ချုံခိုတိုက်ခိုက်ခြင်း
Vol. 104 Ch. 1554
ခရီးက ရှည်ကြာခြင်း မရှိခဲ့ချေ။ ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှုလည်း မရှိသဖြင့် လင်းရီ မိနစ်နှစ်ဆယ်အတွင်း ရောက်ရှိလာသည်။
သို့သော် ကားထဲက မထွက်ခွာမီ လင်းရီသည် နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်၏။ မည်သည့် ထူးဆန်းသည့် တစ်စုံတစ်ရာကိုမျှ မြင်တွေ့ရခြင်း မရှိချေ။ သေချာသောအခါ ကားပေါ်က ဆင်း၍ မောလ်ထဲသို့ ဝင်လာခဲ့လေသည်။
ထိုအချိန်တွင် လင်းရီသည် ဂျက်ဖရီက ထွက်ခွာသွားခြင်း မရှိသေးဘဲ ထိုအစား သူ့နောက်သို့ လိုက်ရန်အတွက် လူများ လွှတ်ထားပြီး ဖြစ်ကြောင်းကို သတိမမူမိသေးချေ။
သတိမပြုမိခဲ့သည်ကလည်း တစ်ဖက်သူသည် ရှာတွေ့ဖို့ အင်မတန် ခဲယဉ်းသည့် အဆင့်ဆင့် ပြောင်းလဲခြေရာခံ နည်းလမ်းကို အသုံးပြုနေသောကြောင့်ပင်။
အကွာအဝေး တစ်ခုသို့တိုင်အောင် နောက်ယောင်ခံလိုက်ပြီးသည့်နောက်တွင် ခြေရာခံသည့်လူကို အမြဲတမ်း ပြောင်းလဲလေ့ရှိ၏။ ဤသံသရာက ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသည်။
ဂျပန်တွင် ရှိနေစဉ်က မစ်ဆူမိသားစု၏ လက်ပါးစေများ အယ်လက်ဆာတို့ အုပ်စုကို နောက်ယောင်ခံလိုက်သကဲ့သို့ သူမ သတိမူမိနိုင်သည့် နည်းလမ်း မရှိခဲ့ချေ။
ကျီချင်းရန် ပေးလာသည့် လိပ်စာအတိုင်း လိုက်လာရင်း လင်းရီသည် ခြောက်လွှာသို့ တက်လာခဲ့၏။ သူတို့နှစ်ဦးမှာတော့ လှေကားထစ်များထက်၌ သူ့ကို စောင့်ဆိုင်းနေသည်။
ကျီချင်းရန်သည် မနက်ခင်း အချိန်က ဝတ်ဆင်ခဲ့သည့် ဝတ်စုံနှင့် မတူကွဲပြားစွာ ဝတ်ဆင်ထားကြောင်းကို လင်းရီ သတိထားမိလိုက်သည်။ သူမက အနက်နှင့် ရွှေရောင် စကတ်အတိုကို ဝတ်ဆင်ထားပြီး တော်တော်လေးလည်း တင်းကြပ်၏။ စွံ့ကားနေသည့် တင်၏ အလှမှာ ရှင်းလင်းသိသာလွန်းလှသည်။
ဤဝတ်စုံက ကျီချင်းရန် Hermes စတိုးဆိုင်တွင် မျက်စိကျနေခဲ့သည့် ဝတ်စုံဖြစ်၏။ သို့သော် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ပြီး ဝယ်ယူဝံ့ခြင်း မရှိခဲ့ချေ။
