← Chapters

စစ်ဆင်ရေး ရပ်တန့်လိုက်ပြီ

Vol. 104 Ch. 1552

စစ်ဆင်ရေး ရပ်တန့်လိုက်ပြီ

Vol. 104 Ch. 1552

“ မင်းတို့ ဘယ်လိုလုပ်. . . . . .”

သူတို့၏ ယခင် အစီအစဉ်အရ ချူဘာ့တ် ထွက်ခွာပြီးမှသာလျှင် ဤ မိန်းမအား တိုက်ခိုက်မည်ဟု သဘောတူထားခဲ့ကြသည်။

ဂျက်ဖရီသည် ယခုလို စောလျင်စွာ ပြေးထွက်လာလိမ့်မည်လို့ ချူဘာ့တ် မျှော်လင့်မထားခဲ့ပေ။ ဤသို့ဖြင့် သူသည် မလိုလားအပ်သည့် အန္တရာယ်တို့ ရှိလာနိုင်သည်။

“ ငါတို့ ခုချိန် မလှုပ်ရှားရင် ဒီမိန်းမက ထွက်ပြေးသွားတော့မှာမို့လို့လေ….” ဂျက်ဖရီ ပခုံးတစ်ချက် တွန့်လျက် မတတ်နိုင်ဟန်ဖြင့် ပြောသည်။

“ ဘယ်တတ်နိုင်မှာ ဘော်ဒါကြီးရာ…. မင်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်… ဒါပေမယ့် စိတ်ချ … ဒီမိန်းမ အခု ငါ့ထိန်းချုပ်မှုအောက်မှာ ရောက်သွားးပြီ … မင်း အခု လုံးဝ ဘေးကင်းတယ်…”

ချူဘာ့တ် ဘာမျှ မပြောခဲ့ပေ။ လက်တွေ့အခြေအနေက စီစဉ်ထားသည်နှင့် အနည်းငယ် လွဲချော်နေသော်လည်း လက်ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိသည်။

အမျိုးသမီး တစ်ယောက် အနေဖြင့် သူမသည် ဂျက်ဖရီနှင့် ၎င်း၏ နှစ်ဆယ်ကျော်သော လက်အောက်ငယ်သားများ လက်တွင်းမှ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

“ ချူဘာ့တ် …. ရှင် ဒါ ဘာသဘောတုန်း …” နင်ချဲ့ သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းပြီး မေးလိုက်သည်။

“ ဟမ့် … ငါလည်း မင်းကို မေးချင်နေတာ ဘာလို့ ငါ့ကိုယ်ပေါ်မှာ ခြေရာခံ ပစ္စည်း တပ်ထားခဲ့တာလဲ …”

နင်ချဲ့ ဘာမျှ မဆိုချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စ၌ သူမ၏ ငြင်းဆန်နိုင်စွမ်း မရှိသောကြောင့်ပင်။

“ ဟွာရှန့် … မင်းရဲ့ အထောက်အထားက အတုဆိုတာ ငါသိပြီးသား … ဒီတော့ မင်း ငါတို့နဲ့ အသာတကြည် ပူးပေါင်းပေးပြီး မခုခံဖို့ မျှော်လင့်တယ်… မဟုတ်ရင် ကောင်းမှာ မဟုတ်ဘူး …” ဂျက်ဖရီ အသံကို နိမ့်ပြီး ပြောလိုက်၏။

“ ဂျက်ဖရီ… ကျန်တာ မင်းတို့နှစ်ယောက် ကိစ္စပဲ … ငါတခြား လုပ်စရာ ကိစ္စလေးတွေ ရှိလို့ သွားနှင့်ပြီ…”

ချူဘာ့တ်သည် လေးနက်တည်ကြည်သည့် စီးပွားရေး သမားစစ်စစ် တစ်ယောက် ဖြစ်ပြီး ယခုလို အရေးကိစ္စတို့၌ ဝင်ပါ မစွက်ဖက်ချင်ပေ။ သူ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့၏။

