ရန်ယွင်၏ အစီအစဉ်
Vol. 013 Ch. 1231
ကောင်းကင်အထက် မြင့်မားသည့် နေရာတွင် ကြီးမားသည့် ပန်းချီတစ်ချပ်ကို မြင်ရကာ များပြားလှသည့် ရှန့်ထိုများသည် ပန်းချီကားအတွင်းသို့ ဖမ်းယူခံခဲ့ရသည်။ သံသယကင်းစင်ခြင်း အဆင့်ရှန့်ထိုပင်လျှင် မလွတ်မြောက်ခဲ့ပေ။
ထိုတော်ဝင် အနွယ်တော်ဖြစ်သည့် သံသယကင်းစင်ခြင်း အဆင့်မှ ရှန့်ထိုသည် ပန်းချီကားချပ် အတွင်းတွင် ကြမ်းတမ်း ရက်စက်စွာ တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ပန်းချီကားသည် သူ၏ တိုက်ခိုက်မှုအားလုံးကို အလိုလို ချေဖျက်ခဲ့သည်။ ပန်းချီကားချပ်သည် လောကရှိ မဟာလမ်းစဉ်၏ စွမ်းအားများနှင့် ပေါင်းစပ်သွားသည်။ နတ်ဘုရား ခန္ဓာကိုယ်များကို ပန်းချီကားချပ်အတွင်း မြင်တွေ့နိုင်ပြီး ကောင်းကင်နှင့် မြေကြီးသည်လည်း ထိုအတွင်း၌ ရွေ့လျားနေသည်။ ပန်းချီအတွင်းတွင် ဝင်္ကပါများလည်း ရှိနေကာ ၎င်းသည် ပန်းချီကားကို အမှန်တကယ် မဟာလမ်းစဉ်၏ စွမ်းအားများနှင့် ပေါင်းစပ်သွားစေရန် လုပ်ဆောင်နေသည်။
“အဲဒီတော့ ဒါက နန်ကျိုင်းရဲ့ သက်စောင့်ဝိညာဉ်ပေါ့” မရေတွက်နိုင်သည့် လူများက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ တော်ဝင်အနွယ်တော်များ ပန်းချီကားအတွင်းသို့ တဖြည်းဖြည်း စုပ်ယူခံလိုက်ရသည်ကို သူတို့ မျက်မြင်တွေ့ရှိခဲ့ပြီး တုန်လှုပ်ဖွယ် ကောင်းသည်ဟု ခံစားခဲ့ကြရသည်။
သူတို့သည် နန်းတွင်းအကြံပေး၏ ဒုတိယတပည့် နန်ကျိုင်း၏ စွမ်းအားက တတိယတပည့် မုချွန်းယန်ထက် နိမ့်ကျ၍ မသန်မာဟု ထင်မြင်ခဲ့ကြသည်။ နန်ကျိုင်းသည် တာလီကျောင်းတော်၌ ပညာသင်ကြားပို့ချစဉ်ကပင် သူသည် လွတ်လပ်၍ အပူအပင်ကင်းမဲ့သော ပုံစံမျိုးရှိပေသည်။ သူသည် အလွန် ဗဟုသုတ များပြား၍ ကျင့်ကြံခြင်းနှင့် ပတ်သက်ပြီး မတူကွဲပြားသော အမြင်များ ရှိကြောင်း လူတိုင်း သိကြသည်။
သို့သော်လည်း မည်သူကမှ နန်ကျိုင်း၏ အစစ်အမှန် စွမ်းအားမှာ ဤသို့ကြီးမားမည်ဟု မထင်မှတ်ခဲ့ကြပေ။
သူသည် မဟာလမ်းစဉ်၏ စွမ်းအားများကို ပန်းချီပညာလမ်းစဉ်နှင့် ပေါင်းစပ်ခဲ့ပြီး လောကကြီးကို သူ့လက်အဖြစ်သုံး၍ ပန်းချီကားချပ်ကို ထည်ဝါစေခဲ့သည်။
ထိုအချိန်တွင် အခြား တိုက်ပွဲတွင် ရန်ယွင်သည် ဆက်လက်၍ သူ့အစွမ်းရှိသမျှ လမ်းရှင်းနေသည်။ သူသည် ရှေ့သို့ ဆက်လျှောက်နေ၏။ မည်သူကမှ သူ့လမ်းကြောင်းအတွင်း ရပ်နေရန် မဖြစ်နိုင်ပေ။ မုချွန်းယန်က သူ့နောက်မှ နီးကပ်စွာ လိုက်ပါနေသည်။ နန်ကျိုင်း၏ ကြီးမားသည့် ပန်းချီကားကြီးက ကောင်းကင်တွင် ပဉ္စလက်ဆန်စွာ ပျံသန်းနေပြီး အဝေးသို့ ဦးတည်နေသည်။
