← Chapters

မီးက အနေတော်ပဲ

Vol. 104 Ch. 1559

မီးက အနေတော်ပဲ

Vol. 104 Ch. 1559

ပေါ့တိပေါ့တန် အမူအရာနှင့် စုန့်ကျင်းမင်ကို မြင်တော့ သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာအမူအရာသည် အကျည်းတန်သွားခဲ့တော့သည်။

စုန့်ကျင်းမင်ထံကနေ အန္တရာယ်ရှိသည့် အရှိန်အဝါတို့အား သူ ခံစားနေရပြီး အချိန်မရွေး လက်သည်းထုတ်လာနိုင်သည့် ကျားရဲတစ်ကောင်ကဲ့သို့ပင်။

“ မင်းက သူနဲ့ တစ်ဖက်တည်းလား …”

“ မင်း ဒါတွေ သိစရာ မလိုဘူး …”

စုန့်ကျင်းမင်သည် သက်လတ်ပိုင်း အမျိုးသားထံ တစ်လှမ်းပြီး တစ်လှမ်း ဖြည်းညင်းစွာ လှမ်းလာခဲ့သည်။

တစ်ဖက်သူလည်း ခုခံကာကွယ်သည့် ကိုယ်ဟန်ကို ချက်ချင်း ပြုကာ စတင်တိုက််ခိုက်ဖို့ ဟန်ပြင်ထားသည်။

သက်လတ်ပိုင်း အမျိုးသား၏ အမူအရာသည် အလွန်အင်မတန် လေးနက်နေပြီး လင်းရီနှင့် ရင်ဆိုင်သည့် အချိန်ကနှင့် လုံးဝဥဿုံ ကွဲပြားနေလျက် ရှိတော့၏။

သူ၏ ခြေထောက်မှ တွန်းအာတစ်ခုနှင့် သိပ်သည်းသည့် အားတစ်ခုကို ဖန်တီးကာ ခိုင်မာသည့် ခွန်အားကို ရရှိလာသည်။ ထို့နောက် စုန့်ကျင်းမင်၏ နံဘေးသို့ ခန့်မှန်း၍ မရသည့် အမြန်နှုန်းဖြင့် ပြေးသွားခဲ့၏။

တစ်ဖက်သူမှာ သာမန်လျှံကာ လက်တစ်ဖက် ဆန့်တန်းလိုက်ပြီး သက်လတ်ပိုင်း အမျိုးသား၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ကာ အရှိန်အား ပျက်ပြားစေလိုက်၏။ ထို့နောက် ဆန့်ကျင်ဘက် ဦးတည်ရာသို့ လိမ်ခေါက်လိုက်လေသည်။ ညာဘက်လက်မောင်းတစ်လျှောက် အရိုးကျိုးအက်သံတို့ ထွက်ပေါ်လာပြီး ဒုက္ခိတ အတိ ဖြစ်သွားခဲ့တော့၏။

“ အား ….”

အထီးကျန်ဆန်လှသည့် ဟိုင်းဝေးလမ်းထက်၌ အာခေါင်ခြစ် အော်ဟစ်သံကြီး တစ်ခု ပျံ့လွင့်လို့လာသည်။

သက်လတ်ပိုင်းအမျိုးသားမှာ နာကျင်မှုကြောင့် မြေပြင်သို့ ဒူးညွှတ်ကျသွားခဲ့၏။ သို့သော် စုန့်ကျင်းမင်မှာ သူ့ကို အလွှတ်မပေးဘဲ ရင်ဝကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်လေသည်။

နောက်ထပ် ဧရာမ သွေးတစ်လုတ်က သက်လတ်ပိုင်း အမျိုးသား၏ ပါးစပ်ထဲကနေ ပန်းထွက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏ တစ်ကိုယ်လုံး လမ်းပေါ်၌ ရွှံ့ညွှန်ကဲ့သို့ ဖြစ်ပျက်နေတော့သည်။

B အလယ်အလတ် အဆင့် ရှိသူ တစ်ယောက်မှာ စုန့်ကျင်းမင်၏ ပြိုင်ဘက် မဟုတ်ဘဲ ခွေးသေတစ်ကောင်ထက် ဆိုးရွားသည်ထက်ပင် အရိုက်ခံနေရတော့သည်။

