အန္တရာယ်အများဆုံး နေရာကလည်း အလုံခြုံဆုံး နေရာဖြစ်တယ်
Vol. 104 Ch. 1555
ဂျက်ဖရီ ဘာတစ်ခုမျှ ပြောရန်ပင် မလိုဘဲ လင်းရီသည် သူ့အား အဘယ်ကြောင့် ခြေရာခံလာနိုင်သလဲဆိုတာကို မှန်းဆနိုင်ပြီး ဖြစ်၏။
သူနှင့်ဂျက်ဖရီအား ထိတွေ့ခဲ့ဖူးသည့်လူသည် ချူဘာ့တ်တစ်ဦးသာလျှင် ဖြစ်၏။ ကြည့်ရသည်မှာ ချူဘာ့တ်၏ ကိုယ်ပေါ်၌ ခြေရာခံ ကိရိယာ တစ်ခုကို တပ်ဆင်ထားခဲ့သည့်ဟန်ပင်။
သူ အတော်လေး သတိလက်လွတ် ဖြစ်ခဲ့မိသည်။
“ ဒါက ငါတို့ နှစ်ယောက်ကြားက ကိစ္စပဲ … သူတို့ကို ပေးသွားလိုက် …” လင်းရီ ပြောလိုက်သည်။ သူ့တွင် ဤလူများအား တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို လင်းရီ ယုံကြည်သည်။
သို့သော် ကျီချင်းရန်နှင့် သူ့အမေ နှစ်ဦးလုံးက ဤနေရာတွင် ရှိနေကြသဖြင့် သူတို့နှစ်ဦးအား ဂရုစိုက်နေရန် အချိန်မရှိချေ။ ရှေ့မှောက် ရောက်ရှိလာသည့် ပြဿနာအား မကိုင်တွယ်မီ သူမတို့ နှစ်ဦး၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်သည့် နည်းလမ်းတစ်ခုကိုသာ စဉ်းစားမိ၏။
“ နိုး နိုး နိုး ….” ဂျက်ဖရီသည် လက်ညိုးအား ဝှေ့ရမ်းပြလိုက်ပြီး “ ငါ မင်းတို့ ဟွာရှန့်ယဉ်ကျေးမှုကို နက်နက်ရှိုင်းရှိုင်း နားလည်တယ်… ခြင်္သေ့က ယုန်ကို ဖမ်းတယ်ဆိုတဲ့ စကားတစ်ခု ရှိတာ ငါသိတယ်… ငါက အားသာချက် ရှိထားတယ်ဆိုပေမယ့် ငါ့ဘက်က ပေါ့ပေါ့ဆဆတော့ မလုပ်နိုင်ဘူး … သူတို့က ငါ့ကတ်တွေပဲ … ဒီတော့ ဘာကိစ္စ လွယ်လင့်တကူနဲ့ လွှတ်ပေးလိုက်ရမှာ …”
“ ဒါပေမယ့် မစိုးရိမ်နဲ့ … မင်းသာ ငါနဲ့ နာနာခံခံ ပူးပေါင်းပေးနေသရွေ့ သူတို့ မနာကျင်စေရဘူး … မင်းရဲ့ ကောင်မလေးက လှတယ်ဆိုပေမယ့် ငါက တဏှာရမ္မက်ကြီးတဲ့ လူစားမျိုး မဟုတ်ဘူး … ငါ့အတွက် … သူတို့တွေက အနှောင့်အယှက်ပဲ … ”
“ ငါ မင်းကို အထင်သေးခဲ့မိတာပဲ …”
“ မင်း ငါ့အကြောင်း သဘောပေါက်ထားခဲ့သင့်တာ … ငါ့ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ပြီးကတည်းက တစ်နေ့ ဒီလို ဖြစ်လာမယ်ဆိုတာ မင်း ကြိုပြီး သိခဲ့သင့်တာ …”
“ ဒါဆိုလည်း မင်းနောက်က လူတွေကို . . . . . . . “
“ ဂျက်ဖရီ …”
လင်းရီ စကားမဆုံးမီ ချင်ရင်ယွဲ့က စကားဖြတ်ပြောလာခဲ့၏။။
