အခန်း (၁၅၁)
Vol. 11 Ch. 151
သိုင်းလေ့ကျင့်ရာ ကွင်းပြင်၏ အလယ်ဗဟိုရှိ စင်မြင့်ပေါ်မှာတော့ …
ထျန်းချီသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း .. ထျန်းချီ”
ဟောင်ချီ ဂိုဏ်း တပည့်လည်း မာန်ပါပါ နှင့် ပြောလိုက်၏ “ဟောင်ချိဂိုဏ်း .. တန်ယုံ”
ပြောပြီးပြီးချင်းမှာပဲ သူ၏ ဘေးတွင် စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ဖြစ်တည်လာသည်။သူသည် အော်ရာများအား အသုံးပြု၍ ပြိုင်ဘက်အား ဖိနှိပ်ရန် စဉ်းစားထား၏။
ကံဆိုးစွာဖြင့် ထျန်းချီသည် နည်းနည်းလေးမှ မတုန်လှုပ်ချေ။ မျက်လုံးထဲတွင် အထင်အမြင် သေးသော အရိပ်အယောင်တွေပင် ရှိနေသေးသည်။
ပွဲကြည့်ပရိသတ်များသည် ထိုအချင်းအရာကို လက်မခံနိုင်သလို ဖြစ်မိနေ၏။
ဟောင်ချီဂိုဏ်းမှ စေလွှတ်လိုက်သော တပည့်သည် သိုင်းတပည့် အဆင့်ကိုး တစ်ယောက်ဖြစ်သည်။ သံမဏိအရိုးဂိုဏ်းတပည့်သည် အဘယ်ဆီမှ ယုံကြည်မှုတွေ ရရှိနေ၍ ဤမျှ မောက်မာနေရသနည်း။
ဂိုဏ်းချုပ် က မောက်မာလွန်းသောကြောင့် တပည့်များပါ လိုက်လံ မောက်မာနေခြင်း ဖြစ်နိုင်လောက်သည်။
ဟင်း …။
ခေါင်းဆောင်မကောင်းတော့ နောက်လိုက်တွေလည်း မကောင်းတော့ပေ။
“စမယ်။” ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။
ပထမဆုံး စတင်တိုက်ခိုက်သူမှာ ထျန်းချီဖြစ်၏။ သူသည် ရှေ့သို့ လှမ်းတက်ပြီး ဘယ်ညာနှစ်ဖက်ဆီမှ ပေါက်ကွဲ လက်သီးနည်းစနစ် ကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ကျယ်လောင်လှသော လက်သီး ထိုးနှက်သံသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
သူသည် မြန်ဆန်စွာဖြင့် အနီးကပ်သွားသလို လက်သီးမှာလည်း အလွန်မြန်ဆန်လှသည်။
တန်ယုံသည် မရှောင်ချေ။ သူ၏ ခန္ဓာကိုယ် ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်ဖော်ကာ တန်ပြန် လက်ဝါးချက်ကို ထုတ်ဖော်လိုက်၏။
ဘန်း .. ဘန်း…။
ထျန်းချီ၏ လက်သီးသည် အားအင်ပြင်းထန်လွန်း၏။ သူသည် ထပ်ကာထပ်ကာ တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်လေ အားတွေက တိုးတက်လာလေ ဖြစ်သည်။
တိုက်ခိုက်ချက်များကြောင့် ဖြစ်ပေါ်လာသော အော်ရာ နှင့် လေအဟုန်များကို ခံစားမိချိန်မှာတော့ ပွဲကြည့် ပရိသတ်များ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားကြ၏။
စောနက တိုက်ခိုက်ခဲ့သော လီဖေး ကဲ့သို့ပင် ဤ သံမဏိအရိုးဂိုဏ်းတပည့်များ သည်လည်း သိုင်းတပည့် အဆင့်ငါး တစ်ယောက် ဖြစ်သည်။ သို့ပေမဲ့ လီဖေးထက်ပင် ပိုပြင်းထန်သော အားအင်များအား ထုတ်ဖော်လျက် ရှိသည်။
ထျန်းချီသည် သူ၏ ခန္ဓာကိုယ်ဆီမှ စွမ်းအင်များကို ထုတ်ဖော်ရင်း လက်သီးနည်းစနစ်ကို အစွမ်းကုန် ထုတ်နှုတ် အသုံးပြုလျက်ရှိ၏။
