မသိမသာလေး
Vol. 104 Ch. 1549
“ ဂျက်ဖရီ…”
ထိုနာမည်ကို ကြားတော့ လင်းရီ၏ အမူအရာ အေးခဲသွားခဲ့တော့သည်။
သူက ရွှေနက်ကော်ပိုရေးရှင်းရဲ့ ဘော့စ် မဟုတ်လား။
ချင်ရင်ယွဲ့ ခေါင်းညိမ့်လိုက်၏။ “ အမေတော့ သူက လူကောင်း မဟုတ်ဘူးလို့ ကြားမိတယ်… ဒါပေမယ့် သူ့ကြည့်ရတာ လတ်တလော ပြဿနာ တစ်ချို့ တက်နေတဲ့ပုံစံပဲ… ဒါကြောင့်မို့ သူ့ လက်ထဲရှိတဲ့ ဘက်စ် သတ္တုတွေ အကုန် ထုခွဲရောင်းချရတော့တာပေါ့…”
ချင်ရင်ယွဲ့၏ အကူအညီကို မလိုအပ်ဘူးဟု လင်းရီ ပြောခဲ့သော်ငြား အမေတစ်ယောက်အနေဖြင့် ထိုစကားကို သူမ အရေးစိုက်မနေချေ။ သူမသားက အကူအညီလိုအပ်နေသည်။ ထို့ကြောင့် သူမကလည်း သူ့သားကို အကောင်းဆုံး ကူညီပံ့ပိုးပေးမည်။
ချင်ရင်ယွဲ့ ပေးလာခဲ့သည့် သတင်းအချက်အလက်က လင်းရီစိတ်ထဲတွင်တော့ ပကတိ ရှင်းရှင်းလင်းလင်း ရှိသည်။ ဂျက်ဖရီ လက်အောက်ရှိ အားကိုးရသည့် လက်ရုံးသုံးယောက်ကို သူ သတ်လိုက်ရာ အခက်မတွေ့ရိုး ထုံးစံ ရှိလိမ့်မည်နည်း။
တစ်နည်းဆိုရသော် လက်ရှိ ဂျက်ဖရီသည် စစ်တပ် မရှိသည့် စစ်သူကြီး တစ်ဦးမျှသာ။ ရှိခဲ့လျှင်လည်း အလွန်ဆုံး အမြှောက်စာ စစ်သားတို့သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူပိုင်ဆိုင်သည်များအား ထုခွဲရောင်းချရင်း ငွေလုံး ငွေရင်း ဖန်တီးကာ ပြန်လည် ဦးမော့လာနိုင်ရန် မျှော်လင့်ထားသည့်ပုံပင်။
၎င်းက ယုတ္တိရှိသည့် ဖြစ်နိုင်ခြေ စည်းမျဉ်းအတွင်း တည်ရှိပြီး သံသယဝင်စရာ အကြောင်း မရှိချေ။
သို့သော် လင်းရီ အဖြေရှာလို့ မတွေ့နိုင်သေးသည့် မေးခွန်းတစ်ခုလည်း ရှိနေသေး၏။
ဂျက်ဖရီ ဖြစ်စေ ၊ Fuseby လေလံအိမ် ဖြစ်စေ ၊ ၎င်းတို့နှစ်ဦးလုံး ပူးပေါင်းထားသည် ဖြစ်စေ ၊ ကမ္ဘာတစ်ဝမ်းလုံးက အဖွဲ့အစည်းကြီးများ၏ အမဲလိုက် လက်ဝါးကြီးများကို ကာကွယ်ပိတ်ပင် တားဆီးဖို့ဆိုသည်မှာတော့ မည်သို့မျှ မဖြစ်နိုင်ချေ။
သို့ဆိုလျှင် သူတို့ ဤကိစ္စကို အဘယ်ကဲ့သို့ လျို့ဝှက်ထားနိုင်ကြသနည်း။
ကြည့်ရသည်မှာတော့ နင်ချဲ့ဆီက သတင်းအချက်အလက်ကို စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည့် ဟန်ပင်။
“ ဒီနေ့ည လေလံပွဲ တက်မှာလား….” ချင်ရင်ယွဲ့ မေးလိုက်သည်။
“ ဟင့်အင်း … ကျွန်တော် ဘက်စ် သတ္တုကိုလည်း စိတ်မဝင်စားဘူး … ပြီးတော့ အထက်လူကြီးတွေကလည်း ဘာမှလုပ်ခိုင်းထားတာ မဟုတ်ဘူး … သူတို့လိုချင်တာက သတင်း အချက်အလက် နည်းနည်းလောက်လေးပဲ…”
