← Chapters

အခန်း (၁၄၇)

Vol. 11 Ch. 147

အခန်း (၁၄၇)

Vol. 11 Ch. 147

ယနေ့သည် ကောင်းကင်တစ်ခွင်လုံး ကြည်လင်လျက်ရှိပြီး လေပြေလေညှင်းတို့ တိုက်ခတ်နေကာ နေသာသော နေ့တစ်နေ့ အဖြစ် သက်သေထူလျက်ရှိသည်။

တောနက်ထဲတွင် တစ်ညတာ အနားယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏တပည့်ရှစ်ယောက်ကို ခေါ်၍ ခရီးဆက်လာခဲ့ရာ ဟောင်ကျီဂိုဏ်း၏ တောင်ခြေဆီသို့ ရောက်ရှိလာခဲ့၏။

သူတို့ရှေ့တွင်တော့ ကျောက်လှေကားထစ် တစ်သောင်းကျော်က မားမားကြီးရှိနေသည်။

တောင်၏အလယ်တစ်ဝက်လောက်ထိ တက်လာပြီးသည့်နောက်မှာတော့ မနက်ခင်း နှင်းမြူများသည် ပတ်ဝန်းကျင်တစ်ခုတိုင်းတွင် အုံ့ဆိုင်း၍ ကောင်းကင်ပေါ်တက်ရောက်ရသလို့ ခံစားချက်မျိုး ရရှိနေကြသည်။

"ဝိုး"

လီဖေး ပြောလိုက်သည်။ "မဆိုးဘူးပဲ။"

ကျွင်းချောင်ရှောင်းသည် သူ၏ သမိုင်းဝင်မှတ်တမ်းများ ရေးထိုးထားသော ဝါးကဒ်ပြားကို ထုတ်ယူ၍ လီဖေး၏ နဖူးကို ခေါက်ပစ်လိုက်၏။ "ဘာတွေပြောနေတာလဲ ... ငပေါလိုကောင်"

လီဖေးသည် သူ၏နဖူးအား အသာပွတ်သပ်ကာ ရယ်လိုက်၏။

စုရှောင်မို သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒီလိုဂိုဏ်းကြီးတစ်ခုရဲ့ တပည့်တွေကို ရိုက်နှက်ရတဲ့ ကိစ္စက တွေးကြည့်လိုက်ရုံနဲ့တင် သွေးတွေဆူပွက်လာတယ်။"

လီချင်းယန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့က လူတွေက အစောကြီးထဲက ရောက်နေမှာပါ ။ သူတို့သာ အပေါ်ကိုရောက်နေမယ်ဆိုရင် ကျွန်တော်တို့ကို ကျိန်းသေပေါက် ပစ်မှတ်ထားမှာပဲ။"

ကျွင်းချောင်ရှောင်းပြောလိုက်၏။ "နောက်ဆုံးအကြိမ်တုန်းက ငါ သူတို့ကို သွေးအန်အောင်လုပ်ခဲ့တယ်။ဒီတော့ သူတို့ ဦးနှောက်ကောင်းတယ်ဆိုရင် စကားများများ ပြောရဲကြမှာ မဟုတ်ဘူး။သွားကြစို့။"

ပြောနေတုန်းမှာပဲ သူသည် သူ၏တပည့်များကိုခေါ်၍ ကျောက်လှေကားအတိုင်း တက်သွားခဲ့သည်။

သူတို့၏ ညအင်ပါယာသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်ကြီးကို သယ်ဆောင်၍ ခပ်တည်တည်ဖြင့် အနောက်မှလိုက်လာခဲ့၏။

အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသော ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ ဆယ်ယောက်တို့သည် နေရာတွင် ရပ်၍ ကျန်ရစ်ခဲ့ရသည်။ အမှောင်ထဲတွင်ပုန်းအောင်း၍ လုပ်ရှားရသည်မှာ သူတို့၏ အလုပ်မဟုတ်လား။ ထို့ကြောင့် သူတို့သည် မနက်ခင်း လင်းလင်းထင်းထင်းကြီးတွင် လိုက်သွားရန် အစီအစဉ်မရှိကြပေ။