ရှန်းတုံ ၏ မျက်လုံးများသည် ပြူးထွက်လာသည်။
သံမဏိအရိုးဂိုဏ်း၏ တပည့်နှစ်ယောက် ထုတ်ဖော်လိုက်သော အားအင်အဆင့်သည့် သူ့ထက်ပင် ပို၍ အားကောင်းနေသေးးသည်။ သူ့တွင် သိက္ခာဆိုတာ မရှိတော့သလိုပင် ခံစားမိနေ၏။
ဘန်း … ဘန်း…။
ထျန်းချီ၏ လက်သီးများသည် တူနှစ်လက်ကဲ့သို့ပင် ရူးရူးမူးမူး တိုက်ခိုက် ထုနှက်လျက်ရှိသည်။
တန်ယုံသည် အစကတည်းက ခံစစ်အဖြစ် ခုခံနေရ၏။ သူသည် တန်ပြန် တိုက်ခိုက်မှုကိုပင် မထုတ်ဖော်နိုင်တော့ချေ။
ဖောင်း ..ဖောင်း ..။
နောက်ဆုံးမှာတော့ လက်သီးများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး အနောက်သို့ ဆုတ်ခွာနေရသည်။
လက်သီးနည်းစနစ် ဆီမှ ထွက်ပေါ်လာသော လက်သီးများသည် တားဆီးနိုင်ရန် ခက်ခဲလှသည် သူ့အနေဖြင့် လက်ကို မြှောက်၍ ကာကွယ်သည် ဆိုပေမဲ့ လက်သီးချက်များမှာ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာနေသည်။
“………”
ပွဲကြည့်ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြသည်။
သူတို့သည် သံမဏိအရိုးဂိုဏ်းတပည့် တစ်ယောက် သဲအိတ်ထိုးနှက်နေသည်ကို ကြည့်နေရသလို ခံစားမိနေကြ၏။
ထိုးနှက်နေသူမှာ သိုင်းတပည့် အဆင့်ငါး တစ်ယောက် ဖြစ်ပြီး ခံနေရသူမှာ သိုင်းတပည့် အဆင့်ကိုး ဖြစ်နေသည်။
သောက်ကျိုးနည်းလှချေသည်တကား။
ကျွင်းချောင်ရှောင်း သည် ပခုံးတွန့်ကာ ပြောလိုက်သည် “တကယ် မခက်ဘူးပဲ။ လွယ်လိုက်တာ”
သူသည် အစကတည်းက ဟောင်ချီဂိုဏ်းအား အထင်မကြီးချေ။ သူ ထင်မှတ်ထားသကဲ့သို့ပင် ထျန်းချီ သည် တစ်ဖက်၏ တပည့်အား သဲအိတ်တစ်ခုကို ထိုးနှက်သလို ထိုးနှက်လျက်ရှိသည်။
“အား ….”
တန်ယုံ သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့ပေမဲ့ အော်ပြီးပြီးချင်းမှာပဲ လက်သီးချက် တစ်ခုသည် သူ၏ မျက်နှာပေါ်သို့ ကျဆင်းလာ၏။ သူသည် ချက်ချင်းဆိုသလိုပဲ သိုင်းစင်မြင့်ပေါ်မှ လွင့်စင်သွားတော့သည်။
ဖောင်း ..။
ထျန်းချီသည် တန်ယုံ၏ လက်ကို ပြန်ဆွဲပြီး လေထဲမှာပဲ မြှောက်ကိုင်ကာ စင်ပေါ်သို့ ကိုင်ရိုက်လိုက်သည်။ ထို့နောက်မှာတော့ တန်ယုံ၏ ဝမ်းဗိုက်ပေါ် တက်ခွထိုင်ကာ အားရပါးရ ဖြင့် ဘယ်ညာ ထိုးနှက်တော့၏။
ဂိုဏ်းချုပ်သည် သူ့အား မှာကြားခဲ့သည်။ စိန်ခေါ်ပွဲတွင် လူသတ်၍မရချေ။ သို့ပေမဲ့ သေမလို ဖြစ်အောင်တော့ ရိုက်နှက် နိုင်သေးသည်။
ဘန်း …. ဘန်း..။
တန်ယုံ၏ မျက်နှာတစ်ခုလုံးသည် ရောင်ကိုင်းလာပြီး ပါးစပ်ထဲမှ အမြုပ်တွေပင် ထွက်လာသည်။ အဆုံးသတ်မှာတော့ တန်ယုံသည် သတိလစ် မေ့မျောသွားတော့၏။
သူ၏ တပည့် ပက်ပက်စက်စက် အရိုက်နှက်ခံနေရသည်ကို မြင်တော့ ချင်ဟောင်ရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ အေးစက်သည့် မျက်လုံးထဲတွင် ဒေါသတရားတွေ နှင့် အလျှံညီးညီး တောက်ပနေသည်။
