← Chapters

အေ - အဆင့်

Vol. 104 Ch. 1547

အေ - အဆင့်

Vol. 104 Ch. 1547

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ အိပ်ရာက မထနိုင်သေးခင် အချိန်မှာပဲ နင်ချဲ့ထံက ဖုန်းဝင်လာသည်။

ကျီချင်းရန် အိပ်မောကျနေသည်ကို မြင်တော့ လင်းရီ ဖုန်းကို မကိုင်ဘဲ ချပစ်လိုက်၏။

သို့သော် လင်းရီ၏ ရင်ခွင်ထဲ ဇိမ်ခံနေသည့် ကျီချင်းရန်မှာ ဖုန်းသံကို ကြားပြီး ဖြစ်နေသည်။

“ ဌာန ခေါင်းဆောင် အကြီးအကဲ တစ်ယောက်လေ...”

လင်းရီ သူ့ဖုန်းကို ကျီချင်းရန်ရှေ့တွင် ဝှေ့ယမ်းပြလိုက်ပြီး ကျီချင်းရန်လည်း မှတ်ထားသည့် စာလုံးများအား မြင်တွေ့လိုက်ရသည်။ ဖုန်းအဆက်အသွယ်ကို ‘ အသင်းခေါင်းဆောင်နင်’ ဟု ရေးမှတ်ထားလေသည်။ သို့နှင့် သူမ တစ်ဖက်သို့ လှည့်ပြီး ဆက်အိပ်နေလိုက်၏။

သူမ ဆက်အိပ်ချင်စိတ် မရှိတော့သော်လည်းပဲ မနက် ငါးနာရီသာ ရှိသေးသဖြင့် ကျီချင်းရန်သည် နည်းနည်းကြာကြာ ဆက်အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

လင်းရီသည် ဖုန်းကို ယူ၍ ရေချိုးခန်းထဲ ဝင်ကာ နင်ချဲ့ထံ ဖုန်းပြန်ခေါ်လိုက်၏။

“ တစ်ခုခု ဖြစ်လို့လား …”

“ မဖြစ်ပါဘူး … နင်က ဘာကိစ္စ ငါ့ကို သေပြီးသား လူတစ်ယောက် အကြောင်း လာစုံစမ်းခိုင်းနေတာလဲ…”

“ ဟင် … သေပြီးသားလူ ဟုတ်လား …” လင်းရီ မျက်မှောင်ကြုတ်လိုက်မိပြီး နှလုံးခုန်သံက ပိုမိုမြန်ဆန်လာသည်။ “ မင်း ဘာတွေ ရှာတွေ့ခဲ့လို့ …”

“ နင်ပေးတဲ့ ပုံကြမ်းကို ကြည့်ပြီး ငါတို့ ရှာကြည့်လိုက်တာ သူ့နာမည်က စုန့်ကျင်းမင်တဲ့ … ရှေ့ အရင် ၂ နှစ်လောက်ကတည်းက လေယာဉ် မတော်တဆမှုမှာ သေဆုံးသွားခဲ့တာ …”

နင်ချဲ့၏ သတင်းအချက်အလက်က လင်းရီနားထဲတွင်တော့ ဗုံးပေါက်ကွဲသွားသည့်အလားပင်။

တစ်ဖက်သူ၏ မတူညီသည့် အထောက်အထားများစွာကို သူတွေးတောမိသော်လည်း တစ်ဖက်သူက သေနှင့်ပြီးသား လူတစ်ယောက် ဖြစ်နေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။

“ တခြားရော ….”

“ အဲ့လူက သိပ်ပြီးမှလည်း အထင်ကြီးဖို့ ကောင်းတယ်သိလား …” နင်ချဲ့ ပြောပြီးနောက် လိုရင်းတိုရင်း ရှင်းပြလိုက်၏။ “ သူ့ အသက် ၁၆မှာ နိုင်ငံခြားထွက်ပြီး ဒီနှစ်တွေ တစ်လျှောက်လုံး နိုင်ငံခြားမှာ လှုပ်ရှားနေတာ … နင် ရွှေနက်ကော်ပိုရေးရှင်းကိုတော့ မမေ့လောက်သေးဘူးမလား … သူလည်း ဂျက်ဖရီလို စီးပွားရေး လုပ်တာပဲလေ….” ( သတင်းရောင်းတာ သို့မဟုတ် ဘက်စ်သတ္တုရောင်းတာ )

