အခန်း (၁၅၄)
Vol. 11 Ch. 154
ပထမဦးဆုံးအနေနှင့် သူသည် ပြင်းထန်လှသော စကားလုံးများနှင့် တိုက်ခိုက်ခဲ့သည်။
ပြီးနောက် ဟောင်ချီဂိုဏ်း၏ ဆိုင်းဘုတ် အား ဖျက်ဆီးခဲ့၏။ ကျွင်းချောင်ရှောင်းသည် အမှန်ပင် အလွန်အကျူး ပြုလုပ်ခဲ့သူဟု ဆိုရမည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းအတွက်ဆိုလျှင် ဒါက အလွန်သေးသည်ဟု ဆိုရမည် မဟုတ်ချေ။ သူ့အနေနှင့် ဤထက်မကပင် လုပ်ချင်သေး၏။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းမှာတုန်းက ချင်ဟောင်ရန်သည် နတ်စမ်းချောင်းဂိုဏ်း၏ အကြီးအကဲ သုံးယောက်ရှေ့တွင် သူ့အား ဒုက္ခရောက်စေရန် မီးထိုးပေးခဲ့၏။ ယခုဟောင်ချီဂိုဏ်းသို့ ရောက်ချိန်မှာလည်း ချင်ဟောင်ရန်သည် အားလုံး၏ရှေ့တွင် လောင်းကြေးထပ်၍ သူ့ကို သိက္ခာကျအောင် ပြုလုပ်ခဲ့သည်။
ထို့ကြောင့် လွန်ကြူးသော ကိစ္စရပ်ကို ကျွင်းချောင်ရှောင်း ပြုလုပ်ခဲ့ခြင်းဖြစ်၏။ သူ့အနေနှင့် ထိုက်တန်သည်ဟု တွေးတောထားသည်။
အကယ်၍ သံမဏိအရိုးဂိုဏ်းဘက်မှာ ရှုံးနိမ့်ခဲ့သည်ဟု ဆိုပါက ဤမဟာမိတ်ခေါင်းဆောင်ချင် နှင့် နောက်လိုက်နောက်ပါ အဖွဲ့သားများ အားလုံးသည် လွန်လွန်ကြူးကြူး ဖြစ်နေသည်ကို မည်သူမှ ထွက်၍ ပြောဆိုနေမည် မဟုတ်ချေ။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လက်သီး မည်မျှ မာကျောသည် ဆိုသည်ကသာ အရေးကြီးသည်။ လက်သီး မာကျောသူကသာလျှင် အခွင့်အရေး ရရှိလိမ့်မည်။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား ဆိုင်းဘုတ်ဖျက်ဆီးခိုင်းလိုက်ခြင်းမှာ သူ့တွင် ယုံကြည်ချက် ရှိနေသောကြောင့်ပင် ဖြစ်သည်။
အဆိုးဆုံးအနေနှင့် သူသည် ဤဆိုင်းဘုတ်ဖျက်ဆီးခြင်းကိစ္စနှင့် သံမဏိအရိုးဂိုဏ်း၏ အိမ်သာသန့်ရှင်းသည့် ကိစ္စအား လဲလှယ်၍ ရမည်ကို သိရှိပြီးဖြစ်၏။
ဝမ်တုန်လင်သည်လည်း သူ၏ ရည်ရွယ်ချက်ကို သိရှိသောကြောင့် ပူးပေါင်း၍ ငြိမ်းချမ်းရေးသမားလိုလို ဝင်ရောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သတ်ဖြတ်လိုခြင်း ဆန္ဒတွေ နှင့် ပြည့်နက်လျက်ရှိသော ချင်ဟောင်ရန်သည် သူ့ကိုယ်သူ အတင်း တည်ငြိမ်အောင် ကြိုးစားလိုက်ရ၏။ ပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။ "လောင်းကြေးကို ပယ်ဖျက်မယ်။"
သူသဘောတူခဲ့သည်။ သူ အရှုံးပေးခဲ့ရ၏။ ဘာပဲပြောပြော လောင်းကြေးပယ်ဖျက်သွားခြင်းသည် သူ၏ ဂုဏ်သိက္ခာ မဆုံးရှုံးတော့ပြီဟု ဆိုရနိုင်သည်။