“ မင်း … မင်းက အတိအကျ ဘယ်သူလဲ …” သက်လတ်ပိုင်း အမျိုးသားမှ အသက်လုရှူ၍ မေးလိုက်၏။

ထိုအချိန်တွင် သူ၏ တိုက်ိခုက်နိုင်စွမ်းအား လုံးလုံး ဆုံးရှုံးလိုက်ရပြီ ဖြစ်၏။ လင်းရီ ရောက်လာခဲ့လျှင်ပင် သူ့အား လွယ်လင့်တကူ သတ်ဖြတ်ပစ်လိုက်နိုင်သည်။

“ စုန့်ကျင်းမင် …”

သက်လတ်ပိုင်း အမျိုးသားမှ မျက်မှောင်ကြုတ်မိလိုက်၏။ ဤနာမည်က သူ့စိတ်ထဲ၌ အင်မတန် ရင်းနှီးနေသယောင်ကဲ့သို့ ရှိနေသည်။

“ Ace of Spades …”

“ မင်းပဲ …”

“ ငါ့ကိုသိမှတော့ ငါ့လက်ထဲ ရှုံးနိမ့်ရတာ မမှားဘူးဆိုတာလည်း သိလောက်ရောပေါ့ …”

သက်လတ်ပိုင်း အမျိုးသားမှာ အံကို တင်းတင်းကြိတ်လိုက်သည်။ သူ့မျက်ဝန်းထဲရှိ သံသယတို့မှာ ကြောက်ရွံ့မှုအသွင်သို့ ကူးပြောင်းသွားခဲ့လေသည်။ ဤလူအား ဆန့်ကျင်၍ အနိုင်ယူရန်မှာ သူ့အတွက် မည်သို့မျှ မဖြစ်နိုင်ကြောင်းကို သိသည်။ မဟုတ်ပါက သူသည် Ace of spades ဟု အမည်သတ်မှတ်ခံထိုက်လိမ့်မည် မဟုတ်ချေ။

“ ငါ တစ်ခု သိချင်တာ ရှိတယ်… မင်း ငါ့ကို ပြောပြရင် သိပ်ကောင်းမှာပဲ …”

“ ပြောလာခဲ့ …”

“ မင်းနဲ့ သူရဲ့ ဆက်ဆံရေးက ဘာလဲ …”

“ သူက ငါတို့ ခေါင်းဆောင်ရဲ့သား …”

လင်းရီ၏ အထောက်အထား အစစ်အမှန်ကို သိလိုက်ရတော့ သက်လတ်ပိုင်းအမျိုးသားမှာ မျက်လုံးကြီးများ ပြူးကျယ်သွားခဲ့တော့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေပြီး သူ၏ မျက်နှာတစ်ပြင်လုံး စက္ကူတစ်ရွက်နှယ် ဖြူလျော်သွားခဲ့တော့သည်။

သူ၏ အနက်ရှိုင်းဆုံးသော မသိစိတ်အတွင်း၌ပင် ထိုသို့ ဖြစ်နေလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ချေ။

အဆိုပါ ကြောက်မက်ဖွယ်ကောင်းသည့် လူ၌ ….

အမှန်ပင် သားတစ်ယောက် ရှိနေခဲ့သည်လော။

“ ငါ့ စရိုက်နဲ့သာဆိုရင် မင်းတို့နှစ်ယောက်လုံး သေပြီးသာ ကြာနေပြီ … ဒါပေမယ့် မင်းတို့ အသက်လေးတွေ ချန်ထားပေးလို့ အသုံးဝင်မှု တစ်ချို့ ရှိသေးတယ်ဆိုတော့ ငါ့နောက် လိုက်ခဲ့ … တခြား အတွေးတွေ တွေးမယ် မကြံနဲ့ … မဟုတ်ရင် မင်းတို့မှာ အဲ့ဒီ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး …”

“ ဟက်….” သက်လတ်ပိုင်းအမျိုးသားမှာ နှာမှုတ်လိုက်ပြီး “ ငါလည်း မင်းကို အဲ့လို အခွင့်အရေးမျိုး ပေးမှာတဲ့လား ..”