ကျွင်းချောင်ရှောင်းသည် ကျောက်လှေကားအတိုင်း တောင်ကိုဆက်၍ တက်ပြီးသည့်နောက်မှာတော့ ချောမွေ့နေသော ကျောက်ပြားကြီးပေါ်တွင် အနီရောင်စာရေးများဖြင့် ရေးသားထားသော ဟောင်ကျီဂိုဏ်း ဟူသော စာတန်းကြီးတစ်ခုကို မြင်လိုက်ရ၏။

"ဒီစာသားကို ရေးသားခဲ့တာက ဟောင်ကျီဂိုဏ်းရဲ့ အရင် ဂိုဏ်းချုပ်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မဟာမိတ် ခေါင်းဆောင်ချင်ဆိုတဲ့လူကတော့ …. "

ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါရမ်းလိုက်မိ၏။

အရိုးသားဆုံးပြောရရင် သူသည် ဟောင်ကျီဂိုဏ်းဆိုသောနာမည်ကို အလွန်သဘောကျ၏။ ထို့အပြင် ချင်ဟောင်ရန်နှင့်လည်း ရန်သူတွေ မဖြစ်ချင်ပေ။ သို့ပေမဲ့ ချင်ဟောင်ရန်သည် စိတ်ဝိညာဉ်စမ်းချောင်းကိစ္စနှင့် ပတ်သက်၍ သူ့အား မီးလောင်ရာလေပင့်ခဲ့သည်။

သူ့အား ဒုက္ခရောက်စေချင်မိသည့် ပုံစံမျိုးရှိနေ၏။ သူတို့အနေနှင့် မည်သည့်ရန်ငြိုးမှလည်း ရှိခဲ့ဖူးသည် မဟုတ်ပေ။ ဤကိစ္စသည် တော်တော်ဆိုးရွားသည်ဟု ဆိုရမည်။

………

ဟောင်ကျီဂိုဏ်း၏ လေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ ဂိုဏ်းချုပ်တွေနှင့် မိသားစုခေါင်းဆောင်များသည် တစ်ယောက်နှင့်တစ်ယောက် နွေးထွေးစွာ နှုတ်ဆက်လျက်ရှိသည်။

သူတို့သည် သူငယ်ချင်းမိတ်ဆွေ ၏အိမ်သို့ အလည်လာသလို ခံစားချက်မျိုး ရရှိနေကြ၏။

ကျွင်းချောင်ရှောင်းဘက်ကနေလိုက်၍ ကာကွယ်ပြောဆိုပေးခဲ့သော မြို့တော်ဝန်ရှဲ့လည်း ရောက်ရှိနေသည်။

မြို့တော်ဝန်ရှဲ့သည် ကျွင်းချောင်ရှောင်းဘက်မှ ကူညီခဲ့သူဆိုသော်လည်း မြို့တော်ဝန်တစ်ယောက် ဖြစ်နေသောကြောင့် တစ်ချို့သောဂိုဏ်းချုပ် တော်တော်များများသည် ရောက်ရှိလာပြီး သူ့အား နွေးထွေးစွာဖြင့် နှုတ်ဆက်စကား ပြောဆိုကြ၏။

"ဟမ့်… "

မြို့တော်ဝန်ရှဲ့သည် အလွန်အမင်း မောက်မာလှသူဖြစ်၏။ သူ့အား ဂရုမစိုက်သေးသူများကို သူအဘယ့်ကြောင့် ဂရုစိုက်ရမည်နည်း။

သူ့အား မသိသလို ပြုလုပ်နေသော ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်တစ်ချို့အား ကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်မိသည်။