ဆိုင်းဘုတ်ကြီးတစ်ခုလုံး ဖျက်ဆီးခံရတဲ့အတွက် ချင်ဟောင်ရန် မည်မျှဒေါသထွက်သည် ဆိုသည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း၏ အိမ်သာဆေးသည့် ကိစ္စနှင့် ယှဉ်လျှင် ချင်ဟောင်ရန်သည် ထိုကိစ္စအား လက်သင့်ခံလိုက်မည်ဖြစ်ကြောင်းကို သူစဉ်းစားမိပြီးဖြစ်၏။
ဂိုဏ်း၏ ဆိုင်းဘုတ်ကို ဖျက်ဆီးခံရခြင်းသည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခံရခြင်းနှင့် အလွန် ဆင်တူသည်ဟု လူတစ်ချို့က ပြောပေလိမ့်မည်။ သို့ပေမဲ့ ဂရုစိုက်စရာမလိုပေ။
ကျွင်းချောင်ရှောင်းဆီသို့ လိုက်သွား၍ အိမ်သာဆေးရသည်က ပို၍ ဆိုးရွားသည်။
မကြာသော အခြေအနေတစ်ခုတွင် သူသည် ကျွင်းချောင်ရှောင်းအား သတ်ပစ်လျှင် သတ်ပစ်နိုင်သည့် အခွင့်အရေးအား ရရှိနိုင်သည် မဟုတ်လား။
လက်ရှိအခြေအနေမှာတော့ သတ်ပစ်၍ မရနိုင်သေးချေ။ အဘယ့်ကြောင့်ဆိုသော ဝမ်တုန်လင် နှင့် အိုက်ရှန်းရီ တို့ ရှိနေသောကြောင့် ဖြစ်၏။
တစ်ယောက်က တောင်ပြာဂိုဏ်းအား ကိုယ်စားပြုသူဖြစ်ပြီး နောက်တစ်ယောက်မှာ အိုက်ကလန်အား ကိုယ်စားပြုသည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းအား သတ်ဖြတ်၍ မရနိုင်ကြောင်း ချင်ဟောင်ရန် ကောင်းကောင်းသိနေ၏။
ထို့အပြင် လက်ရှိယှဉ်ပြိုင်ပွဲအား လာရောက်ကြည့်ရှုနေသော များပြားလှသော ကျင့်ကြံသူများလည်း ရှိနေသေး၏။
သူတို့ဂိုဏ်းသည် လေးပွဲလုံးတိုက်ခိုက်ပြီးချိန်တွင် တစ်ပွဲမှ မနိုင်သေးသည်ကို သူတို့ တွေ့ခဲ့ကြ၏။
ထို့ကြောင့် သူ့အနေနှင့် ကျွင်းချောင်ရှောင်းအား သတ်ဖြတ်လိုက်မည်ဆိုလျှင် ကျင့်ကြံခြင်း လောက တစ်ခုလုံးသည် သူ့အား မည်သို့ ပြောဆိုနေလိမ့်မည်နည်း။
သမာဓိဂိုဏ်းတစ်ခု အဖြစ် ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြောဆိုထားသော ဂိုဏ်းအနေနှင့် အလွန်ပင် ကြီးမားသော ပြဿနာကို ရင်ဆိုင်ရပေလိမ့်မည်။
သူတို့အနေနှင့် မိစ္ဆာဂိုဏ်းဟု နာမည်တပ်ထားလျှင် မည်သည့်ကိစ္စကိုမှ စိုးရိမ်နေလိမ့်မည် မဟုတ်ချေ။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ထိုသို့သော ဂိုဏ်းများကို ရင်ဆိုင်ရမည်ဆိုလျှင် တစ်ခြားသော နည်းလမ်းများ အသုံးချမည်မှာ သေချာ၏။
သူ့တွင်လည်း ဝှက်ဖဲများစွာရှိနေသည်။ စည်းခတ်ထားသော ဓားမော့သည် သူ၏လက်ထဲတွင် အဆင်သင့် ရှိနှင့်နေပြီးသား ဖြစ်သည်။ အခန့်မသင့်ပါက ထုတ်ယူ၍ မဟာမိတ်ခေါင်းဆောင်ချင် အား လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။
"မဟာမိတ်ခေါင်းဆောင်ချင် …."
