← Chapters

အခန်း (၁၅၆)

Vol. 11 Ch. 156

အခန်း (၁၅၆)

Vol. 11 Ch. 156

ပိုင်ကျွင်းသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ရှိရုံသည်မကပေ သိုင်းဆရာ အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်၏။

သိုင်းတပည့်အဆင့် ကျင့်ကြံသူများအတွက် သိုင်းဆရာ အဆင့် ဆိုသည်မှာ တွန်းဖယ်၍မရသော အတားအဆီးကြီးတစ်ခုလိုပင် ဖြစ်သည်။ အားအင်ချင်းမှာ အလွန်အမင်း ကွာခြားလှသည်။

လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများသည် ပိုင်ကျွင်းနှင့် ရင်ဆိုင်ရမည် ဆိုပါက ခက်ခက်ခဲခဲ ရင်ဆိုင် တိုက်ခိုက်ရပေလိမ့်မည်။

သိုင်းဆရာ ဆိုသည်မှာ စိတ်ဝိညာဉ်ပုံဖော်ခြင်းကို ပုံလုပ်နေနိုင်ပြီ ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင်များအား ထိန်းချုပ်ပြီး အသုံးပြုရာတွင် ပိုမို ချောမွေ့စွာ လုပ်ဆောင်နိုင်ကြသည်။

သိုင်းတပည့် အဆင့်ဖြင့် သိုင်းဆရာအဆင့်အား အနိုင်ယူခြင်းအား ကျွင်းချောင်ရှောင်း တစ်ယောက်သာ လုပ်နိုင်သည်။

ဟုတ်ပေသည်။ လီလိုရှုသည် သိုင်းဆရာ အဆင့်ငါး ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အားအင်တိုးတက်ခြင်းအဆောင်အား ချိုးဖျက်၍ အသုံးပြုခဲ့ရသည်။ ပုံမှန်အတိုင်းဆိုလျှင် လီလိုရှု လက်ထဲတွင် ဖမ်းဆီးခံရပြီး ပက်ပက်စက်စက်ပင် ရိုက်နှက်ခံနေရလောက်ပြီ ဖြစ်သည်။

သိုင်းတပည့်တစ်ယောက် အနေဖြင့် သိုင်းဆရာ တစ်ယောက်ကို အနိုင်ယူရန် မှာ အလွန်ပင် ခက်ခဲလှသည်။

တခြားသူအတွက် ကောင်းကင်ပေါ် ခုန်တက်ရလောက်သည်အထိ ခက်ခဲမည် ဖြစ်သော်လည်း ရီရှင်းချန် အတွက်တော့ မဟုတ်ချေ။ သူ့အတွက် အလွန်လွယ်ကူနေသည်။

ဘန်း …။

ပိုင်ကျွင်း၏ ဘေးသို့ရောက်ရှိချိန်မှာတောာ့ သူသည် အခွင့်အရေးအား အရယူပြီး စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ တစ်ဖက်လူ၏ ခါးနေရာသို့ တိုက်ခိုက်လိုက်သည်။

မြန်ဆန်သည် ၊ တိကျသည် ၊ ပြင်းထန်သည်။

ဝမ်တုံလင် အံ့အားသင့်သွားမိ၏ “ဒီကလေး က မြန်လွန်းတယ်”

အဘယ့်ကြောင့် မမြန်ရမည်နည်း။

သူ၏ ကြီးမြတ်လှသော ဦးနှောက်ကို အပြင်းအထန် အလုပ်ပေး၍ အရင်ဘဝတုန်းက အသုံးပြုခဲ့သည့် နဂါးဖြတ်ကျော် ခြေလှမ်းအား ထုတ်ဖော်ခဲ့ရသည် မဟုတ်လား။

ရီရှင်းချန်သည် အရင်ဘဝတုန်းက များပြားလှသော သိုင်းနည်းစနစ်များအား လေ့ကျင့်ခဲ့သည်။ သိုင်းအင်ပါယာ ဖြစ်ပြီးနောက်တွင် နတ်ဘုရားအဆင့် တိုက်ခိုက်ရေး နည်းစနစ် များကိုသာ အသုံးပြုလေ့ကျင့်တော့သည်။ ထို့ကြောင့် အဆင့်နိမ့် သိုင်းကွက်များအား မေ့နေပြီဖြစ်သည်။

နဂါးဖြတ်ကျော် ခြေလှမ်းသည် အလွန်အမင်း ကောင်းမွန်သောနည်းစနစ်တစ်ခု မဟုတ်ပေ။

သို့ပေမဲ့ ညအင်ပါယာ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ ဤနည်းစနစ်ကိုသာ ထုတ်ဖော်လေ့ကျင့်နိုင်၏။ အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်များသည် စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုကို အလွန်အမင်း လိုအပ်၏။

ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်၊ကျင့်ကြံခြင်းအဆင့် စသည်တို့ အားလုံးကို လျစ်လျူရှုပြီး လေ့ကျင့်နိုင်သော နတ်ဘုရားအဆင့် နည်းစနစ်များ ဖြစ်သော ရီကျင်ကျင်း နှင့် လင်းကျန့်ဓားသိုင်း တို့သည် မည်မျှ အားကောင်းကြောင်း သိသာလှသည်။

ထိုးနှက်ခံလိုက်ရပြီးနောက် ပိုင်ကျွင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။ သူ၏ ခါးနေရာည် ထုံကျင်သွားရသည်။ စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်ဖော်မှုတွင် အနှောက်အယှက် ဖြစ်သွားရ၏။

ရီရှင်းချန် တိုက်ခိုက်လိုက်သော နေရာသည် ဒန်ထျန် နှင့် နီးကပ်သည်။ အသက်သွေးကြော တည်ရှိရာ နေရာများ မဟုတ်သော်လည်း တိုက်ခိုက်ခံရလျှင် တစ်ဖက်လူ၏ စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုမှုအပေါ် သက်ရောက်လာမှာ သေချာသည်။

ကျွမ်းကျင်သူသည် အစစ်အမှန် ကျွမ်းကျင်သူသာ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် မမြင့်မားသော်လည်း အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်၏ ထောက်ပံ့မှု နှင့်အတူ သူသည် သိုင်းဆရာ ပထမအဆင့် တစ်ယောက်အား အနိုင်ယူရန် လွယ်ကူနေသည်။

သူသည် ဟောင်ချီဂိုဏ်းတပည့် မည်သူနှင့်မဆို ယှဉ်ပြိုင်နိုင်ကြောင်း ဂိုဏ်းချုပ်အား အသိပေးခဲ့သည်။ ထိုအရာသည် ကြွားဝါနေခြင်း မဟုတ်ပေ။

အင်ပါယာဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်သော သူ့အဖို့ သေချာစွာ လုပ်ကိုင်နိုင်သော အရာ ပင် ဖြစ်သည်။

သူ၏ စိတ်ဝိညာဉ်အမြစ် တိုးတက်လာသည်နှင့် အမျှ ဤလောကတွင် သူ့အား ယှဉ်ပြိုင်နိုင်သူ ရှားပါးလာလိမ့်မည်။

“အမှိုက် ..”

ရီရှင်းချန် မောက်မာစွာ ပြောလိုက်သည် “ငါ့ အချိန်ကိုမဖြုန်းနဲ့။ မြန်မြန်တိုက်စမ်း”

ကြောက်မက်ဖွယ်ရာ အော်ရာတွေ ထွက်ပေါ်လာသည်။

ပိုင်ကျွင်း၏ မျက်လုံးများသည် ဒေါသတရားများနှင့် ပြည့်နှက်လာ၏။

သူသည် သိုင်းတပည့် ကျင့်ကြံသူလေး တစ်ယောက်၏ အထင်သေးမှုကို ခံနေရသည်။ သိုင်းဆရာ တစ်ယောက်၏ ဂုဏ်သိက္ခာ ဘယ်ရောက်သွားသနည်း။

“ဝှစ် …” သူသည် သူ၏ ခြေလှမ်းကွက်တစ်ခုကို ထုတ်ဖော်ပြီး ကျားဟိန်းသံ၊ နဂါးဟိန်းသံ နည်းစနစ် အား ထုတ်ဖော်လိုက်တော့သည်။ အားအင်နှင့် အမြန်နှုန်းအရဆိုလျှင် သူသည် ရှင်းရောင်ယန် ထက် ပို၍ သာလွန်လှသည်။

လုချင်းယန်သည်သာ ထိုသို့သော ကြမ်းတမ်းသည့် တိုက်ကွက်နှင့် ရင်ဆိုင်ရမည် ဆိုလျှင် အားသုံးကာ ထိပ်တိုက် ရင်ဆိုင်ပေလိမ့်မည်။ သို့ပေမဲ့ ရီရှင်းချန်မှာတော့ ခြားနားလွန်းသည်. ဆန်းကြယ်လှသော ခြေလှမ်းကွက် အား ထုတ်သုံး၍ ပိုင်ကျွင်း၏ လက်များကြားမှ ရှောင်ထွက်သွားတော့သည်။