သူ သည်လည်း ချင်းယန်မြိုဆီမှ အဆင့်မြင့်မိသားစုများအားလည်း ခေါ်ဆောင်လာခဲ့၏။ လီချင်းယန်၏အဖေ လီမိသားစုခေါင်းဆောင်လည်း အပါအဝင်ပင်ဖြစ်၏။

သူတို့အားလုံးသည် ချင်းယန်မြို့၏ ၃.၆သန်းသော မြို့သူမြို့သားများကို ကိုယ်စားပြုပြီး သံမဏိအရိုးဂိုဏ်းအား အားပေးရန် ရောက်ရှိလာကြခြင်းဖြစ်၏။ သို့ပေမဲ့ သူတို့သည် ခြောက်ယောက် ခုနစ်ယောက်လောက်သာ ရှိသည်။

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ တစ်ရာနီးပါးရှိသော ဂိုဏ်းချုပ်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အရေအတွက်မှာ သိသိသာသာ ကွာခြားလွန်းလှ၏။

ထို့အပြင် လာရောက်ကြည့်ရှုနေကြသော လူတော်တော်များများသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့နှင့် သက်ဆိုင်သော လူများပင်ဖြစ်ကြသည်။

ထို့ကြောင့် သူတို့သည် ပျော်ပျော်ရွှင်ရွှင်နှင့် ပြောဆိုနှုတ်ဆက်လျက်ရှိကြသည်။ စိန်ခေါ်ပွဲအပြီး အောင်ပွဲခံမည့်ပွဲ၌ သောက်စားရန်ပင် ကြိုတင်၍ ပြောဆိုနေကြသေး၏။

လက်ရှိအချိန်တွင် ရေပန်းအစားဆုံးလူက မည်သူဖြစ်သနည်းဟု ပြောဆိုရမည်ဆိုလျှင် ကျိန်းသေပေါက် အိုက်ခေါင်းဆောင်ပင် ဖြစ်ပေလိမ့်မည်။

အိုက်ခေါင်းဆောင် ဝင်လာသည်ဆိုသည်နှင့် တပြိုက်နက် ဂိုဏ်း၏ဂိုဏ်းချုပ်များ၊မိသားစုခေါင်းဆောင်များ မည်သူပင်ဖြစ်ဖြစ် ရောက်ရှိလာပြီး အလုအယက် မျက်နှာလိုမျက်နှာရနှင့် နှုတ်ဆက်ကြတော့သည်။

အိုက်ကလန်သည် များပြားလှသော ဆေးနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်သူ တစ်ယောက်ဖြစ်ပြီး များပြားလှသည့် အဆက်အသွယ်များလည်း ရှိ၏။

ထို့အပြင် လက်ရှိအချိန်၌ ပြန်လည်ဖြစ်တည်ခြင်းဆေးလုံးနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများကို လေလံပွဲကျင်းပ၍ ရောင်းချနေသည်ဖြစ်သောကြောင့် သူတို့အနေနှင့် အိုက်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး တည်ဆောက်ချင်နေကြသည်။

တော်ဝင်ဓားမော့ဂိုဏ်းမှ ဂိုဏ်းချုပ်သည် စိတ်အားထက်သန်ဆုံးဖြစ်၏။

ထို့အပြင် သူသည် ဒဏ်ရာရရှိထားခဲ့သည်။ ဒဏ်ရာကြောင့် သူ၏အားအင်အဆင့်သည် အလွန်အမင်း ကျဆင်းသွားခဲ့သည်သာမက သူ၏ကျင့်ကြံခြင်းအပေါ်တွင်လည်း သက်ရောက်ခဲ့သည်။

ထို့ကြောင့် သူသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအား ဝယ်ယူချင်နေမိ၏။

