သတိအလွန်ကြီးသည့် ဂျက်ဖရီ
Vol. 104 Ch. 1548
အိပ်ရာသို့ ပြန်လာပြီးနောက် လင်းရီသည် ကျီချင်းရန်၏ တင်ပါးကို အသာပုတ်လိုက်၏။ သူမလေးက ဘေးသို့ အနည်းငယ်ရွေ့သွားပြီး လင်းရီအတွက် နေရာလုပ်ပေးလိုက်သည်။ သို့သော် အိပ်ရာက ထမည့် ရည်ရွယ်ချက်တော့ မရှိချေ။
လင်းရီလည်း ပြန်အိပ်လိုက်ပြီး နှစ်ယောက်သား မနက် ကိုးနာရီကျော်တော့မှ ပြန်နိုးလာသည်။
“ အားးးးး …”
လင်းရီ အိပ်ရာထဲက ထွက်တော့မည့် အချိန်တွင်ပဲ ကျီချင်းရန်သည် ကျယ်လောင်စွာ အော်မြည်၍ သူ့အား ငေးကြည့်နေသည်ကို သတိထားမိလိုက်လေသည်။
“ ဘာလဲ … တစ်ခုခု ဖြစ်လို့လား…”
ကျီချင်းရန်သည် သူမ၏ ဖုန်းကို လက်ထဲတွင် ကိုင်ထားရင်း ဆံပင်ကလည်း ဖွာလန်နေကာ မျက်ဝန်းတို့က ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။ “ အန်တီ ငါ့ကို ဒီနေ့ ဈေးဝယ်ထွက်ဖို့ ခေါ်ထားတယ်…”
“ အဲ့တော့ …. ၊ ဘာလဲဖြစ်လို့ ….”
“ ဒါပေမယ့် အန်တီက မနက် ရှစ်နာရီလောက်တုန်းက စာပို့လာတာလေ.. ငါက ကိုးနာရီကျော်နေပြီကို မထသေးဘူး … ငါ့ကို အအိပ်မက် အပျင်းကြီးတဲ့လူလို့ အန်တီ ထင်သွားရင် ဘယ်လိုလုပ်မလဲ … ငါ့ပုံရိပ်က ဘယ်ကောင်းတော့မှာလဲ…”
လင်းရီ “ …. “
အလန့်တကြား ထအော်သဖြင့် သူ မူလက အတွေးရောက်သွားခဲ့သည်မှာ တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်သွားသည် ဟူ၍ပင်။ သို့သော် ဤမျှ အသေးအမွှား ကိစ္စလေး ဖြစ်နေလိမ့်မည်လို့တော့ မထင်ခဲ့ပါချေ။
အကယ်၍ တစ်ယောက်ယောက်က စိုးရိမ် ပူပန်ရမည်ဆိုလျှင်ပင် ပိုပြီး စိတ်ပူသင့်သည်က ကျီချင်းရန် မဟုတ်ချေ။ လျန်ရူရွှယ်သာ ဖြစ်သင့်၏။
“ ကောင်းပြီ.. အဲ့လောက်လည်း ဆန်းဆန်းတင့် ဖြစ်စရာ မလိုပါဘူးကွာ… မင်း လုပ်ပုံကြီးက ငါတို့ မိသားစုကို စည်းကမ်း မတရားတင်းကြပ်တဲ့ တော်ဝင်မျိုးနွယ်လို လုပ်နေတာပဲ… ငါတို့မှာ အဲ့လို စည်းမျဉ်းတွေ မရှိပါဘူးဟ…”
ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်၏။ “ မရဘူး … ငါတော့ ဒီ ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြရမှာပဲ… ငါ ခုလို ဖြစ်ရတာ နင့်ကြောင့်လို့ ပြောမယ်… နင့်ကြောင့်မို့ ငါ မနေ့ညက ညသန်းခေါင်ကျော်မှ အိပ်ရတာ… နင် အပြစ်ဝန်ခံဖို့ အသင့်ပြင်ထားလိုက်…”
“ အေးပါ အေးပါ … ငါ့အပေါ်မှာပဲ ပုံချလိုက်ပါ ဟုတ်ပြီလား …” လင်းရီ ငိုရအခက် ၊ ရယ်ရအခက် ဖြစ်သွားခဲ့တော့သည်။
