← Chapters

အခန်း (၁၅၀)

Vol. 11 Ch. 150

အခန်း (၁၅၀)

Vol. 11 Ch. 150

ဟောင်ချီဂိုဏ်း၏ သိုင်းလေ့ကျင့်ရာ တည်နေရာသည် အလွန်အမင်း ကြီးမားလှသည်။ ဟောင်ချီ ဂိုဏ်းတပည့်များနှင့် အကြီးအကဲများ ဝိုင်းပတ်ကာ စက်ဝိုင်းပုံစံ ရပ်လိုက်သည်တောင်မှ တည်နေရာတစ်ခုလုံးအား မလွှမ်းခြုံနိုင်ခဲ့ချေ။

သို့ပေမဲ့ ဟောင်ချီဂိုဏ်းသည် သူတို့၏ ဂိုဏ်းသား ရှစ်ဆယ်ရာခိုင်နှုန်းအား ထုတ်သုံးကာ အင်အား ပြလျက်ရှိသည်။

လက်ရှိတွင် ရှိနေကြသော ကျင့်ကြံသူများ၏ စုစုပေါင်း လူဦးရေသည် အလွန်အမင်း များပြားပြီး ကျွင်းချောင်ရှောင်းအား အားပေးသူကတော့ အနည်းငယ်သာ ရှိလို့နေ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မဟာမိတ်ခေါင်းဆောင်ချင် .. ခင်ဗျားရဲ့ တပည့်ကို အရင် ထုတ်ပါ”

ချင်ဟောင်ရန် သည် တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းက ခေါ်ထုတ်ဆိုမှတောာ့ ကျုပ်က ငြင်းနေလို့မဖြစ်ဘူး။ ခေါ်ထုတ်ရမှာပေါ့”

ပြောပြီးသည့်နောက် သူ၏ လက်ကို ယမ်းခါလိုက်သည်။

ရှေ့ဆုံးတန်းတွင် ရပ်လျက်ရှိနေသော သူ၏ တိုက်ရိုက်တပည့် စွန်းရီ သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အလယ်ရှိ စင်မြင့်ပေါ်သို့ တက်သွား၏။

“သိုင်းတပည့် အဆင့်ရှစ် လား”

ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားကာ ပြောလိုက်သည် “လီဖေး .. သွား”

“ကောင်းပါပြီ”

လီဖေးသည် သူ၏ ခြေထောက်အား အသာပုတ်ရင်း စင်မြင့်ဆီသို့ လျှောက်လှမ်းသွားသည်။ သူသည် သက်တောင့်သက်သာ အမူအရာ နှင့် ဖြစ်သော်လည်း တကယ်တန်းမှာတော့ ကြောက်ရွံ့မိနေ၏။

ထို့အပြင် သံမဏိအရိုးဂိုဏ်းအား ကိုယ်စားပြု၍ တိုက်ခိုက်ရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည် မဟုတ်လား။ ထို့ကြောင့် ဖိအားကြီးကို ခံစားမိနေ၏။

ကျွင်းချောင်ရှောင်းသည် နောက်ဘက်မှ အားပေးလိုက်သည် “စိုးရိမ်မနေနဲ့။ မင်းမှာ ရှိတဲ့ အားအင်တွေ အကုန် ထုတ်ပြီး ဂိုဏ်းထဲမှာ ဘောလုံးကန်သလို ကန်လိုက်”

“ကောင်းပါပြီ” လီဖေးသည် အသက်ကို ပြင်းပြင်းရှုပြီး အားမွေးလိုက်သည်။

ပြီးနောက် သူ့ထက် ခေါင်းတစ်လုံး ပိုရှည်သည့်အပြင် အသက်အရွယ်ပိုင်းအရလည်း နှစ်ဆယ်ကျော်လောက် ရှိနေသည့် စွန်းရီ နှင့် မျက်နှာချင်းဆိုင် ငါးမီတာ အကွာတွင် ရပ်လိုက်၏။ သူတို့နှစ်ယောက်သည် အရပ်အမြင့် ၊ ခန္ဓာကိုယ် တည်ဆောက်ပုံခြင်းသည် ကွာခြားလွန်းလှ၏။

“ဟောင်ချီဂိုဏ်းရဲ့ တိုက်ရိုက်တပည့်က လေ့ကျင့်ခန်း မျိုးစုံကို ပြုလုပ်ခဲ့တာ။ သံမဏိအရိုးဂိုဏ်းက ဘယ်လိုလုပ် ဒီလို သေးသွယ်သွယ် ကောင်လေးကို စင်ပေါ်တင်ပေးလိုက်တာလဲ”