သူသည် ဒုတိယမြောက်လေလံပွဲသို့ သွားခဲ့သေး၏။ သို့ပေမဲ့ လေလံပွဲတွင် ပါဝင်၍ ဝယ်ယူနေကြသူများ အားလုံးသည် ဂိုဏ်းကြီးများနှင့် ကလန်ကြီးများမှဖြစ်သည်။ ထို့ကြောင့် သူအနေဖြင့် ပါးစပ်ပင် မဟရဲခဲ့ချေ။

"အိုက်ခေါင်းဆောင်"

တော်ဝင်ဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ်ရှန်းသည် မျက်နှာလိုမျက်နှာရ နှင့် ရောက်ရှိလာ၏။ "ကျုပ်ကို ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး သီးသန့်ရောင်းပေးနိုင်မလား။ ကျုပ်ပိုက်ဆံကောင်းကောင်း ….."

"အားနာပါတယ်။" အိုက်ရှန်းရီသည် ဖြတ်ပြောလိုက်၏။

"ကျုပ်တို့ အိုက်မိသားစုကနေ သန့်စင်ပေးထားတဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတွေကို လေလံပွဲမှာပဲ ရောင်းပါတယ်။ ဘယ်သူ့ကိုမှ သီးသန့်မရောင်းပေးဘူး။"

တစ်ခြားသူတစ်ယောက်ယောက်သာဆိုလျှင် သူ့အနေနဲ့ ချွင်းချက်သဘောမျိုး ရောင်းချပေးလိုက်မည်။ သို့ပေမဲ့ ဤလူသည် မည်သို့သောလူ ဖြစ်သနည်း။

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ထဲမှ ဖြစ်ပြီး ချင်ဟောင်ရန်၏ နောက်လိုက်ခွေးတစ်ကောင်ဖြစ်သည်။ အရင်တစ်ခေါက်တုန်းကဆိုလျှင် ချင်းယန်မြို့၌ ဂိုဏ်းချုပ်ကျွင်းကိုပင် စိန်ခေါ်ခဲ့ဖူးသေး၏။

သူ၏ဦးနှောက်ကို မြင်းကန်ခံရမှသာလျှင် သူသည် ထိုလူအား ဆေးလုံးရောင်းချပေးလိမ့်မည်။

သူ့အနေနှင့် သူ၏စီးပွားဖက်ပေါ်တွင် စည်းကျော်၍ မဖြစ်ချေ။ အိုက်မိသားစုခေါင်းဆောင်၏ ရပ်တည်မှုသည် ခိုင်မြဲကာ ရိုးရှင်းလှသည်။

သံမဏိအရိုးဂိုဏ်းနှင့် ရန်ငြိုးရှိမည်ဆိုလျင် အိုက်မိသားစုနှင့် ရန်ငြိုးရှိမည်။ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများကို ဝယ်ယူရန်အကြောင်းမပြောနှင့် သူ၏ ဆေးဆိုင်တွင် တစ်ခြားသော ဆေးများ ဝယ်ယူရန် လာမည်ဆိုလျှင်ပင် ကြိုဆိုလိမ့်မည်မဟုတ်ချေ။

ဂိုဏ်းချုပ်ရှန်းသည် ပါးစပ်အဟောင်းသားဖြင့် ဆွံအသွားမိ၏။ ပြီးနောက် သူသည် ဒေါသတကြီးဖြင့် ထွက်ခွာသွား၏။ "ငါသူ့ကို ဘာများလုပ်ခဲ့မိလို့လဲ။လေသံကလည်း မာကြောနေတာပဲ။"

"အိုက်ခေါင်းဆောင် ဘယ်အချိန်မှာ လေလံပွဲကျင်းပမှာလဲ။"

"ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးက တကယ်ပဲ ခန္ဓာကိုယ်ပိုပြီးအားကောင်းစေတာလား။ တစ်စုံတစ်ယောက် ရဲ့အားအင်ကို တကယ်ကြီးတိုးစေတဲ့ဆေးလုံးမျိုးလား။"