သဘောတူပြီးနောက် ကျီချင်းရန်သည် ချင်ရင်ယွဲ့ကို စာပြန်ကာ မနက် ၁၁ နာရီတွင် ဒူဘိုင်းမောလ်၌ ထမင်းစားဖို့ ချိန်းဆိုလိုက်၏။
ထုပ်ပိုးသိမ်းဆည်းပြီးနောက် နှစ်ယောက်သား ရဟတ်ယာဉ်ပြန်စီးကာ ဒူဘိုင်းသို့ ပြန်လာခဲ့ကြသည်။
သူမ ပိုင်ဆိုင်သည့် ကျွန်းကြီးကို ကောင်းကင်ယံကနေ ကြည့်ရင်း ကျီချင်းရန် စိတ်အေးလက်အေး မရှိနိုင်ပေ။ သူမ၏ စိတ်အခြေအနေ တစ်ခုလုံးက စိတ်ကူးယဉ်ဆန်မှု၊ မျှော်လင့်တောင့်တမှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။
သူမ နောင်တစ်ချိန် အနားယူသည့်အခါကျ လင်းရီနှင့် အတူ ဤနေရာ၌ အနားယူနိုင်လေသည်။
ထို့ပြင် အားလပ်ရက် ခရီးထွက်သည့်အချိန်တွင်လည်း ဤနေရာသို့ လာ၍ ရသေး၏။ အဆိုပါ နေ့ရက်များကို စဉ်းစားရုံနှင့်တင် ကျီချင်းရန်သည် မျှော်တလင့်လင့်နှင့် ဖြစ်လာမိလေတော့သည်။
ကျီချင်းရန်ကဲ့သို့ပင် လင်းရီသည်လည်း ကျွန်း၏ လှပသည့် ရှုခင်းများကို စိတ်ထဲ ချီးကျူးနေမိ၏။
သို့သော် သူ မသိခဲ့သည်က သူ၏ ပြိုင်ဘက်ဟောင်း ဂျက်ဖရီနှင့် သူနှင့် ဧရိယာ တစ်ခုတည်း၌ ရှိနေသည်ကိုပင်။
အုန်းပင်ကျွန်းရှိ ပေါ်လွင်ထင်ရှားခြင်း မရှိသည့် ဗီလာတစ်ခုထဲတွင်။
ယမန်နေ့ညက မတော်တဆမှု ဖြစ်ပျက်သွားခဲ့ပြီးနောက် ဂျက်ဖရီသည် ကျွန်း အမှတ် ၀၄၁ကနေ ချက်ချင်း ပြောင်းရွေ့လာခဲ့သည်။
သူ၏ အလိုလိုသိစိတ်က ချူဘာ့တ်အား နောက်ယောင်ခံ လိုက်နေသည့် နောက်ကွယ်ရှိ လူသည် တစ်စုံတစ်ရာကို သိရှိပြီး ဖြစ်သည်ဟု ပြောနေခဲ့၏။
တစ်ဖက်သူက သူ့အား ပစ်မှတ်ထားနေသည်လော မသေချာသော်လည်း သူ ဂရုစိုက်ရမည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ဟွာရှန့်လူမျိုး ဖြစ်နေသောကြောင့် ဖြစ်၏။
သူ၏ လက်အောက်ငယ်သား သုံးဦးလုံးက ခြေရာအစအနပင် မကျန်ဘဲ ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ပြီး သူတို့ထဲ ဂျင်မီနှင့် ပေါလ်တို့၏ ပျောက်ဆုံးနေမှုက ဟွာရှ၏ ကျုံးဝေ့တပ်ဖွဲ့နှင့် ပတ်သက်ဆက်စပ် နေသည်။
ကျန်သည့် အယ်လက်ဆာသည်လည်း ဂျပန်တွင် မစ်ရှင်တစ်ခု ပြုလုပ်ရင်းဖြင့် ပျောက်ကွယ်သွားခဲ့၏။
တွေးကြည့်မည်ဆိုပါက ဟွာရှ၏ ကျုံးဝေ့တပ်ဖွဲ့နှင့် ဂျပန်ရှိ မစ်ဆူ မိသားစုသည် ယခု ကိစ္စတွင် နောက်ကွယ်ရှိ တရားခံများ ဖြစ်နေနိုင်သည်။ ထို့ပြင် ချူဘာ့တ် ထိတွေ့ဆက်ဆံခဲ့သည့်လူကလည်း ဟွာရှအမျိုးသမီး တစ်ဦး ဖြစ်နေခဲ့သေး၏။