ကျွင်းချောင်ရှောင်းသည် အပြစ်ကင်းစင်စွာ ပြုံး၍ ပြောလိုက်သည်။ "လောင်ကြေးက ပြီးသွားပြီဆိုတော့ ခင်ဗျားတပည့်တွေ ဆွဲထုတ်ထားတဲ့ဓားတွေကို ဘယ်လို လုပ်မှာလဲ။"
ချင်ဟောင်ရန်သည် သူ၏ ဒေါသကို ဖိနှိပ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ "မင်းတို့ဓားတွေကို ပြန်ထည့်ပြီး နောက်ဆုတ်တော့။"
ဟောင်ချီဂိုဏ်း၏ တပည့်များသည် သူတို့ ဂိုဏ်းချုပ်၏ အမိန့်ကို နာခံလိုက်ကြ၏။ ချက်ချင်းဆိုသလိုပဲ ဓားများအား ဓားအိမ်ထဲသို့ ထိုးထည့်၍ သူတို၏ မူလနေရာဆီသို့ ပြန်သွားကြသည်။ သူတို့၏ ဒေါသတရားကို မျက်လုံးနှင့်သာ ထုတ်ဖော်နိုင်စွမ်း ရှိကြတော့သည်။
ချလွမ် …. ချလွမ်။
လီချင်းယန်နှင့် တစ်ခြားသူများသည်လည်း သူတို့ဓားအား ပြန်သိမ်းလိုက်ကြတော့သည်။ ပြီးနောက် ဂိုဏ်းချုပ်၏ နောက်ဆီသို့ အသာနောက်ဆုတ်သွားကြတော့၏။
ခတ်ထန်တင်းမာနေသော အခြေအနေတစ်ခုသည် ရုတ်တရက်ဆိုသလိုပဲ အားပျော့သွားသည်။
အပျော်သဘောနှင့် ပွဲလာကြည့်ကြသော သိုင်းပညာရှင်များအားလုံးသည် သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းချုပ်အား ချီးကျုးလိုက်မိကြ၏။ ကျွင်းချောင်ရှောင်း သည် ဟောင်ချီဂိုဏ်း၏ ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သည်ဆိုသော်လည်း ယခုအချိန်ထိ လုံလုံခြုံခြုံနှင့် ရှိနေသေး၏။
အံအားသင့်စရာကောင်းလွန်းလှသည်။
"မဟာမိတ်ခေါင်းဆောင်ချင် …"
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာဖြင့် ပြောလိုက်သည်။ "ခုနစ်ပွဲမှာ လေးပွဲနိုင်သွားပြီဆိုတော့ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက နိုင်သွားပြီပဲ။ဒီတော့ ဆက်ပြီး ယှဉ်ပြိုင်စရာမလိုတော့ဘူး။ကျုပ် အရင်သွားပါတော့မယ်။"
ရီရှင်းချန် ဆွံအသွားမိသည်။
ဒီလိုပဲ သွားတော့မယ် ဟုတ်လား။ ငါတောင် တစ်ခါမှ မတိုက်ခိုက်ရသေးဘူး။
အနည်းငယ် တည်ငြိမ်လာပြီဖြစ်သော မဟာမိတ်ခေါင်းဆောင်ချင် ည် အေးစက်စက် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း … ကျုပ်တို့ ဟောင်ချီဂိုဏ်းက ရှုံးနိမ့်သွားတယ်ဆိုရင်တောင်မှ သုံးပွဲ ကျန်သေးတယ်လေ။ မဟုတ်ရင် ကျင့်ကြံခြင်းလောကရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖယ်ရှားသလို ဖြစ်နေမှာပေါ့။"