သို့ပေမဲ့ ဒေါသထွက်နေ၍လည်း အလကားပေ။ သူ ဘာမှပြုလုပ်၍ မရနိုင်ချေ။
ထျန်းချီသည် မတ်တပ်ထရပ်ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည် “အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ”
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ မှ ဂိုဏ်းချုပ်များနှင့် တခြားသော ကျင့်ကြံသူများ အားလုံး၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသော အမူအရာများ ဖြစ်ပေါ်လာတော့သည်။
တိုက်ခိုက်ပွဲ စတင်ကတည်းက ပြီးဆုံးသွားသည်အထိ တန်ယုံသည် တစ်ချက်ကလေးမှတောင် မတိုက်ခိုက်နိုင်ခဲ့ချေ။
ကွားခြားချက်မှာ ကြီးမားလွန်းလှ၏။
“သံမဏိအရိုးဂိုဏ်းတပည့်တွေက တကယ့်ကို အားကောင်းတာပဲ”
“သံမဏိအရိုးဂိုဏ်းကို လာစိန်ခေါ်တဲ့ ကြယ်လဂိုဏ်းတပည့်တွေ ဘာလို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားတာလဲ ဆိုတာ ကျုပ်နောက်ဆုံးတော့ နားလည်သွားပြီ”
“အဆင့် ရှစ် နဲ့ အဆင့်ကိုး တပည့်နှစ်ယောက်လုံး ကို ကလေးကစားသလို တိုက်ခိုက် ရိုက်နှက်သွားတယ်။ ကြောက်စရာပဲ”
ကျင့်ကြံသူများသည် တီးတိုးဆွေးနွေးနေမိကြ၏။
အဝေးတစ်နေရာတွင် ရှိနေသော ကြယ်လဂိုဏ်းချုပ်သည် ရှက်ရွံလွန်းသောကြောင့် မျက်နှာတွေ နီမြန်းနေသော်လည်း စိတ်သက်သာရာ ရသလိုခံစားလိုက်မိသည်။
မဟာမိတ်ခေါင်းဆောင်ချင် ၏ တိုက်ရိုက်တပည့်နှစ်ယောက်ပင် ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့သည်။ သူ၏ တပည့်များ ရှုံးနိမ့်ခဲ့သည်မှာ လက်ခံနိုင်လောက်သည့် ကိစ္စဖြစ်လာသည် မဟုတ်လား။
“အိုက်ခေါင်းဆောင် ..”
ဝမ်တုံလင် သည် ပြုံးလိုက်သည် “သံမဏိအရိုးဂိုဏ်းက မရိုးရှင်းဘူးပဲ”
သိုင်းတပည့် အဆင့်ငါး ကျင့်ကြံသူနှစ်ယောက် တို့သည် အဆင့်နှင့် မလိုက်ဖက်သော အားအင်များအား ထုတ်ဖော်သွားသည်။ သူတို့သည် ပြင်းထန်လွန်းသော ခန္ဓာကိုယ်ကျင့်ကြံခြင်းများအား ကျော်ဖြတ်ခဲ့ရပုံပင်။
အားကောင်းနေတာ အံ့အားသင့်စရာ မဟုတ်ဘူး။ ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး အစွမ်းပဲ နေမယ်။ အိုက်ရှန်းရီ ခန့်မှန်းလိုက်မိသည်။
သာမာန်စိတ်ဝိညာဉ်အမြစ်နှင့် ကျင့်ကြံသူများ ဤမျှအားကောင်းစေသည်မှာ ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး အစွမ်းကြောင့်ပင် ဖြစ်ရမည်။ ထိုဆေးလုံးကိုသာ ထုတ်ရောင်းပါက မိုးလောက်မြင့်သော ဈေးနှုန်းကို ရရှိနိုင်၏။
ဝမ်တုံလင်သည် သံမဏိအရိုးဂိုဏ်း တပည့်အား စိတ်ဝင်စားနေပေမဲ့ သူကတော့ ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးကို စိတ်ဝင်စားလျက်ရှိသည်။ သူသည် တကယ်ပဲ စီးပွားရေးသမား ပီသလှသည်။
….
