← Chapters

အနက်ဝတ်နှင့်လူ၏ အပေါင်းအပါများ

Vol. 104 Ch. 1557

အနက်ဝတ်နှင့်လူ၏ အပေါင်းအပါများ

Vol. 104 Ch. 1557

ဘွန်း ဘွန်း ဘွန်း …

သားရိုင်းကောင်ကြီးကဲ့သို့ အင်ဂျင်ဟိန်းသံက လမ်းတစ်လျှောက် ဆူညံစွာ ပျံ့လွင့်သွားခဲ့သည်။

ဈေးနှုန်းတစ်ခုတည်းနှင့်ပင် အနက်ဝတ်နှင့် လူ၏ Type – R သည် လင်းရီငှားထားသည့် ကားလောက် ဈေးမကြီးချေ။ သို့သော် အင်ဂျင်သံ နားထောင်ကြည့်ရသလောက်တော့ ကားက မိုဒီဖိုင်းလုပ်ထားသည်မှာ အသိသာကြီးပင်။ ၎င်း၏ စွမ်းဆောင်ရည်က ပိုမြင့်လေသည်။

အကယ်၍ လင်းရီကသာ အနက်ဝတ်နှင့်လူကို မောင်းသည့် စကေးပိုင်းဆိုင်ရာ၌ ဖိနှိပ်ထားနိုင်ခြင်း မရှိပါက အနောက်တွင် ပြတ်ကျန်နေခဲ့ပြီမှာ အချိန်အတော်ကြာကတည်းပင်။

ကားထဲတွင်တော့ လင်းရီ၏ မျက်လုံးတို့ နက်မှောင်နေပြီး အမူအရာကလည်း ရုပ်ဆိုးနေသည်။

ဒေါသစိတ် ဖြစ်ပေါ်နေရုံမျှမက တစ်ဖက်သူက သူ၏ ပစ္စည်းများကိုလည်း ဖြတ်ခုတ်သွားခဲ့သေးသည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သူက ခံရသည့် အနေအထားဘက်က ဖြစ်နေသည်။

အနက်ဝတ်နှင့်လူကို စောင့်ကြည့်နေစဉ် အနက်ဝတ်နှင့်လူကလည်း သူ့နည်းသူ့ဟန်ဖြင့် လင်းရီအား စောင့်ကြည့်နေခဲ့သည်။

သို့သော် လင်းရီသည် ထိုအချက်ကို သတိပြုမိခြင်းပင် မရှိခဲ့ချေ။

လင်းရီ၏ အမြင်တွင် ဤသည်က သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်ပြီး သူ၏ အစွမ်းအစတို့အား စိန်ခေါ်လိုက်ခြင်း ဖြစ်၏။

ဤကဲ့သို့သော ခံစားချက်မျိုးကို တစ်ကြိမ်ထက်ပို၍ တွေ့ကြုံခံစားခဲ့ရဖူးပြီ။

ဒုတိယအနေဖြင့် လင်းရီကို ပို၍ အတွက်မှားသွားစေခဲ့သည်က အနက်ဝတ်နှင့်လူသည် သူ၏ စစ်ဆင်ရေးများကို တစ်ကိုယ်တော် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ သူ့တွင် အပေါင်းအပါများ ရှိ၏။

သူနှင့် ယခုလေးတင် တွေ့ခဲ့သည့် လုံခြုံရေး အစောင့်သည် ၎င်းတို့အနက် တစ်ဦးဖြစ်လေသည်။

လုံခြုံရေး အစောင့်၏ လုပ်ဖော်ကိုင်ဖက်များသည်ပင် အနက်ဝတ်လူနှင့် ကြံရာပါများ ဖြစ်မနေဟု ပြော၍ မရပေ။

သတင်းကို လက်ခံရရှိပြီးနောက် ဘူဂျာခါလီဖာသို့ သူ့ထက် အရင် ကြိုတင် ရောက်ရှိလာကာ လီယွန်ဆိုသည့် လူနှင့် တွေ့သည်။

သူ့ရှေ့ရှိ Type-R ၏ နောက်မီးအလင်းရောင်ကို စိုက်ကြည့်ရင်း လင်းရီ၏ အမူအရာမှာ အုံ့မှိုင်းသထက် အုံ့မှိုင်းလာခဲ့တော့၏။