နင်ချဲ့၏ ရှင်းပြပေးမှုဖြင့် လင်းရီ ရင်ဘက်ထဲရှိ ရှုပ်ထွေးမှုမှာ လျင်မြန်စွာ ရှင်းလင်းသွားခဲ့သည်။

“ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆို ဘယ်သူက ပိုပြီး သန်မာလောက်လဲ …”

“ စုန့်ကျင်းမင်ပဲပေါ့ဟဲ့ …” နင်ချဲ့ ခေတ္တမျှ ရပ်တန့်လိုက်ပြီး “ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေ အရဆိုရင် သူ သေသွားတဲ့ အချိန်တုန်းက အေ - အဆင့် ရောက်နေပြီးသား … သူက တအား သန်မာတယ်…”

“ အေ - အဆင့် “

စုန့်ကျင်းမင်၏ အဆင့်က လင်းရီ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေတော့သည်။

“ ငါသူ့ကို စုံစမ်းစစ်ဆေးတုန်းက ဘော့စ်လျို ငါ့ကို မေးခွန်းတွေ အများကြီး လာမေးတယ်သိလား … ငါ့မှာ သူ့ကို စကားတွေ အများကြီးပြောပြီးမှ နောက်ဆုံး အရူးလုပ်လိုက်နိုင်တယ်…” နင်ချဲ့ ပြောလိုက်ပြီး “ နင့်ဘက်မှာ တစ်ခုခု ဖြစ်သွားခဲ့လို့လား … ဘာလို့ သေပြီးသားလူတစ်ယောက် အကြောင်းကို စုံစမ်းနေရတာလဲ …”

“ ငါ အဲ့လူကို ဒူဘိုင်းမှာ တွေ့ခဲ့တယ်…”

လင်းရီ နင်ချဲ့ထံကနေ များများစားစား ဖုံးကွယ်မထားခဲ့ချေ။ ထိုသို့ ပြုရန်လည်း မလိုချေ။

သူမက လျိုဟုန်နှင့် ကွဲပြား၏။ တစ်ဖက်သူက ကျုံးဝေ့တပ်ဖွဲ့ကို သစ္စာရှိပြီး သို့ပေမယ့် နင်ချဲ့ကတော့ လင်းရီ၏ လူဖြစ်သည်။

သူမကို ကိစ္စတစ်ချို့ ပြောနိုင်သော်လည်းပဲ လျိုဟုန်ကိုတော့ မရချေ။

“ အဓိပ္ပာယ် မရှိတာ …” နင်ချဲ့ မယုံကြည်ပေ။ “ လူကဖြင့် သေပြီးနေပြီကို နင် သူနဲ့ တွေ့ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … သူနဲ့ ရုပ်ချင်းဆင်တာရော မဖြစ်နိုင်ဘူးလား …”

“ အဲ့တာလည်း ဖြစ်နိုင်တယ်…” လင်းရီ ပြောလိုက်၏။ " ကောင်းပြီ … မင်း အဲ့ကိစ္စ စိတ်ပူနေစရာ မလိုပါဘူ … ငါက ဒီတိုင်း သိချင်လို့သာ မေးလိုက်တာ မင်းဘက်ကရော အခြေအနေ ဘယ်လိုရှိတုန်း …”

“ တိုးတက်မှု တစ်ချို့တော့ ရှိပြီ…” နင်ချဲ့ ပြောလိုက်ပြီး “ ငါ Fuseby လေလံအိမ်ရဲ့ ဒုဥက္ကဌကို အမိဖမ်းနိုင်ခဲ့တယ်လေ… သူက မနက်ဖြန် ကျင်းပမယ့် လေလံပွဲကို တာဝန်ယူထားရတာ … သူ့ဆီကနေ ငါတို့ သတင်းအချက်အလက်တစ်ချို့ ရနိုင်မရနိုင် စောင့်ကြည့်ကြတာပေါ့ …”

“ အင်း … ဂရုလည်း စိုက်ဦး … တစ်ခုခု မူမမှန်တော့ဘူးဆို ငါ့ဆီ ဆက်သွယ်ဖို့ မမေ့နဲ့ …”

“ မွ… ဟုတ်ပါပြီ…”