ယနေ့တွင်တော့ ချင်ရင်ယွဲ့၏ လှုံ့ဆော်အားပေးမှုအောက်တွင် ဤဝတ်စုံကို ဝယ်၍ ဝတ်ဖြစ်အောင် ဝတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ကျီချင်းရန်တွင်လည်း ကျောထောက်နောက်ခံ ရှိလာပြီ ဖြစ်သဖြင့် လင်းရီကို မကြောက်ရွံ့တော့ချေ။
“ ငါ့ ဝတ်စုံအသစ်ကို ကြည့်လိုက် … မလှဘူးလား ..” ကျီချင်းရန် ကိုယ်ကို တစ်ပတ်လှည့်၍ ပြသလိုက်၏။ သူမ ဤဝတ်စုံကို အတော်လေး နှစ်ခြိုက်နေသည်။
“ ငါ့အထင် မင်း ဒူဘိုင်းမှာ သည့်ထက် ကြာကြာနေလို့ကတော့ ဘီကနီတွေတောင် ဝတ်လာလောက်မယ် ထင်တယ်…”
“ အဲ့လောက်ကြီးတော့ မလုပ်ပါဘူးဟယ်…” ကျီချင်းရန် ရယ်မောလိုက်ပြီး “ တကယ်တော့ ဒီ ဝတ်စုံရဲ့ အရှည်ကလည်း မဆိုးပါဘူး … ငါထင်ထားသလောက်လည်း တိုမနေဘူး … ဒူးအထက် နည်းနည်းလေးပဲ ရောက်တယ်…”
“ အမေလည်း မဆိုးဘူးလို့ ထင်တယ်… ဘာလဲ … နင်က သဘောမကျဘူးလား … လူက ငယ်ငယ်လေး ရှိသေးတာကို ဘာလို့ အဲ့လောက် ရှေးရိုးဆန်နေရတာ …” ချင်ရင်ယွဲ့ စောဒက တက်လိုက်၏။
“ ကျွန်တော်လည်း ဘာမှ မပြောမိပါလား … ခု ဝတ်ထားတာလည်း တော်တော်လှပါတယ်နော်…”
“ နင်လည်း လှတယ်ထင်ရင် ဘာမှ ပြောစရာမလိုတော့ဘူး …” ကျီချင်းရန် ရွှင်မြူးစွာဖြင့် လင်းရီ၏ လက်မောင်းကို ချိတ်လိုက်၏။ “ သွားစားကြစို့ … တစ်ညနေခင်းလုံး ဈေးဝယ်ထွက်ပြီးတော့ ဗိုက်ဆာနေပြီ…”
“ အင်း သွားစို့ …”
သုံးယောက်သား ကြိုတင်နေရာပေးထားသည့် စားသောက်ဆိုင်သို့ ရောက်ရှိလာသည်။ ၎င်းက ဘာဘီကျူး စားသောက်ဆိုင်တစ်ဆိုင် ဖြစ်၏။ အပြင်အဆင်ပိုင်းက တူရကီဘက်ယိမ်းပြီး အတော်လေး လှပ၏။
“ စစချင်းတုန်းက နင်တို့ကို ဒီည လေလံပွဲ ခေါ်သွားမလို့ပဲ … ဒါပေမယ့် ရုတ်တရက်ကြီး ရွေ့ဆိုင်းလိုက်ပြီလို့ ကြေညာလာတယ်…” ချင်ရင်ယွဲ့ ပြောလိုက်၏။ “ ဒါပေမယ့် Barber of Seville ဆိုတဲ့ အော်ပရာ တစ်ခုတော့ ရှိတယ်… သွားချင်ကြလား …”
လေလံပွဲကို ရွေ့ဆိုင်းထားတယ်….။
လင်းရီ ရပ်တန့်သွားခဲ့၏။ ဤသတင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