ဂျက်ဖရီလည်း အံ့အားသင့်သွားခဲ့ပြီး ချင်ရင်ယွဲ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်မိသည်။
“ ငါ့ကို သိတယ်လား …”
“ မင်းနာမည်ကို သိရုံတင် မကဘူး … မင်း ဘာအလုပ်လုပ်တယ်ဆိုတာပါ သိတယ်…”
ချင်ရင်ယွဲ့သည် ယခုလို အရေးကိစ္စတို့၌ တက်တက်ကြွကြွ မရှိသော်လည်းပဲ လင်းကျင်ကျန့်နှင့် အခြားလူများ၏ ပြောစကားများကို နားထောင်ရင်း အခြေအနေအရပ်ရပ်တို့အား မသိချင်လျှင်ပင် သိနေရသည်။
“ မင်းရဲ့ သားက ငါ့အကြောင်း ပြောပြတာလား …”
ဂျက်ဖရီ အတော်လေး နားလည်ရခက်သွားခဲ့၏။ အကယ်၍ ဤအမျိုးသမီးက သာမန် ဟွာရှန့် သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက် ဖြစ်သည်ဆိုပါက လင်းရီသည် ဤအကြောင်းအရာတို့အား ပြောပြလိမ့်မည် မဟုတ်ချေ။
ဤတစ်ချက်မှနေ၍ ထိုအမျိုးသမီး၏ အထောက်အထားကလည်း ထူးခြားနေရမည်ကို ဂျက်ဖရီ ခန့်မှန်းကြည့်လိုက်သည်။
သူမသည်လည်း ကျုံးဝေ့တပ်ဖွဲ့က ဖြစ်နေနိုင်သည်။
“ မင်း ငါ့သားအပေါ် ဘာအကြံအစည်မှ ရှိနေစရာမလိုဘူး … မင်းလူတွေကို ပြန်ခေါ်သွားလိုက်တော့ …”
“ ဟားဟား …” ဂျက်ဖရီ နှာခေါင်းရှုံ့ပြီး ပခုံးတွန့်ပြလိုက်လေသည်။ “ ဆောရီးပဲ မဒမ်… ငါ့နာမည်ကို သိတယ်ဆိုရင်တောင် အဲ့တာက ငါ့ကို ခြိမ်းခြောက်ဖို့ မလုံလောက်သေးဘူး … ငါ့ ချိတ်မှာ လာမိထားတဲ့ မင်းရဲ့သားကို လွယ်လွယ်နဲ့ လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး …”
ဖတ်…
တိတ်ဆိတ်စွာဖြင့် ပုံရိပ်တစ်ခုသည် ဂျက်ဖရီအနောက်တွင် ထွက်ပေါ်လာပြီး သူ၏ ပခုံးအား ပုတ်လိုက်၏။
“ ဆာ … သူ(မ)က မင်းကို မခြိမ်းခြောက်နိုင်ဘူးဆိုတော့ ငါဆိုရင်ရော …”
တစ်စုံတစ်ယောက်က သူ၏ ပခုံးအား ရုတ်တရက် လာပုတ်သည်ကို သတိထားမိတော့ ဂျက်ဖရီ၏ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ သူ့လက်ထဲရှိ စီဂါကြီးပင် ကြမ်းပြင်သို့ ပြုတ်ကျ သွားခဲ့လေသည်။
လင်းရီ အနီးကပ် တစ်ချက် ကြည့်လိုက်တော့ ပြောလိုက်သူက သူ့အား ကယ်တင်ခဲ့သည့် အာရှသား၊ စုန့်ကျင်းမင် ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
ဂျက်ဖရီ၏ လက်အောက်ငယ်သားများအားလုံး အသိဝင်လာကြပြီး သူတို့၏ လက်နက်များကို စုန့်ကျင်းမင်ထံ ချိန်ရွယ်ထားကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့ကြ၏။