စုန့်ကျင်းမင် မသိမသာ မျက်မှောင်ကြုတ်သွားခဲ့၏။

“ မင်း ဘာ သဘောတုန်း …”

“ မစ်ရှင် ကျရှုံးတယ်ဆိုတာ ကြီးမားတဲ့ အရှက်ကွဲမှုပဲ … ပြီးတော့ သူ ငါ့ကို ဘာလို့ မသတ်စေချင်လဲဆိုတာ ငါသိတယ်… ဒီတော့ … ဘာကိစ္စ မင်းတို့ကို အဲ့လို အခွင့်အရေးမျိုး ပေးရမှာ …” သက်လတ်ပိုင်း အမျိုးသားက တဟားဟား ကျယ်လောင်စွာ ရယ်မော၍ စုန့်ကျင်းမင်ကို တုံ့ပြန်ရန် အချိန်မပေးဘဲ လက်ချောင်းရှိ လက်စွပ်ကို ဖိနှိပ်လိုက်၏။

အခြေအနေ မဟန်သည်ကို မြင်တော့ စုန့်ကျင်းမင်လည်း ဘေးသို့ လှမ်းခုန်ကူးလိုက်၏။

BOOM ….

တစ်ချိန်တည်းတွင် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။

သက်လတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးမြူကဲ့သို့ ပြောင်းလဲသွားခဲ့တော့၏။

BOOM …

ပျံ့ကျဲစပြုနေသည့် သွေးမြူမှုန်တို့ အလျဉ်မသေသေးသည့် အချိန်မှာပဲ တစ်ကြိမ်တစ်ခါမျှ လှုပ်ရှားခြင်း မပြုရသေးသည့် ဂျပုလေး၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲထွက်သွားခဲ့သည်။

ခြေလက် အပိုင်းအစတို့က မြေပြင်ပေါ် ပြုတ်ကျလာပြီး လေထုထဲ သွေးမြူမှုန်တို့ဖြင့် ပြည့်နှက်သွားခဲ့၏။

မကြာမီ အရာအားလုံး ပြန်လည်တည်ငြိမ်သွားခဲ့သည်။

စုန့်ကျင်းမင် မြေပြင်ပေါ်က ထလိုက်ပြီး လင်းရီလည်း ကားထဲက ထွက်လာသည်။

၎င်းတို့ရှေ့ရှိ မြင်ကွင်းကို နှစ်ဦးလုံး မျှော်လင့်မထားခဲ့ကြချေ။

စုန့်ကျင်းမင် ပခုံးတွန့်လိုက်၏။ “ ငါလည်း ဒီလို ဖြစ်မယ်လို့ ထင်မထားဘူး … မင်းရဲ့ အစီအစဉ်လေးတော့ ပျက်စီးပြီ ထင်တယ်…”

လင်းရီ ဘာလုပ်ချင်လဲဆိုတာကို စုန့်ကျင်းမင် နားလည်သည်။ သူက ၎င်းတို့ထံကနေ သတင်းအချက်အလက် နှိုက်ယူလိုခြင်း ဖြစ်သည်။

တစ်ဖက်သူကလည်း ထိုအကြောင်းကို သိကာ ကြိုတင်၍ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ၎င်းတို့ကို စစ်ကြောမေးမြန်းခွင့်လေးပင် မပေးသွားခဲ့ချေ။

လူတိုင်းပြောကြသည်က သေသည်ထက် ရှင်သည်က ပိုကောင်းသည်ဟူ၍ပင်။ သို့သော် ၎င်းနှင့် ကပ်လျက် ရှင်သည်က သေသည်ထက် ဆိုးရွားသည်ဟူသည့် စကားလုံးကလည်း ရှိသေး၏။

ထို့ကြောင့် သူတို့နှစ်ယောက်လုံး ဤနည်းလမ်းကို အသုံးပြုကာ အဆုံးစီရင်သွားခဲ့ကြသည်။

တချို့ အဖွဲ့အစည်းများသည် မစ်ရှင်ထမ်းဆောင်ရာ၌ ဓားစာခံ အဖြစ် ဖမ်းဆီးခံရပြီးနောက်တွင် လူမဆန်စွာ ဆက်ဆံခံရခြင်းမှ ကာကွယ်ရန်အလို့ငှာ ထိုသို့သော ကိရိယာမျိုးကို အမြဲတစေ ဝတ်ဆင်ထားတတ်ကြသည်။