ဂျက်ဖရီက ပျောက်ဆုံးနေပြီး လေလံတင်ရန်အတွက် မည်သည့် ပစ္စည်း တစ်စုံတစ်ရာမျှ ရှိမည် မဟုတ်ချေ။ သို့သော် Fuseby လေလံအိမ်က ယတိပြတ် ဖျက်သိမ်းလိုက်မည့်အစား ရွေ့ဆိုင်းထားခဲ့သည်။
နှစ်ဖက်အဖွဲ့မှာ ကြားတွင် သဘောတူညီမှု တစ်စုံတစ်ရာကို ရရှိထားပြီး နောင်တစ်ချိန်တွင် ထပ်မံပူးပေါင်း လုပ်ကိုင်ကြဦးမည့်ပုံပင်။ သို့သော် ယခုလောလောဆယ်တော့ မဟုတ်သေးချေ။
“ အဲ့ဒီ အော်ပရာလား … သမီးသိတယ်… သူ့ကို ရိုစီနီက ရေးစပ်ထားတာမလား … ပြောကြတာတော့ နာမည် တော်တော်ကြီးတယ်ဆိုလားပဲ….” ကျီချင်းရန် ပြောလိုက်၏။
“ အင်း ဟုတ်တယ်… သူ ရေးခဲ့တာ … “ ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ အန်တီတို့ ဒီည သွားကြည့်ကြမလား …”
“ ကောင်းပြီလေ… သမီးလည်း အားနေမယ့်အတူတူတော့ …” ကျီချင်းရန် လင်းရီအား ကြည့်လိုက်၏။ “ နင်ရော လိုက်မယ်မလား …”
“ ငါ မသွားဘူး … အော်ပရာပွဲတွေက ဆူတယ်… အဲ့သွားရင် ကောင်းကောင်းအိပ်လို့ ရမှာ မဟုတ်ဘူး …”
လင်းရီ အော်ပရာပွဲကြည့်ရန် ငြင်းဆန်လိုက်သည်က သူ့တွင် အခြား လုပ်စရာ တစ်စုံတစ်ရာ ရှိနေ၍ မဟုတ်ဘဲ ပျင်းရိငြီးငွေ့သောကြောင့်သာ။
အကယ်၍ သူ့တွင် အချိန်အားလပ်နေမည်ဆိုပါက ဒူဘိုင်း၏ ထူးခြားမှုတို့ တွေ့ကြုံခံစားရန်အတွက် တစ်နေရာ သွားလိုက်ပေမည်။
ကျီချင်းရန် ပါးစပ်အား ကွယ်၍ ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။ “ နင်အဲ့လို ပြောလာမယ်မှန်း ငါသိသားပဲ … ငါဒီည အန်တီနဲ့ လိုက်သွားမယ်… နင်ကတော့ နင့်ဘာနင် လုပ်ချင်ရာသာ လုပ်နေ…”
ဒူဘိုင်းမောလ်၏ ကားပါကင်တွင် စုစုပေါင်း ကားခြောက်စင်း စီတန်း ပါကင်ထိုးထားပြီး အကုန်လုံး လူခုနစ်ထိုင်၍ ရသည့် SUV များ ဖြစ်ကြ၏။
ရှေ့ဆုံးတွင် မိုဒီဖိုင်း လုပ်ထားသည့် လန်ခရူဇာ တစ်စင်း ရှိပြီး အရှေ့အလယ်ပိုင်း ဒေသတွင်တော့ အလွန်အင်မတန် ပေါ်ပြူလာ ဖြစ်သည့် ကားတစ်စင်းပင်။
“ သူ အပေါ်ထပ်မှာ ရှိတယ်ဆိုတာ သေချာလား ..”
