အခန်း (၁၄၈)
Vol. 11 Ch. 148
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်ငါးဆယ်ကျော်တို့သည် မနေ့ကထဲက ကျွင်းချောင်ရှောင်း ရောက်လာသည်ဆိုသည်နှင့် တပြိုင်နက် သူတို့၏အော်ရာများကို ထုတ်လွှတ်ကာ သံမဏိအရိုးတစ်ဂိုဏ်းလုံး၏ အရှိန်အဟုန် ပြတ်သွားစေရန် ပြုလုပ်မည်ဟု မနေ့ကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်၏။
သို့ပေမဲ့ အဆုံးသတ်မှာတော့ သံမဏိအရိုးဂိုဏ်း၏ ဘာမှန်းမသိသော အသံကြောင့် သူတို့အားလုံး၏ ဟန်ချက်များသာ ပျက်ယွင်းခဲ့ရသည်။
သူတို့ သတိပြန်ဝင်လာချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်အလယ်ရှိ စင်မြင့်ပေါ် သို့ ရောက်ရှိနေပြီ ဖြစ်၏။
ကျွင်းချောင်ရှောင်း သည် နေကာမျက်မှန်ကို တပ်ထားပြီး ပါးစပ်ထဲတွင်လည်း ဆေးပြင်းလိပ်အား ခဲထားသည်။ သူ၏နောက်တွင်တော့ တပည့်ရှစ်ယောက်သည် တန်းစီ၍ ရပ်နေကြသည်။
လီချင်းယန်နှင့် ရှောင်ကျီတို့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်တည်တည်နှင့်ရှိနေ၏။
စုရှောင်မို၊လီဖေးနှင့် ထျန်းချီတို့မှာတော့ လက်ပိုက်ရပ်ကာ ဦးခေါင်းကို ခပ်မြင့်မြင့်မော့ထားကြသည်။
လီချင်းယန်နှင့် ကျိုးဟုန်တို့ကတော့ ဓားတစ်ချောင်းစီအား ကိုင်ဆောင်ထားကြ၏။
ရီရှင်းချန်မှာတော့ ကြောင်တောင်တောင်နိုင်လှသော ဆောင်းဘောက်ကြီးကို အောက်သို့ချ၍ ခြေတစ်ဖက်တင်ကာ ပြုံးနေ၏။ သူ၏နှုတ်ခမ်းထောင့် တစ်ခုလုံး ကွေးတက်ကာ ပြုံးနေသည့်ပုံမှာ မိစ္ဆာဆန်လှသည်။
အားလုံးသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်များ နှင့် ရင်ဆိုင်နေရသည်ဆိုသော်လည်း တစ်ချက်လေးမှ ထိတ်လန့်တုန်လှုပ်သည့်ပုံ မပေါ်ပေ။ ထိုမျှတင်မက သူတို့ကပင်ပို၍ မောက်မာသည့်ဟန်ပန် ရှိနေသေး၏။
စိန်ခေါ်ပွဲကို လာရောက်ကြည့်ရှုလျက်ရှိသော သိုင်းပညာရှင်များအားလုံးသည် အံ့အားသင့်မိသွားကြသည်။
သံမဏိအရိုးဂိုဏ်း၏ အဆင့်သည် မြင့်မားလှသည်မဟုတ်သော်လည်း ဂိုဏ်းသားတပည့်များ၏ အမူအရာ အလွန်အမင်း မောက်မာနေ၏။
ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် စရောက်လာသည်ဆိုတာနှင့် စိန်ခေါ်သည့်အကြောင်းကို စ၍ ပြောခဲ့သည်။
ထိုအရာသည် အနည်းငယ်မောက်မာသည်ဟု သူတို့အားလုံးအား ခံစားမိစေသည်။ မဟုတ်သေးပေ အလွန်အမင်းမောက်မာသည်ဟု ဆိုရမည်။
အဓိကဟောခန်း၏ ရှေ့တွင် ရပ်လျက်ရှိသော ချင်းဟောင်ရန်သည် မျက်နှာတစ်ခုလုံး မှုန်ကုပ်သွား၏။ ထ၍ မဆဲမိအောင်ပင် မနည်းစိတ်ထိန်းထားရ၏။
