အခန်း (၁၅၃)
Vol. 11 Ch. 153
ဟူကျန့်သည် စင်မြင့်ပေါ်မှ ပြုတ်ကျသွားပြီးသည့်နောက် ချင်ဟောင်ရန်သည် သွေးပင်အန်ထွက်လာသည်။
တည်နေရာတစ်ခုလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
တိုက်ခိုက်ပွဲကို လာ၍ ကြည့်ရှုနေကြသော သိုင်းပညာရှင်များ အားလုံးသည် အူလည်လည်နှင့် ဖြစ်နေကြသည်။ သူတို့သည် အချိန်အတော်ကြာသည်အထိ အသိစိတ်များ မဝင်နိုင်သေးချေ။
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ အကြီးအကဲများသည် ချင်ဟောင်ရန်အား သနားသည့်အကြည့်နှင့် ကြည့်မိလိုက်ကြသည်။
ခုနစ်ပွဲတွင် လေးပွဲအား ရှုံးနိမ့်ခဲ့ပြီးဖြစ်၏။
ထို့ကြောင့် ဟောင်ချီဂိုဏ်းအနေနှင့် နောက်ထပ်ပြိုင်သည့် သုံးပွဲအား အနိုင်ရသည်ဆိုလျှင်တောင် အဓိပ္ပါယ်မရှိတော့ချေ။
မဟာမိတ်ခေါင်းဆောင်ချင် သည် သံမဏိအရိုးဂိုဏ်းသို့ သွား၍ အိမ်သာဆေးရပေတော့မည်။
ဤလူသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူတို့သည်လည်း ဂိုဏ်းတစ်ရာမဟာမိတ်မှအဖွဲ့ဝင်များဖြစ်သည်။
သူတို့အနေနှင့် ဤအချက်ကို မလက်ခံနိုင်ပေ။
များပြားလှသော ဂိုဏ်းများသည် ဟောင်ချီဂိုဏ်းသို့ ရောက်ရှိပြီး စုဝေးလာကြသည်ဆိုသည်မှာ ကျွင်းချောင်ရှောင်း တစ်ယောက် ဆိုးဆိုးဝါးဝါး ရိုက်နက်ခံရသည်ကို ကြည့်ရှုရန်ဖြစ်၏။ သို့ပေမဲ့ နောက်ဆုံးဖြစ်ပေါ်လာသော ရလာဒ်မှာ သူတို့ ထင်ထားသည်နှင့် တစ်ခြားစီ ဖြစ်လို့နေ၏။
ချင်ဟောင်ရန်သာလျှင် ရှုံးနိမ့်ခဲ့သူ ဖြစ်သွားခဲ့ပြီး ဟောင်ချီဂိုဏ်းမှ တပည့်များအားလုံးသည် ပယ်ပယ်နယ်နယ် အရိုက်နက်ခံခဲ့ရသည်။
ယှဉ်ပြိုင်ပွဲကို လာရောက်ကြည့်ရှုကြသော သိုင်းပညာရှင်များ အားလုံးသည် သတိပြန်ဝင်လိုက်ချိန်မှာတော့ ဆိတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်ကြတော့၏။
ကျွင်းချောင်ရှောင်းအနေနှင့် သံမဏိဂိုဏ်းသားများအား ခေါ်ဆောင်လာသည့်အချိန်တွင် လေးပွဲဆက် အနိုင်ရလိမ့်မည်ဟု မည်သူကမှ မထင်မှတ်မိခဲ့ချေ။
အဆင့်ရှစ် ဂိုဏ်းတစ်ခုသည် အဆင့်ခြောက် ဂိုဏ်းတစ်ခုအား အလုံးစုံ သိက္ခာကျဆင်းစေရန် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့၏။
မျက်စိနှင့် တိုက်ရိုက်မြင်နိုင်သူများဆိုလျှင် ဤကိစ္စအား ယုံနိုင်လိမ့်မည် မဟုတ်ချေ။
ဝမ်တုန်လင်သည်လည်း အတွေးနက်မိနေ၏။ သံမဏိအရိုးဂိုဏ်းတပည့် ထုတ်ဖော်ခဲ့သော အားအင် အဆင့်သည် သူ့အား ကြီးကြီးမားမား တုန်လှုပ်စေခဲ့သည်။