သို့သော် အကယ်၍ လင်းရီအား လာရောက်ကယ်တင်သည့် လူသည် စုန့်ကျင်းမင် မဟုတ်ပါဘဲ အခြား လူတစ်ယောက် ဖြစ်ခဲ့မည် ဆိုပါက ၎င်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည်ဖို့ သိပ်မသေချာပေ။

သို့သော် သက်လတ်ပိုင်း အမျိုးသားမှာ စုန့်ကျင်းမင်က မည်သူဆိုတာကို ကောင်းစွာ သိနေခဲ့သည်။ ထိုကောင့်လက်ထဲ ကျသွားခဲ့မည်ဆိုပါက သူသည် အဆုံးသတ်ကောင်းဖြင့် ကြုံရလိမ့်မည် မဟုတ်ချေ။

ထိုသို့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခံမည့် အစား သူ့ကိုယ်သူသာ မြင့်မြတ်စွာဖြင့် အဆုံးစီရင်လိုက်မည် ဖြစ်၏။

“ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ဒီလို လုပ်ရုံရှိတော့တာပေါ့ …”

“ လက်ရှိ ကိစ္စ အရင် ကိုင်တွယ်လိုက်ဦးမယ်… ပြီးရင် သွားကြတာပေါ့ …”

စုန့်ကျင်းမင်သည် နံပါတ် ၁၈ အနားသို့ သွား၍ သူ၏ အလောင်းအား ရှာဖွေ စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူ၏ အမူအရာသည် ချက်ချင်းဆိုသလို အုံ့မှိုင်းလာသည်။

မိနစ် အနည်းငယ် ကြာပြီးသည့်နောက် စုန့်ကျင်းမင် ၎င်း၏ ကိုယ်ကို ကားအနားသို့ ဆွဲခေါ်လာကာ တွဲ၍ မီးရှို့လိုက်သည်။

အလျှံတညီးညီး မီးတောက်တို့က လမ်းမထက် တောက်လောင်နေပြီး သက်လတ်ပိုင်း အမျိုးသား၏ ကံကြမ္မာနှင့် အတော်လေး ဆင်တူနေသည်။ ကြည့်ရသည်မှာ တောက်ပပြီး တန်ခိုးထွားသည်ဟု ထင်ရ၏။ သို့သော် အဆုံးသတ် ပန်းတိုင်သည်ကား သေခြင်းတရားပင် ဖြစ်သည်။

“ ကျစ် ကျစ် ကျစ် ….” စုန့်ကျင်းမင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး “ မီးက အနေတော်ပဲ ... အနံ့လေး မွှေးမနေဘူးလား … မြည်းကြည့်ရင် အရသာ တော်တော်ကောင်းမယ်ဆိုတာ ငါ လောင်းရဲတယ်…”

လင်းရီ ကြက်သီးဖြန်းသွားခဲ့၏။ ဒီလူတွေက ဘာလားဟ။

အရင်က မီးသဂြိုဟ်ရုံမှာ အလုပ်လုပ်ဖူးလို့လား။

“ သွားစို့ … ခဏနေ လေတိုက်လို့ရှိရင် ပြာတွေ သူ့အလိုလို လွင့်သွားလိမ့်မယ်… ဒီ ကိစ္စ စိတ်ပူစရာ မလိုတော့ဘူး …”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး စုန့်ကျင်းမင်နှင့်အတူ ကားထဲသို့ ဝင်လိုက်၏။

“ ဘယ်လို ဖြစ်ပြီး ဒီရောက်လာတာ …” ပြန်လာသည့်လမ်းတွင် လင်းရီ မေးလိုက်၏။

“ မင်း ထွက်သွားပြီးတော့ ငါ ဂျက်ဖရီကို ရှင်းလိုက်တယ်… ငါ ထင်ထားတာ မင်း ပြန်လာပြီး အခြေအနေတွေ စစ်ဆေးဦးမယ်ပေါ့ … ဘူဂျာ ခါလီဖာဘက် မောင်းလာခဲ့တော့ ငါ မြင်လိုက်တာ ရဲတွေက နေရာတစ်ခုလုံးကို ချိတ်ပိတ်ထားနေကြပြီ… သူတို့ပြောတာ အထဲမှာ တစ်ယောက်ယောက်က လူသတ်သွားလို့ဆိုပဲ … အဲ့ဒီမှာ သတ်သွားတဲ့လူက မင်းပဲ ဆိုပြီး ငါ သိလိုက်ပြီ… ဒါနဲ့ပဲ အနီးနားက ကင်မရာတွေကို စစ်ကြည့်လိုက်တော့ မင်း Type-R တစ်စင်းနောက် ပြေးလိုက်သွားတာ မြင်လိုက်ရတယ်လေ.. အဲ့ဒီအတိုင်း လိုက်ခဲ့လိုက်တာပဲ …”

