အခန်း (၁၅၅)
Vol. 11 Ch. 155
“ဟောင်ချီဂိုဏ်း … ရှင်းရောင်ယန် …”
ဟောင်ချီဂိုဏ်းတပည့်သည် တိုက်ခိုက်ရေးစင်မြင့်၏ အလယ်ဗဟိုသို့ တက်လာပြီးသည့်နောက် သူ၏ နာမည်အား ကြေညာလိုက်သည်။
သူသည် ဂိုဏ်းတွင် ရှိသော သိုင်းဆရာ ပထမအဆင့် နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ အလုံးစုံသော အားအင်အဆင့်သည် ဟူကျန့်ထက် သာလွန်၏။
သူသည် ဟူကျန့်ထက် တိုက်ခိုက်ရေးစွမ်းအင်၌ ဂျင် နှစ်ထောင်မှ သုံးထောင်လောက်ထိ ပိုမို အားကောင်းသည်။
“စမယ်။ …” ဒိုင်လူကြီး အော်ဟစ်လိုက်သည်။
ရှင်းရှောင်ယန် သည် ဂိုဏ်းချုပ်အတွက် ၊ ဂိုဏ်းအတွက် နိုင်ပွဲရယူရမည် ဆိုသော စိတ်ဖြင့် ရှေ့သို့ အားမာန်အပြည့် နှင့်တိုးလာ၏။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုစိတ်ဝိညာဉ်စွမ်းအင်များအား တိုက်ခိုက်ရာတွင် သာ သူ အသုံးမပြုပေ။ သူ၏ အဓိက သွေးကြော ဆုံမှတ်များအားလည်း ကာကွယ်ရန် အသုံးပြုခဲ့သည်။
ဝှစ် … ဝှစ် .. ။
ချက်ချင်းဆိုသလိုပဲ သူသည် လက်နှစ်ဖက် ဖြင့် တိုက်ခိုက်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် လေထဲတွင် လက်ဝါးရိပ်များအဖြစ် ဖြစ်ပေါ်စေပြီး တဝှီးဝှီး နှင့် အသံတွေပင် ထွက်ပေါ်လျက်ရှိသည်။
ထိုတိုက်ခိုက်ရေး နည်းစနစ်သည် နဂါးအော်သံ ၊ ကျားအော်သံ နည်းစနစ် ပင် ဖြစ်၏။
ဟောင်ချီဂိုဏ်း၏ လက်ဝါးနည်းစနစ် တစ်ခုဖြစ်ပြီး အလယ်အလတ် ထိပ်ပိုင်းအဆင့် နည်းစနစ် တစ်ခုလည်း ဖြစ်သည်။
ဤနည်းစနစ်သည် ကျားဟိန်းသံ လက်ဝါးနှင့် နဂါးဟိန်းသံ လက်ဝါး နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။
ရှင်းရောင်ယန် သည် ဂိုဏ်းထဲ ရောက်ရှိချိန်ကတည်းက ဤနည်းစနစ်ကို လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
သိုင်းတပည့် ထိပ်ဆုံးအဆင့် စိတ်ဝိညာဉ်စွမ်းအင် များနှင့် ပေါင်းစပ်ပြီး နောက်မှာတော့ တိုက်ကွက်ထုတ်ဖော်ချိန်၌ လေအဟုန်များသည် ကျားဟိန်းသံ နှင့် နဂါးဟိန်းသံ များအဖြစ် ဖြစ်ပေါ်လာတော့၏။
ဂီး …. ဝေါင်း ..။
ဘယ်လက်ဝါးသည် နဂါးတစ်ကောင် ဟိန်းသံ ဖြစ်ပြီး ညာလက်ဝါးသည် ကျားဟိန်းသံ အဖြစ်ဖြစ်ပေါ်လာသည်။
ဤတိုက်ကွက်သည် ကြည့်ရှုနေကြသော အကြီးအကဲ များအားလုံး၏ ချီးကျူးမှုကို ရစေသည်။ ရှင်းရောင်ယန် ၏ လက်ဝါးနည်းစနစ်သည် ပြည့်စုံသော အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။ ရှင်းရှောင်ယန် သည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ပါရမီရှင် တစ်ယောက်မှန်း သိသာလှ၏။