နောက်တစ်နစ်ကြာသည့် နောက်တွင် နတ်စမ်းချောင်းဂိုဏ်းသို့ သွား၍ ဤကလေးများ မည်သို့ တိုက်ခိုက်မည် ဆိုသည်ကိုပင် သူတို့ စတင်၍ တွေးမိနေကြ၏။
တောင်ပြာဂိုဏ်းအကြီးအကဲသည် ဤမြင်ကွင်းအား ကြည့်ခွင့်ရရန် မျှော်လင့်နေမိသည်။
"မဟာမိတ်ခေါင်းဆောင်ချင် …. ကျုပ်တပည့်တွေက လေးပွဲတိတိနိုင်နေပြီ။ဒီတော့ ခင်ဗျားအနေနဲ့ သံမဏိအရိုးဂိုဏ်းကို လိုက်လာပြီးတော့ အိမ်သာ ဆေးပေးတော့။"
ကျွင်းချောင်ရှောင်းသည် အပြစ်ကင်းစင်သော မျက်နှာဖြင့်ပြုံးကာ ပြောလိုက်သည်။ "ကျုပ်အိမ်သာတွေက မနံပါဘူး။"
ချင်ဟောင်ရန်၏ မျက်နှာ ပေါ်ရှိ ကြွက်သား များသည် တုန်ရင်သွား၏။
ချီးထဲမှ …. မနံတဲ့အိမ်သာဆိုတာ ဘယ်အိမ်သာ ရှိလို့လဲ။
မဟာမိတ်ခေါင်းဆောင်ချင် သည် သူ၏ ရင်ဘတ်အား လက်တစ်ဖက်နှင့် အုပ်ကာ ထားရပြီး အသက်ရှူနှုန်းများသည်လည်း မြန်ဆန်နေ၏။
သူသည် ရှုံးနိမ့်မှုကို လက်မခံနိုင်ပေ။ ထို့အပြင် သံမဏိအရိုးဂိုဏ်း၏ အိမ်သာကို သန့်ရှင်းပေးရမည့်ကိစ္စကိုလည်း ပို၍ လက်မခံနိုင်ပေ။
"ဘယ်သူလဲ။"
ကျွင်းချောင်ရှောင်းသည် ပွဲကြည့်စင်ရှိ သိုင်းပညာရှင်တစ်ယောက်အား ကြည့်ကာ ပြောလိုက်သည်။ "ခုနကတုန်းက ခင်ဗျား ပြောလိုက်တဲ့စကားကို မဟာမိတ်ခေါင်းဆောင်ချင် ကြားအောင် ပြန်ပြောလိုက်ပါအုံး။"
လက်ညိုးနှင့် ထိုးခံလိုက်ရသော ကျင့်ကြံသူသည် သူ့ဦးခေါင်းအား အလျှင်အမြန်လျှိ၍ လူအုပ်ကြားထဲသို့ တိုးဝင်သွား တော့သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ခင်ဗျား မပြောဘူးဆိုလည်း ကျုပ် ထပ်ပြောပြရမှာပေါ့။"
သူသည် မဟာမိတ်ခေါင်းဆောင်ချင် အား ကြည့်၍ ရှင်းလင်းသည့်အသံဖြင့် ပြောလိုက်သည်။ “အရှုံးကို လက်မခံနိုင်တဲ့ လူတွေအားလုံးကို ကျင့်ကြံခြင်းလောကမှာ နာမည်ပျက်စာရင်းသွင်းရမယ်။ပြီးတော့ သူ့ကို ဝိုင်းဝန်းဖယ်ကျဉ်ရမယ်။ နောက်ဆုံး မရရင် သတ်ပစ်ရမယ်။"
ဖူး။
ထိုစကားကို ကြားချိန်မှာတော့ ချင်ဟောင်ရန်သည် နောက်ထပ် သွေးတစ်လုံး အန်ထွက်လာတော့သည်။
ကျင့်ကြံခြင်းလောကတွင်ရှိသော နာမည်ကြီးကျင့်ကြံသူတစ်ယောက်အနေနှင့် မည်သည့်ကိစ္စကို ဂရုစိုက်သနည်း။
အမှန်ပင် ဂုဏ်သိက္ခာဖြစ်၏။
ဟောင်ချီဂိုဏ်းသည် ယနေ့တိုက်ခိုက်ပွဲတွင် ရှုံးနိမ့်ခဲ့၏။
သူတို့သာလျှင် သဘောတူညီသည့်အတိုင်း မလုပ်ပါက သူတို့၏ ဂိုဏ်သိက္ခာသည် အဖတ်ဆယ်၍ မရအောင် ဆုံးရှုံး သွားပေလိမ့်မည်။
