← Chapters

မြန်တဲ့ ခြေထောက် အရင်ရောက်

Vol. 104 Ch. 1556

မြန်တဲ့ ခြေထောက် အရင်ရောက်

Vol. 104 Ch. 1556

ဂျက်ဖရီးပေးလာသည့် လက်စွပ်အား ယူဆောင်၍ လင်းရီသည် စားသောက်ဆိုင် ပြင်ပသို့ အေးအေးလူလူ ထွက်ခွာသွားခဲ့သည်။

နောက်ဆက်တွဲ ဖြစ်ပျက်မည့် အရာတို့ကတော့ သူနှင့် လားလားမျှ မသက်ဆိုင်ချေ။

အောက်ထပ်ကိုရောက်တော့ လင်းရီသည် ကျီချင်းရန်နှင့် ချင်ရင်ယွဲ့တို့က သူ့အား စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီကို မြင်တော့ ကျီချင်းရန် သော့သော့လေး ပြေးလာသည်။

“ နင် ထိခိုက်သွားသေးလား …”

“ မပူနဲ့ … ငါအဆင်ပြေတယ်… ကြည့်လေ… အဆင်ပြေနေတာပဲ မဟုတ်လား …” လင်းရီ ပြုံးလိုက်ပြီး “ အော်ပရာ သွားကြည့်ကြမယ်ဆို … ဘာလို့ မသွားကြသေးတာ …”

“ နင်က အထဲမှာ ရှိနေတုန်းကို ငါက ဘယ်လိုလုပ်ပြီး အဲ့ဒီ အော်ပရာ ကြည့်ချင်စိတ် ရှိမှာလဲ …” ကျီချင်းရန် မြည်တွန်တောက်တီးလိုက်၏။

“ ခုနက ဒီလောက်ထိ အန္တရာယ်များနေတာကို ဘာလို့ ငါတို့နဲ့ တစ်ခါတည်း လိုက်မလာခဲ့တာ … ငါဆို ကြောက်လွန်းလို့ သေတောင် သေတော့မယ် သိလား …”

လင်းရီ ကျီချင်းရန်၏ ခေါင်းကို ပုတ်ပေး၍ သူမအား နှစ်သိမ့်ပေးလိုက်သည်။

“ မပူနဲ့ … အားလုံး အဆင်ပြေတယ်…”

“ နင်တို့နှစ်ယောက် တစ်တီတူးနေတာတွေ ရပ်သင့်ပြီ ထင်တယ်နော်…” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ လင်းရီလည်း ရောက်လာပြီဆိုတော့ ငါတို့ သွားကြည့်ကြစို့ … အမေတစ်ယောက် ဖြစ်တဲ့ ငါကတောင် စိတ်မပူတာကို နင်လည်း သူ့ကို အရေးလုပ်ပြီး ပူမနေနဲ့ …”

“ ဟုတ် အန်တီရှင့် …” ကျီချင်းရန် တိုးညှင်းစွာ ပြန်ဖြေလိုက်ပြီး လင်းရီအား ကြည့်လိုက်၏။ “ ဟိုကြည့်ဒီကြည့် လုပ်မနေနဲ့ ငါတို့နဲ့ လိုက်ခဲ့ …”

“ တော် တော် … အော်ပရာကို ငါ တကယ်ကြီး လုံးဝ မကြိုက်တာ … မင်းတို့ပဲ သွားကြ … ငါ တခြား နေရာသွားပြီး အနားယူလိုက်ဦးမယ်…”

လင်းရီ တကယ်ကြီး မသွားချင်သည်ကို မြင်တော့ ကျီချင်းရန် အတင်း ဆွဲခေါ်မနေတော့ချေ။

ဘေးကင်းလုံခြုံရေး သတိပြုရန် ထပ်ခါတလဲလဲ သတိပေးပြီးနောက် ချင်ရင်ယွဲ့နှင့် အတူ ထွက်ခွာသွားခဲ့လေသည်။