သံမဏိအရိုးဂိုဏ်းမှ လီချင်းယန် မည်သို့ ရင်ဆိုင်မည်နည်း။
ဝှစ် ..။
အားလုံး စဉ်းစားနေတုန်းမှာပဲ လီချင်းယန်သည် ရှေ့သို့ လှမ်းတက်ပြီး ပေါက်ကွဲလက်သီးနှင့် တိုက်ခိုက်လိုက်သည်။ သူသည် ကျားဟိန်းသံ၊ နဂါးဟိန်းသံ နည်းစနစ် နှင့် ထိပ်တိုက် ရင်ဆိုင်ချင်နေသည်။
ဘန်း .. ဘန်း…ဘန်း..။
လက်သီး နှင့် လက်ဝါး သည် ထိပ်တိုက်တွေ့ဆုံသွားသည်။ လေထဲတွင်တော့ စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်သွားရ၏။
စက္ကန့်အနည်းငယ်ကြာတော့ လီချင်းယန် နှင့် ရှင်းရှောင်ယန် တို့သည် တိုက်ကွက်ဆယ်ကွက် လောက် တိုက်ခိုက်ပြီး ဖြစ်နေကြသည်။ အခြေအနေကို ကြည့်ရသည်မှာ နှစ်ယောက်သား လက်ရည်မျှနေသည်။
ဤကဲ့သို့ တိုက်ပွဲမျိုးကမှ မှန်ကန်ပြီး သာမာန်ကျသည့် တိုက်ပွဲမျိုး ဖြစ်ပေသည်။
အရင်တိုက်ပွဲ လေးပွဲလုံးသည် သူတို့ကြည့်ရှုရသူများအဖို့ ဘာမှန်းပင်မသိဘဲ ပြီးဆုံးသွားစေ၏။
ဘန်း ..ဘန်း ..။
နှစ်ယောက်သား တိုက်ကွက်ဆယ်ကွက်လောက် ထပ်မံတိုက်ခိုက်ပြီးသည့်နောက်မှာတော့ နှစ်ယောက်စလုံးသည် အနောက်သို့ အသီးသီး ဆုတ်ခွာလိုက်သည်။
လုချင်းယန်၏ မျက်နှာသည် တည်ငြိမ်နေတုန်းပင် ဖြစ်၏။
ရှင်းရှောင်ယန် သည် မျက်မှောင်ကုတ်သွားပြီး သူ၏ လက်များအား မသိမသာ ခါလိုက်မိသည်။ လက်သီးနှင့် လက်ဝါး ထိပ်တိုက်တွေ့ဆုံပြီးနောက်တွင် သူ၏ လက်များသည် ထုံကျင်လျက်ရှိသည်။
“ဟောင်ချီဂိုဏ်း တပည့် ခံလိုက်ရပြီ” ဝမ်တုံလင် ပြောလိုက်သည်။
ချင်ဟောင်ရန်သည်လည်း ထိုအရာကို သတိပြုမိသည်။ သူ၏ မျက်နှာသည် သုန်မှုန်လျက်ရှိ၏။
ငါ့ရဲ့ ဟောင်ချီဂိုဏ်း ထပ်ရှုံးအုံးမှာလား။
ချင်ဟောင်ရန်သည် ပထမတစ်ကျော့ ရှုံးနိမ့်ပြီးခဲ့ပြီးနောက် ရပ်တန့်ရန် မစဉ်းစားခဲ့ချေ။ နောက်တစ်ကျော့ ထပ်မံ တိုက်ခိုက်ရန် အဆိုတင်သွင်းခဲ့ရုံသာမက ငွေဆယ်သန်းနှင့်ပင် လောင်းကြေး ထပ်ခဲ့သေးသည်။ သူ၏ ဦးနှောက် သည် တစ်စုံတစ်ခုများ မှားယွင်းခဲ့လေသည်လား။
ကျွင်းချောင်ရှောင်းဘက်ကတော့ ပုံမှန်လိုပင်။
သူ၏ သံမဏိအရိုးဂိုဏ်းတပည့် လီချင်းယန် ကို လွှတ်လိုက်ကတည်းက တစ်ဖက်မှ အားအကောင်းဆုံး လူကို ထုတ်လိမ့်မည် ဖြစ်ကြောင်း တွေးထားပြီးဖြစ်သည်။ လီချင်းယန် အနိုင်မယူနိုင်လျှင်တောင်မှ သူတို့သည် နောက်နှစ်ပွဲအား အနိုင်ယူနိုင်စွမ်း ရှိကြသည်။
ဝှစ် …။
လီချင်းယန် နှင့် ရှင်းရောင်ယန် တို့သည် ထပ်မံ၍ တိုက်ခိုက်လိုက်ကြသည်။
နှစ်ယောက်သားသည် ကြည့်ရှုနေသူ ပရိသတ်များအား စိတ်မပျက်စေခဲ့ပေ။ အစစ်အမှန် ကြမ်းတမ်းသော တိုက်ပွဲတစ်ခုအဖြစ် ပုံဖော် တိုက်ခိုက်နေကြ၏။