“ ခင်များရောက်လာခဲ့လို့တာပေါ့ … မဟုတ်ရင် ကျုပ်တော့ သေနေလောက်ပြီ…” လင်းရီ သွားဖြီးပြလိုက်ပြီး “ အဲ့ဒီ ခြေကန်ချက်တွေကြောင့် ကျုပ်အရိုးတွေ အားလုံး ကျိုးပြီလို့တောင် ထင်သွားတာ …”

“ အင်း … သူက B အဆင့်မှာဆိုတော့ မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်တာ ထုံးစံပါပဲ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ အသေ မကန်ခံလိုက်ရတာ ကံကောင်းတယ် ပြောရမယ်…”

“ အိုကေ … ချီးကျူးတယ်လို့ပဲ ယူဆလိုက်မယ်…”

စုန့်ကျင်းမင် ပြုံးလိုက်သည်။ “ မင်းကရော ဘယ်လိုဖြစ်တာ … ဒီလူတွေနဲ့ ဘယ်ကနေ ဘယ်လို ပတ်သက်မိသွားခဲ့တာ …”

လင်းရီသည် ထိုင်ခုံကို နောက်သို့ တစ်ဝက်ခန့် စောင်းလိုက်ပြီး သူ၏ ခြေထောက်ကို ခလုတ်ခုံပေါ် တင်ထားလိုက်၏။

“ တစ်စုံတစ်ယောက်က ပစ္စည်း ဖြတ်လုသွားခဲ့တယ် … ကျုပ် အဲ့ပစ္စည်းတွေ မရလိုက်ဘူး …”

“ ဟင် … မဖြစ်နိုင်တာ…”

“ မင်း သတင်းရရချင်း အဲ့ထွက်သွားခဲ့တာ မဟုတ်ဘူးလား … ဂျက်ဖရီ ငါတို့ နှစ်ယောက်လုံးကို လိမ်သွားတာများလား …”

“ မဟုတ်ဘူး … ကျုပ် အစောင့်ကြည့်ခံထားရလို့ …” လင်းရီ ပြောလိုက်ပြီး “ ကျုပ် သတင်းရပြီးတော့ အဲ့ဒီ တစ်ဖက်လူက ဘူဂျာခါလီဖာကို ရောက်ပြီး လီယွန်ဆိုတဲ့ လူနဲ့ တွေ့လို့ ဘက်စ် လက်ဝတ်တန်ဆာတွေတောင် ယူပြီးနေပြီ…”

စုန့်ကျင်းမင် အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့တော့သည်။

“ အဲ့ဒီ ပစ္စည်းတွေက ဘယ်လောက်မှ မတန်တာကို …. ဒါပေမယ့် နည်းနည်း ရှက်ဖို့တော့ ကောင်းတယ်…”

“ အမှန်ပဲ … ဒီလောက် အချိန်ကြာအောင် အလုပ်လုပ်လာခဲ့ပြီးမှ တခြားတစ်ယောက်ရဲ့ ကစားတာ ခံလိုက်ရတယ်လို့ …”

“ ဒါပေမယ့် ငါမြင်သလောက်တော့ မင်းကြည့်ရတာ အဲ့ဒီ ပစ္စည်းတွေကို အဲ့လောက်ထိ ဂရုစိုက်နေတဲ့ပုံလည်း မပေါ်ပါဘူး …” စုန့်ကျင်းမင် စက္ကန့်အနည်းငယ်ကြာအောင် ရပ်တန့်၍ “ ဒါဆိုရင် ဒီကိစ္စမှာ မင်း တကယ် အာရုံစိုက်နေတဲ့ အရာက တစ်ခြားအရာတစ်ခု ဖြစ်ရမယ် … ငါပြောတာ မှန်တယ်မလား …”

All Chapters