ကျီချင်းရန်တို့ကို လိုက်ပို့ပေးပြီးနောက် လင်းရီသည် ကားထဲသို့ ဝင်ပြီးနောက် ဘူဂျာ ခါလီဖာသို့ မောင်းထွက်လာခဲ့သည်။

ကမ္ဘာ့နံပါတ်တစ် တာဝါထံ ရောက်သောအခါ လင်းရီ အပေါ်သို့ မော့ကြည့်လိုက်သည်။ ည ဖြစ်သဖြင့် ထိပ်ဆုံးကို ရှင်းရှင်းလင်းလင်း သိပ်မမြင်ရချေ။

၎င်းက ကောင်းကင်ကို ထောက်တည်ထားသည့် တိုင်ကြီးတစ်တိုင်ကဲ့သို့ မမြင်ရသည့် ဖိအားတို့ လွှတ်ထုတ်နေလေသည်။ လင်းရီ၏ စိတ်က အကယ်၍ ဤတာဝါကြီးများ သူ့အပေါ် ပိလာသည်ရှိသော်….

မဆီမဆိုင် လျှောက်တွေးရင်း ကြက်သီးဖြန်းသွားခဲ့ရသည်။

ကားထဲက ထွက်လာပြီးနောက် လင်းရီ ပတ်ဝန်းကျင်အား တစ်ချက် စူးစမ်းလေ့လာလိုက်၏။ ကားပါကင်တွင် ရှုခင်းကြည့် လက်မှတ်‌ရောင်းသည့် အဆောက်အအုံငယ်လေးများမှအပ အခြား မည်သည့်ဝန်ထမ်းကမျှ ရှိမနေကြချေ။

လက်စွပ်ကို လက်ချောင်းပေါ်တွင် သေချာချိန်ညှိလိုက်ပြီး လုံခြုံရေးဂိတ်သို့ လျှောက်လာသည်။

“ ဘရို … ငါလူတစ်ယောက်ကို ရှာချင်လို့ …”

လုံခြုံရေး အစောင့်က လင်းရီကို ကြည့်ပြီး ပြုံးပြလာသည်။

“ ဘယ်များလဲဆာ …”

“ လီယွန်လို့ခေါ်တဲ့ လူကို ရှာနေတာ … သူက မင်းရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်မယ်ထင်တယ်…”

လုံခြုံရေး အစောင့်၏ အမူအရာသည် အနည်းငယ် ထူးဆန်းသွားခဲ့ပြီး လင်းရီအား အပေါ်အောက် အကဲခတ်ကြည့်လိုက်၏။

“ လီယွန်ဆိုတာ ကျုပ်ပဲ… ကျုပ် ဘာများ ကူညီပေးရမလဲ ဆာ …”

တစ်ဖက်သူ မည်သူမည်ဝါဆိုတာကို သိရှိသွားပြီးသည့်နောက် လင်းရီ ပြုံးလိုက်သည်။ သူ ရှာဖွေနေသည့် လူအား ဤမျှ လွယ်ကူ မြန်ဆန်စွာ တွေ့ရှိရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

လင်းရီ ဘာမျှ မဆိုဘဲ ဂျက်ဖရီ၏ လက်စွပ်ကို ချွတ်လိုက်၏။

“ ပစ္စည်းရှိတဲ့ နေရာဆီ ငါ့ကို ခေါ်သွားပေး … ငါ တခြား ဘာပြောစရာမှ မလိုဘူးမလား ..”

လင်းရီ လက်ချောင်းပေါ်ရှိ လက်စွပ်ကို မြင်တော့ လီယွန်၏ အမူအရာသည် မယုံသင်္ကာ ဖြစ်နေရာမှ ကြောက်ရွံ့သည့် အသွင်သို့ ကူးပြောင်းသွားခဲ့တော့သည်။

“ ဒါပေါ့ … ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး …”

လီယွန် ခေါင်းပြူ၍ ဘေးဘီကို ကြည့်လိုက်တော့ မည်သူမျှ ရှိမနေသည်ကို သတိပြုမိလိုက်သည်။ ထို့နောက် ဝေါကီတော်ကီကို ကိုင်၍ ပြောလိုက်၏။ “ ဖီဆယ် … ထွက်လာပြီး ငါနဲ့ အစားလာထိုးလှည့် … ငါ အပြင်ထွက်မလို့ … ပြန်လာရင် မင်းဖို့ ဆေးလိပ်ဝယ်လာခဲ့ပေးမယ်..”