“ ဟား ဟား ဟား ……” နင်ချဲ့ အေးတိအေးစက် ကျယ်လောင်စွာ ဟားတိုက် ရယ်မောလိုက်သည်။

“ ကျွန်မကို ဒီနေရာ ဖိတ်ထားပြီးမှတော့ ဘာလို့ ရှင့်ကို အစောကြီး ထွက်သွားခွင့် ပြုနိုင်ရမှာ …”

သူမ စကားဆုံးသည်နှင့် နင်ချဲ့သည် သူမ၏ ဂါဝန်ကို မ,ကာ ပေါင်ရင်းမှ သေနတ်ကို ဆွဲထုတ်လိုက်၏။ ထို့နောက် လျှပ်စီးကဲ့သို့ အလျင်နှုန်းဖြင့် ချူဘာ့တ်ကို ဆွဲဖမ်းလိုက်ကာ ဦးခေါင်းကို သေနတ်ဖြင့် ချိန်ရွယ်ထားလိုက်သည်။

“ မင်း ......”

ချူဘာ့တ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တော့သည်။ လူပေါင်းများစွာ ဝိုင်းရံထားသည့်ကြားက နင်ချဲ့ ယခုလို ပြုလုပ်လိမ့်မည်လို့ သူ လုံးဝကို ထင်မှတ်မထားခဲ့ချေ။

ဂျက်ဖရီသည်လည်း ထို့အတူပင်။ သူမထိုသို့ ပြုလုပ်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ ကျွန်မ ရှင်တို့ နှစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်မှုကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပြီးသား ….” နင်ချဲ့ ပြောလိုက်ပြီး “ တကယ်လို့ ချူဘာ့တ် ကျွန်မ လက်ထဲ သေသွားခဲ့မယ်ဆိုရင် ရှင့်အစီအစဉ်ကို ကူပြီး အကောင်အထည်ဖော်ပေးမယ့်လူ ရှိတော့မှာ မဟုတ်ဘူး … ကျွန်မကို တိုက်ခိုက်မယ်ဆို သေချာစဉ်းစား….”

သူမ အရှေ့ရှိ အခြေအနေက အန္တရာယ် များသော်လည်းပဲ နင်ချဲ့ ကြောက်ရွံ့ခြင်း အလျဉ်းမရှိချေ။ သူမ၏ နောက်တွင် လင်းရီ တစ်ယောက်လုံး ရှိနေသည်ဖြစ်ရာ အနှီလူတို့က လင်းရီနှင့် ယှဉ်လျှင် လုံးဝ လူရွှင်တော်များ ဖြစ်ကြ၏။

“ မင်းက တကယ်ကြီး ကျုံးဝေ့တပ်ဖွဲ့ကပဲ…” ဂျက်ဖရီ မျက်လုံးမှေးကျဉ်း၍ ပြောလိုက်သည်။

“ တော်တယ်… ဒါပေမယ့် ရှင် မဆင်မခြင် မလှုပ်ရှားတာ အကောင်းဆုံးပဲ …. မဟုတ်ရင် ကောင်းမှာ မဟုတ်ဘူး …”

ဂျက်ဖရီ၏ အမူအရာ မပြောင်းလဲသွားခဲ့ပေ။ သူ နင်ချဲ့ကို လုံးဝ အလေးအနက် ထားခြင်း မရှိချေ။ ချူဘာ့တ်က အရေးပါသော်လည်းပဲ အဆုံးစွန်ထိ ရောက်လာခဲ့မည် ဆိုပါက ၎င်းကို စတေးပစ်ဖို့ သူ ဝန်မလေးချေ။

“ ချူဘာ့တ်ကို ဓားစာခံ လုပ်လိုက်နိုင်တာနဲ့ပဲ ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား … မင်းကို ဖမ်းဖို့ လူတွေ ဒီလောက် အများကြီး ခေါ်လာခဲ့တာကို ဒီလို လွယ်လွယ်လေးနဲ့ လွှတ်ပေးလိုက်လို့တော့ ဘယ်ဖြစ်မှာ…”

နင်ချဲ့၏ အကြည့်တို့က ဂျက်ဖရီအပေါ်တွင် ကပ်ညှိနေသည်။

“ ဒါဆို ကျွန်မလည်း တစ်ယောက်တည်း လာတယ်လို့ ရှင်ဘယ်လိုလုပ်ပြီး သိလဲ ….”