ချင်ရင်ယွဲ့ တစ်ခုခုကို ပြောရန်ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ကျီချင်းရန်သည် သန့်စင်ခန်းက ပြန်လာနေပြီ ဖြစ်သဖြင့် သားအမိနှစ်ဦးလုံး ဤအကြောင်းကို ဆက်မဟကြတော့ချေ။
မွန်းလွဲပိုင်းတွင် ဈေးဝယ်ထွက်ကြမည် ဖြစ်သဖြင့် သုံးဦးလုံး နေ့လည်စာကို နာရီဝက်အတွင်း ပြီးစီးအောင် စားလိုက်ကြပြီး ကိုယ်စီ လမ်းခွဲလိုက်ကြ၏။
ကားထံသို့ တစ်ကိုယ်တည်း ပြန်လာရင်းဖြင့် လင်းရီသည် လုရင်းထံ ဖုန်းခေါ်လိုက်သည်။
“ အခြေအနေ …၊ တစ်ဖက်က လှုပ်ရှားလာပြီလား …”
ဆေးလ်ဘုတ် ဟိုတယ်၏ နက်ဝေါ့ လုံခြုံရေး စနစ်ထဲ ခိုးဝင်နိုင်ခဲ့ပြီးနောက် စောင့်ကြည့်ရေး တာဝန်ကို လုရင်းထံ ပေးအပ်ထားခဲ့သည်။
ဤအပိုင်း၌ လင်းရီသည် သူမအပေါ်တွင် ယုံကြည်မှု ရှိလေသည်။
“ အရင်ကအတိုင်းပဲ ဘော့စ် … တမြန်မနေ့ ဟိုတယ်က ထွက်သွားပြီးကတည်းကရင် ပြန်မလာတော့တာ … နောက် ဟိုတယ်တစ်ခုကို ပြောင်းများ ပြောင်းသွားလား မသိဘူးနော်..”
လင်းရီ တာဝန်ပေးအပ်လာကတည်းက သူမသည် စောင့်ကြည့်ရေး ကင်မရာများကို မလွတ်တမ်း ကြည့်ရှုနေသည်။ သို့သော် တစ်ဖက်သူသည် ဟိုတယ် အပြင်သို့ ထွက်သွားပြီးကတည်းက ဟိုတယ်၏ စောင့်ကြည့်ရေး ကင်မရာတို့ထဲ၌ ထပ်မံ၍ ပြန်ပေါ်မလာတော့ချေ။
“ နားလည်ပြီ.. ဆက်ပြီးစောင့်ကြည့်ထား … တစ်ခုခု သိတာနဲ့ ငါ့ဆီ အကြောင်းကြားဖို့ မမေ့နဲ့ …”
“ ဟုတ် …”
ယခုလို စောင့်ကြည့်ရန် စီစဉ်ထားသော်လည်း လင်းရီသည် စောင့်ကြည့်ရေး ကင်မရာများအပေါ်၌ မျှော်လင့်ချက်တို့ သိပ်မထားချေ။
ထို့ပြင် တစ်ဖက်သူသည် အနက်ဝတ်နှင့်လူဖြစ်ကြောင်းကိုလည်း သူ ပိုပြီးမှ သေချာသွားခဲ့တော့၏။
လင်းရီ စောင့်ကြည့်ရင်း ကင်မရာများအား ပိုင်ဆိုင်သွားပြီဖြစ်ကြောင်းကို ထိုလူသိရှိသွားရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ တစ်ခုတည်းသော ဖြေရှင်းချက်က တစ်ဖက်သူသည် သူ့ကို ချက်ချင်း မှတ်မိသွားပြီး မလိုလားအပ်သည့် ပြဿနာတို့ကို ရှောင်ရှားရန်အတွက် ဆေးလ်ဘုတ် ဟိုတယ်ကနေ ရွေ့ပြောင်းသွားခဲ့ခြင်း ဖြစ်ရမည်။
ထို့ပြင် ယခု သူ့အား ဖွေရှာနိုင်သည့် တစ်ခုတည်းသော အရာမှာ Fuseby လေလံအိမ်က လေလံပစ္စည်းဖြစ်ပြီး ထိုနေရာ၌ သူ့ကို စောင့်ဆိုင်းရုံသာ ကျန်ရှိတော့သည်။
လင်းရီကတော့ ထိုလူ ကျိန်းသေပေါက် ထိုနေရာ၌ ရှိကိုရှိရမည်ဟု အာရုံရနေသည်။
ထိုအကြောင်းစဉ်းစားမိတော့ နင်ချဲ့ထံ ဖုန်းပြန်ခေါ်လိုက်သည်။
“ မင်း အခု ဘယ်မှာလဲ… တွေ့လို့ အဆင်ပြေမလား …”
“ နင့်ကောင်မလေးရော….”
