိတ်မလောနဲ့ …” ဂျက်ဖရီ သူ့ကို ဖြောင်းဖြလိုက်ပြီး “ ငါတို့က ပြဿနာကို အရင်စုံစမ်းစစ်ဆေးချင်ရုံ သပ်သပ်ပဲ… တကယ်လို့ ပြဿနာ မရှိဘူးဆိုရင် ပစ္စည်းရဲ့ တည်နေရာကို မင်းဆီ ပြောပြပေးမယ်…”
“ ဒါပေမယ့် မင်း ခုလိုလုပ်နေတာက ကျိုးကြောင်းမညီဘူးကွ…”
“ ငါလည်း ဘယ်တတ်နိုင်မှာ … စိတ်ချရဖို့အတွက် ဒီလိုလုပ်နေရတာပဲ…” ဂျက်ဖရီပြောလိုက်ပြီး “ ဒါပေမယ့် မင်းသာ ငါနဲ့ ပူးပေါင်းပေးနေသရွေ့ ပစ္စည်းရမယ်ဆိုတာ ငါ အာမခံပေးနိုင်တယ်… နောင်လည်း တိတ်တဆိတ် ပံ့ပိုးပေးသွားဦးမယ်…”
“ မင်းငါ့ကို ဘယ်လို ပူးပေါင်းစေချင်လဲ…”
“ မင်း ခုတလော သူစိမ်းတချို့နဲ့ ထိတွေ့ ဆက်သွယ်တာတွေ ရှိဖူးလား …”
“ သူစိမ်းတွေနဲ့လား …” ချူဘာ့တ် စဉ်းစားရန် ကြိုးပမ်းလိုက်ပြီး “ ငါ ခုတလော သူစိမ်းတွေနဲ့တော့ မဆက်သွယ်ဖြစ်ဘူး … ဒီတိုင်း ဖိအားနည်းနည်းများလို့ နိုက်ကလပ်မှာ အရက် နည်းနည်းသောက်ရင်းနဲ့ . . . . . .”
ပြောရင်းတန်းလန်း ချူဘာ့တ် ရပ်တန့်သွားခဲ့၏။
“ ငါ အခု မှတ်မိပြီ… ငါ နိုက်ကလပ်မှာ မိန်းမ တစ်ယောက်နဲ့ တွေ့ခဲ့တယ်… မနေ့ညတုန်းကတောင် ငါတို့ ဟိုတယ် အတူသွားခဲ့ကြသေးတယ်…”
ဂျက်ဖရီ၏ အကြည့်တို့ မဲနက်သွားခဲ့သည်။
“ အဲ့နောက် မင်းတို့ ချစ်ကြတယ်ပေါ့ …”
“ မဟုတ်ဘူး …” ချူဘာ့တ် စိတ်တိုဒေါသထွက်စွာဖြင့် “ ငါ မနေ့က သောက်တာ တအား များသွားတော့ ဟိုတယ် ရောက်တဲ့ချိန် အသိစိတ်က ပျောက်နေပြီ…”
ဂျက်ဖရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့သည်။ “ အဲ့မိန်းမ ဓာတ်ပုံ မင်းမှာ ရှိလား … “
“ ငါက ဒီတိုင်း သူနဲ့ တစ်ညပျော်ချင်ရုံပဲလေ… ပုံတွေ သိမ်းထားပြီး ဘာလုပ်ရမှာ …” ချူဘာ့တ် ပြောလိုက်ပြီး “ ပြီးတော့ အဲ့မိန်းမက ဟွာရှန့်ဆိုတော့ စောက်ရေးလုပ်လို့ သိမ်းထားရမှာလား … ငါသူ့ကို ကစားပဲ ကစားမှာ…”
“ ဟွာရှန့် ……….”
ဂျက်ဖရီ၏ နှလုံးခုန်နှုန်းသည် အကြောင်းပြချက် မရှိ မြန်ဆန်သွားခဲ့၏။
“ သူ့ အချက်အလက် မှန်သမျှ ငါ လိုချင်တယ်… မင်း ငါ့ကို ပေးနိုင်မယ်လို့ မျှော်လင့်တယ်….”