လေထုထဲမှ အမြင့်နေရာတွင် သူတို့၏ လမ်းကြောင်းအတွင်း မည်သည့် ရှန့်ထိုမှ နေနိုင်ခြင်းမရှိဘဲ မတတ်သာစွာ ဘေးဘက်သို့ ပြန်ဆုတ်ခွာကြကာ လမ်းကြောင်း ဖွင့်ပေးလိုက်ရသည်။ သူတို့သည် အလွန်ကို တုန်လှုပ်၍ ထိတ်လန့် အံ့သြနေကြပြီး နန်းတွင်းအကြံပေး၏ တပည့်များနှင့် ရင်မဆိုင်ရဲကြတော့ပေ။
ကြည့်ရသည်မှာ ထိုတပည့်များ၏ လမ်း၌ ပြန်လည်မွေးဖွားခြင်း အဆင့်မှ လွဲ၍ အခြ မည်သူမှ ပိတ်မနေရဲတော့သကဲ့သို့ ထင်မှတ်ရသည်။
သို့သော်လည်း တာလီပြည်ထောင် နန်းမြို့တော်ရှိ ပြန်လည်မွေးဖွားခြင်း အဆင့်များမှာ အင်ပါယာရှား ခေါ်ဆောင်လာခဲ့သည့် လူများနှင့် အလုပ်ရှုပ်နေကြပေသည်။ အခြား ပြန်လည်မွေးဖွားခြင်းအဆင့် တချို့ ရှိသော်လည်း သူတို့သည် တာလီနန်းမြို့တော်မှ မဟုတ်ချေ။
နန်းတွင်းအကြံပေးသာ ဤကဲ့သို့ ပုံစံဖြင့် ရှင်းပစ်မခံရပါက တာလီပြည်ထောင်ရှိ ရှန့်ထိုများတွင် သူသည် အထွတ်အထိပ်ပင် ဖြစ်လိမ့်မည်ဟု လူအများသည် ထိတ်လန့် အံ့သြစွာဖြင့် တွေးမိကြသည်။
သို့သော်လည်း သူသည် အခုချိန်၌ အကျဉ်းချခံထားရပြီး ထိုအခြေအနေမှာ နှမြောစရာ ကောင်းသည်ဟု လူအများက တွေးမိခဲ့ကြသည်။
ရန်ယွင်နှင့် အခြားလူများသည် သူတို့၏ လမ်းကြောင်း၌ ပိတ်ရဲသူများကို ရှင်းပစ်နေပြီး ကောင်းကင်သို့ ဦးတည်သွားကြသည်။ သူတို့၏ ပုံရိပ်များသည် မြင်ကွင်းမှ တဖြည်းဖြည်း ဝေးကွာသွားပြီး လူတိုင်း၏ မျက်လုံးများ ရှေ့မှ ပျောက်ကွယ် သွားတော့သည်။
လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်၍ နားလည် သွားကြသည်မှာ နန်းတွင်းအကြံပေး အိမ်တော်မှ လူများသည် အမှန်တကယ်ပင် သူတို့၏ စိတ်ကို ဆုံးဖြတ်ကာ တာလီပြည်ထောင်မှ ထွက်ခွာသွားလိုကြခြင်း ဖြစ်ပေသည်။
သူတို့သည် ထွက်ခွာသွားပြီးနောက် တာလီ နန်းတွင်းအကြံပေး အိမ်တော်မှ လူများ မဟုတ်ကြတော့ပေ။
ရန်ယွင်နှင့် အခြားလူများသည် ကောင်းကင်ကို ဆက်လက် ဖြတ်သန်းသွားကာ မည်သည့် အစအနမှ မကျန်ခဲ့ဘဲ ပျောက်ကွယ် သွားတော့သည်။
သို့သော်လည်း တာလီနန်းမြို့တော်မှ ပြန်လည်မွေးဖွားခြင်း အဆင့်များ၏ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်၏။ တိုက်ပွဲတစ်ခု ချင်းစီတိုင်းသည် သူတို့၏ ဝန်းကျင်ကို တုန်ခါစေပြီး အံ့သြထိတ်လန့်မှုကို ပေးစွမ်းသည်။