ဖုန်းချပြီးနောက် လင်းရီသည် ရေချိုးခန်းထဲရှိ အိမ်သာအဖုံးပေါ်တွင် ထိုင်နေလျက်ရှိကာ အချိန်အတော်ကြာအောင် အတွေးနက်နေလျက် ရှိသည်။

နင်ချဲ့၏ စကားလုံးတို့က မဖြစ်နိုင်သည် မဟုတ်ပေ။ သူ မြင်တွေ့ခဲ့ရသည့်လူက စုန့်ကျင်းမင်နှင့် ရုပ်ချင်းဆင်တူတာ ဖြစ်နိုင်သလို အမွှာညီအစ်ကိုလည်း ဖြစ်နိုင်သည်။

သို့သော် မနေ့က တစ်ဖက်သူသည် ရဲကားနှစ်စင်းကို တည်ငြိမ်စွာ ရပ်တန့်ပြီး တစ်ဖက်အဖွဲ့ကလည်း သူ့စကားကို ရိုရိုသေသေ နာခံကြ၏။

ဤသည်က သာမန်လူတစ်ယောက် စွမ်းဆောင်နိုင်သည့် အမှုတော့ မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်သာ သိသာထင်ရှားသည့် အဆင့်အတန်းနှင့် စွမ်းဆောင်ရည် မရှိဘူးဆိုပါက ထိုသို့ ပြုရန်မှာ မဖြစ်နိုင်ချေ။

ထို့ကြောင့် သူနှင့် မနေ့က ဆုံတွေ့ခဲ့သည့်လူသည် အမှန်တကယ် စုန့်ကျင်းမင်၏ အမွှာညီအစ်ကို ဖြစ်ရမည်။ သူသည်လည်း စုန့်ကျင်းမင်ကဲ့သို့ အေ - အဆင့်ကို ရောက်နေချေပြီလော။

၎င်းက မဖြစ်နိုင်ချေ။

ဤသည်က ဝိဉာဏ်တို့ ကြီးစိုးရာမြေထဲရှိ ထန်အမွှာကြယ်လည်း မဟုတ်ပေ။

ပုံမှန်ဆိုပါက ညီအစ်ကိုများကြာတွင် တစ်ယောက်က အများသူငှာထက် သာလွန်နေသည်ရှိသော် ကျန်တစ်ယောက်သည် တော်တော်လေးကို သာမန်ဆန်သည့်လူ ဖြစ်၏။

ဟုတ်သည်။ ၎င်းက ဖြစ်နိုင်ခြေတစ်ခုလုံးလည်း မဟုတ်သေးချေ။ အဆိုပါ စုန့်ကျင်းမင် ဆိုသူက သူ၏ သေဆုံးမှုကို အတုလုပ်ထားသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဖြစ်နိုင်ချေ နှစ်ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက လင်းရီကတော့ ဒုတိယ တစ်ခုကိုသာလျှင် ပိုပြီး ယုံကြည်မိသည်။

ဟူး …

လင်းရီ အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။

မူလက သူ တွေးထားခဲ့သည်မှာ ဒူဘိုင်းသည် တိုင်ကွန်းတို့ဖြင့် ပြည့်နှက်နေသည့် ရွှေမြို့တော်ကြီးဟု ထင်မှတ်ထားခဲ့သော်လည်း ဒုစရိုက် မြို့တော် တစ်ခု ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

ထိုအကြောင်း တွေးတောမိတော့ လင်းရီသည် ချင်ရင်ယွဲ့ထံ ဖုန်းခေါ်လိုက်၏။

သူတို့ နောက်ဆုံးအကြိမ် ရန်ကျင်းတွင် တွေ့ဆုံခဲ့စဉ်က နှစ်ယောက်သည် ဆက်သွယ်ရမည့် အချက်အလက်များကို ဖလှယ်ခဲ့သော်လည်း ယခုက လင်းရီသည် ချင်ရင်ယွဲ့ထံ ဆက်သွယ်သည့် ပထမဆုံးအကြိမ် ဖြစ်၏။

“ အမေ စုန့်ကျင်းမင်ကို လွှတ်လိုက်တာလား …”

“ သားက သူဘယ်သူလဲဆိုတာ သိတယ်ပေါ့ …” ချင်ရင်ယွဲ့သည် အနည်းငယ် အံ့အားသင့်သွားဟန် ရပြီး “ ကျုံးဝေ့တပ်ဖွဲ့ကနေ တဆင့် သိသွားတာလား …”