အဆိုပါ အကြောင်းအရင်းတို့ကြောင့် ဂျက်ဖရီသည် ၀၄၁ ကျွန်းပေါ်ကနေ အုန်းပင်ကျွန်းသို့ ချက်ချင်း ရွေ့ပြောင်းလိုက်သည်။
ထို့ပြင် ဂျက်ဖရီသည် ချူဘာ့တ်ကို သူ၏ ကိုယ်ပိုင် လှည့်ကွက်လေးများဖြင့် ကစားရန်လည်း ပြောထားခဲ့သေး၏။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ဟွာရှန့် အမျိုးသမီးအား လွယ်လင့်တကူနှင့် လက်မလွှတ်လိုက်ချင်သောကြောင့်ပင်။
“ သူဌေး … ကျုပ်တို့ သတင်းအချက်အလက် တစ်ချို့ ရလာခဲ့ပါပြီ… ဒါပေမယ့် အတော်လေးကို အကန့်အသတ်နဲ့ပါ…”
ထိုအကြောင်းအရာတို့အား ဂျက်ဖရီ အတွေးနက်နေစဉ် သူ၏ လူတစ်ယောက်က သတင်းတစ်ခုကို လာတင်ပြသည်။
“ ပြော…” ဂျက်ဖရီ စိတ်မတိုသွားခဲ့ပေ။ သို့သော် မျက်နှာကတော့ အုံ့ဆိုင်းလို့နေသည်။
“ သူ့နာမည်က ဂျက်ဆီကာဆိုတာပဲ ကျုပ်တို့သိထားပါတယ်.. သူက ဟွာရှနဲ့ အမေရိကန် သွေးနှောပါ… သူ့မိဘတွေက ဟွာရှမှာ အလုပ်လုပ်ပါတယ်… ဒါပေမယ့် သူ(မ)ဘာလုပ်လဲတော့ ကျုပ်တို့လည်း မသိပါဘူး … ဒါက သူ(မ)ရဲ့ ဓာတ်ပုံပါ… ပုံစံကြည့်ရသလောက်တော့ သူ့မိသားစု နောက်ခံကလည်း ကောင်းမယ့်ပုံပါပဲ …”
ဂျက်ဖရီ မည်သည့် အမူအရာမျှ မပြဘဲ ကမ်းလာသည့် ဓာတ်ပုံကို လှမ်းယူလိုက်၏။
“ ဆိုတော့ … ငါတို့ ရခဲ့တာ ဒါအကုန်ပဲပေါ့ …”
“ ဟုတ်ကဲ့ … အဲ့ဒါ အကုန်ပါပဲ…”
နင်ချဲ့၏ ဓာတ်ပုံကို ကြည့်ရင်း ဂျက်ဖရီ၏ အမူအရာသည် နက်မှောင်နေသည်။
အခြား မည်သည့် အချက်အလက်တို့မျှ ရှာမတွေ့ခဲ့သော်လည်း ဤသည်ကပင် အင်မတန် အရေးပါသည့် သတင်းအချက်အလက် တစ်ခု ဖြစ်နေပြီး ဖြစ်သည်။ သူ့လက်အောက်ငယ်သားများ၏ ထောက်လှမ်းနိုင်စွမ်းဖြင့် တစ်ညအတွင်း တစ်ဖက်လူ၏ မည်သည့် နောက်ခံကို တူးဆွနိုင်သည်။ သို့သော် ယခုတော့ ဤမျှ သေးမွှားသည့် သတင်းအချက်အလေးကိုသာ ရယူနိုင်ခဲ့သည်။ ဤသည်က သူမ၏ အထောက်အထားများကို လျှို့ဝှက်ချက် တစ်ခု အဖြစ် ထားရှိထားကြောင်း သက်သေပြရန် လုံလောက်နေပြီးဖြစ်၏။
ဟွာရှကဲ့သို့ နိုင်ငံမျိုးတွင် သာမန်လူတစ်ယောက်ကို ဤကဲ့သို့ အထူးအလေးပေး ဆက်ဆံမှုမျိုး ရှိလိမ့်မည် မဟုတ်ချေ။
ဂျက်ဖရီ တွေးကြည့်လိုက်သည်။
အကယ်၍ သူထင်သာ မမှားဘူးဆိုပါက ဤအမျိုးသမီးသည် ကျုံးဝေ့တပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦး မုချဧကန် ဖြစ်ရမည်။