“ အိုကေ … ငါလာနေပြီ… မင်း အမြန်တော့ ပြန်လာခဲ့ဦးနော်…”

မိနစ်ပိုင်းအတွင်း အသားညိုညိုနှင့် လူငယ်တစ်ဦးသည် ဘူဂျာခါလီဖာအောက်ရှိ ဘေးတံခါးမှ တဆင့် ထွက်လာကာ လီယွန်၏ ဂျူတီကို ချိန်းယူလိုက်၏။

ထို့နောက် နှစ်ယောက်သား ဘူဂျာခါလီဖာအတွင်းသို့ အတူ ဝင်ရောက်လာသည်။

သို့တိုင် လင်းရီ သူ၏ သတိကို လုံးဝ လျှော့ချထားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤ လီယွန်ဆိုသည့် ငနဲအား အပြည့်အဝ ယုံကြည်၍ မရသောကြောင့် ဖြစ်၏။

“ ဒီနေရာက လည်ပတ်ဖို့နဲ့ ဈေးဝယ်လို့ကောင်းတယ်..” လီယွန်ပြောလိုက်ပြီး “ စိတ်ကြိုက် လျှောက်သွားကြည့်ချင်တယ်ဆိုရင်တော့ ရှုခင်းကြည့်တဲ့ လက်မှတ် ဝယ်ရတယ်…”

“ ကောင်းပြီလေ…”

လီယွန်ပြောသည့် အတိုင်း လင်းရီသည် ဈေးအကြီးဆုံး ရှုခင်းကြည့်သည့် လက်မှတ်ကို ဝယ်၍ အောင်အောင်မြင်မြင်နှင့် ဘူဂျာခါလီဖာထဲ ဝင်ရောက်နိုင်သွားခဲ့သည်။

အတွေးအမြင်အသစ်တို့ကို ဖော်ဆောင်ထားပြီး ဒေသအလိုက် မတူညီသည့် အတွင်းပိုင်း ဒီဇိုင်းတို့ဖြင့် မွမ်းမံထားသည့်အပြင် ဤနေရာက လူတိုင်း လာလည်ကို လည်သင့်သည့် နေရာတစ်ခု ဖြစ်သည်။ သို့သော် လင်းရီတွင် ထိုအရာတို့အား ရှုစားလိုစိတ်တို့ ရှိမနေချေ။ သူယခု ဖြစ်ချင်သည်က ကုန်ပစ္စည်းများ ရရှိပြီး အနက်ဝတ်နှင့်လူကို မျှားထုတ်နိုင်ဖို့ပင်။

လီယွန်၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ဝင်လိုက်ကြ၏။

ထို့နောက် သူ အလွှာ ၁၆၂ သို့ နှိပ်လိုက်၏။

သို့သော် မည်သည့် တုံ့ပြန်မှုမျှ ရှိမလာသည်ကို သတိထားမိလိုက်လေသည်။

လီယွန် ခလုတ်ကို သုံးလေးကြိမ်မျှ ဆက်တိုက် ထပ်နှိပ်သော်လည်း ဓာတ်လှေကားသည် အလွှာ ၁၆၂ သို့ တုံ့ပြန်လာခြင်း မရှိချေ။

ထင်မှတ်မထားစွာဖြင့် ထိုအချိန်တွင် လီယွန်သည် ဒေါသတကြီးဖြင့်အပြင်ဘက်ရှိ လူတို့အား အော်ငေါက်လိုက်၏။

“ ဟေ့ကောင်တွေ … ဓာတ်လှေကားက ဘာလို့ အလုပ်မလုပ်တာလဲကွ…”