စိတ်ဝိညာဉ်အမြစ် အား အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်သို့ အဆင့်မြင့်တက်ပြီးသည့်နောက် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် တို့ လုပ်ဆောင်နိုင်မှုသည် ပိုမို၍ တိုးတက်လာခဲ့သည်။ ထို့ကြောင့် ထက်ရှသည့် အမြင်ကြောင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုများအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ပြီးနောက် ရှောင်ရှားနေနိုင်သည်။

“ဒါက …” ဝမ်တုံလင် မျက်လုံးပြူးသွားသည်။

သိုင်းတပည့်တစ်ယောက် အနေနှင့် ဤကဲ့သို့ ရှောင်ရှားရန် မလွယ်ကူလှထျေ။

ကျားဟိန်းသံ၊ နဂါးဟိန်းသံ များအား ထုတ်ဖော်နေသော ပိုင်ကျွင်းသည် တုန်လှုပ်သွားမိသည်။ သူ၏ တိုက်ခိုက်ချက်များအား မည်သို့ပင် ပြောင်းလဲ၍ ထုတ်ဖော်သည် ဖြစ်စေ တစ်ဖက်လူသည် ရှောင်ရှားသွားနေသည်။ တိုက်ခိုက်ချက် များစွာ ထုတ်ဖော်ခဲ့ပေမဲ့ သူသည် တစ်ဖက်လူ၏ အင်္ကျီစကိုပင် ထိအောင် မတိုက်ခိုက်နိုင်သေးချေ။

“ဒီတပည့်က အရမ်းအားကောင်းလွန်းတယ်”

“သူ့ရဲ့ လှုပ်ရှားမှု ပုံစံကိုကြည့်ရတာ သိုင်းတပည့်လို့ကို မထင်ရဘူး”

“သူ နောက်ဆုံးမှ ထွက်လာတာ။ တပည့်တွေထဲမှ အတော်ဆုံး ဖြစ်နိုင်တယ်။”

ဂိုဏ်းချုပ်များ အားလုံးသည် ဆွံ့အမိနေကြသည်။

ပတ္တမြားမှန်လျှင် နွံမနစ်ချေ။

စိတ်ဝိညာဉ်အမြစ် နှင့် ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့် အမျှ ရီရှင်းချန်သည် သူ၏ ညအင်ပါယာ ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သော အားအင်အဆင့်ကို သက်သေပြနေသည်။

“ဒီကောင်ကတော့ တစ်ခုခုပဲ …” ကျွင်းချောင်ရှောင်းလည်း အံ့အားသင့်မိနေ၏။

သူ ရီရှင်းချန်အား ဒုတိယမြောက်ပွဲတွင် ထည့်သွင်းခဲ့သည်ဆိုခြင်းမှာ ရီရှင်းချန် တစ်ယောက် နတ်ဘုရားအဆင့်နှင့် အထက် ကျင့်ကြံခြင်း နည်းစနစ်အား ကျင့်ကြံကြောင်း သိရှိသောကြောင့် ဖြစ်သည်။ သို့ပေမဲ့ ဤမျှကောင်းမွန်သော လှုပ်ရှားမှု နည်းစနစ်အား ထုတ်ဖော်ကာ တိုက်ခိုက်နေမည်ဟု မထင်မိခဲ့ချေ။

ဝှစ် …။

တိုက်ပွဲတည်နေရာထဲမှာတော့ လက်ဝါးရိုက်ချက်များနှင့်ပြည့်နှက်နေသည်။ ကျားဟိန်းသံ၊ နဂါးဟိန်းသံ များ ကလည်း ဆက်တိုက်ပဲ ထွက်ပေါ်နေသည်။

ပိုင်ကျွင်းသည် တိုက်ခိုက်တာ ကြာလာသည်နှင့်အမျှ မောပန်းလာတော့သည်။ အဘယ့်ကြောင့် ဆိုသော် သူ၏ ပြိုင်ဘက်သည် သူ တိုက်ခိုက်မည့် နေရာများ သိရှိနေသကဲ့သို့ သက်တောင့်သက်သာ ရှောင်လျက်ရှိနေသောကြောင့်ပင်။

“ကောင်လေး …”

ရီရှင်းချန် သည် တိုက်ခိုက်ချက်များအား ရှောင်ပြီး ဘေးတစ်ဖက်တွင် ရပ်လိုက်သည်။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည် “စိတ်ဓာတ်ကျနေပြီလား”

ဘန်း ..။

ညအင်ပါယာသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းပြီး ပိုင်ကျွင်း၏ ခါးနေရာဆီသို့ ထိုးလိုက်ပြန်သည်။ ပထမ ထိုးခဲ့သော နေရာနှင့် တူညီသော နေရာပင် ဖြစ်၏။

ပိုင်ကျွင်းသည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏ မရီဒန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် စုစည်းရန် ခက်ခဲလာသည်။