ချင်ဟောင်းရန်သည် သူ၏ ဦးခေါင်းအား ဖြည်းညင်းစွာ ညိတ်လိုက်ပြီး ကျွင်းချောင်ရှောင်းအား ရဲရဲနီလျှက် ရှိသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
သူသည် သူ၏ ဒေါသများကို ဖုံးကွယ်မထားချေ။ သတ်ဖြတ်လိုခြင်း ဆန္ဒများ အပြည့်နှင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ဒီလောက်ကြီး လွန်မလာနဲ့။
"အိုက်ရား …. ခင်ဗျားက ကျုပ်ကို ကြောက်လွန်းလို့ သေအောင်လုပ်နေတာပဲ။"
ကျွင်းချောင်ရှောင်းသည် ကြောက်ဟန်ဆောင်ပြီး အသာလက်ပိုက်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ချင် … ခင်ဗျားအရှက်မရှိ ကျုပ်ကို လူပုံအလည်မှာ သတ်ဖို့ ကြိုးစားချင်တာလား။"
ဝမ်တုန်လင် ပြုံးကာ ပြောလိုက်သည်။ "မဟာမိတ်ခေါင်းဆောင်ချင် က ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲ။ ပြီးတော့ မဟာမိတ်ဂိုဏ်းတစ်ရာအဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်လေ။ သူက ဘယ်လိုလုပ် အရှက်မရှိ ပြုလုပ်ရဲမှာလဲ။ ဂိုဏ်းချုပ်ကျွင်း အတွေးလွန်နေတာပဲ ဖြစ်လိမ့်မယ်။"
ဤအရာသည် ကျိန်းသေပေါက် ပါးစပ်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
ချင်ဟောင်ရန်သည် မည်သို့မှ မတက်နိုင်တော့ပဲ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းယိုင်ပြီး မြေပေါ်သို လဲကျတော့မတတ်ပင် ဖြစ်နေ၏။
"ဂိုဏ်းချုပ်ကျွင်း” လာရောက်ကြည့်ရှုနေသော ဂိုဏ်းချုပ်တစ်ယောက်သည် မနေနိုင်တော့ဘဲ အေးစက်စက် ပြောလိုက်သည်။ "ကျုပ်တို့အားလုံးက ကျင့်ကြံခြင်းလောကက လူတွေပဲ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ရံဖန်ရံခါဆိုသလို တွေ့ကြအုံးမှာပဲ။ ဒီတော့ ဆက်မလုပ်တော့တာ ကောင်းမယ်နဲ့တူတယ်။"
"လွန်တယ်ဟုတ်လား … ဟား ဟား ဟား … ဝူးဟားဟား။”
ကျွင်းချောင်ရှောင်းသည် အကျယ်ကြီး အော်ရယ်လိုက်၏။ သူ၏ရယ်သံသည် နတ်ဆိုးတစ်ပါးကဲ့သို့ပင် ဖြစ်ပြီး နားထောင်ရသူအားလုံးအား ကျောချမ်းသွား၏။
ရုတ်တရက်ဆိုသလိုပဲ သူသည် ရယ်မောခြင်းအား ရပ်တန့်လိုက်ပြီး ခေါင်းကိုမော့ကာ အေးစက်စက် ပြောလိုက်သည်။ "အဘိုးကြီး ခင်ဗျားကို ကျုပ် မေးပါအုံးမယ်။ တကယ်လို သံမဏိအရိုးဂိုဏ်းကသာ ရှုံးနိမ့်သွားခဲ့ရင် ဒီလိုပဲ ထွက်လာပြီး ပြောမှာလား။"
"ဒါ …"