“ဂိုဏ်းချုပ်ကျွင်း အနေနဲ့ တစ်ဖက်က အားအနည်းဆုံး တပည့်ထွက်လာတာကို အခွင့်ကောင်းယူပြီး လီချင်းယန် လို တပည့်ကို ပွဲထုတ်သင့်တယ်။ ဒါမှ နိုင်ပွဲကို ကြိုယူထားနိုင်မှာ”

“မေ့ထားလိုက်စမ်းပါ။ ဟောင်ချီ ဂိုဏ်းမှာ သိုင်းတပည့်အဆင့်ကိုး သုံးယောက် နဲ့ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်တဲ့ တပည့် သုံးယောက်ရှိတယ်။ သံမဏိအရိုးဂိုဏ်း အနေနဲ့ လီချင်းယန်ကို လွှတ်မယ် ဆိုလည်း တစ်ပွဲပဲ နိုင်လိမ့်မယ်။”

“မင်းက သံမဏိအရိုးဂိုဏ်းကို နှစ်ပွဲ နိုင်မယ်လို့ ထင်နေတာလား”

ကျင့်ကြံသူများသည် တီးတိုး ဆွေးနွေးမိနေကြသည်။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ် ငါးဆယ်ကျော် တို့သည် နှာခေါင်းရှုံ့လိုက်ကြသည်။

သူတို့အမြင်အရဆိုလျှင် ကျွင်းချောင်ရှောင်းအနေဖြင့် ဟောင်ချိ ဂိုဏ်းသို့ ရောက်လာကတည်းက ကံကြမ္မာကောင်းကို ပိုင်ဆိုင်ရမည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်ဖြစ် အဆိုးရွားဆုံး အခြေအနေနှင့် ကြုံရတော့မှာ ဖြစ်သည်။

……

“ဟောင်ချီဂိုဏ်း .. စွန်းရီ”

“သံမဏိအရိုးဂိုဏ်း .. လီဖေး”

နှစ်ယောက်လုံးသည် သူတို့၏ ဂိုဏ်းနှင့် နာမည်အား မိတ်ဆက်လိုက်ကြသည်။ ပြီးနောက် စွန်းရီသည် လီဖေး ကြားလောက်ရုံ အသံဖြင့် တီးတိုးကြိမ်းဝါးလိုက်၏။ “မင်း စောနက ငါတို့ ဂိုဏ်းချုပ်ကို လှောင်ပြောင်ခဲ့တယ်။ အခု မင်းကို ပက်ပက်စက်စက် ရိုက်နှက်ပြမယ်”

“ဪ …. ဟုတ်လား” လီဖေး အငေါ်တူးလိုက်သည်။

“စမယ်” ဟောင်ချီဂိုဏ်းအကြီးအကဲ တစ်ယောက်သည် ဒိုင်လူကြီးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်သည်။

သူ ပြောပြီးပြီးချင်းမှာပဲ စွန်းရီသည် ခြေလှမ်းကျဲကြီးများဖြင့် လီဖေးရှိရာဆီသို့ လှမ်းတက်လာသည်။ ပြီးနောက် သူ၏ သန်မာအားကောင်းလှသော လက်များကို အသုံးပြု၍ လီဖေးကို ချုပ်နှောင်ရန် ကြိုးစားလိုက်၏။

လီဖေးသည် ခြေဖျားထောက်ကာ ယုန်တစ်ကောင်ကဲ့သို့ ခုန်ရှောင်လိုက်သည်။ ပြီးနောက် စွန်းရီ၏ နောက်ကျောဘက်ဆီ ကိုယ်ကို လှည့်၍ ပေါက်ကွဲလက်သီး နည်းစနစ်ကို ထုတ်ဖော်လိုက်တော့သည်။

“ဖောင်း …”

စွန်းရီ သည် မြန်မြန်ဆန်ဆန်ပဲ နောက်သို့ ဆုတ်လိုက်သည်။ ပြီးနောက် လှည့်ကာ လီဖေး၏ လက်သီးအား ဖမ်းဆုပ်လိုက်၏။