ကျင့်ကြံခြင်းလောကမှ လူများသည် စိန်ခေါ်ပွဲကြောင်း ပြောဆိုမည်ဆိုလျှင် တာအို အကြောင်းကို ဆွေးနွေးခြင်းနှင့် လက်ရည်ဖလှယ်ခြင်း စသော အသုံးအနှုန်းများကို သုံးကြသည်။
သို့ပေမဲ့ ဤအကောင်သည် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် စိန်ခေါ်သည်ဟူ၍ တိုက်ရိုက် ပြောဆိုနေသည်။
ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းများကို နားလည်ရဲ့လား မသိနိုင်ပေ။
ကျွင်းချောင်ရှောင်း ထိုအချက်ကိုနားလည်၏။ သို့ပေမဲ့ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် တစ်ခါတည်း စိန်ခေါ်လိုက်ခြင်းဖြစ်၏။ ပြောရမည်ဆိုလျှင် သူမောက်မာသင့်သလောက် မောက်မာပေလိမ့်မည်။
"နားမလည်တဲ့ အမှိုက်ကောင်။" မဟာမိတ်အဖွဲ့အစည်းမှ ဂိုဏ်းချုပ်တစ်ယောက်သည် ဒေါသတကြီးပြောလိုက်၏။
"ဒီနေရာက …"
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုမြှောက်၍ လက်ခလယ်ထောင်ပြလိုက်၏။ ပြီးနောက် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "အားယားနေရင် ဒါကိုပါးစပ်ထဲ ထည့်ထားလိုက်။"
ကြယ်လစားသောက်ဆိုင်တွင် စစ်တုဝမ် တစ်ယောက် သွေးအန်ခဲ့သည်ကို ပြန်၍ စဉ်းစားမိသော ထိုဂိုဏ်းချုပ်သည် မြန်မြန်ဆန်ဆန်ပဲ သူ၏ပြောစကားများကို မြိုချလိုက်၏။
ကျွင်းချောင်ရှောင်းသည် အပြုအမူတစ်ချက် ၊ စကားလုံးတစ်လုံးထဲနှင့်ပင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်တစ်ယောက်၏ အသံကို လုံးဝပိတ်သွားအောင် ပြုလုပ်နိုင်နေသည်။
လာရောက်ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် စိတ်ဝင်စားသွားမိ၏။ "အံ့အားသင့်စရာပဲ။"
"ဟား ဟားး"
ရုတ်တရက်ဆိုသလိုပဲ ရီသံထွက်ပေါ်လာ၏။
အားလုံးသည် ရီသံထွက်ပေါ်လာသည့် နေရာဆီကို ကြည့်လိုက်ချိန်မှာတော့ လူအုပ်ကြားထဲမှ ထွက်ပေါ်လာသော အိုက်ရှန်းရီအား မြင်လိုက်ရ၏။
အိုက်ရှန်းရီမျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိလို့နေ၏။
အိုက်မိသားစုခေါင်းဆောင်သည် မည်သို့မှ သည်းမခံနိုင်တော့သည့်ပုံ မပေါ်ပေ။
ထို့ကြောင့် သူ၏မိတ်ဆွေ မဟာမိတ်ခေါင်းဆောင်ချင်အတွက် ဤမောက်မာသော လူငယ်လေးအား ပညာပေးရန် ထွက်လာခြင်းပင် ဖြစ်နေလိမ့်မည်။
များပြားလှသော လူများသည် ထိုသို့ပင် တွေးတောမိကြ၏။