ဤသည်က အနုစိတ် စီစဉ် အကွက်ချထားသည့် ပူးပေါင်းကြံစည်မှု တစ်ခု ဖြစ်ပြီး ယခုလို ဖြစ်ပျက်လာမည်ကို သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

သူတို့တွေသည် စောင့်ကြည့်ရေး ကင်မရာတို့က တဆင့် သံသယ ရှိဖွယ် တစ်စုံတစ်ယောက်ကို ရှာမတွေ့ခဲ့သည်မျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်ပြီး ဓာတ်လှေကားကိုလည်း တမင်တကာ ပိတ်ချထားခြင်းမျိုး ဖြစ်လောက်၏။

ယခုလို ထင်မှတ်မထားသည့် အဖြစ်အပျက်တို့ ဖြစ်ပေါ်မလာဘူးဆိုပါက အရာအားလုံးသည် အဆင်ပြေချောချောမွေ့မွေ့နှင့် ရှေ့ဆက်နေမည် ဖြစ်ပြီး လင်းရီတွင်လည်း အနက်ဝတ်နှင့်လူကို လိုက်ဖမ်းရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။

ယခု ဒူဘိုင်း ခရီးစဉ်တွင် လင်းရီသည် ထိုလူတစ်ယောက်မှလွဲ၍ လူတိုင်းကို ကျောနိုင်ခဲ့သည်။

“ ငါ-ိုးပဲ ..”

လင်းရီ စတီယာရင်ဘီးကို ဒေါသတကြီးရိုက်၍ အရှိန်ကို ထပ်တင်လိုက်၏။ ကျွမ်းကျင်လှသည့် အရည်အချင်းတို့ကြောင့် အနက်ဝတ်လူ၏ ကားနှင့် နီးသထက် နီးကပ်လာသည်။

မီတာ ငါးဆယ်…

မီတာ သုံးဆယ်…

ဆယ်မီတာ …

ငါးမီတာ …

နာရီဝက်ကျော် ကြာပြီးနောက် သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် ထပ်တူညီလုနီးပါးပင်။ ကြား၌ ကားတစ်စီးစာ အကွာအဝေးမျှသာ ခြားတော့သည်။

ထိုအချိန်တွင် လင်းရီသည် စတီယာရင်ဘီးကို လှည့်၍ Type-R ၏ကိုယ်ကို ဝင်တိုက်ခိုက်၏။

Type-R၏ တာယာဘီးများ ချော်ထွက်သွားပြီး အရှိန်မြင့်ထားသည့် Type-R၏ ဟန်ချက် ပျက်သွားသည့်အားလျော်စွာ ကုတ်ခြစ်သံတို့ ထွက်ပေါ်လာသည်။ ၎င်းက စတင်ပြီး ဟိုင်းဝေးလမ်းပေါ်တွင် မြွေကဲ့သို့သော အရာမျိုး နောက်တွင် ချန်ထားရစ်ခဲ့၏။

သို့သော် အနက်ဝတ်နှင့်လူ၏ ယာဉ်မောင်းစကေးတို့ကလည်း မဆိုးလှချေ။ စက္ကန့်ပိုင်းအတွင်း ကားကို ပြန်ထိန်းသိမ်းနိုင်လိုက်ကာ မူလ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

သို့သော် လင်းရီက မှီလာပြီ ဖြစ်သဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ကတော့ မလွယ်ကူတော့ချေ။

Type-R၏ စွမ်းဆောင်ရည်က ပနားမီးယားထက် သာလွန်နေစေကာမူ လင်းရီ၏ ပြောင်မြောက်လှသည့် အရည်အချင်းတို့နှင့် ပေါင်းစပ်သည့်အခါ၌ အလေးမသာသည့် အခြေအနေတွင် ကျရောက်နေလျက် ရှိတော့သည်။

လင်းရီ၏ မျက်လုံးတို့က မီးဝင်းဝင်းတောက်နေပြီး အမဲလိုက်ရန် အဆင်သင့် ဖြစ်နေသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ ရှိနေသည်။

သို့သော် …

လင်းရီ တစ်ဖန် ပြန်ဝင်တိုက်တော့မည့် အချိန်တွင်ပဲ အနက်ဝတ်နှင့်လူက ကား အရှိန်လျော့လိုက်သည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။