“ဟောင်ချီဂိုဏ်းတပည့်ရဲ့ ခန္ဓာကိုယ်က တော်တော် အားကောင်းတာပဲ။ သံမဏိအရိုးဂိုဏ်း တပည့်ကတော့ လက်သီးကို ဖမ်းချုပ်ခံလိုက်ရပြီ။ သူ လွတ်တော့မှာ မဟုတ်ဘူး။ နောက်ဆက်တွဲတွေ လာတော့မယ်။ အချုပ်ခံထားရတဲ့ လက်တစ်ခုလုံး ကြေမွသွားတာမျိုး ဖြစ်နိုင်တယ်။”

စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်က မှတ်ချက်ပေးလိုက်သည်။

သို့ပေမဲ့ စွန်းရီ သည် လီဖေး၏ လက်သီးအား ဖမ်းဆုပ်ကာ အားစိုက်၍ ချေလိုက်ချိန်မှာတော့ မည်သည့်အရိုး ကျိုးသံကိုမှ မကြားရချေ။

ဒါက ….

အားလုံး ဆွံ့အသွားကြသည်။

ဟောင်ချီဂိုဏ်း တပည့်သည် သိုင်းတပည့် အဆင့်ရှစ် ကျင့်ကြံံသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏ လက်တွင် ပါဝင်သော အားအင်သည် ကြီးမားလွန်းနေလိမ့်မည်။ အစစ်အမှန် ဆိုလျှင် မိမိထက် အဆင့်နိမ့်သော ကျင့်ကြံသူတစ်ယောက်၏ လက်သီးအား မျက်စိမှိတ်၍ ဖိချေလျင်ပင် ရနိုင်သည်။

လီဖေး ပြောလိုက်သည် “ဒါ အားအကုန်ပဲလား”

ဤကောင်လေး ပြောင်နိုင်တုန်းလား။

ကျင့်ကြံသူတော်တော်များများသည် တူညီသော အတွေးကို တွေးမိလိုက်ကြသည်။ ဤ သံမဏိအရိုးဂိုဏ်းတပည့်၏ ခန္ဓာကိုယ်အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အားကောင်းနေတာပင် ဖြစ်ရမည်။ မဟုတ်လျှင် ဤမျှ တည်ငြိမ်မနေနိုင်ပေ။

“သေစမ်း …”

စွန်းရီသည် ဒေါသတကြီးနှင့် သူ၏ လက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထပ်မံ ထည့်သွင်းလိုက်သည်။ သူ၏ လက်ငါးချောင်းသည် အဆုံးစွန်သော အားအင်တွေကို ထုတ်ဖော်နေပြီ ဖြစ်သည်။ သို့ပေမဲ့ ဘာတစ်ခုမှတော့ မထူးခြားလာချေ။ သူ့အနေဖြင့် သံချောင်းကြီးတစ်ခုအား ဖြစ်ညှစ်မိနေသလို ခံစားနေရ၏။

ဝှစ် …။

လီဖေးသည် လေထဲသို့ အသာ လှည့်၍ သူ၏ ညာခြေထောက်ကို အလျားလိုက် မြှောက်လိုက်သည်။

ဤခြေထောက်သည် ရီရှင်းချန် နှင့် တခြားသော ဂိုဏ်းသားသစ်များကိုသာမက ဂိုဏ်းချုပ်ဖြစ်သော ကျွင်းချောင်ရှောင်းကိုပင် ဘောလုံးနှင့် ကန်ခဲ့သော ခြေထောက်ဖြစ်၏။ ရွှေခြေထောက်ဟုပင် သူ့ဘာသာ အမည်ပေးထားသေး၏။

ဘန်း …။

သူ၏ ညာခြေထောက်တွင် ခန္ဓာကိုယ်အားအင်အပြင် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်သွားသည်။ ထိုခြေထောက်သည် စွန်းရီ၏ မျက်နှာပေါ်သို့ တည့်တည့်ပင် ကျရောက်သွားတော့သည်။ … ထို့အပြင် ကန်ချက်မှာ တစ်ချက်တည်းမဟုတ်ပေ။

ဘန်း .. ဘန်း…ဘန်း… ဘန်း ..။

လီဖေးသည် လက်ကို ဖမ်းကိုင်ခံထားရချိန်မှာပဲ ကိုယ်လို လေထဲတွင် လှည့်၍ တစ်လက်စတည်း ကန်ချက် ငါးချက်ကို ထုတ်ဖော်ခဲ့သည်။

“ကောင်းတယ်” ကျွင်းချောင်ရှောင်း အားပေးလိုက်သည်။

စွန်းရီထံမှ ချုပ်ကိုင်မှု လွတ်မြောက်သွားချိန်မှာတော့ သူသည် လေထဲသို့ ထပ်ကုန်၍ ဘယ်ညာ ခြေနှစ်ဖက် တို့ဖြင့် အပြင်းအထန် ကန်ကျောက်တော့၏။