ချင်ဟောင်ရန်သည်လည်း ထိုသို့ပင်တွေးမိ၏။ ထို့ကြောင့် လက်သီးကိုဆုပ်ကာ ပြောလိုက်သည် "အိုက်ခေါင်းဆောင်ရဲ့စိတ်နေ သဘောထားကို ကျုပ် သိပါတယ်။ဒါပေမဲ့ ဒီကောင်လေးက လျှာစောင်း ထက်လွန်းတယ်။ဒါကြောင့် သူနဲ့ဖက်ပြိုင်ပြီး ပြောမနေပါနဲ့။"
အိုက်ရှန်းရီသည် သူ့အား လျစ်လျူရှု၍ ကျွင်းချောင်ရှောင်းဆီသို့ လျှောက်သွားလိုက်သည်။။
အိုက်မိသားစုခေါင်းဆောင်သည် မဟာမိတ်အဖွဲ့ခေါင်းဆောင်ချင်အား ဤကဲ့သို့ သေသေချာချာ ကူညီလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ခဲ့ပေ။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အိုက်မိသားစုခေါင်းဆောင် အိုက်ရှန်းရီသည် သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ကျွင်းချောင်ရှောင်အား စကားလုံးချင်းစစ်ထိုးရန် သွားလျက်ရှိ၏။
အိုက်မိသားစုနှင့် ဟောင်ချီဂိုဏ်းတို့၏ ဆက်ဆံရေးသည် တစ်ခြားသူများ မနာလိုဖြစ်ရအောင်ပင် နက်နဲလွန်းနေသည်။
ခေါင်းဆောင်ချင်သည် အားနာလှသည်ဟု ပြောဆိုနေသည် ဆိုသော်လည်း သူ၏မျက်နှာပေါ်မှာရှိသော အပြုံးမှာ ပို၍ အသက်ဝင်လာသည်။
ဤအချိန်သည် တလောကလုံး ရှိဂိုဏ်းချုပ်များ ရှိနေသည့် အချိန်ဖြစ်၏။ ထို့ကြောင့် ဤသို့သောအခြေအနေမျိုးတွင် အိုက်မိသားစု၏ အထောက်အပံ့ကို သူရရှိထားသည် ဆိုသည်မှာ တကယ့်ကို ဂုဏ်ယူလောက်စရာ ကိစ္စပင်ဖြစ်၏။
ကောင်လေး ဒါက အိုက်မိသားစုရဲ့ ခေါင်းဆောင်ပဲ။ သူ့ဆီမှာ များပြားလှတဲ့ မိတ်ဆွေအပေါင်းအသင်း ရှိရုံတင်မကဘူး။ အဆင့်မြင့်ဆေးလုံးတွေကိုလည်း ရောင်းချပေးတယ်။ ဒီနေ့မှာ သူက ဒီမဟာမိတ်အဖွဲ့ခေါင်းဆောင်ကို လာပြီး ထောက်ပံ့ပေးနေတယ်။ အိုက်မိသားစုခေါင်းဆောင်ကို မင်း ပိုးစိုးပက်စက် ပြောလိုက်မယ်ဆိုရင် ချင်းယန်နိုင်ငံ တစ်ခုလုံးကို ရန်စလိုက်တာနဲ့ တူတူပဲ ဖြစ်လိမ့်မယ်။
လက်ရှိအချိန်မှာတော့ ချင်ဟောင်ရန်သည် ကျွင်းချောင်ရှောင်းတစ်ယောက် အိုက်ရှန်းကျီအား ပိုးစိုးပက်စက် ပြောပစ်လိုက်သည်ကို မြင်ချင်နေမိ၏။ ထိုသို့ဆိုလျှင် များပြားလှသော လူများကို ရန်စလိုက်သလိုဖြစ်ပြီး ပိုပြီးဆိုးဝါးသော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
"ဂိုဏ်းချုပ်ကျွင်း"
အိုက်ရှန်းရီသည် လျှောက်သွားပြီး ပြုံးကာ ခေါ်လိုက်၏။ ထိုအရာကို လှောင်ပြုံးဖြစ်လိမ့်မည်ဟု လူတော်တော်များများက ထင်ကြ၏။
သို့ပေမဲ့ အိုက်ခေါင်းဆောင်သည် ချက်ချင်းဆိုသလိုပဲ ဆက်ပြောလိုက်သည်။ "ရောက်လာပြီလား။"
ရောက်လာပြီလား လို့ အရင်နှုတ်ဆက်တာလား။ ပြီးမှ အချီကြီး ရင်ခံရအောင် ပြောဆိုတော့မယ် နဲ့ တူတယ်။