"ခင်ဗျား မပြောဘူး။ သူလည်း မပြောဘူး။ ခင်ဗျားတို့ အားလုံးလည်း မပြောဘူး။ ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ အားလုံးရဲ့ မျက်လုံးထဲမှာ သံမဏိအရိုးဂိုဏ်းက အနိုင်ကျင့်ခံရဖို့ မွေးဖွားလာတာပဲ။ ကျုပ်ကလည်း သတ်ဖြတ်ခံရဖို့ စောင့်နေတဲ့ စဉ့်တီတုံးပေါ်က ငါးတစ်ခုအဖြစ်နဲ့ မွေးဖွားလာတာပဲ။"
သူ၏ အသံသည် ပိုပို၍ ကျယ်လောင်လာသည်။
ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာများသည်လည်း ပိုမို၍ ခက်ထန် တင်းမာလာတော့သည်။ "သမာဓိတွေ သိက္ခာတွေ ရှိတယ်ဆိုပြီး အားရပါးရ ပြောနေကြတဲ့ လူတွေ၊ အဖွဲ့တွေအကုန်လုံးက အခုချိန်မှာတော့ အလွန်ကြီးဖြစ်အောင် မလုပ်နဲ့လို့ပဲ ပြောနေကြတယ်။ကိုယ့်ရဲ့လောင်းကြေးအတိုင်း ပြုလုပ်ဖို့တော့ ဘယ်သူကမှ လာပြီး မပြောကြဘူး။ ဘယ်မှာလဲ ခင်ဗျားတို့ရဲ့ တရားမျှတမှု ၊ မှန်ကန်မှု ဆိုတာ …"
"ရှောင်ကျီ"
ကျွင်းချောင်ရှောင်းသည် ဟောင်ချီဂိုဏ်၏ ထိပ်၌ ချိတ်ဆွဲထားသော ဆိုင်းဘုတ်အား ကြည့်၍ လက်ညိုးထိုးကာ ပြောလိုက်သည်။ "ဒီဆိုင်းဘုတ်ကို ဖျက်ဆီးပစ်လိုက်။"
အသာ နောက်ဆုတ်နေသော ရှောင်ကျီသည် သူ၏ စနိုက်ပါရိုင်ဖယ်အား ထုတ်ယူ၍ ဆိုင်းဘုတ်အား ချိန်လိုက် ၏။
ပြီးနောက် သူသည် တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ သေနတ်မောင်းခလုတ်အား ဆွဲနှိပ်လိုက်တော့သည်။
ဒိုင်း ….. ဖောင်း။
အလင်းတန်းတစ်ခုသည် ဖြတ်သန်းသွား၏။
ဟောင်ချီဂိုဏ်းတပည့်တစ်ထောင်ကျော်တို့၏ အကြည့်အောက်မှာပဲ သူတို့ဂိုဏ်း၏ ဆိုင်းဘုတ်ကြီးသည် အစိတ်စိတ် အမွှာမွှာဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းတစ်ခု၏ ဆိုင်းဘုတ်ပျက်ဆီးသွားခြင်းဆိုသည်မှာ ထိုဂိုဏ်း၏ ဂိုဏ်သိက္ခာတစ်ခုလုံး ပျက်ဆီးသွားခြင်းဟု ဆိုရမည်။
ချင်ဟောင်ရန်သည် ဒေါသနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများအား မည်သို့မှ ဖုံးမိထား၍ မရတော့ချေ။
သိုင်းစစ်သူကြီး၏ ကျင့်ကြံခြင်း စွမ်းရည်များကို အသုံးပြု၍ ရှောင်ကျီဆီသို့ တိုးကပ်သွားတော့သည်။
တစ်လှမ်း … နှစ်လှမ်း။ ပြီးနောက် သူသည် ရပ်တန့်သွား၏။
အဘယ့်ကြောင့်ဆိုသော် ရှောင်ကျီလက်ထဲတွင်ရှိသော စနိုက်ပါရိုင်ဖယ်သည် သူ၏ ဦးခေါင်းအား ချိန်ရွယ်ထားသောကြောင့် ဖြစ်သည်။
ရှောင်ကျီ သည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "မဟာမိတ်ခေါင်းဆောင်ချင် အနေနဲ့ ကျုပ်လက်ထဲက ဟာထက် ပိုပြီး မြန်မယ်လို့ထင်ရင် စမ်းကြည့်ပါလား"