ထို့အပြင် တိုက်ပွဲသည် အချိန်တစ်ခု ကြာသည်အထိ ဆက်လက် ဖြစ်ပွားနေပြီး သန်မာသည့် တန်ခိုးရှင်နှင့် အားနည်းသည့် တန်ခိုးရှင်များ ပါဝင်သော်လည်း မည်သူကမှ ပြိုင်ဘက်ကို သတ်ဖြတ်နိုင်စွမ်း မရှိကြပေ။ နှစ်ဖက်လုံး၏ တိုက်ခိုက်သူများမှာ ထိပ်တန်း ပုဂ္ဂိုလ်များပင် ဖြစ်ကြ၏။ သူတို့သည် ကွာခြားချက်များ ရှိနေကြသော်လည်း တစ်ဖက်ရန်သူကို သတ်နိုင်လောက်သည်အထိ ကြီးမားသော ကွဲပြား ခြားနားချက်များတော့ ရှိမနေပေ။
သာဓကအနေနှင့် လီဟန်ဓားသမားသည် ကောင်းခေါင်ထက် ပို၍ သိသိသာသာ စွမ်းအား မြင့်မားသော်လည်း ကောင်းခေါင်သည် အလွန်ပင် ခံနိုင်ရည် မြင့်မားလှကာ ဒဏ်ရာ အများအပြား ရရှိထားလျက်ပင် ဆက်၍ တိုက်ခိုက်နိုင်သေးသည်။ ထိုကဲ့သို့သော အဆင့်မှ လူများအတွက် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားပင် ဖြစ်၏။
အင်ပါယာရှားနှင့် အင်ပါယာလီ နှစ်ယောက်လုံးသည်လည်း ယခုတိုင် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ အင်ပါယာရှားသည် အင်ပါယာလီကို အလုပ်ရှုပ်နေစေရန် ထိန်းသိမ်းထားပြီး နန်းတွင်းအကြံပေး အိမ်တော်မှ လူများ ထွက်ပြေးနိုင်ဖို့ရာ အခွင့်အရေးရရန် ရည်ရွယ်သည်ဟု တွေးထင်နိုင်ပေသည်။
သူသည် ရီဖူရှင်းကို တစ်ချိန်က ပြောဖူးသည်မှာ သူက တာလီပြည်ထောင်သို့ သွားပေးရန် ဆန္ဒရှိသော်လည်း နန်းတွင်းအကြံပေး အိမ်တော်မှ လူများ၏ ကံကြမ္မာသည် သူတို့ကိုယ်တိုင် ပေါ်တွင်သာ မူတည်၍ သူကတော့ အခြားဘာမှ မတတ်နိုင်ဟူ၍ ဖြစ်ပေသည်။
နောက်ဆုံးတော့ သူသည် နန်းတွင်းအကြံပေး အိမ်တော်မှ လူများအား ကိုယ်တိုင် ခေါ်ဆောင်မသွားနိုင်ပေ။
အကယ်၍ သူသာ ထိုကဲ့သို့ လုပ်ဆောင်ခဲ့လျှင် အင်ပါယာလီသည် အင်ပါယာရှားဘုံကို လာရောက်တိုက်ခိုက်၍ တစ်ချိန်တည်းမှာပင် သူတို့ကို ပြန်ခေါ်သွားပေလိမ့်မည်။
ထို့ကြောင့်ပင် သူသည် လူများ ခေါ်ဆောင်လာပြီး အင်ပါယာရှားဘုံကို အမြဲလိုလို ရန်စသည့်အတွက် အင်ပါယာရှားသည် အင်ပါယာလီကို သင်ခန်းစာပေးရန် အမည်ခံ၍ ရောက်လာကြခြင်း ဖြစ်သည်။ အင်ပါယာရှားသည် နန်းတွင်းအကြံပေး အိမ်တော်မှ လူများ အကြောင်းကို အနည်းငယ်မျှပင် မပြောခဲ့ဘဲ သူတို့သည် အင်ပါယာရှား ရောက်လာရသည့် ရည်ရွယ်ချက်နှင့် မဆိုင်သကဲ့သို့ပင် ရှိနေသည်။
တိုက်ပွဲများသည် ပြင်းထန်သထက် ပြင်းထန်လာသည်။ အင်ပါယာရှားနှင့် အင်ပါယာလီသည် အင်ပါယာလီ၏ နန်းတော်အတွင်း တစ်ဖန်ပြန်လည် ပေါ်ထွက်လာသည်။ ရီဖူရှင်းသည် အင်ပါယာရှား၏ နောက်တွင် ရှိနေသည်။
အင်ပါယာလီသည် မြို့ထဲသို့ သူ၏ စွမ်းအားဖြင့် စစ်ဆေးပြီးသည့်အခါ သူ့အမူအရာက အေးစက်သထက် အေးစက်သွားပေသည်။ တစ်ချိန်တည်းမှာပင် အင်ပါယာရှားက ပြောလိုက်သည်… “အင်ပါယာရှားဘုံကို ပြန်ကြမယ်”