ကားနောက်ထဲတွင် ဆေးလိပ်ငွေ့တို့က ပြုံးယောင်သမ်းနေသည့် ဂျက်ဖရီ၏ မျက်နှာတစ်ဝိုက်တွင် ဝန်းရံနေသည်။
“ ဟုတ်ကဲ့ … ကျုပ်တို့ လူတွေ အပေါ်မှာ စောင့်ကြည့်နေကြပါတယ်…” အနက်ဝတ်နှင့် လူက ပြောလိုက်၏။
“ တခြား အမျိုးသမီး နှစ်ယောက်က သူနဲ့အတူ ညစာစားနေကြတာပါ.. သူတို့ရဲ့ ဆက်ဆံရေးကို ကြည့်ရတာတော့ ကျုပ်အထင် သူ့အမေနဲ့ သူ့ကောင်မလေး ဖြစ်လောက်မယ်…”
“ ချစ်သူနဲ့ အမေလား …”
ဂျက်ဖရီ ရေရွတ်လိုက်ပြီး “ ဆိုတော့ သူက ဒီကို မိသားစုနဲ့ လာတာပေါ့ … သတ္တိကောင်းသားပဲ…”
“ အပေါ်က အခြေအနေက ကျုပ်တို့အတွက် အားသာချက်တွေ အများကြီးရှိပါတယ်… “ အနက်ဝတ်နှင့် လက်အောက်ငယ်သားက ပြောလိုက်ပြီး “ ကျုပ် အပေါ်က လူတွေဆီက ပြောသံကြားတာတော့ သူ့အမေနဲ့ ကောင်မလေးက အတော်လေး လှတယ်ဆိုပဲခင်ဗျ… ကျုပ်တို့ ဖမ်းပြီး သူတို့အပေါ်မှာ နည်းလမ်းတစ်ချို့ အသုံးပြုလို့ရတယ်… အဲ့လိုဆို သူသိသမျှ အရာအားလုံး အန်ထုတ်ခိုင်းလို့ရပြီ…”
“ မိန်းမတွေဆိုတာ မယုံကြည်ရဆုံး သက်ရှိတွေပဲ … ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် မိန်းမဆိုရင် မင်း သတိချပ်နေရမယ်… တစ်ခါတစ်လေ သူတို့က မြွေဟောက်တွေထက်ကို ပိုကြောက်ဖို့ ကောင်းတယ်…”
“ နားလည်ပါပြီ ဘော့စ် …”
“ အပေါ်ကလူတွေကို စားသောက်ဆိုင်ထဲကလူတွေ ရှင်းထုတ်ခိုင်းလိုက် … ခဏနေကြရင် ဘာ ရုတ်ရုတ်ရုတ်မှ ဖြစ်တာမျိုး မလိုချင်ဘူး …”
(ရုတ်ရုတ်ရုတ် = ဆူညံဆူညံ )
“ အခု ပြောလိုက်ပါ့မယ်…”
အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီး သူတို့သုံးဦးလုံးလည်း ညစာစားလို့ ပြီးဆုံးသွားခဲ့၏။
အော်ပရာ သွားကြည့်ရန် သဘောတူထားကြသဖြင့် သောက်တော့ မသောက်ခဲ့ကြချေ။ ထို့ကြောင့် စားသောက်သည့် အလျင် မြန်ဆန်သည်က သဘာဝပင်။
“ ဟင် … ဘာလို့ပါလိမ့် … ဒီလူတွေကရော အော်ပရာ သွားကြည့်ကြမလို့များလား … ဘာလို့ တစ်ယောက်ပြီး တစ်ယောက် ထွက်ကုန်ကြတာ …”
နှုတ်ခမ်းထောင့်စွန်းများအား တစ်သျှူးဖြင့် သုတ်နေစဉ် ကျီချင်းရန်သည် စားသောက်ဆိုင်ထဲရှိ လူတိုင်းက ဘေလ်ရှင်း၍ ထွက်ခွာသွားကြသည်ကို မြင်တွေ့လိုက်ရသည်။ နာရီကို ငုံ့ကြည့်လိုက်တော့ အော်ပရာစဖို့ အချိန်က တစ်နာတိတိပင် လိုနေသေးလေသည်။
ထူးတော့ ထူးဆန်း၏။ ပွဲကျင်းပမည့် နေရာကလည်း မဝေးသည်ဖြစ်ရာ အဘယ်ကြောင့် ထိုမျှ အလျင်လိုနေကြရသနည်း။
“ နေမှာပေါ့ …” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ ဘာပဲဆိုဆို ဒီအော်ပရာ ဒူဘိုင်းမှာ ဖျော်ဖြေမှာက ပထမဆုံးအကြိမ်လေ… လူတော်တော်များများက ကြည့်ချင်နေကြမှာ ပုံမှန်ပါပဲ…”