ချင်ရင်ယွဲ့က ‘ ကျုံးဝေ့တပ်ဖွဲ့’ ဆိုသည့် အကြောင်း ပြောလာတော့ လင်းရီ လုံးဝ သေချာသွားခဲ့၏။

သူ အသိအမှတ်ပြုထားတာ မကြာသေးသည့် သူ့အမေသည် သူ စိတ်ကူးထားသည်ထက်ကို ပိုသိနေသည်။ ပိုက်ဆံကိုသာလျှင် ဖြုန်းတတ်သည့် သာမန် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး မဟုတ်ချေ။

“ အင်း …”

“ သားတို့နှစ်ယောက်က ဒီကို ခုမှ ရောက်တာ ဒီက ပတ်ဝန်းကျင်နဲ့လည်း မရင်းနှီးသေးဘူးဆိုတော့ အန္တရာယ် တစ်ခုခု ဖြစ်မှာ စိတ်ပူလို့လေ… ဒါကြောင့်မို့ သားနောက်ကို တစ်စုံတစ်ယောက် လွှတ်ပေးဖို့ ပြောလိုက်တာ …”

လင်းရီ ဘာမျှ မပြောဘဲ ခေါင်းညိမ့်လိုက်သည်။

သူ ယခုကဲ့သို့ ဖုန်းဆက်လိုက်ရခြင်း၌ အခြားသော ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တို့လည်း မရှိချေ။ တစ်ဖက်သူ၏ အထောက်အထားကို သူ့ဘက်က အတည်ပြုချင်ရုံမျှသာ ဖြစ်၏။ ယခုတော့ တစ်ဖက်သူ၏ သေဆုံးမှုသည် အတုဖန်တီးပြုလုပ်ထားကြောင်း လင်းရီ သေချာသွားချေပြီ။

သူနှင့် တွေ့ခဲ့သည့်လူက စုန့်ကျင်းမင်သာလျှင် ဖြစ်သည်။

“ တစ်ခုခု ဖြစ်လို့လား …” ချင်ရင်ယွဲ့ မေးလာခဲ့၏။

“ မဖြစ်ပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော် ဒီနေ့ တခြား လုပ်စရာ ကိစ္စလေး ရှိလို့ အမေ ဒီနေ့ ချင်းရန်ကို ဈေးဝယ်ထွက်ဖို့ ခေါ်သွားပေးလို့ ရလား …”

သားတို့အကြောင်း အမေတွေသာ အသိဆုံး ဖြစ်သည်ဟု ပြောသည်မှာ အမှန်ပင် ဖြစ်ပုံရ၏။ သူတို့ချင်း နှစ် ၂၀ ကျော် မဆက်သွယ်ဖြစ်သော်လည်း ချင်ရင်ယွဲ့သည် လင်းရီ၏ အတွေးတို့အာ ဒက်ကနဲ သိလိုက်လေသည်။

“ ဘာလဲ … သူ့ကို အမေနဲ့ထားပြီး သားက လုပ်ချင်တာတွေ လုပ်မို့လား…”

“ အင်း …”

“ Fuseby လေလံအိမ်အကြောင်း စုံစမ်းမလို့လား …”

“ အမေက အဲ့တာကိုတောင် ခန့်မှန်းနိုင်တယ်ပေါ့ …”

“ အမေ့ကိုလည်း အဲ့လေလံပွဲတက်ဖို့ ဖိတ်စာ ရောက်လာတယ်… ကြားတာတော့ ဘက်စ် သတ္တုရိုင်းနဲ့ လုပ်ထားတဲ့ လက်ဝတ်အဆင်တန်ဆာ တစ်ခု ထွက်လာမယ်လို့ ပြောသံတွေ ကြားနေရတာပဲ … နင်က ကျုံးဝေ့တပ်ဖွဲ့ကဆိုတော့ အဲ့လို အရာမျိုး ကြားရင် သေချာပေါက် ပါဝင်ပက်သတ်မှာပဲ ဟုတ်တယ်မလား …”

“ ကျွန်တော်က ဒီတိုင်း စစ်ဆေးကြည့်ရုံလေးပါပဲ … ကျုံးဝေ့ တပ်ဖွဲ့က ပုံမှန်ဆို အ့လို ကိစ္စတွေမှာ ဝင်ပါလေ့ မရှိပါဘူး …”