သေနတ်အား ဂုဏ်ယူစွာ ကိုင်ဆောင်ထားပြီး သူသည် ကြီးကျယ်မြင့်မြတ်လှသည်ဟူသော ဟောင်ချီဂိုဏ်း၏ ဂိုဏ်းချုပ်အား ချိန်းခြောက်လိုက်တော့သည်။
အလွန်အမင်းပင် ကြမ်းတမ်းလှ၏။
ချလွမ် …ချလွမ် …. ချလွမ်။
သူတို့၏ ဂိုဏ်းချုပ်အား လက်နက်ပုန်းနှင့် ချိန်ရွယ်ထားသည်ကို မြင်တော့ ဟောင်ချီဂိုဏ်းမှ ဂိုဏ်သား တစ်ထောင်ကျော်တို့သည် လက်နက်များကို ဆွဲထုတ်လိုက်ကြတော့သည်။
ချလွမ် …ချလွမ် …. ချလွမ်။
လုချင်းချင်း ၊လီချင်းယန် ၊ စုချောင်မို၊ ထန်းချီ နှင့် လီဖေးတို့အားလုံးသည်လည်း သူတို့၏ လက်နက်များကို ဆွဲထုတ် ၍ ဂိုဏ်းချုပ်အား ကာကွယ်ပေးလိုက်ကြ၏။
သူတို့၏ မျက်လုံးများအားလုံးသည် အေးစက်လျက်ရှိသည်။
ကျိုးဟုန်သည် သူ၏ဓားကို ဆွဲမထုတ်ခဲ့ချေ။ သို့ပေမဲ့ လေတစ်ချက်အဝှေ့မှာတော့ သူ၏ ရှုပ်ထွေးနေသော ဆံပင်များသည် ဖယ်ခွာသွား၏။ ထိုအချိန်မှာတော့ ဓားတစ်စင်း လို ထက်ရှလာသော မျက်လုံးတစ်စုံပုံ ထင်ပေါ်လာတော့သည်။
အမဲရောင်အဝတ်နှင့် ရစ်ပတ်ထားသော ရှေးဟောင်း ဓားတစ်ချောင်းသည် အနည်းငယ် တုန်ခါလျက်ရှိ၏။ အချိန်မဓေားအိမ်ထဲက ထွက်လာမည့်ဟန်ပင်။
အချိန်အတော်အတန် ငြိမ်သက်ပြီးသည့်နောက် ရီရှင်းချန်သည် ကျွင်းချောင်ရှောင်း၏ရှေ့သို့ လျှောက်လှမ်းလာပြီး လွတ်နေသည့်နေရာအား ဖြည့်လိုက်၏။
ထားလိုက်တော့ …ထားလိုက်တော့ ငါ့အနေနဲ့ သူ့ဆီက အရင်းအမြစ်တွေကို ရဖို့ လိုသေးတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် သံမဏိအရိုးဂိုဏ်းတပည့်လို နေထိုင်မှ ဖြစ်လိမ့်မယ်။
လက်ရှိအချိန်မှာတော့ ဂိုဏ်းချုပ်အား တပည့်များမှ ဝိုင်း၍ ကာရံထားကြသည်။
ဟောင်ချီဂိုဏ်း၏တပည့်များ ရှေ့သို့ တိုးလာသည်ဆိုသည်နှင့် တစ်ပြိုင်နက် သူတို့သည် ကြိမ်းသေပေါက် တိုက်ခိုက်ကြတော့မည် ဖြစ်၏။
သူတို့သည် စိတ်ဝိညာဉ်စမ်းချောင်းတောင်ပေါ် မှာတုန်းက နတ်စမ်းချောင်းဂိုဏ်းနှင့် ရင်ဆိုင်သည့် အချိန်မှာလည်း တစ်ချက်ကလေးမှ မကြောက်ရွံခဲ့ပေ။
လက်ရှိ ဟောင်ချီဂိုဏ်း၏ တောင်ပေါ်မှာ တပည့်တစ်ထောင်ကျော်နှင့် ရင်ဆိုင်ရသည့်အချိန်မှာလည်း တစ်စက်ကလေးမှ မကြောက်ရွံခဲ့ချေ။
အဆင့်ခြောက်ဂိုဏ်းတစ်ခု၏ နယ်မြေထဲသို့ ဝင်၍ တပည့်ထောင်ချီအား ရင်ဆိုင်ဖို့ ပြင်နေသည်ကို မြင်တော့ ကျင့်ကြံသူများ အားလုံးသည် မချီးကျုးဘဲ မနေနိုင်တော့ချေ။