အဆိုပါ ကောက်နုတ်ချက်ပေါ် အခြေခံ၍ သုံးဦးသားလုံး လေးလေးနက်နက် ထားမနေကြတော့ချေ။ သူတို့လည်း စားသောက်ပြီး ဖြစ်သဖြင့် ဘေလ်ရှင်းရန် အချိန်ပင်။
သို့သော် မကြာမီ သုံးဦးသားလုံး တစ်စုံတစ်ရာ မူမမှန်သည်ကို ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် စားသောက်ဆိုင်ထဲရှိ လူများအားလုံး အလျှိုလျှို ထွက်သွားခဲ့ကြသည်မှာ ဆယ်မိနစ်ဟူသည့် အချိန်တိုအတွင်း သူတို့ စားပွဲဝိုင်း တစ်ခုတည်းသာ ကျန်ရစ်ခဲ့တော့လေသည်။
အကယ်၍ လူတစ်ချို့က အော်ပရာသွားကြည့်ချင်စိတ် ပြင်းပြနေသည်ဆိုလျှင်ပင် စားသောက်ဆိုင်ထဲရှိ လူများအားလုံး ထွက်ခွာသွားရသည်အထိတော့ မဖြစ်နိုင်ချေ။ ဤသည်က ထူးဆန်းလွန်းလှ၏။
လင်းရီ ထ၍ ကျီချင်းရန်တို့ နှစ်ဦးရှေ့တွင် မတ်တပ်ရပ်ရင်း ပစ္စည်းများ သိမ်းဆည်း၍ အလျင်အမြန် ထွက်ခွာရန် လောဆော်လိုက်သည်။
အခြေအနေက နည်းနည်းလေး မူမမှန်ချေ။ ထူးဆန်းသည့် အရာဆိုလျှင် ကောင်းသည့်အရာ ဖြစ်ဖို့က ရာခိုင်နှုန်း အင်မတန်နည်း၏။
ချင်ရင်ယွဲ့မှာ စိတ်ထဲ မည်သို့မျှ ရှိမနေချေ။ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့ပြီးနောက် မုန်တိုင်းနှင့် လှိုင်းပေါင်းများစွာတို့အား ရင်ဆိုင်လာခဲ့ပြီးဖြစ်ရာ သူမ၏ စိတ်အခြေအနေသည် တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။
အခြားတစ်ဖက်ရှိ ကျီချင်းရန်မှာတော့ စိတ်ထဲ အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်နေမိ၏။ သူမ သယ်လာသည့် ပစ္စည်းမှန်သမျှ အလျင်အမြန် သိမ်းဆည်း၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် လင်းရီသည် ရှုပ်ထွေးသည့် ခြေလှမ်းသံများကို ကြားလိုက်ရပြီး စားသောက်ဆိုင် အပြင်ကနေ လူ ၂၀ ကျော် ရောက်ရှိလာကြသည်။
“ မစ္စတာလင်း …. ငါတို့တွေ ပြန်ဆုံကြပြီ…”
မာ့စ်ချွတ်လိုက်သည့်လူက ဂျက်ဖရီ ဖြစ်နေသည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့လေသည်။
သူ သိသလောက်ဆိုပါက ဂျက်ဖရီသည် ဒူဘိုင်းက ထွက်ပြေးလွတ်မြောက်သွားလောက်ပြီ ဖြစ်၏။
သို့တိုင် ဤနေရာ၌ ပေါ်ပေါ်ထင်ထင်ကြီး ထွက်ပေါ်လို့ လာနေသည်လော။
ဖြောင်း ဖြောင်း ဖြောင်း ( လက်ခုပ်တီးသံ)
လင်းရီ လက်ခုပ်တီးလိုက်၏။ “ ဒီနေရာအထိ ရောက်အောင် လိုက်လာနိုင်တယ်ဆိုတော့ အထင်ကြီးစရာပါပဲ…”
“ မင်းပြောချင်တာ မင်းကပဲ ငါ့ကို ခြေရာခံနိုင်ပြီး ငါကတော့ မင်းကို တန်ပြန် ခြေရာမခံနိုင်ဘူးလို့ ပြောချင်နေတာလား ..” ဂျက်ဖရီသည် လင်းရီအား ကြည့်၍ ပြောလိုက်ပြီး “ မင်းက ထက်မြက်တယ်… တော်တော်လေးလည်း တော်တယ်… ဒါပေမယ်…. ငါ့လောက်တော့ မတော်သေးဘူး …”