“ မရှိဘူး …”
“ ကောင်းတယ်… ငါအခု အတ္တလန်တစ် ဟိုတယ်ရဲ့ အခန်း ၂၆၀၈ မှာရှိတယ်… အခန်းလည်း အသင့် … လူကလည်း အသင့် … ကျန်တာဆိုလို့ နင်လာဖို့ပဲ လိုတယ်… ငါတို့က နင့်ကို စောင့်နေတာ ဒါမှ နင့်ကို ကြိုဆိုလို့ ရမှာလေ….”
လခွမ်းကို ကြိုဆို။
နင်ချဲ့ရှိနေသည့် တည်နေရာကို သိရှိသွားပြီးသည့်နောက် လင်းရီသည် ဖုန်းချ၍ အတ္တလန်တစ် ဟိုတယ်သို့ မောင်းထွက်လာခဲ့လိုက်သည်။
အတ္တလန်တစ် ဟိုတယ်က နာမည်ကျော်ကြားသည့် အုန်းပင်ကျွန်းပေါ်တွင် ဆောက်လုပ်ထားသည့် ဟိုတယ်တစ်ခု ဖြစ်၏။ ဆေးလ်ဘုတ် ဟိုတယ်ကဲ့သို့ ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း ဟိုတယ်ဝန်းကျင်ရှိ ၎င်း၏ ရှုခင်းကတော့ ဆေးလ်ဘုတ်ဟိုတယ်ထက်ကို အများအပြား သာလွန်သည်။
ပြင်ပ ဒီဇိုင်းက ဆေးလ်ဘုတ်ဟိုတယ်ကဲ့သို့ ခေတ်ဆန်ခြင်း မရှိလှပေ။ ၎င်းက အလယ်ခေတ်ရှိ ရဲတိုက်ကြီးများနှင့် သွားရောက်ဆင်တူနေသည်။ ပို၍ပင် ခမ်းနားပြီး ဝင့်ဝင့်ဝါဝါ ရှိနေသေးသည်။ အမြင်အရ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဆေးလ်ဘုတ်ဟိုတယ်ထက် ပိုပြီး သဘောကျနှစ်ခြိုက်ဖို့ကောင်း၏။
နင်ချဲ့ပေးသည့် လိပ်စာအတိုင်း လင်းရီသည် အခန်း ၂၆၀၈ သို့ ရောက်ရှိလာသည်။
ဒေါက် ဒေါက် ဒေါက်….
“ လာနေပါပြီ…..”