"ကျုပ်တို့က ချင်းယန်နိုင်ငံကလူတွေပဲလေ။ဒီတော့ ရောင်းချင်းရောင်းရင်ကျုပ်တို့ဆီကိုပဲ ရောင်း။ တစ်ခြားနိုင်ငံကလူတွေ ပိုက်ဆံဘယ်လောက်ပေးပေး ရောင်းဖို့မစဉ်းစားနဲ့နော်။"

ချင်းယန်နိုင်ငံမှာရှိသော ဆရာ့ဆရာကြီးများအားလုံးသည် အိုက်ရှန်းရီ အနားတွင် ဝိုင်းပတ်၍ ဆေးလုံးအကြောင်း ဝိုင်းဝန်းပြောဆိုနေကြသည်။

လက်ရှိအချိန်တွင် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးတို့သည် အလွန့်အလွန် ကျော်ကြားလျက်ရှိ၏။

"အဟွတ် အဟွတ် …"

ထိုအချိန်မှာပဲ ချင်ဟောင်ရန်သည် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်တည်တည်နှင့် ထွက်လာသည်။

သူသည် အချိန်ကြာမြင့်စွာ ခေါင်းဆောင်နေရာတွင် တည်ရှိခဲ့သူ တစ်ယောက် ၏ အရှိန်အဝါမျိုးကို ထုတ်ဖော်လျက် တစ်လှမ်းချင်း လျှောက်လာခဲ့၏။

သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားခဲ့၏။ ဂိုဏ်းချုပ်တော်တော်များများသည် လှည့်၍ ပြုံးကာ နှုတ်ဆက်လိုက်ကြသည်။

မြိုတော်ဝန်ရှဲ့သည် ချင်ဟောင်ရန်အား သူငယ်ချင်း မိတ်ဆွေတစ်ယောက်အဖြစ် မသတ်မှတ်ချေ။ ထို့အပြင် ကပ်ဖားလျက်ဖားအနေနှင့် လည်း ပြုံးပြရန် အစီအစဉ်မရှိချေ။

အဘယ့်ကြောင့်ဆိုသော် သူ၏ အဆင့်အတန်းသည် ချင်ဟောင်ရန်၏ အဆင့်အတန်းနှင့် တူညီသည် မဟုတ်လား။

ချင်းယန်မြို့၏ မိသားစုအကြီးအကဲများသည် ထ၍ နှုတ်ဆက်ချင်သည် ဆိုသော်လည်း သူတို့၏ မြို့တော်ဝန်က တစ်စက်ကလေးမှ မလှုပ်သည်မို့ သူတိုအနေနှင့် အနောက်တွင် ကြောင်တောင်တောင်နှင့် ရပ်နေရ၏။

ချင်ဟောင်ရန်သည် မြို့တော်ဝန်ရှဲအား မြင်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ ဘက်တော်သား တစ်ယောက် ရောက်နေပြီဖြစ်ကြောင်း နားလည်လိုက်မိ၏။

ထို့ကြောင့် သူသည် မြို့တော်ဝန်ရှဲ့အား အဖက်လုပ်၍ နှုတ်ဆက်မနေချေ။ ခပ်တည်တည်ဖြင့် မသိချင်ယောင်ဆောင် ထားလိုက်သည်။

"အိုက်ခေါင်းဆောင်"

အိုက်ရှန်းရီ ရောက်ရှိနေသည်ကို မြင်တော့ ချင်ဟောင်ရန်သည် ချက်ချင်းဆိုသလိုပဲ အမူအရာပြောင်းလဲသွား၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "ဒီကိုရောက်နေတာလား။"

သူတို့သည် အိုက်မိသားစု နှင့် တစ်ချို့သော အလုပ်တွေ လုပ်ခဲ့ဖူး၏။

အိုက်ရှန်းရီသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ "ဒီကိုလာကြည့်ရတာပေါ့။"