သို့သော် ၎င်းက ကိစ္စမရှိချေ။ သူမ၏ အထောက်အထား အစစ်အမှန်က မည်သည့်အရာပဲ ဖြစ်နေပါစေ၊ သူမကို သတ်လိုက်သည်နှင့် ဤကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းပြီး ဖြစ်လိမ့်မည်။
“ ချူဘာ့တ်ကို ဒီမိန်းမနဲ့ ဆက်သွယ်ဖို့ ပြောလိုက် … ငါ ဒီမိန်းမကို မျှားထုတ်ချင်တယ်…”
“ အခု သွားပြောလိုက်ပါ့မယ်…”
“ ဒီတစ်ခေါက်တော့ ငါလည်း မင်းတို့နဲ့ အတူလိုက်မယ်…” ဂျက်ဖရီ ပြောလိုက်ပြီး “ ဒီမိန်းမရဲ့ အထောက်အထားက သူများနဲ့ မတူဘူး … မင်းတို့ချည်းသပ်သပ်ဆို တစ်ခုခု မှားသွားမှာကို ငါမလိုချင်ဘူး …”
ချူဘာ့တ်သည် ဂျက်ဖရီကို လေးစားလိုက်လျောမှု ရှိသော်လည်း ၎င်း၏ အမိန့်ကို တသွေမသိမ်း နာခံမည်လို့တော့ မဆိုလိုသေးချေ။
သူ့ စိတ်ထဲတွင် ဤ လေလံပွဲကို အောင်အောင်မြင်မြင် ဖြစ်စေချင်သည်။ သို့မှသာ သူ့ကို ပြန်ပြီး ထူထူထောင်ထောင် ဖြစ်စေမည့် ငွေကြေးအရင်းအမြစ်ကို ရရှိလိမ့်မည်။ ထို့ကြောင့် ယခု ကိစ္စတွင် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ ဖြစ်၍ မဖြစ်ချေ။ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိပါက အချိန်မီ နောက်ပြန်ဆုတ်နိုင်သည်။ သူ၏ လက်အောက်ငယ်သားများချည်း သပ်သပ် လွှတ်လိုက်မည်ဆိုပါက မတော်တဆမှု တစ်ခု ဖြစ်လာဖို့က များ၏။
ဤအရေးကို သူကိုယ်တိုင် ကိုင်တွယ်ခါမှ လျော်ကန်ချေလိမ့်မည်။
နာရီဝက်အတွင်းမှာပဲ ရဟတ်ယာဉ်တစ်စင်းသည် ဆေးလ်ဘတ်ဟိုတယ်၏ ရပ်နားကွင်းသို့ ဆင်းသက်လာသည်။ ထို့နောက် ကျီချင်းရန်နှင့် လင်းရီတို့ ဒူဘိုင်းမောလ်သို့ ထွက်လာခဲ့ကာ ချင်ရင်ယွဲ့နှင့် တွေ့သည်။
“ အန်တီ စောင့်နေရတာ စိတ်မရှည် ဖြစ်နေလောက်ရောပေါ့ …” ကျီချင်းရန် ချင်ရင်ယွဲ့၏ လက်မောင်းကို ပြေးဖက်ရင်း တောင်းပန်တိုလျှိုးစွာ ပြောလိုက်သည်။
“ အန်တီလည်း အားနေလို့လေ… ဒါကြောင့်မို့ နင်နဲ့ အတူ ဈေးဝယ်ထွက်ရင်း အဝတ်နည်းနည်းလောက်လည်း ဝယ်ပေးချင်လို့ … အန်တီ့ကို ပစ္စည်းကောင်းတွေ ရွေးပေးရမယ်နော်… နင် ရွေးတာတွေက အန်တီရွေးတာတွေထက်တော့ ပိုကောင်းမှာ သေချာတယ်…”
ယမန်နေ့က ဖြစ်သွားခဲ့သည့် ကိစ္စကို ပြန်မြင်ယောင်မိတော့ ကျီချင်းရန်သည် ရှက်ရွံ့မှုနှင့် ကိုးရို့ကားယား နိုင်မှုကို ခံစားနေရသည်။
“ အိုက်ယား အန်တီကလည်း … သမီးကဖြင့် မနေ့က ဒီတိုင်း စနောက်နေတာကို … မလှောင်ရယ်နဲ့လေ…”
“ ကဲပါ ကဲပါ ဟုတ်ပါပြီ … အန်တီ ထပ်မပြောတော့ဘူး ..”