ဘုန်း ….

ဂျက်ဖရီ မတုံ့ပြန်နိုင်မီ ပေါက်ကွဲသံ တစ်ချက်ကို ကြားလိုက်ရ၏။

၎င်းနောက် ချက်ချင်း မိုလိုတော့ ကော့တေး နှစ်ပုလင်းက လေထဲ လွင့်ပျံလာကာ သူတို့နှစ်ဦးကြားတွင် ပေါက်ကွဲထွက်သွားခဲ့ပြီး မီးစမီးနတို့ ဖြာထွက်လာခဲ့၏။

နင်ချဲ့ လျင်မြန်စွာ တုံ့ပြန်လာသည်။ သူမ ချူဘာ့တ်ကို ဆွဲ၍ အခြား ဦးတည်ရာဘက်သို့ ဒိုက်ဗင်ပစ်ချလိုက်၏။

ထို့နောက် သေနတ်ပစ်သံတို့ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

“ ဘော့စ်ကို ကာကွယ်…”

စားသောက်ဆိုင်တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောက်နေသည်။ ထိုအချိန်တွင် နင်ချဲ့သည် ဂျက်ဖရီကို အာရုံစိုက်လိုစိတ် မရှိတော့ဘဲ ချူဘာ့တ်ကို ဆွဲကာ ကြမ်းပြင်ပေါ်က ထလိုက်၏။ ထိုအခိုက်အတန့်တွင် လင်းရီသည် သူတို့နှစ်ဦးထံ ရောက်လို့လားသည်။

“ သွားစို့ …”

လင်းရီ၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား စားသောက်ဆိုင်၏ အနောက်တံခါးသို့ ရောက်ရှိလာပြီး ကြိုတင်ပြင်ဆင်ထားသည့် ကားအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ ထို့နောက် ဖလဲရာ စားသောက်ဆိုင်မှ မောင်းထွက်လာခဲ့ကြ၏။

“ မင်းတို့ ဘယ်သူတွေလဲ…. ဘာလို့ ငါ့ကို ဖမ်းခေါ်လာကြတာလဲ…”

နင်ချဲ့၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် ချူဘာတ့်၏ မျက်နှာသည် သွေးဆုတ်ဖြူလျော်နေကာ ဘောင်းဘီထဲ ကျင်ငယ်ထွက်ကျလုမတတ် ထိတ်လန့်နေလေသည်။

ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည်တို့က အင်မတန် ကြောက်စရာ ကောင်းလှကြောင်းကို သူ ကောင်းကောင်း နားလည်သည်။ ဤလူများက ဘာမဆို လုပ်ဝံ့ကြပြီး လက်ရဲဇက်ရဲလည်း ရှိကြသည်။ သူတို့၏ မျက်လုံးထဲ၌ အသက်တစ်ချောင်းက ဘာတန်ကြေးမျှ မရှိဟု ထင်ရ၏။

“ တိတ်တိတ်နေစမ်း …”

ချူဘာ့တ်၏ လည်ပင်းကို လက်ဝါးစောင်းဖြင့် ရိုက်နှက်လိုက်လေရာ တစ်ဖက်သူမှာ ချက်ချင်း မေ့မြောသွားခဲ့တော့သည်။

“ သောက်ကျိုးနည်းကြီး … နင် လုံးဝ ကွက်တိ ခန့်မှန်းနိုင်ခဲ့တာပဲ…”

ချူဘာ့တ်ကို ဖြေရှင်းပြီးနောက် နင်ချဲ့သည် စိတ်သက်သာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ သူမ၏ ရင်ဘက်နှင့် ကျောတို့ပင် စိုစွတ်နေသည်။ သူမ ကြောက်ရွံ့ခြင်း မရှိသော်လည်း စိုးရိမ်စိတ်လှုပ်ရှားမှုကိုတော့ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ချေ။