နင်ချဲ့၏ ရွှင်မြူးကြွပ်ဆပ်နေသည့် အသံက ထွက်ပေါ်လာပြီး တံခါးမှာ အလျင်အမြန် ပွင့်ဟလာခဲ့၏။
ထိုအခိုက်အတန့်တွင် နင်ချဲ့သည် အနက်ရောင် ညအိပ်ဝတ်စုံ စပန့်သားကို ဝတ်ဆင်ထားပြီး သွယ်လျသည့် ခြေတံ၏ အစိတ်အပိုင်းတော်တော်များများကိုလည်း ရူပါဒါန ပြုထားပေးသည်။ ထို အပေါ်တွင် စုတ်ဖြဲချင်စရာကောင်းသည့် အနက်ရောင် ချည်သားစ အပါးလေးကို ဝတ်ထားပြီး သူမ၏ လက်ရှိသွင်ပြင်သည် အထူးတလှယ် ဆွဲဆောင်မှု ရှိနေတော့၏။
“ ဝင်ခဲ့ … ငါနင့်ကို စောင့်နေတာ ကြာပြီ…”
လင်းရီ ၀င်အလာကို ဆက်လက်မစောင့်ဆိုင်းနိုင်တော့ပဲ နင်ချဲ့သည် လင်းရီကို အထဲသို့ အတင်းဆွဲခေါ်ပြီး ကိုယ်ကို တစ်ပတ်လှည့်ပြလိုက်၏။
“ ဘယ်လိုနေလဲ … နင့်ကို ကြိုဆိုဖို့ဆိုပြီး ဒီ အဝတ်အစားတွေ တကူးတက လဲထားတာနော်…”
“ မင်း အတည်ကြီးလား … ငါ့ကောင်မလေးတောင် မင်းလောက် ရက်ရက်ရောရာ ရှိလှတာ မဟုတ်ဘူး …”
“ ဒါကြောင့်မို့ နင် အချိန်ရရင် ငါနဲ့အတူ ပိုပြီး ကုန်ဆုံးပေးသင့်တယ်လို့ ….”
“ ကောင်းပြီ… လောလောဆယ် ဒီကိစ္စတွေ နောက်မှပြောကြစို့ …” လင်းရီ ပြောလိုက်ပြီး “ မင်းဘက် အခြေအနေ ဘယ်လို ရှိလဲ… တိုးတက်မှု မရှိသေးဘူးလား ..”
“ ချီးလိုပဲ … အဲ့အကြောင်း မပြောကြစို့ …” နင်ချဲ့ လေဒီ စီးကရက်တစ်လိပ်ထုတ်၍ မီးညှိလိုက်ပြီး “ အဲ့ နှာဘူး ဘိုးတော်ကြီးက ငါ့ကို စားဖို့ ဝါးဖို့လောက် ချောင်းနေတာ … နှုတ်ကလည်း လုံလိုက်တာမှ ဘာမှကို နှိုက်လို့ မရဘူး … ဒါပေမယ့် ငါ ခန့်မှန်းလိုက်နိုင်တာ တစ်ခုတော့ ရှိတယ်… လေလံပွဲမှာ တင်မယ့် ပစ္စည်းတွေက ဒူဘိုင်းမှာ မဟုတ်တဲ့ ပုံပဲ … ငါ့အထင် သူတို့ လေလံပွဲစတော့မယ့် အချိန်လောက်မှ ပို့လာပေးမယ်လို့ ထင်တယ်…”
“ သေချာလို့လား …”
“ ၇၀ ရာခိုင်နှုန်းလောက် သေချာတယ်…” နင်ချဲ့ ပြောလိုက်ပြီး " ဒီမနက်ခင်းတုန်းက သူပြောလာတာ နေ့လည်ပိုင်း လုပ်စရာရှိတယ် ငါ့ကို အဖော်မလုပ်ပေးနိုင်ဘူးတဲ့ … ဒါကြောင့်မို့ ငါသူ့ကို မသိမသာလေး နင်ငါ့ကို မွန်းလွဲပိုင်း ဈေးဝယ်တာ အဖော်လုပ်ပေးမယ်ဆိုရင် ညအိပ်ရင် သူ့ကို အဖော်ပြန်လုပ်ပေးမယ်လို့ ပြောလိုက်တယ်လေ… ဒါပေမယ့် အဲ့တာကို ဒင်းက ငြင်းတုန်းပဲ… သူ နေ့လည်လုပ်မယ့် ကိစ္စက အရမ်းအရေးကြီးတယ်လို့တော့ ပြောတာပဲ…”
လင်းရီ “ …… “
“ အင်း … မသိသာဘူးပဲ….”
“ ဒါပေါ့ … ငါ့ရဲ့ ဆွဲဆောင်မှုက သိပ် စွမ်းအားကြီးတာလေ သိတယ်မလား ….”