ထျန်းချီ နေရာသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း လက်သီးဆုပ်ကာ ပြောလိုက်သည် “ခေါင်းဆောင်ချင် . တတိယပွဲအတွက် ခင်ဗျားပဲ အရင်ပွဲထုတ်ပါ”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ မခိုးမခန့်အပြုံးကို မြင်တော့ မဟာမိတ်ခေါင်းဆောင်ချင်သည် တစစီ ပြုလုပ်ချင်စိတ်တွေ နှင့် ပြည့်နှက်လျက်ရှိသည်။
စိတ်ကိုငြိမ်ငြိမ်ထား …. ငါ ဘယ်လောက် ဒေါသထွက်ထွက် ပြုံးထားမှဖြစ်မယ်။
သို့ပေမဲ့ သူ၏ တပည့်များသည် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့၏။ ဒုတိယ တစ်ယောက်ဆိုလျှင် ပိုးစိုးပက်စက် ကို ရိုက်နှက်ခံရခြင်း ဖြစ်သည်။ သူ ပြုံးထားချင်သော်လည်း မပြုံးနိုင်ပေ။
ချင်ဟောင်ရန်သည် ဒေါသတရားများအား ဖိနှိပ်ရင်း သူ၏ ညာဘက်မှ တပည့်ကို ကြည့်ကာ ပြောလိုက်သည် “သွား …”
“ကောင်းပါပြီ”
တတိယမြောက် တိုက်ရိုက်တပည့်သည် စင်ပေါ်သို့ တက်သွားသည်။ သူသည်လည်း သိုင်းတပည့် အဆင့်ကိုး တစ်ယောက် ဖြစ်၏။ သို့ပေမဲ့ သူသည် တန်ယုံထက် ပို၍ အားကောင်းသည်။
“ရှောင်မို … သွား..” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
စုရှောင်မိုသည် လက်သီးကို ကျစ်ကျစ်ပါဆောင် ဆုပ်ပြီး ခေါင်းကို ခါယမ်းကာ ပြောလိုက်သည် “တောင်ခြေမှာကတည်း က သွေးတွေ ပွက်ပွက်ဆူနေတာ။ အခုတော့ ငါ တိုက်ခိုက်ရပြီ”
ဤတစ်ကြိမ် သံမဏိအရိုးဂိုဏ်းတပည့် စင်ပေါ်တက်လာချိန်မှာတော့ ပွဲကြည့်နေကြသော ဂိုဏ်းချုပ်များသည် မသုံးသပ်ရဲတော့ချေ။
သူတို့ သုံးသပ်လိုက်လျှင် တလွဲတွေကြီးပဲ ဖြစ်သွားသောကြောင့် ဖြစ်၏။
ထို့အပြင် တိုက်ခိုက်ခဲ့ကြသော လီဖေး နှင့် ထျန်းချီတို့သည် ထူးခြားမြင့်မားနေသော စိတ်ဝိညာဉ်အမြစ်လည်း မရှိချေ။ သို့ပေမဲ့ စွန်းရီ နှင့် တန်ယုံတို့မှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် မသုံးသပ်ရဲတော့ခြင်း ပင် ဖြစ်သည်။
တခြားသူများမသိသည်မှာ သံမဏိအရိုးဂိုဏ်းတပည့်များသည် တခြားသော ဆေးလုံးများထက် ဆယ်ဆ ပို၍ စိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူနိုင်သော ဆေးလုံးကို သုံးစွဲခဲ့ရသည် ဆိုခြင်းပင်။
…
ဟောင်ချီဂိုဏ်း၏ တတိယမြောက် တပည့် သည် စင်မြင့်ပေါ်သို့ တက်လာသည်။ ပြီးနောက် လက်သီးကို ဆုပ်၍ အေးစက်စက်ဖြင့် မိတ်ဆက်လိုက်သည် “ဟောင်ချီ ဂိုဏ်း .. လောင်တီး ..”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားရသည် “ဘာနာမည်လဲဟ”
“သံမဏိအရိုးဂိုဏ်း … စုရှောင်မို”
နှစ်ယောက်သား မိတ်ဆက်ပြီးသည့်နောက် ဒိုင်လူကြီးသည် ပွဲအား စတင်ရန် အချက်ပေးလိုက်သည်။