ချင်ဟောင်ရန်သည် အံ့ကြိတ်ကာ ပြောလိုက်သည်။ "ကျွင်းချောင်ရှောင်း … မင်း ငါတို့ဂိုဏ်းရဲ့ ဆိုင်းဘုတ်ကို ဖျက်ဆီးပစ်လိုက်တယ်။ ဒါက ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို နင်းချေလိုက်တာနဲ့ အတူတူပဲ။ ဒါ လုံးဝ ညှိနှိုင်းလို့မရတော့တဲ့ အမုန်းတရား ဖြစ်သွားခဲ့ပြီ။"
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ “အိမ်သာဆေးရမယ့်သူက ဘာလို ဂုဏ်သိက္ခာအကြောင်းတွေ ကြီးကြီးကျယ်ကျယ် ပြောနေရတာတုန်း။”
ထိုစကားလုံးများသည် ချင်ဟောင်ရန်၏ နှလုံးသားကို အစိတ်စိတ် ပိုင်းလိုက်သလိုပင် ဖြစ်သွားသည်။
သူ၏ မျက်နှာတစ်ခုလုံးသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။
ဘယ်တုန်းကမှ မဖြစ်ဘူးသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် သူ၏ ရင်ထဲတွင်လှိုက်ခနဲ တက်လာသည်။ သို့ပေမဲ့ သူသည် လှုပ်ရှား၍ မရချေ။
အဘယ့်ကြောင့်ဆိုသော် သူ့အား စနိုက်ပါ ရိုင်ဖယ်နှင့် ချိန်ထားသောကြောင့် ဖြစ်၏။
မကြာခင်မှာပဲ ဝမ်တုန်လင် သည် ရောက်ရှိလာပြီး ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း …. သူတို့ရဲ့ ဆိုင်းဘုတ်ကို ဖျက်ဆီးလိုက်တယ်ဆိုတာက နည်းနည်းတော့ လွန်တယ်။"
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်၏။
"စီနီယာဝမ် …ခုနတုန်းက ခင်ဗျားလည်း မြင်တာပဲ။ မဟာမိတ်ခေါင်းဆောင်ချင်က ကတိအတိုင်း ပြုလုပ်ပေးဖို့ ဆန္ဒ မရှိဘူး။ ဒါကြောင့်မိုလို့ သူတို့ရဲ့ ဆိုင်းဘုတ်ကို ဖျက်ဆီးပစ်လိုက်တာပဲ။"
"အင်း …. ဒီအဖိုးကြီးရဲ့ အမြင်အရတော့။
ဝမ်တုန်လင် သည် ကြားခံလူတစ်ယောက်အနေနှင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းကလည်း ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့ပြီဆိုတော့ လောင်းကြေးစားကြေးကိစ္စကို ဒီအတိုင်းပဲ ပယ်ဖျက်လိုက်ကြပေါ့။"
"ဒါက …"
ကျွင်းချောင်ရှောင်း သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ကျုပ်က စီနီယာဝမ်၏ ပြောစကားကို နားထောင်ပါမယ်။ ဒါပေမဲ့ မဟာမိတ်ခေါင်းဆောင်ချင် က သဘောမတူမှာဆိုးရတယ်လေ။"
ဝမ်တုန်လင် ချင်ဟောင်ရန်အား ကြည့်ကာ ပြောလိုက်သည် "ဆိုင်းဘုတ်ကို အသုံးပြုပြီးတော့ လောင်းကြေးစားကြေးကို ပယ်ဖျက်ဖို့အတွက် စဉ်းစားလိုက်မယ်။ မဟာမိတ်ခေါင်းဆောင်ချင် အနေနဲ့ သံမဏိအရိုးဂိုဏ်းကိုသွားပြီး တစ်နှစ်တိတိ အိမ်သာသွားဆေးစရာမလိုတော့ဘူး။ သူဘာလို့ သဘောမတူမှာလည်း ဟုတ်တယ်မလား။"