သူတို့အားလုံး သဘောပေါက်မိသွား၏။
အိုက်မိသားစုသည် စီးပွားရေးအား နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့အနေနှင့် တိုက်ရိုက်ကြီး အော်ဟစ် ဆူငေါက်မည့် ကိစ္စမျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။
တစ်ဖက်လှည့်နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီးသည့်နောက်မှာမှ ကျွင်းချောင်ရှောင်းအား စကားလုံးတွေနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်ပေလိမ့်မည်။
တကယ့်ကို အတွေ့အကြုံများပြားလှသော ခေါင်းဆောင်တစ်ယောက် ပီသပေသည်။
ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီးသည့်နောက်မှာမှ ပက်ပက်စက်စက် ပြောရန် ပြင်ဆင်ထား၏။
ကျွင်းချောင်ရှောင်းသည်သာ လက်ရှိအချိန်တွင် မယဉ်မကျေး ပြောဆိုပါက ပညာမဲ့ လူ့ အရိုင်းအစိုင်းအဖြစ် အားလုံးက သတ်မှတ် ကြတော့မှာ သေချာသည်။
ကျွင်းချောင်ရှောင်း သည် လက်သီးဆုပ်ကာ ပြုံးလိုက်မိသည်။ "ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။"
အိုက်ရှန်းရီ ၏ အတွေ့အကြုံ ရင့်ကျက်မှုနှင့် အခြေအနေကို မူတည်၍ ပြုမူပြောဆိုတတ်ပုံကိုကြည့်ပြီး ကြိတ်ကာ ချီးကျူးနေကြသော သူများအားလုံးသည် ကျွင်းချောင်ရှောင်း ပြန်လည်နှုတ်ဆက်နေသည်ကို မြင်တော့ ရုတ်တရက်ဆိုသလိုပဲ ကြောင်သွားခဲ့၏။
အိုက်ရှန်းရီ နှင့် ကျွင်းချောင်ရှောင်းတို့ တစ်ယောက်နှင့် တစ်ယောက် စကားလုံးတိုက်ပွဲ ဆင်နွဲခဲ့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တန်းမှာတော့ တစ်ယောက် နှင့် တစ်ယောက်သည် ပြုံး၍ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေကြသည်။
အိုက်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဂိုဏ်းက ဟောင်ချီဂိုဏ်းကို လာပြီး စိန်ခေါ်မယ်လို့ ကြားခဲ့ရတယ်။ မိတ်ဆွေ သူငယ်ချင်းကောင်းအနေနဲ့ ခင်ဗျားကိုလာပြီး အားပေးရမှာ သဘာဝပဲလေ။"
ကျွင်းချောင်ရှောင်း ပိုးဆိုးပက်စက် ပြောဆိုခံရမည်ကို စောင့်မျှော်လျက်ရှိသော လူအားလုံးတို့သည် ကြောင်သွားကြ၏။
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်၍ ပြုံးကာ ပြောလိုက်သည်။ "အိုက်မိသားစုခေါင်းဆောင် ကိုယ်တိုင်လာပြီး ကျုပ်ကို အားပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။"
လူအားလုံးသည် ဆွံ့အလျက် ရှိကြသည်။
"အိုက်မိသားစုခေါင်းဆောင် သူ့ဆီကို တကယ်လာပြီး အားပေးတယ်လို့ ထင်နေတာလား။"
“ဟမ့်…….”