တိုက်ခိုက်ပွဲဟူသည် တစ်ဖက်စောင်းနင်းဖြစ်နေလျှင် ကြည့်မကောင်းတော့ချေ။
ဘန်း …. ဘန်း ….ဘန်း ..။
ကျားဟိန်းသံ ၊ နဂါးဟိန်းသံ များသည် တိုက်ခိုက်ရေးကွင်းပြင်တစ်ခုလုံးတွင် ပြန့်နှံ့လျက်ရှိသည်။ လီချင်းယန် နှင့် ရှင်းရောင်ယန် တို့၏ တိုက်ပွဲသည် ပိုမို၍ ကြမ်းတမ်းလာတော့သည်။
ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်သည် “ချင်းယန် က တိုက်ပွဲကို အလျင်စလို မဖြတ်ဘူး။ သိုင်းတပည့် ထိပ်ဆုံး ကျင့်ကြံသူ တစ်ယောက်နဲ့ တိုက်ခိုက်ရတုန်းမှာ လက်ရည်စမ်းဖော် တစ်ယောက် ရသလိုမျိုး လေ့ကျင့်နေတာပဲ”
ဘန်း..။
ထိုအချိန်မှာပဲ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။
လီချင်းယန်၏ လက်သီး သည် ရှင်းရောင်ယန် ၏ လက်ဝါးအား ထိပ်တိုက် ထိမှန်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။
“ဟောင်ချီ ဂိုဏ်း တပည့်က အောက်စည်းရောက်နေပီ”
“လီချင်းယန် က တကယ့်ကို အားကောင်းတာပဲ”
“စိတ်ဝိညာဉ်စမ်းချောင်းတောင်မှာတုန်းက နတ်စမ်းချောင်းဂိုဏ်း အတွင်းတပည့်ကို အနိုင်ယူခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။”
အားလုံးက လီချင်းယန်အား ချီးကျုးလိုက်မိကြသည်။
လီချင်းယန် ၏ တိုက်ခိုက်မှုများသည် ရှင်းလင်းပြီး အားမာန်အပြည့်ပါသည်။ ထို့အပြင် လှုပ်ရှားပုံများမှာလည်း အလွန်အမင်း ကြည့်ကောင်းလှ၏။
ပထမတိုက်ခိုက်ခဲ့သော သံမဏိအရိုးဂိုဏ်း တပည့်လေးယောက် နှင့် မတူညီစွာဘဲ လီချင်းယန်သည် တိုက်ခိုက်မှုအား လေးလေးစားစားဖြင့် တိုက်ခိုက်နေသည်။
အားလုံးက သူ့သားအကြောင်း ပြောဆိုနေသည်ကို ကြားတော့ လီခေါင်းဆောင်သည် ဂုဏ်ယူစွာဖြင့် ရင်ကိုပင် ကော့ထားလိုက်မိ၏။
ရှင်းရောင်ယန်သည် သူ၏ ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် မနည်းကြိုးစားနေရသည်။ သူ၏ မျက်နှာတစ်ခုလုံး ဖြူရော်နေပြီဖြစ်ပြီး ညာလက်သည်လည်း ရောင်ကိုင်း၍ ထုံကျင်လျက်ရှိသည်။
ဝှစ်..။
လီချင်းယန်သည် ရှေ့သို့ လှမ်းတက်လိုက်ပြီးနောက် ပေါက်ကွဲလက်သီးနည်းစနစ် အား ထုတ်ဖော်၍ ထပ်မံ တိုက်ခိုက်လိုက်၏။
ဤတစ်ကြိမ်တွင်တော့ သူသည် ရှင်းရောင်ယန် အသက်ရှုရန်ပင် အခွင့်အရေးမပေးတော့ချေ။ တိုက်ရိုက်ပဲတိုက်ခိုက် တော့သည်။ ရှင်းရောင်ယန်သည် တိုက်ခိုက်မှုများအား ကာကွယ်ရင်း အနောက်သို့ တဆုတ်တည်း ဆုတ်နေရတော့၏။ နောက်ဆုံးမှာတော့ သိုင်းလေ့ကျင့်ရေးကွင်းပြင် အပြင်ဘက်သို့ လွင့်စင်ကာ ပြုတ်ကျသွားလေတော့သည်။
သံမဏိအရိုးဂိုဏ်း နောက်တစ်ကြိမ် နိုင်ပြန်သည်။