“ ဒါပေမယ့် ငါလည်း အရေးကြီးတစ်ခု ရှာတွေ့ထားတယ်…” လင်းရီ ပြောလိုက်ပြီး “ Fuseby လေလံအိမ်ရဲ့ ချန်နယ်က ရွှေနက် ကော်ပိုရေးရှင်းရဲ့ ဂျက်ဖရီ…”
အဆိုပါ သတင်းကို ကြားတော့ နင်ချဲ့၏ အမူအရာသည် အတော်လေးကို အံ့အားသင့်သွားခဲ့၏။
အနှီအုပ်စုနှစ်ခုက ပူးပေါင်းဆက်သွယ်နေလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ချေ။
“ သတင်းက မှန်လို့လား …”
“ မှန်တယ်…” လင်းရီ ပြောလိုက်ပြီး “ သူ ပြန်ပြီး ဦးမော့လာနိုင်အောင် သူ့ရှိတာ ထုတ်ရောင်းနေတယ် ထင်တာပဲ….”
အတန်ငယ်မျှကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးသည့်နောက် နင်ချဲ့ ပြောလိုက်၏။ “ ငါတို့သာ ဂျက်ဖရီကို ရှာနိုင်ခဲ့မယ်ဆိုရင် အဆင့်သစ် တစ်ခုကို တက်သွားနိုင်တယ်…. ရွှေနက်ကော်ပိုရေးရှင်းမှာက သူတစ်ယောက်တည်းပဲ ကျန်တော့တာ … ငါတို့သာ သူ့ကို ဖယ်ရှားနိုင်မယ်ဆိုရင် ဒီအဖွဲ့အစည်းက ငါတို့အပေါ် ခြိမ်းခြောက်မှု ရှိမှာမဟုတ်တော့ဘူး … ငါတို့ရဲ့ ထောက်လှမ်းရေး ကွန်ယက်တွေအတွက်လည်း အကျိုးအမြတ် အများကြီး ရှိသွားနိုင်တယ်…”
“ အင်း … အဲ့တာက ပြဿနာပဲ …” လင်းရီ ပခုံးတွန့်လိုက်ပြီး “ သူ ဘယ်မှာရှိလဲ ငါတို့မှ မသိတာ …”
“ အင်းနော်… နည်းနည်းတော့ လက်ဝင်တယ်…”
နင်ချဲ့ တိတ်ဆိတ်သွားခဲ့၏။ “ ဒါပေမယ့် ငါ ချူဘာ့တ်ပေါ်မှာ ခြေရာခံ ပစ္စည်းအသေးလေးတစ်ခု တပ်ထားသေးတယ်.. မသင်္ကာစရာ တစ်ခုခုတွေ့ရင် ငါတို့ ချက်ချင်း လှုပ်ရှားလို့ ရတာပဲ…”
ယခု နှစ်ယောက်လုံးက ဘက်စ်သတ္တုရိုင်းသည် ယခုလေလံပွဲတွင် ထွက်ပေါ်လာလိမ့်မည်ဟု အသံတိတ် သဘောတူညီနေကြ၏။ ဤသတင်းအချက်အလက်က အတုတော့ မဖြစ်နိုင်ချေ။ မဟုတ်ပါက Fuseby လေလံအိမ်က လူများသည် ဤမျှ ဂရုတစိုက် ရှိနေလိမ့်မည် မဟုတ်ချေ။
ယခုလို အချိန်နှင့် ခွန်အားတို့ ဖြုန်းတီးနေသည်က ၎င်းတို့အတွက်လည်း အကျိုးရှိမည် မဟုတ်ချေ။
ကလင် ကလင် ကလင် …
ထိုအချိန်တွင် နင်ချဲ့၏ ဖုန်းသံ မြည်ဟည်းလာသည်။ သူမ အလျင်အမြန် လင်းရီအား တိုးတိုးနေရန် လက်ဟန်ပြလိုက်သည်။
“ ဟို နှာဘူးကြီး ငါ့ဆီ ဖုန်းခေါ်လာပြီ … တိတ်တိတ်လေးနေ…”
ပြီးနောက် နင်ချဲ့ ဖုန်းကိုင်၍ ချွဲချွဲနွှဲ့နွှဲ့ဖြင့် ချစ်စဖွယ်အသံလေး ပြုလိုက်၏။
“ ဒါလင်…. ရှင် နောက်ဆုံးတော့ ကျွန်မကို သတိရပြီပေါ့ …”
“ အွန်း … ကျွန်မ အဲ့ဒီကို လာခဲ့မယ်…”