လောင်တီးသည် ပထမဆုံး တိုက်ခိုက်သူ ဖြစ်သည်။ သူသည် ခန္ဓာကိုယ် အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းပြီး ချက်ချင်းဆိုသလိုပဲ ရှေ့သို့တိုးလာ၏။
ဝှစ် …။
စုရှောင်မိုသည် အနောက်သို့ လှိမ့်ကာ ရှောင်လိုက်သည်။ သူသည် မြန်ဆန်လွန်းသော ခြေပုတိုလေး များကိုအသုံးပြု၍ စင်မြင့်ပေါ်၌ လျှောက်ပြေးလျက်ရှိသည်။
သူ၏ အမြန်နှုန်းမှာ တဖြည်းဖြည်းနှင့် တိုးလာပြီး မုန်တိုင်းတိုက်သလိုပင် လှစ်ခနဲ လှစ်ခနဲ ဖြစ်နေတော့၏။
လောင်တီးသည် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လျက် သူ့အား စက်ဝိုင်းပုံစံ ပတ်ပြေးလျက်ရှိသော ပြိုင်ဘက်အား ကြည့်နေရသည်။ မည်သို့ တိုက်ခိုက်ရမှန်းပင် မသိတော့ချေ။
ဝမ်တုံလင် ပြောလိုက်သည် “ဒီကောင်လေးလည်း ခန္ဓာကိုယ်အားအင် ကောင်းတာပဲ”
အိုက်ခေါင်းဆောင် စိတ်ထဲမှ ကြိတ်ပြောလိုက်၏ “ဟုတ်တယ်။ ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးပဲ”
ဝှစ် …
ထိုအချိန်မှာပဲ စုရှောင်မိုသည် အခွင့်အရေးကို အရယူပြီး လောင်တီးအား ပတ်ပြေးနေရာမှ ရုတ်တရက် ကန်လိုက်သည်။
ဘန်း …။ လောင်တီးသည် အခွင့်အရေး ရသွားသည်။ ရုတ်တရက် ဆိုသလိုပဲ စုရှောင်မို၏ ခြေထောက်အား လက်သီးနှင့် ထိုးနှက်လိုက်သည်။ ပြီးနောက် တဆက်တည်းမှာပဲ ဒုတိယတိုက်ကွက်ကို ထုတ်ဖော်လိုက်တော့၏။
သို့ပေမဲ့ စုရှောင်မိုမှာ သူ့နားတွင် မရှိတောာ့ချေ။ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
“ခွေးသား..” လောင်တီး ဒေါသတကြီး အော်ဟစ်လိုက်၏။
ဝှစ် ..။
စုရှောင်မိုသည် သူ သတိမပြုမိလောက်သည့် အချိန်၌ အနောက်တွင် ပေါ်လာပြီး ကန်ပြန်သည်။
ခြေကန်ချက်သည် မြန်ဆန်လွန်းလှသည်။ သို့ပေမဲ့ လောင်တီးသည် အငိုက်မမိချေ။ သူ၏ လက်များအား ရှေ့သို့ တွန်းပို့၍ အားကောင်းလှသော ခြေကန်ချက်အား အပြည့်အဝ တားဆီးထားလိုက်နိုင်၏။
“စီနီယာ အစ်ကို .. သတိထား…” တစ်စုံတယောက်၏ အော်သံသည် ထွက်ပေါ်လာသည်။
လောင်တီး ဆွံအသွားသည်။ သူ မျက်စိထောင့်မှ တဆင့် စုရှောင်မို၏ ပုံရိပ်အား လှစ်ခနဲ မြင်လိုက်ရသည်။
စုရှောင်မိုသည် လောင်တီး၏ လက်ဖြင့် တားဆီးချက်အား အရှိန်ယူ၍ ခန္ဓာကိုယ်အား လေထဲတွင် စက်ဝိုင်းပုံစံ လှည့်ပြီး လောင်တီး၏ ပေါင်ကြားထဲသို့ လျောထိုး ဝင်ရောက်လိုက်သည်။ ပြီးနောက် သူ၏ လက်များသည် လက်အုပ်ချီ သကဲ့သို့ စုစည်းသွားလေသည်။
ပြီးနောက် အားလုံး၏ မျက်လုံးအပြူးသားနှင့် အကြည့်အောက်မှာပဲ စုရှောင်မို၏ ကတော့ချိုးကဲ့သို့ လက်နှစ်ဖက် သည် လောင်တီး၏ ဖင်စအိုဖြင့် မိတ်ဆက်သွားတော့၏။
ကြည့်ရှုနေကြသူ အားလုံးတို့သည် သူတို့ ဖင်စအိုကိုပင် ကြုံ့ထားလိုက်မိကြတော့သည်။
သောက်ကျိုးနည်း။