လေလံအိမ်တွင် ပေါ်လာမည့် ဘက်စ်သတ္တုက ဂရမ် ဒါဇင်မျှသာ ရှိသည်။ ထိုသို့ အသေးမွှား ပမာဏလေးကို မည်သည့်နိုင်ငံကမျှ သောက်ရေးလုပ်ပြီး အာရုံစိုက်နေမည်မှာ မဟုတ်ချေ။ ရှက်ဖို့ ကောင်းလှ၏။

သို့‌သော် မထင်မှတ်ထားသည့် လွှမ်းမိုးမှုတို့ ရှိမလာစေရေးတို့အတွက် သူတို့ ဤကိစ္စကို တိတ်တဆိတ်တော့ စုံစမ်းကြလိမ့်ဦးမည်။

အကယ်၍ အခြားတစ်အုပ်စုကသာ မတရား အင်အားကြီးထွားလာမည်ဆိုပါက နိုင်ငံအတွက် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာနိုင်သည်။

၉/၁၁(September 11/2001 အကြမ်းဖက်တိုက်ခိုက်မှု)ဖြစ်ရပ်ကဲ့သို့ပင်။

“ အမေ့ဆီကနေ သတင်းကို စောင့်နေလိုက်… အမေ ကူပြီး မေးပေးမယ်…”

“ အဲ့လောက်ထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူး .. အမေက ကျီချင်းရန်ကိုသာ ခေါ်သွားပေး…”

“ နင် ကောင်စုတ်လေးကတော့ …..” ချင်ရင်ယွဲ့ အပြုံးလေးဖြင့် ဆူငေါက်လိုက်ပြီး “ အမေနဲ့ လွှဲထားလိုက် ..”

“ အင်း …”

ဖုန်းချပြီးနောက် လင်းရီသည် အတွေးပြန် နက်သွားခဲ့သည်။

သူ့အမေက စုန့်ကျင်းမင်ကို ထိန်းချုပ်နိုင်သည် ဆိုသည်နှင့် သူမ၏ လက်အောက်ငယ်သားလို့ မဆိုလိုချေ။ ထို့အပြင် သူမ၏ အကျင့်သဘာဝဖြင့် ထိုသို့သော လူများကို စုစည်း၍ ဘာလုပ်ရမည်နည်း။

ဤအရာများ အားလုံး၏ ဇစ်မြစ်က သူတစ်ခါမျှ မတွေ့ဖူးသေးသည့် သူ့အဖေသာလျှင် ဖြစ်လိမ့်မည်။

သို့သော် စုန့်ကျင်းမင်ပင် အေ - အဆင့်သို့ ရောက်နေပြီး ဖြစ်ရာ သူ့အဖေကရော မည်သည့်အဆင့်၌ ရှိနေမည်နည်း။

ခေါင်းခါရမ်းလိုက်ရင်း လင်းရီ ဆက်မတွေးချင်တော့ပေ။

သူ့အရှေ့ရှိ ကိစ္စရပ်တို့က အင်မတန် ရှုပ်ထွေးလှ၏။ တစ်ကြမ်ကို ခြေတစ်လှမ်း လှမ်းရင်းဖြင့် ပုံမှန်လေး စီးမျှောသွားရန်သာ တတ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ အဓိက ပန်းတိုင်က အနက်ဝတ်နှင့်လူ ဖြစ်၏။ ကျန်သည်တို့က အရေးမပါလှချေ။

မတ်တပ်ထရပ်၍ အညောင်းအညာဆန့်ကာ လင်းရီသည် ရေချိုးခန်းထဲက ထွက်လာသည်။ ကျီချင်းရန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး သူမ၏ ကိုယ်ဟန်က သိပ်ပြီး မိန်းမသား မဆန်လှချေ။ ကုတင်၏ သုံးပုံနှစ်ပုံခန့်ကို တစ်ယောက်တည်း မောင်ပိုင်စီးထားလေသည်။

ဟင်း …..

လင်းရီ သက်ပြင်းချလိုက်၏။ သူ မနေ့ကလည်း သူမကိုလှည့်စားခဲ့မိသည်။ ထို့ပြင် ယနေ့တွင်လည်း နောက်တစ်ခေါက် လှည့်စားပြန်ရဦးမည်။ သူ ချင်းရန်အပေါ် စိတ်လည်း မကောင်းသလို တော်တော်လေးလည်း အားနာမိ၏။

All Chapters