လင်းရီလည်း အရှိန်လျော့လိုက်၏။ မီတာဒါဇင်လောက် အကွာအဝေးရောက်သို့ နှစ်ဖက်လုံးက ကားများကို ထိုးရပ်လိုက်ကြသည်။

လင်းရီနှင့် အနက်ဝတ်နှင့်လူသည် ကားအပြင်သို့ ပြိုင်တူ ထွက်လာခဲ့ကြ၏။ သို့သော် တစ်ဖက်သူက ရင်းနှီးနေသည့် လူပြက် မျက်နှာဖုံးကို တပ်ဆင်ထားပြီး ဖြစ်နေသည်။

ဒူဘိုင်း၏ နေ့နှင့်ည အပူချိန် ကွာဟချက်က ကြီးမားလွန်းသည်။ ညတွင် အပူချိန်က ထင်မှတ်ထားသည်ထက် လျော့နည်းနေသည်။

၎င်းတို့နှစ်ဦးကြားရှိ လေထုသည်လည်း ည၏ အပူရှိန်ကဲ့သို့ အေးစက် တိတ်ဆိတ်နေတော့သည်။

“ သေချာ တွက်ကြည့်တော့မှ ငါတို့နှစ်ယောက် မမြင် မတွေ့ရတာ နှစ်ဝက်တောင် ကျော်နေပြီပဲ…”

လင်းရီ၏ အသံက အလွန်အမင်း တိုးညှင်းလှပြီး ခံစားချက် ကင်းမဲ့နေသည်။

အနက်ဝတ်နှင့်လူမှာ တိတ်ဆိတ်လျက်သာ ရှိနေခဲ့သည်။ သို့သော် ၎င်း၏ တိတ်ဆိတ်မှုက လင်းရီ၏ စကားကို တစ်မျိုးတစ်ဖုံဖြင့် ပြန်ဖြေဆိုနေခြင်းပင်။

“ မင်းရဲ့ ဒဏ်ရာတွေက သက်သာပြီဆိုရင် ငါတို့ ဒီနေ့ ယှဉ်ပြိုင်ကြမယ်… မင်း မသက်သာသေးဘူးဆိုရင်လည်း မင်း အုခထွက်သွားလို့ရတယ်… ငါ မတားဘူး …”

အနက်ဝတ်နှင့်လူသည် နေရာ၌သာ နေမြဲနေရင်း ဘာတစ်ခုမျှ ခွန်းတုံ့ပြန်မလာချေ။ တိတ်ဆိတ်သည့် လမ်းအထက်၌ လင်းရီ၏ အသံတစ်ခုတည်းကသာ ကြီးစိုးနေလျက် ရှိသည်။

လင်းရီ မျက်လုံးပင့်ပြီး အနက်ဝတ်နှင့်လူကို စူးစမ်းကြည့်လိုက်၏။

ထိုလှုပ်ရှားမှုက လင်းရီ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ အကယ်၍ သူက မထွက်ခွာလျှင်ပင် တစ်စုံတစ်ရာတော့ ပြုသင့်သည်။ ယခုလောက် တည်ငြိမ်မနေသင့်ချေ။

ဘွန်း ဘွန်း ဘွန်း …

ထိုအခိုက်အတန့်တွင် ကျယ်လောင်သည့် အင်ဂျင်သံတို့ ထွက်ပေါ်လာပြီး လင်းရီ နောက်သို့ လှည့်ကြည့်လိုက်၏။ မျက်စိစူးမတတ် ကားအလင်းရောင်တို့က သူ၏ မျက်လုံးကို ကောင်းစွာ ဖွင့်နိုင်ရန် နှောင့်ယှက်နေသည်။

မကြာမီ နောက်ရှိ ကားက အနားသို့ မောင်းနှင်လာခဲ့၏။ ၎င်းက မိုဒီဖိုင်း ပြုလုပ်ထားသည့် GTR ပင်။

ကားက လင်းရီနှင့် သုံးမီတာ အကွာတွင် ရပ်တန့်သွားခဲ့သည်။

ကားတံခါး ပွင့်ဟလာပြီး လူသုံးယောက် ဆင်းလာသည်။ တစ်ယောက်က အသက်ကြီးပိုင်း ဖြစ်ပြီး ခန့်မှန်းခြေ လေးဆယ်လောက်တော့ ရှိပြီဖြစ်၏။