မှော်ဆရာနှင့် အခြားပြန်လည်မွေးဖွားခြင်း အဆင့်များသည် အမိန့်ရပြီးပြီးချင်း ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ဘဲ ပြန်လည် ဆုတ်ခွာသွားကြသည်။
သူတို့၏ ပြိုင်ဘက်များသည် သူတို့ကို တားဆီးရန် ကြိုးစားသော်လည်း အင်ပါယာရှားက ပြောသည်… “သူတို့ကို သွားခွင့်ပေးလိုက်”
“အင်ပါယာလီ၊ ခင်ဗျားက ဒီနှစ်တွေမှာ အင်ပါယာလီဘုံရဲ့ အင်အားကို စမ်းသပ်ချင်နေတယ် ဆိုတာ ကျုပ် သိတယ်။ ဒါပေမဲ့ ခင်ဗျားက အင်ပါယာရှားဘုံကို သိမ်းဖို့ စဉ်းစားနေတယ်ဆိုရင် တာလီက အဲဒီလို လုပ်ဖို့အတွက် စွမ်းအားပြည့်ဖို့ အဝေးကြီးလိုသေးတယ်။ ခင်ဗျားက ကျုပ်တို့နဲ့ စစ်ဖြစ်ချင်တယ်ဆိုလည်း ကိစ္စမရှိပါဘူး။ ကျုပ် အင်ပါယာရှားနန်းတော်ကို ပြန်ပြီး စောင့်နေမယ်”
အင်ပါယာရှားက ရှင်းလင်းစွာ ပြောသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ပျံသန်းသည်။ မှော်ဆရာ၊ လီဟန်ဓားသမားနှင့် အခြားလူများသည်လည်း သူ့အနားသို့ ရောက်လာပြီး ထွက်ခွာရန် အသင့်ပြင်သည်။
လျှပ်တစ်ပြက်အတွင်းပင် အင်ပါယာရှားသည် သူ့လူများကို အဝေးသို ခေါ်ဆောင်သွားသည်။ သူ့အနောက်မှ ရီဖူရှင်းသည် အောက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး နန်းတွင်းအကြံပေး ဘယ်မှာရှိနေသလဲ ရှာဖွေလိုသည်။
သို့သော်လည်း သူတို့သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး ကောင်းကင်တစ်နေရာတွင် ပေါ်ထွက်လာသည်။
“နန်းတွင်းအကြံပေး အိမ်တော်က လူတွေက အခု လုံခြုံသွားပြီ။ ဒါပေမဲ့ နန်းတွင်း အကြံပေးကတော့ သေဒဏ်ကျခံဖို့ ဆန္ဒရှိနေပြီးတော့ သူ့လူတွေရဲ့ လုံခြုံမှုကို သူ့အသက်နဲ့ လဲလှယ်ဖို့ ကြိုးစားခဲ့တယ်။ သူက ထွက်သွားချင်ရင်တောင် အင်ပါယာလီက သူ့ကို ဘယ်တော့မှ ခွင့်မပြုမှာကို သူ နားလည်တယ်လို့ ငါ ယူဆတယ်။ အဲဒါကြောင့် သူ့ရဲ့ ကျင့်ကြံမှုတွေကို သူကိုယ်တိုင် ဖျက်ဆီးပြီး အကျဉ်းချခံဖို့ ဆန္ဒရှိခဲ့တာပဲ” အင်ပါယာရှားက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
ရီဖူရှင်းသည် စကားပင် မပြောနိုင်ပေ။ သူလည်း နန်းတွင်းအကြံပေး ထွက်ပြေး လွတ်မြောက်နိုင်ဖို့ရာ လမ်းမရှိသည်ကို သိပေသည်။
သို့သော်လည်း သူ့ဆရာက ကျင့်ကြံခြင်းများအား ဆုံရှုံးသွားပြီး ထောင်သွင်း အကျဉ်းချခံရလျှင်ပင် သူ့ဆရာ အသက်ရှင်လျက် ရှိနေရန် မျှော်လင့်မိပေသည်။
ထိုသည်က ခက်ခဲလှသော်လည်း မျှော်လင့်နေမိသေး၏။