ထိုစကားကိုကြားတော့ ချင်ဟောင်ရန်၏အပြုံးသည် ပို၍ အသက်ဝင်သွားခဲ့သည်။

အနားပတ်ဝန်းကျင်တွင်ရှိသော ဂိုဏ်းချုပ် နှင့် ကလန်ခေါင်းဆောင်များ အားလုံးသည် မနာလိုပင် ဖြစ်သွားမိကြ၏။

ဟောင်ချီဂိုဏ်းနဲ့ အိုက်မိသားစုသည် ရံဖန်ရံခါတွင် စီးပွားရေးလုပ်ငန်းများ လုပ်သည်ဟု သူတို့ အရင်တုန်းက ကြားခဲ့ဖူးသည်။ ထို့ကြောင့် ရင်းနှီးသော ဆက်ဆံရေးရှိမှာ သေချာသည်။

ဤတစ်ကြိမ် သံမဏိအရိုးဂိုဏ်းမှ စိန်ခေါ်သည့် ကိစ္စတွင် အိုက်မိသားစုခေါင်းဆောင်အနေနှင့် ရောက်ရှိလာပြီး တရားဝင် အားပေးတာ ဖြစ်နိုင်၏။

သူတို့ကြားခဲ့ရသော သတင်းအချက်အလက်များမှာ အမှန်ပင် ဖြစ်လို့နေ၏။

"ရောင်းရင်းတို့"

ချင်ဟောင်ရန် ပြောလိုက်၏။ "အိုက်မိသားစုခေါင်းဆောင်ကို ထိုင်ခုံတစ်လုံးလောက်ပေးလိုက်။"

"မလိုပါဘူး …. မလိုပါဘူး။"

အိုက်ရှန်းရီသည် ပြောလိုက်၏။ "ကျုပ်မတ်တပ်ရပ်နေပါမယ်။"

"အိုက်ခေါင်းဆောင်က ယဉ်ကျေးလွန်းနေပြီ။"

အိုက်မိသားစုခေါင်ဆောင် နှင့် မဟာမိတ်ခေါင်းဆောင်ချင်တို့၏ ဆက်ဆံရေးသည် သာမန်မဟုတ်တာ ကျိန်းသေနေသည်။

များပြားလှသော ဂိုဏ်းချုပ်များသည်လည်း ဤသို့ဆွေးနွေးနေမိကြ၏။

ချင်ဟောင်ရန်၏ မျက်လုံးထဲတွင် ဂုဏ်ယူမှုများနှင့် ပြည့်နှက်လျက်ရှိသည်။

သူသည် အိုက်ကလန်ခေါင်းဆောင် ကိုယ်တိုင် လာရောက်အားပေးမှုကို ခံယူရသောကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိနေ၏။

သို့ပေမဲ့ မြို့တော်ဝန်ရှဲမှာတော့ နှာခေါင်းရှုံ့ကာ တွေးလိုက်မိ၏။ "ချင်ဟောင်ရန် …. ချင်ဟောင်ရန် …. မင်းကိုယ်မင်း ဘာထင်နေတာလဲမသိဘူး။"

အိုက်ကလန်၏ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများအကြောင်းကို တစ်ခြားသူများ မသိဘူးဆိုသော်လည်း သူကတော့ ကောင်းကောင်းသိသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျွင်းချောင်ရှောင်းထံမှ ဆေးလုံးနှစ်လုံးအား ရရှိခဲ့သောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် အိုက်မိသားစုခေါင်းဆောင်နှင့် အကြီးအကျယ်စီးပွားရေး ပြုလုပ်နေသူမှာ ကျွင်းချောင်ရှောင်း ဖြစ်ကြောင်း သူ အတပ်သိ၏။

သို့ပေမဲ့ မြိုတော်ဝန်ရှဲ့ သည် အတွေ့အကြုံများပြားစွာ ရှိသူတစ်ယောက် ဖြစ်သောကြောင့် ဤကိစ္စအား ဘယ်တော့မှ ပြောကြားလိမ့်မည် မဟုတ်ပေ။