သုံည - လေးဆိုသည်မှာ လက်ခံနိုင်လောက်သည့် ရလဒ်မျိုး မဟုတ်ပေ။ သူတို့အနေနှင့် နောက်ထပ်သုံးပွဲကို အနိုင်ယူမှ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျင့်ကြံခြင်းလောက၌ သူတို့၏ ဂုဏ်သိက္ခာသည် အလုံးစုံ မကျဆင်းချေ။
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မဟာမိတ်ခေါင်းဆောင်ချင် …. တကယ်လို ဆက်ပြီး တိုက်ခိုက်မယ်ဆိုရင် ဟောင်ကျီဂိုဏ်းက ဝ- ၇ အဖြစ်နဲ့ ရှုံးတော့မှာပဲ။ဒီတော့ ဒီကိစ္စကို မေ့ပြီးတော့ အနာဂတ်မှာ အေးအေးဆေးဆေး စကားပြောလို့ရအောင်။ ဒီကိစ္စကို မေ့ထားလိုက်တာ ပိုမကောင်းဘူးလား။"
အားလုံးသည် ငြိမ်သက်သွားကြ၏။
မင်းက သူတို့ ဂိုဏ်းရဲ့ ဆိုင်းဘုတ်ကိုလည်း ဖျက်ဆီးခဲ့သေးတယ်။ အနာဂတ်မှာ တွေ့တယ်ဆိုရင် ဓားထုတ်ပြီး မခုတ်ရင်တောင် ကံကောင်းလှပြီ။ ဒါကိုတောင်မှ ထိုင်ပြီးတော့ အေးအေးဆေးဆေး စကားပြောဖို့ မျှော်လင့်နေသေးတယ် ဟုတ်လား။
"ဝ- ၇ဟုတ်လား။"
ချင်ဟောင်ရန်သည် သူ၏ ဒေါသကို ဖိနှိပ်ပြီး အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။
"မင်းက ငါတို့ဟောင်ကျီဂိုဏ်းကို အရမ်းအထင်သေးလွန်းတယ်။"
"ထပ်ပြီး တိုက်ခိုက်ချင်တာလား။"
ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်ကာဖြင့် ပြောလိုက်သည်။
"မဟာမိတ်ခေါင်းဆောင်ချင်းကလည်း မျက်နှာပျက်မှာကို မဆိုးရိမ်ဘူးဆိုတော့လည်း ဆက်ပြီးတော့ တိုက်ခိုက်ကြတာပေါ့။"
"ကောင်းပြီ။"
ပြီးနောက် သူဆက်ကာဖြင့် ပြောလိုက်သည်။
"လောင်းကြေးတစ်ခုခု ထည့်ချင်သေးလား။"
ချင်ဟောင်ရန်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ငါတို့ ဟောင်ကျီဂိုဏ်က ရှုးနေပြီ။ ဘယ်လိုလုပ်ပြီး ထပ်ထည့်မှာတုန်း။"
"ခုနတုန်းက ပြီးသွားခဲ့တဲ့ လေးပွဲကို ထည့်မတွက်တော့ဘူး။ နောက်ဆုံးသုံးပွဲကိုပဲ အနိုင်အရှုံးကိုပဲ ဆုံးဖြတ်ကြအောင်။ သုံးပွဲမှာ နှစ်ပွဲနိုင်ရင် နိုင်ပြီ။ ဘယ်လိုထင်လဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဝမ်တုန်လင်နှင့် အိုက်ရှန်းခီတို့သည်လည်း ဆွံ့အသွားမိ၏။
အနိုင်ပွဲသည် အစောကြီးကတည်းက ရှိနှင့်နေပြီဖြစ်၏။
သို့ပေမဲ့ ထိုအနိုင်ပွဲအား ထည့်မတွက်ဘဲနဲ့ နောက်တစ်ပွဲဆော့ရန် ဆက်၍ ဆံးဖြတ်ခဲ့ခြင်းဖြစ်၏။
ဂိုဏ်းချုပ်ကျွင်း ဘယ်လိုဆော့ကစားရန် စဉ်းစားနေသနည်း။
မဟာမိတ်ဂိုဏ်းချုပ်များနှင့် လာရောက်ကျင့်ကြံနေကြသော ကျင့်ကြံသူများအားလုံးသည်လည်း ဆွံ့အသွားမိကြ၏။