တော်ဝင်နန်းတော်၌ ရှိနေသည့် အင်ပါယာလီ၏ အမူအရာမှာ သူတို့ ထွက်သွားပြီးနောက်၌ ပို၍ပင် မှောင်မိုက်လာသည်။ သူသည် ရန်ယွင်နှင့် အခြားလူများကို မတားဆီးလိုက်နိုင်ပေ။ သူသည် ဖြည်းဖြည်းချင်း တစ်နေရာသို့ လျှောက်လာနေသည်။
ထိုနေရာသည် မဟာလမ်းစဉ်ဖြင့် ဖိနှိပ်ထားသည့် ရွှေရောင် အကျဉ်းထောင်ကြီး ဖြစ်ပေသည်။ နန်းတွင်းအကြံပေးသည် ထိုအထဲတွင် အကျဉ်းချခြင်းကို ခံထားရပေသည်။ မဟာလမ်းစဉ် အကျဉ်းထောင်အတွင်းမှ အလင်းသံကြိုးကွင်းများသည် သူ့ကို ရစ်ပတ် ချုပ်နှောင်ထားပေသည်။
နန်းတွင်းအကြံပေးသည် အတိတ်က သူ၏ တောက်ပသည့် ပုံရိပ်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူ့အရှိန်အဝါမှာ အားနည်းနေပုံပေါ်သည်။ သူ့ကို ကြည့်ရသည်မှာ ပုံမှန်မဟုတ်စွာ ညိုးရော်နေပြီး သာမန် လူအိုကြီးများထက်ပင် အိုမင်းနေသည်။
“အရှင်မင်းကြီး” နန်းတွင်းအကြံပေးသည် သူ့ ဦးခေါင်းကို ပင့်မသည်။ အင်ပါယာကို မော့ကြည့်လိုက်သည့် သူ့မျက်လုံး အရောင်မှာ မှိန်ဖျော့နေသည်။
အင်ပါယာကလည်း သူ့ကို ကြည့်နေပြီး ထိုနေရာ၌ တိတ်တဆိတ် ရပ်နေကာ မည်သည့် စကားမှ မဆိုပေ။
ကောင်းကင်မှ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာသည်။ ၎င်းတို့သည် ဘုရင်ထန်တောက်၊ မင်းသားကြီးနှင့် အခြားလူများ ဖြစ်သည်။ သူတို့သည် ဦးညွှတ်လိုက်ပြီး နေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ နန်းတွင်းအကြံပေး အိမ်တော်မှ လူများသည် သူတို့ မျက်စိရှေ့တွင် မြို့ထဲမှ ထွက်ပြေး လွတ်မြောက် သွားတာကြောင့် သူတို့တွင် အပြစ်ရှိပေသည်။
“ပြန်လည်မွေးဖွားခြင်းအဆင့် လေးယောက်က တစ်ရက်တည်းမှာပဲ တာလီကနေ ပျောက်ဆုံးသွားခဲ့တယ်” အင်ပါယာလီက နန်းတွင်းအကြံပေးကို ကြည့်ကာ ဆက်ပြောသည်… “ဒီလောက်ထိတောင် ပေးဆပ်ပြီးတော့ သူ့ကို လွှတ်ပေးလိုက်ဖို့ ဘာကြောင့် ဆန္ဒရှိရတာလဲ ကျုပ် နားမလည်နိုင်ဘူး။ အဲဒါကြောင့် ခင်ဗျားဆီက အမှန်အတိုင်း သိချင်တယ်”
အဆုံးတွင်တော့ နန်းတွင်းအကြံပေးသည် တာလီမှ ရှန့်ထိုများတွင် အထွတ်အထိပ် ဖြစ်ပေသည်။
ရန်ယွင်သည် ပြန်လည်မွေးဖွားခြင်းအဆင့် ဖြစ်လာခဲ့သည်။
နန်ကျိုင်းသည်လည်း သူမတူသော စွမ်းအားများကို ပြသခဲ့ပြီး မုချွန်းယန်တွင် အလွန်ရှိန်လောက်သည့် အစွမ်းအစ ရှိပေသည်။ သူတို့အားလုံးသည် အနှေးနှင့်အမြန် ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်လာကြမည် ဖြစ်၏။
ထို့ကြောင့်ပင် အင်ပါယာလီက တစ်နေ့တည်းတွင် ပြန်လည်မွေးဖွားခြင်းအဆင့် လေးယောက် ပျောက်ဆုံး သွားခဲ့သည်ဟု ဆိုခြင်း ဖြစ်သည်။