ကျွင်းချောင်ရှောင်းသည် လီချင်းယန် နိုင်သည်ကို အံ့အားမသင့်မိချေ။
သံမဏိအရိုးဂိုဏ်းတွင် စုရှောင်မို နှင့် လီဖေးတို့သည် ခြေထောက်အားအင်နှင့် လှုပ်ရှားမှု အပိုင်းတွင် ကျွမ်းကျင်ကြသည်။ ရှောင်ကျီသည် ခန္ဓာကိုယ်အားအင်ကို အဆုံးစွန်ထိ လေ့ကျင့်ထားသည်။ လုချင်းချင်း၏ စိတ်ဝိညာဉ်စွမ်းအင် များသည် အကန့်အသတ်မဲ့ များပြားသည်။
လီချင်းယန်သည် မည်သည့်နေရာတွင်မှ ထူးချွန်မနေသော်လည်း နေရာစုံတွင် ဟန်ချက်ညီစွာနှင့် တိုးတက်လာနေ၏။
ထို့အပြင် အတွင်းစည်း တပည့်များ၌ သူ၏ ကျင့်ကြံခြင်းအဆင့်သည် အမြင့်ဆုံး ဖြစ်သည်။ သိုင်းတပည့် အဆင့်ခုနှစ်သို့ပင် ရောက်ရှိနေပြီမဟုတ်လား။
သိုင်းတပည့်ထပ်တုံးအဆင့် ဖြစ်သော ဟူကျန့်သည် ရှောင်ကျီ၏ တိုက်ခိုက်ချက်များကြောင့် သတိတောင် လစ်သွားခဲ့ရသည်။ သူ၏ ဒုတိယ တပည့်ဖြစ်သော လီချင်းယန်သည် သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အနိုင်မယူနိုင်ဘူး ဆိုသည်ကမှ ထူးဆန်းမှု ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းမပြောနှင့် ကြည့်ရှုနေကြသူများပင် လီချင်းယန် ၏ အောင်ပွဲအတွက် အထူးအဆန်းမဖြစ်ကြချေ။ သူ၏ တိုက်ခိုက်ချက်များသည် ပြည့်စုံလွန်းပြီး ဟာကွက် ကင်းလွန်းလှသည်။
ဝမ်တုံလင် မှတ်ချက်ပြုလိုက်၏ “ဒီတပည့်က အရင်တပည့်တွေလောက် မထူးချွန်ပေမဲ့ တည်ငြိမ်တယ်။”
အိုက်ရား ..။
ကျွင်းချောင်ရှောင်း လက်သီးကို ဆုပ်ကာ ပြောလိုက်သည် “မဟာမိတ်ခေါင်းဆောင်ချင် .. ကျုပ်တို့ သံမဏိအရိုးဂိုဏ်း က နောက်တစ်ပွဲ နိုင်ရင် ဟောင်ချီဂိုဏ်းကတော့ ငွေဆယ်သန်း ထုတ်ပေးရတော့မှာပဲ”
အနောက်ဘက်တွင် ရှိနေသော ရီရှင်းချန်သည် တီးတိုး သတိပေးလိုက်၏ “ဂိုဏ်းချုပ် .. နောက်တစ်ပွဲ ကျွန်တော် တိုက်ပါရစေ”
ဟောင်ချီဂိုဏ်းသို့ ရောက်လာစဉ်ကတည်းက သူ တိုက်ခိုက်ချင်နေခြင်း ဖြစ်သည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သွား …”
ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ရှေ့သို့ လှမ်းတက်သွားလိုက်သည်။ သူ၏ မျက်လုံးများသည် အလွန်တရာ အေးစက်နေ၏။
ချင်ဟောင်ရန် ထူးမခြားနားသလို ပြောလိုက်သည် “ပိုင်ကျွင်း … သွား။ မင်း နိုင်ကို နိုင်ရမယ် ဆိုတာ မှတ်ထား”
“ကောင်းပါပြီ”
ပိုင်ကျွင်းဟု ခေါ်သော သူ၏ တိုက်ရိုက်တပည့်သည် လမ်းလျှောက်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ဆီမှ စိတ်ဝိညာဉ် စွမ်းအင်များသည် ပေါက်ကွဲ ထွက်လာ၏။ သူသည် ဟောင်ချီဂိုဏ်း၏ အားအကောင်းဆုံ တပည့်ပင် ဖြစ်တော့သည်။