ချင်းဟောင်ရန်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. မင်းကိုမင်း တကယ်ကြီး ကြီးကျယ် ခမ်းနားတယ်လို့ ထင်နေတာလား။"
"ကြီးကျယ်ခမ်းနားတယ်လို ထင်နေတယ် ဟုတ်လား။" ကျွင်းချောင်ရှောင်း သည် ဆွံ့အသွား၏။ ပြီးနောက် သူသည် အိုက်ရှန်းရီအား ကြည့်ကာ မေးလိုက်သည်။
"အိုက်မိသားစု ခေါင်းဆောင်က ကျုပ်ကိုလာပြီး အားပေးတာ မဟုတ်ဘူးလား။"
"ဟီး … ဟားဟားဟား …. ဒီကောင် အရူးပဲ။"
"မင်းဦးနှောက်ကို သုံးလေ။ အိုက်မိသားစု ခေါင်းဆောင်လို လူက အဆင့်ရှစ် ဂိုဏ်းတစ်ခု ကို လာပြီးတော့ အားပေးမှာလား။"
ဂိုဏ်းတစ်ရာမဟာမိတ်မှ ခေါင်းဆောင်များသည် အခွင့်အရေးကို အရယူ၍ အားရပါးရ လှောင်ရယ်လိုက်ကြသည်။
"အမှန်ပါပဲ။" အိုက်မိသားစု ခေါင်းဆောင်သည် အလောတကြီးဖြင့် ပြောလိုက်သည်။ "ကျုပ် ဟူရန်မြို့ကနေ ဒီကို အပြေးအလွှားလာခဲ့တာ ဂိုဏ်းချုပ်ကျွင်းကို အားပေးဖို့ပါ။"
“ဟင် …..”
အားရပါးရ ရီလျက်ရှိသော မဟာမိတ်အဖွဲ့မှ လူများသည် အရယ်ရပ်သွားကြ၏။ တစ်ချို့မှာအငိုက်မိသွားကြပြီး တစ်ချိုဆိုလျှင် နင်တောင်နင်သွားကြ၏။
အလှည့်အပြောင်းမှာ ရုတ်တရက်ဆန်လွန်းလှသည်။
လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများအားလုံးသည် မျက်လုံးအပြူးသားနှင့် ဖြစ်သွားကြ၏။ သူတို့ နားကြား လွဲမှားသလား ဟုပင် ထင်မှတ်မိနေကြသည်။
"ကျေးဇူးတင်ပါတယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မဟာမိတ်ခေါင်းဆောင်၏ အမူအရာသည် အေးခဲသွား၏။
သူသည် မယုံနိုင်စွာဖြင့် ပြောလိုက်သည်။ "အိုက်ခေါင်းဆောင် …. ခင်ဗျားတို့ မိသားစုက ဒီကောင်လေးကို အားပေးဖို့ လာတာလား"
အိုက်ခေါင်းဆောင်သည် ကျွင်းချောင်ရှောင်း၏ နောက်အား လျှောက်သွားကာ ပြောလိုက်၏။ “အမှန်ပါပဲ။"
“ဟား …ဟား … ဟား”
အချိန်အတော်ကြာ သည်းခံထားသော မြို့တော်ဝန်ရှဲ့သည် အားရပါးရ ထအော်လိုက်မိ၏။ "ဘယ်သူက ကိုယ့်ကိုကိုယ် ကြီးမြတ်တယ်လို့ ထင်နေတာလဲ ငါသိပြီ။ ရှက်တောင်ရှက်မိတယ်။"
ချင်ဟောင်ရန်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပဲ ပျက်ရွင်းသွားသည်။
မြို့တော်ဝန်ရှဲသည် ချင်းယန်မြို့မှ မိသားစုခေါင်းဆောင်များကို ခေါ်၍ ကျွင်းချောင်ရှောင်းဆီသို့ သွားလိုက်၏။ ပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း ….. စိုးရိမ်စရာမလိုဘူး၊ ကြောက်စရာမလိုဘူး။ ချင်းယန်မြိုရဲ့ ၃.၆ သန်းသောလူတွေက မင်းဘက်မှာ ရှိနေတယ်။"