အင်ပါယာလီသည် အခုထိ ပဟေဠိဖြစ်နေဆဲ ဖြစ်ကာ နန်းတွင်းအကြံပေးကို မေး၍ အဖြေကို လိုချင်နေသည်။
နန်းတွင်းအကြံပေးသည် အင်ပါယာလီကို မော့ကြည့်သည်။ သူ၏ မှုန်မှိုင်းသော မျက်လုံးများထဲတွင် အပြုံးတစ်စရှိနေပြီး သူက ပြောသည်… “အရှင်မင်းကြီး၊ ကျုပ်ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ အရှင်မင်းကြီး နားလည်လာနိုင်တဲ့နေ့ ရှိလာပါလိမ့်မယ်”
အင်ပါယာသည် နန်းတွင်းအကြံပေးကို နောက်တစ်ခါ ထပ်ကြည့် လိုက်ပြီးနောက် ထွက်ခွာသွားလေသည်။ မင်းသားကြီးနှင့် အခြားလူများသည် ဦးညွှတ်ကာ ရပ်နေပြီး မည်သည့်စကားမှ မပြောခဲ့ပေ။
သူတို့သည် နန်းတွင်းအကြံပေးကို ယနေ့တွင် ဖမ်းဆီးထား နိုင်ခဲ့သော်လည်း အမှန်တွင်တော့ ကြောက်မက်ဖွယ် ဆုံးရှုံးမှုကို ခံစားခဲ့ကြရသည်။ အင်ပါယာရှားက တန်ခိုးရှင်များကို ခေါ်ဆောင်၍ တာလီနန်းမြို့တော်သို့ ရောက်ရှိလာမည်ဟု မည်သူမှ မတွေးထင်မိခဲ့ကြချေ။
အင်ပါယာလီ ထွက်ခွာသွားပြီးနောက်၌ မင်းသားကြီးသည် နန်းတွင်းအကြံပေးကို တစ်ချက်ကြည့်သည်။ သူသည်လည်း အင်ပါယာကဲ့သို့ပင် ဝေခွဲမရ ဖြစ်နေလေသည်။
တစ်ချိန်က အလွန်ပင် ထူးချွန်ကာ နာမည်ကျော်ကြားပြီး တာလီပြည်ထောင်တွင် သူ့အထက်၌ အင်ပါယာတစ်ဦးသာ ရှိသော ဂုဏ်သရေ ကြီးမားလှသည့် ပုဂ္ဂိုလ်သည် ဤကဲ့သို့ အကျဉ်းထောင်အတွင်း အကျဉ်းချထားခြင်း ခံရပြီး အိပ်ရာထဲတွင် သေမည့်အချိန်ကို စောင့်ဆိုင်းနေရသည့် အဘိုးအိုထက်ပင် ပို၍ အိုစာနေသည်ကို ကြည့်ပြီး မင်းသားကြီးသည် အလွန် မခံမရပ်နိုင် ဖြစ်လာမိသည်။
“တကယ့်ကို ဘာကြောင့်များလဲ” မင်းသားကြီးက ထိုသို့ပြောလိုက်ပြီးနောက် လှည့်ထွက်ကာ ပြန်သွားတော့သည်။
***
ရီဖူရှင်းသည် အင်ပါယာနှင့်အတူ တော်ဝင်နန်းတော်သို့ ပြန်ရောက်ပြီး ကတည်းက အင်ပါယာရှားနန်းတော်တွင် စောင့်ဆိုင်းနေသည်။
ရန်ယွင်နှင့် အခြားလူများ နောက်ဆုံး၌ ရောက်ရှိလာ၏။
ရန်ယွင်သည် တော်ဝင်နန်းတော် အတွင်းမှ အင်ပါယာရှားကို ဂါရဝပြု နှုတ်ဆက်ရန် လာရောက်ခဲ့သည်။
ရီဖူရှင်းသည် သူ့ရှေ့၌ ရပ်နေသော ရန်ယွင်နှင့် အခြားလူများကို ကြည့်လိုက်ပြီး အပြစ်ရှိသော စိတ်ကို ခံစားနေရသည်။ သူ့မျက်လုံးများက ဖေးရွှီထံသို့ ရောက်ရှိသွားပြီး ဖေးရွှီသည်လည်း သူ့ကို မျက်နှာချင်းဆိုင် ကြည့်နေပေသည်။
“ဖေးရွှီ၊ ဆရာ့ကို ဒီလို အရှုပ်အထွေးထဲ ကျရောက်စေခဲ့တာ ငါပါ” ရီဖူရှင်းက ပြောသည်။