“သံမဏိအရိုး … အရိပ်မဲ့ကန်ချက် …”

ဘန်း …ဘန်း…ဘန်း ..။

စွန်းရီသည် အနောက်သို့ တဆက်တည်း ဆုတ်နေရသည်။ သူ၏ မျက်နှာပေါ်တွင် ခြေရာတွေ အပြည့်နှင့် ဖြစ်နေသည်။

နောက်ဆုံးမှာတော့ စင်မြင့်၏ အစပ်ဆီမှ ပြုတ်ကျ၍ သွေးတွေပင် ပွက်ပွက်အန်သွားတော့၏။

ဘုန်း ..။

ဟောင်ချီဂိုဏ်းတပည့်သည် မြေပေါ်သို့ ခွေးကျကျလေသည်။ တိုက်ခိုက်ချက် အနည်းငယ်အတွင်းမှာပဲ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

ဝှစ် ..။

လီဖေးသည် နောက်ကျွမ်းပစ်၍ ရေွှကြက်ဖကြီး အစာကောက်သည့် ဟန်ပန်မျိုး ပြုလုပ်ကာ ပြောလိုက်သည် “အနိုင်ပေးတဲ့အတွက် ကျေးဇူးပါပဲ”

“ကောင်းတယ်ဟေ့”

စုရှောင်မို စိတ်လှုပ်တရှားဖြင့် ထအော်လိုက်သည်။

လီချင်းယန်နှင့် ရှောင်ကျီ တို့သည်လည်း ပြုံးလိုက်မိကြ၏။

“တိုက်ရိုက်တပည့်ဟုတ်လား။ အမှိုက်ကောင်ပဲ” ရီရှင်းချန်သည် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

များပြားလှသော အကြီးအကဲများနှင့် ကလန်ခေါင်းဆောင်များသည် မျက်လုံးအပြူးသားဖြင့် ဖြစ်သွားကြ၏။

လက်သီးအား ချုပ်ကိုင်ခံထားရသော လီဖေးသည် စွန်းရီအား သွေးပွက်ပွက်အန်အောင် ကန်ထုတ်ခဲ့သည်။ မယုံနိုင်စရာပင်။

ထုတ်လွှတ်လိုက်သော အော်ရာများအရဆိုလျှင် လီဖေးသည် သိုင်းတပည့် အဆင့်ငါး ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည်။ အဘယ့်ကြောင့် ဤမျှ အားကောင်းလှသော ကန်ချက်ကို ထုတ်ဖော်နေ နိုင်သနည်း။

သံမဏိအရိပ်မဲ့ကန်ချက်ဆိုသည့် သိုင်းကွက်ကြောင့်လား။

မည်သို့သောအဆင့် သိုင်းကွက်မျိုး ဖြစ်သနည်း။ သူတို့တစ်ခါမှ မကြားဖူးချေ။ သံမဏိအရိုးဂိုဏ်း၏ အထူး သိုင်းကွက် တစ်ခုခု ဖြစ်နေနိုင်၏။

ကြည့်ရှုနေကြသော ကျင့်ကြံသူများ အမျိုးမျိုး သုံးသပ်နေကြသည် ဆိုပေမဲ့ တကယ်တန်းမှာတော့ လီဖေးသည် ပါးစပ်ထဲတွေ့ရာ အော်ခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်ချင်၏ မျက်နှာတစ်ခုလုံးသည် သုန်မှုန်သွားသည်။

သူ၏ တပည့်၏ ဤကဲ့သို့သော ပုံစံမျိုးနှင့် ရှုံးနိမ့်ခဲ့ရ၏။ ထို့အပြင် သိုင်းတပည့်အဆင့်ငါး ကျင့်ကြံသူတစ်ယောက်အား ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သူ ထိုအရာကို လက်မခံချင်ပေ။

တူညီစွာပဲ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ အကြီးအကဲများအားလုံး၏ မျက်နှာတွေသည်လည်း ပျက်ရွင်းသွားကြသည်။ သူတို့အနေဖြင့် ပြောင်ရန်၊ လှောင်ရန်ပြင်ဆင်ထားကြသည် မဟုတ်လား။ ရလဒ်မှာ သူတို့တွေးထင်ထားသည်နှင့် လုံးလုံး ကွာခြားချက်ရှိနေ၏။