သို့သော် စုန့်ကျင်းမင်ကို မြင်သည့်အခါ၌ ဂျက်ဖရီ၏ မျက်နှာသည် နာတာရှည် လူနာတစ်ဦးကဲ့သို့ ဖြူဖျော့သွားခဲ့တော့၏။
“ အိုး … မင်းကိုး …”
“ ငါ့ကို သိတယ်လား … ဒါဆိုရင် ငါ့ဒီနှစ်တွေတစ်လျှောက် ကြိုးစားခဲ့တာတွေ အလကား မဖြစ်ဘူးပဲ…”
ဂျက်ဖရီ ဘာမျှ မပြောပေ။ မပြောချင်တာ မဟုတ်ဘဲ မပြောဝံ့ခြင်း ဖြစ်၏။
စုန့်ကျင်းမင်၏ ရှေ့မှောက်၌ ဂျက်ဖရီသည် ဝိဉာဏ်လွင့်မတတ် ကြောက်ရွံ့နေခဲ့မိ၏။
“ သူဌေးကတော် … သူတို့ကို အရင်ခေါ်သွားလိုက်တော့လေ… အော်ပရာက ခဏဆို စတော့မှာ …”
ချင်ရင်ယွဲ့ ခေါင်းညိမ့်ပြီး ကျီချင်းရန်၏ လက်မောင်းကို တွဲကာ စားသောက်ဆိုင် အပြင်သို့ ထွက်လာခဲ့လိုက်သည်။
သို့သော် ထိုတစ်ချိန်လုံး လင်းရီသည် နေရာက တစ်လှမ်းရွေ့လျားခြင်း မရှိချေ။ နေရာ၌သာ ရပ်နေလျက်သား ရှိနေသည်။
ချင်ရင်ယွဲ့ နောက်သို့လှည့်ကာ အကြည့်တစ်ချက် ပေးလိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။
စုန့်ကျင်းမင်တစ်ယောက်လုံး ဤနေရာ၌ ရှိနေသဖြင့် မည်သည့် မတော်တဆမှုမျှ ရှိလာမှာ မဟုတ်ချေ။
ကျီချင်းရန်နှင့် ချင်ရင်ယွဲ့တို့ ဘေးကင်းလုံခြုံစွာဖြင့် ထွက်ခွာသွားခဲ့ကြသည်။ စုန့်ကျင်းမင်၏ ခြိမ်းခြောက်မှုအောက်တွင် ဂျက်ဖရီနှင့် သူ့လက်အောက်ငယ်သားများသည် စကားတစ်ခွန်းပင် မဆိုဝံ့ဘဲ ဤအတိုင်း ရပ်ကြည့်နေခဲ့ကြ၏။
“ မင်းတို့ရဲ့ ဆက်ဆံရေးက ဘာလဲ .. ဘာလို့ ဒီကိစ္စမှာ လာပြီး ဝင်စွက်နေရတာလဲ…” ဂျက်ဖရီ မေးမြန်းလိုက်၏။
“ မင်းတို့က ကြားနေရ အဖွဲ့အစည်း မဟုတ်ဘူးလား … ပြီးတော့ သူက ဟွာရှရဲ့ ကျုံးဝေ့တပ်ဖွဲ့က … မင်း အခုလို လုပ်နေတာ မင်းတို့ အဖွဲ့အစည်းရဲ့ ပြဌာန်းချက်တွေကို ဆန့်ကျင်နေတာပဲ …”
“ သီအိုရီအရဆိုရင်တော့ မင်း ပြောတာ မှန်တယ်… ဒါပေမယ့် မင်း ရှေ့မှာ အခု ရပ်နေတဲ့လူက ငါတို့ ခေါင်းဆောင်ရဲ့ သားဖြစ်နေတယ်ကွာ… ဒီတော့ ငါ ဘာလို့ ဝင်စွက်ဖက်လဲ မင်း စဉ်းစားကြည့်ကြည့် …”
“ သူက မင်းတို့ ခေါင်းဆောင်ရဲ့ သား …”
ထိုသတင်းကို ကြားတော့ ဂျက်ဖရီသည် ကြမ်းပြင်သို့ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