“ ဒီတိုင်း ကံကောင်းပြီး အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားခဲ့ရုံလေးပါကွာ… ငါလည်း ငါမှန်းတာ မှန်သွားလိမ့်မယ်လို့ ထင်မထားဘူး …” လင်းရီ ပြောလိုက်၏။

“ အဲ့ အဘိုးကြီး ဂျက်ဖရီက တကယ်ကို ထူးခြားတယ်…. ကောက်ကျစ်ချက်က ကမ်းကုန်အောင်ပဲ …”

“ ဒီလိုတွေ ဖြစ်ပျက်ပြီးတော့ ဂျက်ဖရီကို နောက်တစ်ကြိမ် ပြန်ရှာတွေ့ဖို့ဆိုတာ အတော်လေး ခက်ခဲသွားလောက်တယ်…”

နင်ချဲ့ နောင်တရနေသည့် လေသံဖြင့် ပြောလိုက်သည်။

လင်းရီ အမှုမထားစွာ ခေါင်းညိမ့်လိုက်၏။ ဂျက်ဖရီ၏ စိတ်က ဖတ်ရခက်ပြီး သူ၏ အပြုအမူတို့တွင် အောက်စည်းဟူ၍ မရှိဘဲ သူလိုချင်တာ ရဖို့ လိုအပ်တာ မှန်သမျှကို ပြုဖို့ ဝန်မလေးသည့် လူစားမျိုးပင်။ သူ ဘာလုပ်မည်ကို မှန်းဆဖို့က မဖြစ်နိုင်ချေ။

သူ့ဘက်က လက်လျော့သွားပြီး ယနေ့ည လေလံပွဲတွင် မပါဝင်သည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ ပစ္စည်းက သူ့လက်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး Fuseby လေလံအိမ်ရှိ လူတို့လက်ထဲ မရောက်ရှိသေးချေ။

“ ဒီလူကိုရော ဘယ်လိုလဲ လုပ်မှာ…” နင်ချဲ့ မေးလိုက်သည်။

“ သူက ဒီလေလံပွဲအတွက် တာဝန်ရှိတဲ့သူ … ဒါပေမယ့် ဂျက်ဖရီ ပေးမယ့် ပစ္စည်းအကြောင်းတော့ ဘာမှသိတာ မဟုတ်ဘူး … သူ့ကို ရှင်လျက်ထားလို့လည်း ဘာအသုံးမှ ဝင်မယ် မထင်ဘူးနော်….”

“ အရင်ဆုံး ဒီတိုင်း ထားထားကြတာပေါ့ … သူ့ကို မစ်ရှင် ပြီးတဲ့အထိ ထိန်းသိမ်းထားပြီး ပြီးမှ ပြန်လွှတ်လိုက်…”

“ အခု ငါဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ခံလိုက်ရပြီဆိုတော့ ဒီကိစ္စ ဆက်ပြီး စုံစမ်းလို့ မရလောက်တော့ဘူးထင်တယ်…”

လင်းရီလည်း သူတို့သည် အလွန်အမင်း အလေးမသာသည့် အခြေအနေသို့ ကျရောက်နေသည်ကို ခံစားမိသည်။

ယနေ့ လုပ်ရပ်များက ရန်သူကို တပ်လှန့်စေမိသလို ဖြစ်ပျက်သွားခဲ့လေသည်။

ဂျက်ဖရီသည် နောက်တစ်ကြိမ် လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ မဖြစ်နိုင်သဖြင့် ဘက်စ်ထုတ်ကုန်သည်လည်း လူရှေ့သူရှေ့ ထွက်ပေါ်လာဖို့ရာ မဖြစ်နိုင်တော့ချေ။

အရာအားလုံးက အဆုံးသတ်သို့ ရောက်ရှိလာပြီ ဖြစ်၏။

အကယ်၍ သူမက ပေတေပြီး ဆက်နေမည်ဆိုလျှင်လည်း မည်သည့် တိုးတက်မှုမျှ ရှိလာလိမ့်မည် မဟုတ်ချေ။

“ မင်းရဲ့ အထောက်အထားက ဖော်ထုတ်ခံလိုက်ရပြီဆိုတော့ ဒီမှာ ဆက်နေလို့ အဆင်မပြေတော့ဘူး … ဟွာရှကို အရင်ပြန်နှင့် …”