ဖေးရွှီက သူမ၏ ခေါင်းကို ခါယမ်းသည်။ ဖြစ်ပျက်ခဲ့သမျှအား သူမ သိရှိပြီးပြီ ဖြစ်သည်။ သူမ၏ အဖေကသာ ဤလမ်းကို လျှောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ရီဖူရှင်းသည် မင်းသားကို ဖမ်းထားခဲ့သော်လည်း သတ်ဖြတ်ရန် မရွေးချယ်ခဲ့ပေ။ သူသည် အင်ပါယာရှားဘုံမှ မင်းသား ရှားရုန်၏ အကွက်ဆင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။ ရီဖူရှင်းသည် လီယောင်ကို လွှတ်ပေးရန် ရည်ရွယ်ခဲ့သည်။ သူတို့ကြားက ရန်ငြိုးက နက်ရှိုင်းလှပြီး သူသည် မင်းသားကို ချန်းသာပေးရန် မလွယ်ကူလှသော်လည်း သူသည် သူမ၏ အဖေနှင့် အခြားလူများအတွက် ထည့်သွင်း စဉ်းစားပေးခဲ့သည်။
မည်သူကမှ ထိုအကြောင်းအရာကို လိုက်၍ မည်သည့်အကျိုးဆက် ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
“ရီဖူရှင်း၊ ငါတို့ ဆရာက ဒီဆုံးဖြတ်ချက်ကို ချခဲ့တယ်။ ပြီးတော့ သူက မင်းအပေါ်မှာ အများကြီး မျှော်လင့်ထားတယ်။ မင်း ဆရာ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်” ရန်ယွင်က ပြောသည်။
ရီဖူရှင်း ခေါင်းညိတ်သည်။ သူသည် ထိုသည်ကို စိတ်တွင်း စွဲမြဲ မှတ်သားထားရန် ဆုံးဖြတ်သည်။
“နောက်က လိုက်ခဲ့ကြပါ” ရှားရှင်းယွန်က သူတို့ထံသို့ ရောက်လာပြီး ပြောသည်။ ရန်ယွင်နှင့် အခြားလူများသည် သူမ၏ အနောက်မှ လိုက်ပါသွားကြပြီး အင်ပါယာရှားနန်းတော်၏ အမြင့်ပိုင်းသို့ ရောက်ရှိလာသည်။ အင်ပါယာရှားကို ထိုနေရာ၌ သူတို့ တွေ့လိုက်ကြရသည်။
“ကျုပ် ရန်ယွင်နဲ့ ညီအစ်ကိုမောင်နှမတွေက အရှင်မင်းမြတ်ကို ကျေးဇူးတင်ရှိပါတယ်” ရန်ယွင်နှင့် အခြားလူများက အင်ပါယာရှားကို ဦးညွှတ် လိုက်ကြသည်။
အင်ပါယာရှား၏ ထွက်ပေါ်လာမှုကြောင့် သူတို့ကို ကယ်တင်နိုင်ခဲ့သည်မှာ သံသယဖြစ်ရန် မလိုပေ။ မဟုတ်လျှင် သူတို့ ထွက်ပြေး လွတ်မြောက်နိုင်ရန် လမ်းစ မရှိချေ။
“ကျုပ်က မင်းတို့အတွက် တာလီကို သွားခဲ့တာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျုပ်ကို ကျေးဇူးတင်စရာ မလိုဘူး” အင်ပါယာရှားက ပြောသည်… “ဒီက ထွက်သွားပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားတာ ရှိလဲ။ တကယ်လို့ မင်းတို့သာ အင်ပါယာရှားဘုံမှာ နေခဲ့ဖို့ ဆန္ဒရှိရင် ကျုပ် စီစဉ်ပေးပါ့မယ်”
ရန်ယွင်သည် ခေါင်းကို ယမ်းကာ ပြောသည်… “အရှင်မင်းကြီး လုပ်ပေးခဲ့တာတွေအတွက် အရမ်း ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ဆရာက ဘယ်တော့မှ တာလီကို သစ္စာဖောက်မှာ မဟုတ်ပါဘူး။ တကယ်လို့ ကျုပ်တို့က အင်ပါယာရှားဘုံမှာ နေပြီး ကျင့်ကြံမယ်ဆိုရင် အဲဒါက ဆရာ့ သစ္စာဖောက်မှုရဲ့ သက်သေတစ်ခု ဖြစ်လာပါလိမ့်မယ်။ အရှင်မင်းမြတ်၊ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”