ကျန်နှစ်ယောက်ကတော့ ထိုတစ်ဦးနှင့် နှိုင်းစာမည်ဆိုပါက အနည်းငယ် အရွယ်ငယ်သည်။ နှစ်ဆယ်ကျော် သုံးဆယ်မျှသာ ရှိသေးသည်။ သူနှင့် သက်တူ ရွယ်သူဟု ပြော၍ရ၏။

( လင်းရီရဲ့ အသက်က ၂၇/၂၈ အဲ့ဒီဝန်းကျင်မှာပါ။ သူ့ မွေးနေ့ အတိအကျတော့ ကျနော်လည်း မသိပေမယ့် ဒီ၀န်းကျင်ဆိုတာကတော့ ကျိန်းသေပါတယ်။ ကျနော် အချက်တစ်ချို့ကို ကိုးကားပြီး တွက်ထားတာပါ။ )

လင်းရီ မျက်လုံးကျဉ်းမြောင်း၍ သူတို့ သုံးယောက်အား ကြည့်လိုက်၏။ တစ်ယောက်ကိုမျှ သူ သိလို့မနေချေ။

သူတို့ သုံးဦးနှင့် ပတ်သက်၍ ထူးခြားသည့် တစ်စုံတစ်ရာမျှ ရှိမနေခဲ့ချေ။ လူတို့၏ စိတ်ထဲ ပုံရိပ်ထင်ကျန်ရန် ခဲယဉ်းလောက်သည်အထိကို သာမန်ဆန်လွန်းနေသည်။

သို့ပေမယ့် ဤနေရာသို့ ရောက်လာခဲ့သည်ဟူသည့်အချက်က ၎င်းတို့၏ သာမန်ဆန်သည့်အချက်ကို ဖုံးဖိပေးသွားခဲ့သည်။

“ မင်း သွားနှင့် … ငါတို့ သူ့ကို ကိုင်တွယ်လိုက်မယ်…”

ပြောလိုက်သူက သက်လတ်ပိုင်း လူကြီး ဖြစ်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး လင်းရီက သူ့မျက်လုံးထဲတွင် သာမညောင်ည လူတစ်ဦးကဲ့သို့ပင်။

အနက်ဝတ်နှင့် လူလည်း မည်သည်ကိုမျှ မဆိုချေ။ နောက်လှည့်ပြီး ကားထဲ ပြန်ဝင်သွားခဲ့သည်။

လင်းရီ များများစားစား ဂရုစိုက်နေခြင်း မရှိဘဲ အနက်ဝတ်နှင့် လူနောက် လိုက်ရန် ဟန်ပြင်သည်။ ထိုအ်ချိန်တွင် အရပ်ရှည်ရှည်နှင့် တစ်ယောက်က လင်းရီထံ ပြေးဝင်လာခဲ့၏။

နောက်ကျောက တိုက်ခိုက်လာမှုကို ရှောင်ရှားရန်အလို့ငှာ လင်းရီသည် နောက်မှ ပြေးလိုက်ရန် ရည်ရွယ်ချက်ကို လက်လျော့၍ ဘေးသို့ တိမ်းလိုက်ရ၏။

တစ်ချိန်တည်းတွင် အနက်ဝတ်နှင့်လူနောက် လိုက်ရန် အခွင့်အရေးကို လုံးလုံးလျားလျား လက်လွတ်လိုက်ရတော့သည်။

ယခုလို အချိန်တွင် အနက်ဝတ်နှင့်လူအနောက်သို့ ခြေရာခံ လိုက်ရန်က မည်သို့မျှ မဖြစ်နိုင်တော့ကြောင်းကို သူ နားလည်လိုက်သည်။

လင်းရီ နောက်သို့လှည့်၍ သူ့အရှေ့တွင် ရုတ်ချည်း ထွက်ပေါ်လာသည့် လူသုံးယောက်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်တို့က သတိထားပြီး ရန်လိုနေသည်။

သူ နားမလည်နိုင်ခဲ့ချေ။

အတိတ်တွင် အနက်ဝတ်နှင့်လူသည် အုပ်စုကြီးများ ဘက်စ်သတ္တု ဖလှယ်သည့်အချိန်၌ တစ်ကိုယ်တည်း ထွက်ပေါ်လာလေ့ ရှိသည်။ သို့သော် ယခုတော့ ဘက်စ်ဂရမ် နည်းနည်းလေးဖြင့် လက်ဝတ်တန်ဆာ ပြုထားသည့် အရာလေးက ၎င်းနှင့် အပေါင်းအပါတို့ကို စုဝေးလာစေနေသည်။ ဤသည်က သံသယဝင်ဖို့ ကောင်းလွန်းလှ၏။