ချင်ရင်ယွဲ့ အားရကျေနပ်စွာ ပြုံးလိုက်ရင်း “ နေ့လည်လည်း ရောက်နေပြီဆိုတော့ ထမင်းအရင် သွားစားကြတာပေါ့ … ပြီးရင် အန်တီတို့ အတူ ဈေးဝယ်ထွက်ကြမယ်…”
ထိုသို့ ပြောပြီးနောက် ချင်ရင်ယွဲ့ လင်းရီကို ကြည့်လိုက်သည်။ “ သားကတော့ အမေတို့နဲ့ လိုက်ခဲ့မနေနဲ့တော့ … နင်ပါရင် ငါတို့ ဝယ်ရပြုရတာ အဆင်မပြေဘူး …”
“ ဘယ်ဖြစ်မှာ … ကျွန်တော်လည်း နောက်ကနေပြီး အိတ်တွေ လိုက်သယ်ပေးရမယ်လေ…”
“ အိုက်ယား … နင် ဒီနေ့ ငါတို့နဲ့ လိုက်ပေးစရာ မလိုဘူး … နင်လည်း အဲ့လို ဈေးဝယ်ထွက်ရတာ မကြိုက်ဘူးမလား .. ငါနင့်ကို နေ့တစ်ပိုင်း အနားပေးလိုက်မယ်…”
“ အန်တီပြောသလိုပဲ နင်ပါရင် ငါတို့ ဝယ်ရတာ သက်တောင့်သက်သာ မရှိဘူး … “
“ ကောင်းပြီလေ… ဒါဆိုလည်း ကိုယ့်ဘာကိုယ်ပဲ နားနေလိုက်တော့မယ်..”
ဘေးတွင် ရပ်နေသည့် ချင်ရင်ယွဲ့ကတော့ ရင်ထဲတွင် မနေနိုင်ဘဲ နှာကစ်မိသွားခဲ့၏။ သူတို့ သားအမိနှစ်ယောက်က မိန်းမငယ်လေး တစ်ယောက်ကို ပူးပေါင်းပြီး တစ်ပတ်ရိုက်နေသကဲ့သို့ ဖြစ်နေလေသည်။
ပေါ့ပေါ့ပါးပါး တေးသီချင်းသံအား နားထောင်ခံစားရင်း သုံးယောက်သား အနီးနားရှိ မီချယ်လင်း ကြယ်သုံးပွင့် ဆိုင်သို့ ရောက်လို့လာသည်။
အဓိက ဟင်းလျာတို့ကတော့ အရှေ့အလယ်ပိုင်း စားသောက်စရာများသာ ဖြစ်သည်။
အရသာက သူတို့၏ ခံတွင်းနှင့် လိုက်ဖက်ခြင်း ရှိမရှိကို အပထား၍ ဤနေရာသို့ ရောက်လာသည်တွင် ဤဒေသ၏ စားသောက်ဖွယ်ရာများကိုတော့ မြည်းကြည့် ၊ ခံစားကြည့်သင့်သည်။
ယမန်နေ့က ညစာ အတူ စားခဲ့သဖြင့် ယနေ့ နေ့လည်စာ ထမင်းဝိုင်းလေးမှာ အများအပြား ပိုမိုကောင်းမွန်လာသည်။
ကျီချင်းရန်၏ မမောနိုင် မပမ်းနိုင် ကြိုးပမ်းအားထုတ်မှုဖြင့် သားအမိ နှစ်ဦးသည်လည်း ယခင်ကထက် ပိုပြီး ရင်းနှီးလာခဲ့ကြသည်။
စားသောက်နေစဉ် ကျီချင်းရန်က သန့်စင်ခန်းသို့ ခေတ္တထွက်သွားခဲ့သည်။ ချင်ရင်ယွဲ့သည် လင်းရီအား ကြည့်လျက် “ ဒီ လေလံပွဲကို Fuseby လေလံအိမ်နဲ့ ဂျက်ဖရီလို့ ခေါ်တဲ့ စီးပွားရေး သမားတစ်ယောက်က ပူးတွဲ ကျင်းပတာ…”