ဝမ်တုံလင် ခေါင်းညိတ်ကာ ချီးကျူးလိုက်သည် “ဒီတပည့်က သိုင်းတပည့် အဆင့်ငါး ဆိုပေမဲ့ တော်တော် အားကောင်းတာပဲ။ မျိုးစေ့ကောင်းလေးလို့ သတ်မှတ်ရမယ်”

အိုက်ရှန်းရီ စိတ်ထဲမှ ကြိတ်ကာ တွေးနေမိသည်။ သံမဏိအရိုးဂိုဏ်းတပည့်သည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးကြောင့် ဤမျှအားကောင်းနေတာ ဖြစ်နိုင်၏။ သာမာန်အဆိုလျှင် သိုင်းတပည့် အဆင့်ငါး ကျင့်ကြံသူတစ်ယောက်အနေဖြင့် သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်ကို မည်သို့မှ အနိုင်မယူနိုင်ချေ။

ပထမတစ်ပွဲ အနိုင်ယူပြီးနောက် ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ခေါင်းဆောင်ချင် .. တောင်းပန်ပါတယ်။ ပထမတစ်ပွဲတော့ ကျုပ်တို့ ကံကောင်းလို့ နိုင်သွားခဲ့ပြီ”

“ဟမ့်”

ချင်ဟောင်ရန် နှာခေါင်းရှုံ့လိုက်သည်။ ပြီးနောက် သတိလစ် မေ့မျောနေသော စွန်းရီ ကို ခေါ်ဆောင်သွားရန် အမူအရာ ပြလိုက်၏။

“ဒီတစ်ခေါက် ဂိုဏ်းချုပ် ကျွင်းကပဲ ဦးဆောင်ပြီး တပည့်ကို ပွဲထုတ်ပါ”

ပထမ တစ်ပွဲရှုံးနိမ့်တော့လည်း ဘာဖြစ်သနည်း။ သူတို့နောက်တစ်ပွဲတွင် အနိုင်ယူနိုင်မည် ဆိုပါက သရေပွဲအဖြစ် ဖန်တီးနိုင်သေးသည်။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်သည်။ ပြီးနောက် “ထျန်းချီ သွား …”

“ဟုတ်ကဲ့”

ထျန်းချီ သည် ရှေ့သို့ လှမ်းတက်သွား၏။

သူသည် ချင်းယန်နိုင်ငံ သိုင်းပြိုင်ပွဲတွင်လည်း ပါဝင်ခဲ့ဖူးသောကြောင့် သူ၏ စိတ်အခြေအနေသည် လီဖေးကဲ့သို့ မဟုတ်ဘဲ တည်ငြိမ်နေသည်။

ဤတစ်ကြိမ်မှာတော့ ချင်ဟောင်ရန်သည် သိုင်းတပည့်အဆင့်ရှစ် တပည့်အား မလွှတ်တော့ဘဲ သိုင်းတပည့် အဆင့်ကိုး တပည့်အား တိုက်ရိုက်ပွဲထုတ်တော့သည်။ သူ့အနေနှင့် ဒုတိယတစ်ပွဲကို အနိုင်တိုက်နိုင်မှ ဖြစ်လိမ့်မည်။

“မဟာမိတ်ခေါင်းဆောင်ချင် က အဆင့်ရှစ် တပည့်ကိုတောင် ပွဲမထုတ်တော့ဘူးပဲ”

“သူတို့ဆီမှာ အရည်အချင်းရှိတဲ့ တပည့်တွေပေါတယ်လေ။ ပြီးတော့ တိုက်ပွဲက ခုနှစ်ပွဲထဲ မဟုတ်လား။ ဘယ်သူ့ကို ပွဲထုတ်ထုတ် ပြဿနာမရှိဘူး”

“ခုန က လီဖေးလို့ ခေါ်တဲ့ တပည့်ရဲ့အားအင်ကတော့ မဆိုးဘူး။ ဒါပေမဲ့ သံမဏိအရိုးဂိုဏ်း တပည့်အားလုံး ဒီလို အားကောင်းနေမယ်လို့ မထင်ဘူး။”

ထိုသို့ဆွေးနွေးနေသည်ကို ကြားတော့ လီဖေးသည် ကြိတ်ကာ ရေရွတ်လိုက်မိ၏။ ဂိုဏ်းထဲမှာ ကျုပ်က အားအနည်းဆုံးပဲ။ ကျုပ်က ခြေထောက်ကိုပဲ အားကိုးနေရတာ။

All Chapters