"သူ ရူးများနေတာလား။"
ချင်ဟောင်ရန်သည် အနည်းငယ်တွေဝေသွားမိ၏။
သို့ပေမဲ့ သူသည် မြန်မြန်ဆန်ဆန်ပြ တုန့်ပြန်လိုက်မိ၏။
ကျွင်းချောင်ရှောင်း စိတ်ပြောင်းသွားမည်ဆိုးသောကြောင့် သူ ပြောလိုက်၏။
"ကောင်းပြီ။ပထမလေးပွဲကို ထည့်မတွက်တော့ဘူး။ နောက်ဆုံးလေးပွဲကိုပဲ ဆက်ပြီး ဆုံးဖြတ်ကြတာပေါ့။ ဘယ်လိုလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဒီတစ်ခါတော့ ဂိုဏ်းရဲ့ ဝေယာဝစ္စလုပ်တာတို့ သန့်ရှင်းရေး လုပ်တာတို စတဲ့လောင်းကြေးတွေနဲ့ မဆော့တော့ဘူး။ ဒီတစ်ခါ ပိုပြီးလက်တွေ့ကျတာကို လုပ်ကြတာပေါ့။"
"ရှုံးတဲ့လူက ငွေဆယ်သန်း ပေးရမယ် ဘယ်လိုလဲ။"
"ဆယ်သန်း"
အားလုံး၏ မျက်လုံးများသည် ပြူးထွက်သွားကြ၏။
ထိုငွေပမာဏသည် အဆင့်ရှစ် အဆင့်ကိုး ဂိုဏ်းများအတွက် ကြီးကျယ်ခမ်းနားသည့် အတောက်အဦးများကို တည်ဆောက်၍ ရသည့် အဆင့်ခုနစ်နှင့် မိသားစုကြီးများ ဆိုလျှင်တောင်မှ ထိုငွေပမာဏကို ဆုံးရှုံးရပါက ကြီးမားသည့် နစ်နာမှုကို ခံစားရမှာ ဖြစ်သည်။
ချင်ဟောင်ရန်သည် အထင်အမြင်သေးသလို ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ ဟောင်ကျီဂိုဏ်းက ငွေဆယ်သန်းကို လွယ်လွယ်ကူကူနဲ့ ထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ သံမဏိအရိုးဂိုဏ်းအနေနဲ့ ဒီလောက်များပြားတဲ့ ငွေ အရင်း အမြစ် မရှိမှာကို စိုးရိမ်မိတယ်။"
"ကျုပ်ရှုံးသွားရင် ကျုပ်ဆီမှာ မရှိဘူးဆိုရင်တောင် ချေးလို့ ရသေးတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်မိသည်။
"ဟုတ်တယ်မလား အိုက်ခေါင်းဆောင်။"
အိုက်ရှန်းခီသည် ဆွံ့အသွား၏။
ပြီးနောက် မြန်မြန်ပဲ ပြောလိုက်သည်။
"တကယ်လို့ ဂိုဏ်းချုပ်ကျွင်းက အကူအညီလိုတယ်ဆိုရင် ကျုပ်တို့ အိုက်မိသားစုက ငွေဆယ်သန်းကို လိုလိုချင်ချင်နဲ့ချေးပေးပါ့မယ်။"
ကျင့်ကြံသူများအားလုံးသည် ထပ်မံ၍ မျက်လုံး ပြူးသွားကြ၏။
သံမဏိအရိုးဂိုဏ်းနှင့် အိုက်မိသားစုတို့ကြားကိစ္စသည် ပိုက်ဆံဆယ်သန်းကို လိုလိုချင်ချင်နဲ့ ချေးရလောက်အောင် မည်သည့်အချိန်မှာ ရင်းနှီးသွားခဲ့ရသနည်း။
အိုက်ရှန်းခီသည် ကျွင်းချောင်ရှောင်းအား ထောက်ခံအားပေးအောင် ရောက်ရှိလာခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူသည် အမှန်ပဲ နောက်ကွယ်က ထောက်ပံ့လျက်ရှိသည်။