လင်းရီတွင် ယခုလို အထောက်အထားမျိုး ရှိနေလိမ့်မည်လို့ သူ တစ်ခါမျှပင် အိပ်မက် မမက်ခဲ့ဖူးချေ။
“ မင်းလည်း ငါပြောတာကို သံသယ မရှိဘူးမလား … ဒီတော့ ငါ အပိုမပြောတော့ဘူး … “ စုန့်ကျင်းမင်သည် ဂျက်ဖရီနောက်ရှိ ပြတင်းပေါက်ကို ညွှန်ပြ၍ “ မင်းဘာမင်း ခုန်ချမလား … ဒါမှမဟုတ် ငါကိုယ်တိုင် လုပ်ပေးရမလား …”
“ သူက ကျုံးဝေ့တပ်ဖွဲ့ကကွ …. သူ့ကြောင့်မို့ ငါ့ လက်အောက်ငယ်သားတွေ အများကြီး သူ့လက်ထဲမှာ သေခဲ့ရပြီးပြီ… ဒါကြောင့်မို့ ငါ လက်စားချေဖို့ လာခဲ့တာ … ဒါပေမယ့် သူက မင်းတို့နဲ့ ဒီလိုပတ်သက်မှုမျိုး ရှိနေမယ်လို့ မထင်ထားဘူး … ငါ ဒီကိစ္စကို ဆက်မလိုက်တော့ဘူးလို့ ကတိပေးတယ်… ငါ့ကို အသာတကြည် ထွက်ခွာသွားခွင့်ပဲ ပေးပါ…”
သူတို့၏ စကားအသွားအလာက တဆင့် လင်းရီသည် သတင်းအချက်အလက်များစွာကို မှန်းဆနိုင်ခဲ့သည်။
သူ ထင်ထားခဲ့သည့်အတိုင်း သူ တစ်ခါမျှ မတွေ့ဖူးသေးသည့် သူ၏ အဖေသည် ဂျက်ဖရီကဲ့သို့ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် ဖြစ်နေခဲ့သည်။ ထို့ပြင် နိုင်ငံတကာ၌ အင်မတန် နာမည်ကြီး ကျော်ကြားသည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်နေသည့်ဟန်ပင်။ မဟုတ်ပါက စုန့်ကျင်းမင်ကဲ့သို့ လက်အောက်ငယ်သားတစ်ယောက်ကို စည်းရုံးသိမ်းသွင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဂျက်ဖရီသည်လည်း ဤမျှ ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။
လူတစ်ယောက်တည်းက သူတို့ လူ ၂၀ ကျော်ကို စကားသပ်သပ်ဖြင့် ခြိမ်းခြောက်သည်ကိုပင် ဘာမျှ ပြန်လုပ်ဝံ့ဘဲ သူတို့ဘက်ကပင် စပြီး အသနားခံလာနေသည်။
“ ဆောရီးပဲ … မရဘူး …. မင်းလည်း နားလည်မှာပါ … ကျားကို တောင်ပေါ် ပြန်လွှတ်ပေးလိုက်တာမျိုး ဘာလို့ လုပ်နိုင်မှာ … မင်း ပိုသန်မာလာတဲ့အချိန်ကျ ပြန်ပြီး လက်စားချေမှာပဲ မဟုတ်လား …”
“ ငါ ဘယ်တော့မှ လက်စား ပြန်မချေဘူးလို့ ကတိပေးတယ်… မင်းငါ့ကို ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်ခွင့်လေး ပေးဖို့ပဲ တောင်းဆိုတာပါ…” ဂျက်ဖရီ တုန်ယင်နေသည့် လေသံဖြင့် ပြောလိုက်သည်။
ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။