“ ဒီ ဓာတ်လှေကားကို ခဏပိတ်ထားပါတယ်လို့ မင်းတို့ကို ခုနက အသိပေးပြီးပြီလေ… မင်း မသိဘူးလား …”

“ လချီးလိုပဲ … အားလုံး အဆင်ပြေနေရဲ့သားနဲ့ ဘာလို့ ဓာတ်လှေကားကို ပိတ်ထားရတာလဲ …”

“ ဘာလို့ဆို စောင့်ကြည့်ရေး ကင်မရာတွေကနေ balance room အနီးတစ်ဝိုက်မှာ သံသယ ဖြစ်ဖို့ကောင်းတဲ့ လူတစ်ယောက်ကို တွေ့လို့… အဲ့တာကြောင့် အခု လောလောဆယ် ပိတ်ထားတာ …”

သံသယ ဖြစ်ဖို့ကောင်းတဲ့လူ။

လင်းရီ၏ နှလုံးခုန်သံသည် ရုတ်ချည်း မြန်ဆန်လာခဲ့၏။

မကောင်းသည့် ခံစားချက်တို့က သူ့ရင်ထဲ ပျံ့နှံ့လာကာ အကြောင်းအရင်းမရှိဘဲ စိတ်တို့ လေးလံလာခဲ့၏။

“ ဒါဆိုလည်း ကောင်းပြီ…”

အကြောင်းပြချက်ကို သိရှိသွားပြီးသည့်နောက် လီယွန်သည် လင်းရီအား လှည့်ကြည့်လိုက်၏။

“ ဆာ … ကံဆိုးစွာနဲ့ ဓာတ်လှေကားတွေ ပိတ်ထားတယ်… ငါတို့ တခြား နည်းလမ်း သုံးမှပဲ ရတော့မှာ …”

လင်းရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ပြီး လီယွန်ကို ငေးကြည့်လိုက်သည်။

“ လုံခြုံရေး အစောင့်တစ်ယောက်အနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာ ရှိလာရင် မင်းတို့ မသိစရာ အကြောင်း မရှိပါဘူး …”

“ အဲ့တာက …” လီယွန် ပျာယာခတ်သွားပြီး “ အဲ့တုန်းက ကျုပ် သီချင်းနားထောင်နေလို့ ကြေညာတဲ့ အသံကို မကြားလိုက်တာ … အဲ့ဒါကြောင့်မို့ …”

လင်းရီ ဆက်ပြီး မေးမြန်းချင်သော်လည်း ထိုအချိန်တွင် အနက်ဝတ်နှင့်လူတစ်ဦးသည် ဓာတ်လှေကား အပြင်ဘက်ရှိ တံခါးဝသို့ ခပ်သွက်သွက် ဦးတည်နေသည်ကို လှမ်းမြင်လိုက်ရလေသည်။

“ အဲ့မှာ ရပ်စမ်း …”

ဓာတ်လှေကား အပြင်ဘက်တွင် အနက်ဝတ်နှင့်လူကို မြင်တာ့ လင်းရီ အရာအားလုံး နားလည် သဘောပေါက်သွားခဲ့သည်။

ထိုသူက သူနှင့် ယခင်က ဆုံတွေ့ခဲ့ဖူးသည့် အနက်ဝတ်နှင့်လူ ဖြစ်ရမည်။

ဝန်ထမ်းက ယခုလေးတင် balance room အနီးတစ်ဝိုက်၌ သံသယ ဖြစ်ဖို့ကောင်းသည့် လူတစ်ယောက် ရှာတွေ့ထားသည့်ဟု ဆိုထားသဖြင့် သံသယ ဖြစ်ဖွယ်လူသည် ထိုလူသာလျှင် ဖြစ်ရမည်။ Balance room ထဲရှိ ပစ္စည်းများကိုလည်း အနက်ဝတ်နှင့်လူက ယူသွားပြီး ဖြစ်လိမ့်မည်ဟု လင်းရီ ယူဆသည်။