ပြောပြီးသည့်နောက် သူသည် အိုက်မိသားစု ခေါင်းဆောင်ဘေးသို့ သွားလိုက်၏။
လီမိသားစုခေါင်းဆောင်သည် လီချင်းယန်ဆီသို့ ဖြတ်လျှောက်သွားချိန်မှာတော့ လီချင်းယန်၏ ပုခုံးကို ပုတ်ကာ အသာပြောလိုက်သည်။ "သားလေး … ငါ မင်းကို အနောက်ကနေပြီးတော့ အားပေးနေမယ်။ လီမိသားစုကို အရှက်မရစေနဲ့။ ပြီးတော့ သံမဏိအရိုးဂိုဏ်းကို အရှက်မရစေနဲ့။"
သူ၏သားသည် နတ်စမ်းချောင်းဂိုဏ်းမှ အတွင်းတပည့်အား အနိုင်ယူလိုက်နိုင်ခဲ့သည်ဟု သိရှိခဲ့ပြီးနောက် သူသည် စာကြည့်ခန်းထဲသို ဝင်၍ အချိန်အတော်ကြာ ငိုယိုခဲ့မိ၏။
ထိုစဉ်ကတည်းက သူ၏သား ဆုံးဖြတ်ချက်သည် မည်မျှ မှန်ကန်ကြောင်း သူ သိရှိခဲ့ပြီး ဖြစ်၏။
သူသည် ဟောင်ချီဂိုဏ်းသို့ လာရောက်သည်ဆိုသည်မှာ ၃.၆သန်းကို ကိုယ်စားပြု၍ ရောက်ရှိလာခြင်း မဟုတ်ပေ။ အဖေတစ်ယောက်အနေနှင့် ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။
"ဟုတ်ကဲ့။" လီချင်းယန်၏ မျက်လုံးများသည် တည်ငြိမ်လျက်ရှိ၏။
သူ၏နောက်တွင် အိုက်ရှန်းရီ ၊ မြို့တော်ဝန်ရှဲ့ နှင့် ချင်းယန်မြို့ ၏ ၃.၆ သန်းသော လူများ ရှိနေသည်။
"ဂိုဏ်းချုပ်ကျွင်း …"
ရုတ်တရက်ဆိုသလိုပဲ အသံတစ်ခု ထွက်ပေါ်လာ၏။
"မင်းတို့ဂိုဏ်းက ရိုးရှင်းတဲ့ ဂိုဏ်းတစ်ခုမဟုတ်ဘူးလို့ မာယုံနင်ပြောတာကို ဒီအဘိုးကြီး ကြားခဲ့တယ်။ ဒီနေ့မှာတော့ ဒါက မှန်ကန်ကြောင်းကို မျက်မြင်တွေ့ခဲ့ရပြီ။"
အိုက်မိသားစုခေါင်းဆောင်၏ ဘေးမှာတော့ ရုတ်တရက်ဆိုသလိုပဲ ဆံပင်အဖြူနှင့် အဘိုးကြီးတစ်ယောက် ပေါ်လာ၏။
"စီနီယာက …." ကျွင်းချောင်ရှောင်း ကြောင်သွားသည်။
အဘိုးအိုက လေးလေးနက်နက် ပြောလိုက်သည်။"တောင်ပြာဂိုဏ်းက ဝမ်တုန်လင်"
သူထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံးသည် တုန်လှုပ်သွားကြသည်။
"ဝမ်တုန်လင် …. သူက တောင်ပြာ ဂိုဏ်းက အကြီးအကဲလေးယောက်ထဲက တစ်ယောက် မဟုတ်ဘူးလား။သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်လည်း ဖြစ်တယ်။"
"ဂိုဏ်းချုပ်ကျွင်း .."
အိုက်ရှန်းရီ တီးတိုးပြောလိုက်သည်။ "ကျုပ် သူ့ကို ငှားလာတာ"
"ဪ ဒီလိုကိုး။"
သူသည် လက်ဖက်နှစ်ကို နောက်ပစ်၍ ခပ်တည်တည်ဖြင့် ချင်ဟောင်ရန်ဘက် လှည့်ကာ ပြောလိုက်သည်။
"သံမဏိအရိုးဂိုဏ်း ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း တပည့်တွေ ခေါ်ပြီး ဟောင်ချီဂိုဏ်း ကို လာစိန်ခေါ်ပါတယ်။"