"သတင်းပို့ပါတယ်။" ထိုအချိန်မှာပဲ တပည့်တစ်ယောက်သည် အလောတကြီးဖြင့် ရောက်ရှိလာပြီး ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းက တပည့်တွေကို ခေါ်ပြီးတော့ လာလည်ပါတယ်။"

ချင်ဟောင်ရန်သည် ထူးမခြားနားသလိုပြောလိုက်၏။ "သူ့ကိုဝင်ခိုင်းလိုက်။"

"ကောင်းပါပြီ။" တပည့်သည် နောက်ပြန်ဆုတ်သွားသည်။

အနည်းငယ် တိတ်ဆိတ်ငြိမ်သက်သွားသော သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ အသက်ဝင်လာ၏။ အားလုံးသည် ကျွင်းချောင်ရှောင်းအကြောင်း ပြောဆိုနေမိကြ၏။

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်များအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားကြသည်။

ဂိုဏ်းချုပ်တော်တော်များများသည် အစောကြီးကတည်းက ပြင်ဆင်ထားကြပြီးဖြစ်၏။

ကျွင်းချောင်ရှောင်း ပေါ်လာသည်နှင့် သူတို့သည် သူတို့၏ အော်ရာများအား တပြိုင်နက်တည်း ထုတ်ဖော်ကာ ကျွင်းချောင်ရှောင်း၏ တပည့်များ ထိတ်လန့်သွားစေရန် ပြင်ဆင်ထားကြသည်။

"ကျွီ" တံခါးသည် ပွင့်သွား၏။

တလက်လက်တောက်ပနေသော နေကာမျက်မှန်ကို ဝတ်ဆင်ပြီး ပါးစပ်တွင် ဆေးပြင်းလိပ်အား တေ့ကာ တပည့်ရှစ်ယောက်နှင့်အတူ လမ်းလျှောက်ဝင်လာသော ကျွင်းချောင်ရှောင်းကို အားလုံးက မြင်လိုက်ကြရ၏။

သူတစ်လှမ်းချင်း လျှောက်ဝင်လာသည်ကိုမြင်တော့ ဂိုဏ်းချုပ်များအားလုံးသည် သူတို့၏ အော်ရာများကို ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။

သို့ပေမဲ့ သူတို့ ထိုသိုပြုလုပ်ရန် စီစဉ်နေစဉ်အတွင်းမှာပဲ ကြောက်မက်ဖွယ်ရာကောင်းသော အသံတစ်ခုပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ခြေလှမ်းလိုက်သည်ဆိုသည်နှင့် တစ်ပြိုင်နက် ဆောင်းဘောက်ဆီမှ နတ်ဘုရားတေးဂီတအသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

အကုန်လုံးသည် ဟန်ချက်ပျက်ကုန်ကြ၏။

ဂိုဏ်းချုပ်ကျွင်းသည် ရုတ်တရက်ဆိုသလိုပဲ ခေါင်းကိုမော့ကာ ခပ်ရေးရေးပြုံးပြီး ပြောလိုက်သည်။ "မဟာမိတ်ခေါင်းဆောင်ချင် … သံမဏိအရိုးဂိုဏ်းက ဒီထိလာပြီး စိန်ခေါ်တာပါ။"

တပည့်ရှစ်ယောက်လုံး အကုန်လုံးသည် ရှေ့ကိုလှမ်းတက်လာပြီး သူတို့ဂိုဏ်းချုပ်၏ နောက်တွင် တန်းစီ၍ ရပ်လိုက်ကြသည်။

သံမဏိအရိုးဂိုဏ်း …..

မောက်မာမှုမှာတော့ အံ့မခန်းပင် ဖြစ်သည်။ သံမဏိလို မာကျောသော မျက်နှာသွင်ပြင်မျိုးလည်း ရှိနေကြ၏။

All Chapters