အစမှ အဆုံးထိတိုင်အောင် သူ၏ အပြုအမူတို့ကို တစ်ဖက်သူမှ ရှာဖွေ ဖော်ထုတ်ပြီး ဖြစ်သည်။

သူ အသေးစိတ်ကို သိသည့် အခါတွင် ခိုးနားထောင်သည့် ကိရိယာတို့မှတဆင့် ဘက်စ် သတ္တု လက်ဝတ်တန်ဆာတို့အား ကြိုတင် ယူဆောင်သွားခြင်း ဖြစ်လိမ့်မည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ လင်းရီသည် တုံ့ဆိုင်းခြင်း မရှိ ဓာတ်လှေကားထဲက ပြေးထွက်လာခဲ့လိုက်၏။

သို့သော် ထိုအချိန်တွင် သူ အကန်ခံလိုက်ရလေသည်။

ကန်လိုက်သည့် လူက လီယွန်ပင်။

“ မင်းက လီယွန် မဟုတ်ဘူး ..”

“ သိတာ နောက်ကျသွားပြီ… “ “ အခု သေလိုက်တော့ …”

လင်းရီ အပိုစာသား မပြောတော့ဘဲ ဓားမြောင်ကို ထုတ်၍ လီယွန်ထံ ထိုးစိုက်လိုက်၏။

တစ်ဖက်သူမှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။ ထို့ပြင် အစကတည်းက လင်းရီ၏ ပြိုင်ဘက် မဟုတ်လေရာ ဓားထိုးခံရပြီးသည့်နောက် ကြမ်းပြင်သို့ ချက်ချင်း လဲကျသွားခဲ့တော့၏။

ထိုအခိုက်အတန့်တွင် ဘူဂျာခါလီဖာ တစ်ခုလုံး အော်ဟစ်သူက အော်ဟစ်နှင့် ပရမ်းပတာတွေ ဖြစ်ကုန်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အသံကုန် အော်ဟစ်နေကြတော့၏။

တံခါးဝသို့ ရောက်ရှိသွားသည့် အနက်ဝတ်နှင့်လူသည် ရုတ်တရက် ရပ်တန့်၍ နောက်လှည့်ကြည့်လာခဲ့၏။ သူတို့နှစ်ဦး လေထဲတွင် အကြည့်ချင်း ဆုံသွားခဲ့သည်။

မာ့စ်တပ်ထားသည် ဆိုသော်လည်း တစ်ဖက်သူသည် သူ့အား ပြုံးပြနေသည်ကို လင်းရီ ခံစားမိနေဆဲ ဖြစ်၏။

“ ငါ-ိုးပဲ …”

လင်းရီ ကျိန်ဆဲပြီး အိတ်ကပ်ထဲက ကျန်သည့် ပိုက်ဆံ အကုန်လုံးကို လေထဲ ကျဲချလိုက်၏။

ဝန်ထမ်းများနှင့် ခရီးသွား ဧည့်သည်များအားလုံး ပျံ့ကျဲနေသည့် ပိုက်ဆံများ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရကာ အလုအယက် ပြေးလာကောက်ကြတော့သည်။

ထို အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လင်းရီသည် အနက်ဝတ်နှင့် လူနောက် ပြေးလိုက်သွားခဲ့၏။

အပြင်သို့ ရောက်တော့ အနက်ဝတ်နှင့် လူသည် Type – R တစ်စင်းကို မောင်၍ လမ်းပေါ် ထွက်သွားသည်ကို သတိပြုမိလိုက်လေသည်။

တုံ့ဆိုင်းခြင်း မရှိပါဘဲ လင်းရီသည်လည်း သူ၏ ကားထဲ ချက်ချင်း ပြေးဝင်လိုက်တော့သည်။

မီးအလင်းရောင် တောက်ပနေသည့် လမ်းမထက်၌ အမဲလိုက်ပွဲသည် စတင်ချေပြီ။

သို့သော် မုဆိုးနှင့် သားကောင်မူကား ယခုထိ မကွဲပြားသေးပေ။

All Chapters