“မဟာမိတ်ခေါင်းဆောင်ချင်က သိုင်းတပည့် ပထမအဆင့်ကိုတောင် လွှတ်လိုက်ပြီလား”
“သံမဏိအရိုးဂိုဏ်း တပည့်ကို ကြည့်ရတာ သိုင်းတပည့် အဆင့်ခြောက် ၊ အဆင့်ငါး လောက်ပဲ ရှိမယ်ထင်တယ်။ နိုင်ဖို့ မျှော်လင့်ချက် မရှိဘူး”
“ကျုပ်အထင်အရဆိုရင် ဂိုဏ်းချုပ်ကျွင်းက တစ်ဖက်ရဲ အားအကောင်းဆုံး တပည့် ထွက်လာဖို့ သူ့ဆီက အိမ်ဖြည့်လေးကို စတေးလိုက်တာထင်တယ်”
အိမ်ဖြည့်လေး ..ဟုတ်လား။
ရီရှင်းချန် ဒေါသပေါက်ကွဲလာသည်။
ဒီအင်ပါယာသာ အရင်တုန်းက ကျင့်ကြံခြင်းအဆင့် ရှိမယ် ဆိုရင် လက်ဝါးတစ်ချက်တည်းနဲ့ အားအင် နည်းနည်း ၊ လေများများကို ပိုင်ဆိုင်တဲ့ မွှားလိုကောင်တွေကို ရိုက်သတ်ပစ်လိုက်တာ ကြာပြီ။ ဝိညာဉ်တွေပါ အစိတ်စိတ်အမွှာမွှာ ဖြစ်ပြီး ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းထဲပါ မရောက်ဘဲ ဖြစ်သွားမယ်။
ညအင်ပါယာ ဆိုသည့်အတိုင်း သူ၏ အတွေးအခေါ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ပိုင်ကျွင်းသည် တိုက်ခိုက်ရေးစင်မြင့် အလယ်ဗဟိုဆီလျှောက်လာပြီးသည့်နာက် လက်သီးကို ဆုပ်ကာ ပြောလိုက်သည် “ဟောင်ချီဂိုဏ်း .. ပိုင်ကျွင်း”
ရီရှင်းချန် ခပ်တည်တည်ဖြင့် ပြောလိုက်သည် “ပေါက်ကရတွေ လုပ်မနေဘဲ စကြစို့”
“ဒီအိမ်ဖြည့်လေးက မောက်မာလွန်းတာပဲ”
“ဟောင်ချီဂိုဏ်းမှာ ပိုင်ကျွင်းက အားအကောင်းဆုံးဆိုတာ သူ မသိဘူးလား”
“အားအနည်းဆုံးက အားအကောင်းဆုံးကို ယှဉ်ပြိုင်တယ်။ ရှုံးရင်တောင်မှ ထိုက်တန်ပါတယ်လေ”
လူများ၏ ပြောဆိုဆွေးနွေးနေသံများအား ရီရှင်းချန် အတိုင်းသား ကြားနေရသည်။ သူ၏ စိတ်ထဲရှိ ဒေါသတရားများသည် တမြည့်မြည့်ဖြင့် ကျွမ်းလောင်လျက်ရှိသည်။ မျက်လုံးနှစ်လုံးသည် မီးတောက်နှစ်ခုလိုပင် ဝင်းတောက်လျက်ရှိ၏။
ပိုင်ကျွင်းသည် တုန်လှုပ်မိသွားသည် “ဒီကောင့် မျက်လုံးတွေက ပုံမှန်မဟုတ်ဘဲ ကြောက်စရာကြီးပါလား”
“ခင်ဗျား …”
ရီရှင်းချန်သည် ဒိုင်ဘက်သို့ လှည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည် “မြန်မြန် စတော့လေ။ ဘာကို စောင့်နေတာလဲ”
“စမယ်။”
ဒိုင်လူကြီး အော်ပြီးပြီးချင်းမှာပဲ ပိုင်ကျွင်းသည် ရှေ့သို့ လှမ်းတက်လိုက်သည်။ သူသည် လက်ဝါးထဲ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်း၍ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပဲ …
ရီရှင်းချန်သည် သူ၏ နဘေးသို့ ရောက်ရှိလာသည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည် “ကောင်လေး .. မင်းအရမ်းနှေးလွန်းတယ်”
ဘန်း ….။