“ မင်းငါတို့နောက် မလိုက်လာခဲ့သင့်ဘူး ကောင်လေး … မင်းရဲ့ လုပ်ရပ်တွေက ငါတို့ကို တော်တော်လေး ပြဿနာတက်သွားစေတယ်ဆိုတာ မင်းသိလား … ဒီတော့ ဒီနေ့ မင်းကို လွှတ်ပေးလို့ မရဘူး …”

လင်းရီ မျက်ခုံးပင့်၍ မောက်မာနေသည့် သက်လတ်ပိုင်း အမျိုးသားကို ကြည့်လိုက်သည်။

“ မင်းတို့က ငါ့ဆီကနေလည်း ခိုးသွားသေးတယ်… ပြီးတော့ အခု ငါ့ကို ဒီလိုလေသံနဲ့လည်း လာပြောနေတယ်… မင်းတို့ကောင်တွေ နည်းနည်း မဆီလျော်ဘူးလားလို့ …”

“ ထူးဆန်းလို့လား … လက်သီးကြီးတဲ့လူရဲ့ စကားက အမှန်ပဲဆိုတာ မင်းလည်း သိမှာပါ … မင်းက အသစ်လေးလား … ဒီလို စကားတွေ လာပြောနေတယ်ဆိုတော့ ရယ်အောင် ဟာသ လာလုပ်ပြနေတာလား …”

လင်းရီ ချက်ချင်း ခွန်းတုံ့မပြန်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသား၏ စကားလုံးထဲကနေ လင်းရီ သတင်းအချက်အလက်တစ်ချို့အား ရရှိလိုက်ရသောကြောင့်ပင်။

သူသည် အနက်ဝတ်လူနှင့် တစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးသည်။

သို့သော် ၎င်းတို့၏ အမြင်၌ ဤသည်က သူတို့နှစ်ဦးကြားတွင် အထိကရုဏ်းဖြစ်သည်မှာ ပထမဆုံးအကြိမ်ဟု ထင်နေခဲ့ကြ၏။

ကြည့်ရသည်မှာ အနက်ဝတ်နှင့်လူသည် ရရှိလာသည့် ပစ္စည်းများအား ပေးအပ်ချိန်၌ သူ့အကြောင်း တစ်ခွန်းမျှ မဟသည့်ပုံပင်။ သို့သော် ပြန်စဉ်းစားကြည့်တော့ ထိုအရာက ဆန်းသည်တော့မဟုတ်လှပေ။ အနက်ဝတ်နှင့်လူ စကားပြောသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။

ထို့ကြောင့် သူ မည်သူမည်ဝါ ဖြစ်သည်ကို ၎င်းတို့ မသိကြခြင်း ဖြစ်လောက်၏။

“ ဆိုတော့ … ငါတို့ ဆွေးနွေးစရာ အကြောင်း မရှိတော့ဘူးပေါ့ …”

လင်းရီသည် နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ရုတ်ချည်းတိုက်ခိုက်လာမှုကို တုံ့ပြန်ရန် အဆင်သင့် ပြင်ထားခဲ့သည်။

“ နံပါတ် ၁၈ … သွားပြီး ဒီကောင့်ကို ရှင်းလိုက် …” သက်လတ်ပိုင်း အမျိုးသားက အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။

“ အင်း …”

လင်းရီအား တိုက်ခိုက်ခဲ့သည့် အရပ်ရှည်ရှည်နှင့်လူသည် ရှေ့သို့ တက်လာခဲ့၏။

ထို့နောက် လျင်မြန်လှသည့် အမြန်နှုန်းဖြင့် လင်းရီထံ ပြေးဝင်လာသည်။

လင်းရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ပြီး တောက်လောင်နေသည့် မီးတောက်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် အကြည့်တို့အား လှစ်ဟာပြလာခဲ့သည်။

“ ငါဒီနေ့ ဒေါသကို တော်တော်ထိန်းထားခဲ့ရတာ … အတော်ပဲ … မင်းအပေါ် ပုံချရတော့တာပေါ့ …”

All Chapters