“ မင်း အသက်ရှင်ချင်တယ်ဆို ရတယ် … မင်း ငါနဲ့ ပူးပေါင်းပေးသရွေ့ပေါ့ …”
ပြောလိုက်သူက စုန့်ကျင်းမင် မဟုတ်။ လင်းရီ ဖြစ်၏။
“ ငါ ဘာလုပ်ပေးရမလဲ …” ဂျက်ဖရီ အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။ ဤသည်က သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ရာ အမိအရ ဖမ်းဆုပ်ရမည်။
“ မင်း Fuseby လေလံအိမ်ကို ပေးမယ့် ကုန်ပစ္စည်းတစ်သုတ်က … သူတို့အခု ဘယ်မှာလဲ.. ငါ တည်နေရာအတိအကျ လိုချင်တယ်…”
ဂျက်ဖရီ အတန်ငယ်မျှ တုံ့ဆိုင်းသွားပြီး သူ၏ လက်စွပ်ကို ဆွဲချွတ်လိုက်၏။ “ ဒါယူသွားပြီး လီယွန်ဆိုတဲ့ ကားပါကင်က လုံခြုံရေး အစောင့်ကို သွားရှာလိုက် … သူက မင်းကို ပစ္စည်းရှိတဲ့နေရာဆီ ခေါ်သွားပေးလိမ့်မယ်… ငါ ပစ္စည်းတွေကို ဘူဂျာ ခါလီဖာမှာ ဖွက်ထားတာ …”
“ မင်း ဒူဘိုင်းမှာ ဖွက်ထားတယ်ပေါ့ …”
ဤသည်က လင်းရီ ထင်မှတ်ထားသည်နှင့် ကွဲလွဲနေသည်။ သူ တွေးထားသည်မှာ ဂျက်ဖရီသည် နယ်နိမိတ် ပြင်ပတွင် ထိန်းသိမ်းထားမည် ဟူ၍ပင်။ သို့သော် ပစ္စည်းက ဘူဂျာ ခါလီဖာတွင် ရှိလို့နေလေသည်။
“ ဟွာရှမှာ ဆိုရိုးဟောင်း တစ်ခု ရှိတယ်လေ… အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံးပဲ .. ဘယ်သူကမှ ငါ လေလံပစ္စည်းတွေကို အဲ့ဒီနေရာမှာ သိမ်းထားမယ်လို့ ထင်ထားကြမှာ မဟုတ်ဘူး … ဒါကြောင့်မို့ ခုထိ ဘယ်သူမှ မယူသွားရသေးတာပေါ့ …”
လင်းရီ လက်ခုပ်မတီးဘဲ မနေနိုင်ချေ။ ဤ သက်ကျားအိုကြီးက တကယ့်ကို လေးစားဖို့ကောင်းသည့် ပြိုင်ဘက်တစ်ဦး ဖြစ်၏။
“ ခုလို ရိုးရိုးသားသား ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ငါအရင် သွားနှင့်ပြီ…”
“ မင်း ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူးလား …” ဂျက်ဖရီ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် လေသံဖြင့် လင်းရီအား မေးမြန်းလာသည်။
“ ငါ လွှတ်ပေးမှာပါ .. မင်းကို ထိန်းသိမ်းထားဖို့လည်း မရည်ရွယ်ထားဘူး …” ပြောပြီးနောက် လင်းရီသည် စုန့်ကျင်းမင်ကို လက်ညိုးထိုးပြကာ “ ဒါပေမယ့် သူ မင်းကို လွှတ်ပေးဖို့ ဆန္ဒရှိမရှိဆိုတာကတော့ ငါနဲ့ မဆိုင်ဘူးလေ…”
စုန့်ကျင်းမင် “ ??? “
ဒီကောင်လည်း သူ့အဖေလို အတော် စောက်ရှက်မဲ့တဲ့ကောင်ပဲ။