"ကောင်းပြီ။"
ချင်ဟောင်ရန်ပြောလိုက်သည်။
"ဒီတစ်ခါ လောင်းကြေးက ဆယ်သန်းပဲ။"
ဟောင်ကျီဂိုဏ်း၏ တပည့်များ အားလုံးသည် နေရာပြန်ယူလိုက်ကြ၏။
ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်၏။
"ဂိုဏ်းချုပ်ချင်း ကျေးဇူးပြုပြီး တိုက်ခိုက်ဖို့ တစ်ယောက်ကို လွှတ်ပေးပါဦး။"
ချင်ဟောင်ရန်သည် လက်ကို ဝှေ့ယမ်းလိုက်၏။
သိုင်းတပည့်အဆင့်မြင့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော သိုင်းတပည့်ထိပ်ဆုံး ဒုတိယမြောက် တိုက်ရိုက်တပည့်သည် တိုက်ခိုက်ရေး စင်မြင့်ဆီသို့ လျှောက်တက်လာသည်။
လက်ရှိအခြေအနေမှာတော့ ဟောင်ကျီဂိုဏ်းတွင် အားအကောင်းဆုံးတပည့်ဟူ၍ သူနှင့် သိုင်းဆရာအဆင့် တပည့်တစ်ယောက်သာ ကျန်ရှိတော့၏။
ချင်ဟောင်ရန်သည် ထိုသူတို့အပေါ်တွင် အများအပြား မျှော်လင့်ထားမိ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွန်သပ်ကာ ပြောလိုက်သည်။
"ကျုပ်တို့က နှစ်ပွဲနိုင်ပြီဆိုရင် ဒီညတော့ ပွဲကြီးပွဲကောင်း စားကြတာပေါ့။"
ခဏလောက် ရပ်တန့်ပြီးသည့်နောက် သူ ပြောလိုက်သည်။
"ချင်းယန် စင်ပေါ်ကို သွားတော့။"
"ကောင်းပါပြီ။"
လီချင်းယန် စင်ပေါ်သို့ တက်သွားသည်။
"ငါ့သား"
အပြင်ဘက်ဆီသို့ ထွက်လျှောက်လာသော လီချင်းယန်အား မြင်တော့ လီခေါင်းဆောင်သည် လေးနက်စွာဖြင့် ပြောလိုက်သည်။
"အဖေက ကြည့်နေတယ်။ ဒီမိသားစုရဲ့ ဘိုးဘေးတွေအကုန်လုံးကလည်း ကြည့်နေတယ်။"
ဝိုး။
လီချင်းယန်သည် အသက်ကို ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
"အဖေ ဂိုဏ်းတစ်ရာလူသစ်စုဆောင်းပွဲတုန်းက သားဘာလို့ သံမဏိအရိုးဂိုဏ်းကို ရွေးလဲဆိုတာ သက်သေပြမယ်။"
သူ့သား၏ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် စင်မြင့်ပေါ်သို့ တက်သွားသည့် ပုံစံကို မြင်တော့ အိုက်ခေါင်းဆောင်သည် မည်သို့မှ မနေနိုင်တော့ဘဲ မျက်ရည်တွေ ကျဆင်းလာတော့သည်။
သူသည် တုန်ယင်တဲ့အသံဖြင့် ပြောလိုက်သည်။
"ငါ့သား အဖေက အကုန်လုံးကို မြင်ခဲ့ပြီးပြီ။ သံမဏိအရိုးဂိုဏ်းတပည့်ဖြစ်နေတဲ့ မင်းအတွက် အရမ်းပဲ ဂုဏ်ယူမိတယ်။"
ဤအချိန်မှာတော့ လီချင်းယန်သည် စင်မြင့်၏ အလယ်ဗဟိုလ်၌ ရပ်တန့်လျက်ရှိသည်။
သူသည် ကျယ်လောင်လှသော အသံဖြင့် ပြောလိုက်သည်။
"သံမဏိအရိုးဂိုဏ်း လီချင်းယန်။"