“ နင်ကျတော့ရော ….” နင်ချဲ့ လင်းရီကို ကြည့်လိုက်သည်။

“ ငါက ဒီကို ခရစ်စမတ်အတွက် လာတာဆိုတော့ အားလပ်ရက် မပြီးခင် ပြန်လို့ မရသေးဘူး … ဒါပေမယ့် ရက်နည်းနည်းလောက်နေရင်တော့ သေချာပေါက် ပြန်ဖြစ်မှာ … ဘာပဲဆိုဆို ဟွာရှမှာ ငါ့ရဲ့ လုပ်ငန်းတွေက ရှိနေသေးတုန်းပဲလေ… မင်းငါ့အကြောင်း စိတ်ပူစရာ မလိုဘူး ….”

နင်ချဲ့သည် လင်းရီ၏ ဘေးကင်းလုံခြုံရေးအပေါ် သိပ်ပြီးမှ အရေးတယူ ပြုမနေချေ။

ဤကမ္ဘာကြီးထဲတွင် သူ့အား သတ်နိုင်မည့်လူ မပေါ်သေးချေ။

“ ဒါဆိုလည်း နင်ပြောတဲ့အတိုင်း ငါတို့ လုပ်တာပေါ့ …. ဒီ နှာဘူးအိုကြီးကို နင့်ဆီ ထားခဲ့မယ်… ဘယ်လိုလုပ်မလဲဆိုတာတော့ နင့်သဘောပဲ…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ မင်း အသင်းက တခြား လူနှစ်ယောက်ကို ခေါ်ပြီး လေဆိပ်မှာ စုဝေးခိုင်းထားလိုက် … ငါ့လေယာဉ်ယူသွားလိုက်…”

“ ကောင်းပြီ…”

တစ်နာရီ ကြာပြီးသည့်နောက် လင်းရီသည် နင်ချဲ့အား လေဆိပ်သို့ လိုက်ပို့လိုက်ပြီး သူမ လေယာဉ်ပေါ်သို့ တက်သွားသည်အား စောင့်ကြည့်ခဲ့သည်။ ထို့နောက် ချူဘာ့တ်ကို ခေါ်၍ ဟိုတယ်သို့ ပြန်လာခဲ့၏။

သတိလစ် မေ့မြောနေသည့် ချူဘာ့ကို ကြည့်ရင်း လင်းရီ အေးစက်စက် ရေတစ်ပုံးဖြင့် ၎င်း၏ ခေါင်းကို လောင်းချလိုက်သောအခါ တစ်ဖက်သူမှာ ချက်ချင်း အသိပြန်လည်လာသည်။

လင်းရီကို မြင်တော့ ချူဘာ့တ် ချက်ချင်း မှတ်မိသွားခဲ့၏။

“ မင်းက အဲ့ဒီအပျက်မ ငှားခဲ့တဲ့ ကောင်ပဲ…”

လင်းရီ ခြေတင်ချိတ်ထိုင်ရင်း ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ချူဘာ့တ်ကို ပြုံးကြည့်လိုက်သည်။ “ မင်းရဲ့ မှတ်ဉာဏ်က အတော်လေး ကောင်းသားပဲ… ဒါပေမယ့် သိတော့ရော ဘာအသုံးဝင်လို့ … ငါမင်းကို ထွက်သွားခွင့်ပေးမယ်လို့ ထင်လား …”

(T/N - သောက်လို့ မရ‌တဲ့ ကော့တေး။ Molotov cocktail. မီးပုလင်းလို့လည်း ခေါ်ကြပါတယ်။ PUBG ထဲမှာ အဲ့ဒီ ကော့တေး ပါတယ်လေ။ ပုလင်းလွတ်တစ်ခုထဲ မီးလောင်လွယ်တဲ့ လောင်စာဆီတွေထည့်၊ အ၀တ်စထည့် ၊ မီးရှို့၊ ပစ်။ လွယ်ကူရိုးရှင်းတဲ့ မိုလိုတော့ ကော့တေး ရပါပြီ။ )

All Chapters