“ဒါပေါ့” အင်ပါယာရှားက ခေါင်းညိတ်ကာ မေးမြန်းသည်… “ဒါဆို အခု ဘာအစီအစဉ်ရှိလဲ”
“ကျုပ်တို့ သွေးနဂါးဘုံကို သွားဖို့ ရည်ရွယ်ထားပါတယ်။ ကျုပ်နဲ့ တခြားသူတွေက အခုချိန်မှာ အရှင်မင်းမြတ်ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါပေမဲ့ နောက်အနာဂတ်မှာ အရှင်မင်းမြတ် ကျုပ်တို့ကို လိုအပ်တာ ရှိလာခဲ့ရင် အကြွေးပြန်ပေးဆပ်ဖို့ လာခဲ့ပါ့မယ်” ရန်ယွင်သည် မမောက်မာသလို နှိမ့်ချခြင်းလည်း မရှိသည့် အမူအရာဖြင့် အင်ပါယာရှားကို ပြောလိုက်ကာ သူ၏ ရပ်တည်မှုကို ရှင်းလင်းစေရန် ပြုလုပ်ခဲ့သည်။
အကြီးဆုံးမင်းသား ရှားရုန်ကြောင့် နန်းတွင်းအကြံပေးက ဤကဲ့သို့ အမှုမျိုး ဖြစ်ပျက် ကြုံတွေ့ခဲ့ရလျှင်ပင် သူတို့ကို ကယ်တင်ခဲ့သည့် အင်ပါယာရှားကို ကျေးဇူးကြွေး ပြန်ဆပ်ရန် လုပ်ဆောင်ခဲ့သည်။
“နန်းတွင်းအကြံပေးက တကယ်ကို လေးစားဖို့ ထိုက်တန်တဲ့သူပါ။ အဲဒါကြောင့် သူ့တပည့်တွေကလည်း အနာဂတ်မှာ စိတ်ပျက်စရာ ဘာမှ ဖြစ်လိမ့်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်ပါတယ်။ ပြီးတော့လည်း တာလီခရီးစဉ်ကို တစ်ယောက်ယောက်က တောင်းဆိုလို့ လုပ်ပေးခဲ့တာမို့ မင်းတို့ ဘာမှ ပြန်ပေးဆပ်စရာ မလိုပါဘူး” အင်ပါယာရှားက ပြောသည်။
ရန်ယွင်နှင့် အခြားလူများသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့သည် ဘယ်သူက တောင်းဆိုပေးခဲ့သလဲ ဆိုသည်ကို သိရှိကြပေသည်။ သို့သော်လည်း သူတို့ ခုထိ အံ့သြနေကြသည်မှာ ရီဖူရှင်းသည် အင်ပါယာရှား ကိုယ်တိုင်ကိုပင် တာလီသို့ လာရောက်စေရန် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။
“ရှင်းယွန်၊ သူတို့ကို အာကာသခရီးသွား ဝင်္ကပါဆီ ခေါ်သွားပေးလိုက်ပါ” အင်ပါယာရှားသည် ရှားရှင်းယွန်ကို ပြောသည်။ သူသည် ရန်ယွင်နှင့် အခြားလူများကို လေးစားမိပြီး သူတို့သည် မည်သူ့အပေါ်မှ မှီခိုလိုခြင်း မရှိသည်ကို မြင်တွေ့သည်။ နန်းတွင်းအကြံပေးသည် တစ်လျှောက်လုံး ဂုဏ်သရေမြင့်မားစွာ နေထိုင်ခဲ့၏။ သူတို့သည် ဆရာဖြစ်သူ ပြစ်ဒဏ် ချမှတ်ခံရပြီးသည်နှင့် အင်ပါယာရှားဘုံသို့ ဝင်ရောက်လျှင်ပင် သူတို့ကို မည်သူကမှ ဘာမှ ပြောကြမည် မဟုတ်ပေ။
သို့သော်လည်း သူတို့ အားလုံးသည် ဆရာ၏ ဂုဏ်သတင်းကို တန်ဖိုးထားသည်။ အနည်းဆုံးတော့ သူတို့သည် သူတို့ဆရာကို သစ္စာဖောက်အဖြစ် အမှန်တကယ် သတ်မှတ်ခံရစေရန် လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။
***