ချင်ဟောင်ရန် ကြောင်သွားသည်။

ခဏလောက်ကြာတော့ စိတ်လွတ်ကိုယ်လွတ် နှင့် ထအော်လိုက်သည် “မင်းဒီပွဲကို ရှုံးလို့မဖြစ်ဘူး။ နိုင်မှ ဖြစ်မယ်”

ခဏလောက်ကြာတော့ ရီရှင်းရှန်သည် ပိုင်ကျွင်း၏ ရှေ့တွင် ပေါ်လာသည်။

ဘန်း ..ဘန်း ….။

သူ၏ အားအင်ပြင်းထန်လွန်းသော လက်သီးချက်များသည် ပိုင်ကျွင်း၏ ခါးနေရာသို့ ကျရောက်သွားတော့သည်။

“ပြီးသွားပြီ”

ကြည့်ရှုနေကြသူအားလုံးက သုံးသပ်လိုက်ကြ၏။

သို့ပေမဲ့ ရီရှင်းချန် သည် မရပ်တန့်ပေ။ နဂါးဖြတ်ကျော် ခြေလှမ်းကို အသုံးပြု၍ ပေါက်ကွဲလက်သီးနည်းစနစ် ကို ထပ်မံ ထုတ်ဖော်လိုက်သည်။

ဘန်း ..ဘန်း ..ဘန်း ..။

အကြိမ်အနည်းငယ် တိုက်ခိုက်ခံရပြီးနောက် ပိုင်ကျွင်းသည် မြေပေါ် လဲကျနေပြီ ဖြစ်သည်။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူရော်နေပြီး အတွင်းဒဏ်ရာကို ပြင်းပြင်းထန်ထန် ရခဲ့ပုံပေါ်၏။

ရီရှင်းချန်သည် ပိုင်ကျွင်း၏ မျက်နှာအား တက်နင်းကာ ချင်ဟောင်ရန် ဘက် လှည့်၍ အေးစက်စက် ပြောလိုက်သည် “သူ့ဆီမှာ အရည်အချင်းမရှိဘူး”

ဘယ်လောက် မောက်မာလိုက်လဲ။

တစ်ဖက်၏ ဂိုဏ်းချုပ်ရှေ့တွင် သူ၏ တပည့်မျက်နှာအား တက်နင်းကာ အရည်အချင်းမရှိကြောင်း ပြောဆိုနေလေသည်။ ယနေ့မှာတောာ့ ဟောင်ချီဂိုဏ်း၏ ဂုဏ်သိက္ခာသည် အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ချင်ဟောင်ရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏ မျက်လုံးများသည် သွေးနီရဲလျက်ရှိသည်။ သူသည် အလွန်အမင်း ဒေါသထွက်နေကြောင်း သိသာလှ၏။

ရီရှင်းချန်သည် ပိုင်ကျွင်းအား တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ ကန်ချပြီး အထင်အမြင် သေးသလို ပြောလိုက်သည် “အမှိုက်လိုကောင်တွေ”

လက်ရှိအချိန်မှာတော့ သံမဏိအရိုးဂိုဏ်းသည် အနိုင်ရသွားပြန်ပြီ ဖြစ်သည်။

ရလဒ်မှာ ခြောက်ပွဲ - သုံည။

ပထမ လေးပွဲကို ထည့်မတွက်လျှင်ပင် ဟောင်ချီဂိုဏ်းသည် ရှုံးနိမ့်နေသေးသည်။

“ဟင်း …”

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ဆန့်တန်းကာ ပြောလိုက်၏ “မဟာမိတ်ခေါင်းဆောင်ချင် … ထပ်ပြီး တိုက်ခိုက်စရာ မလိုတော့ဘူးမလား။ အခု နှစ်ပွဲရှုံးပြီ ဆိုတော့ ဆယ်သန်းလည်း ရှုံးပြီနော်”

ဖူး ..။

ချင်ဟောင်ရန်သည် သွေးအန်ထွက်လာတော့သည်။

ဤတစ်ကြိမ် သံမဏိအရိုးဂိုဏ်းနှင့် တိုက်ခိုက်သော တိုက်ပွဲတွင် သူတို့သည် ရှုံးနိမ့်ရုံတင် မကဘဲ ဂုဏ်သိက္ခာပါ ကျဆင်းခဲ့ရသည်။

ပွဲကြည့်ပရိသတ်များသည် ချင်ဟောင်ရန်အား ကိုယ်ချင်းစာသလို ကြည့်လိုက်ကြသည်။

ဝမ်တုံလင်သည် ရှေ့သို့ လျှောက်လာပြီး ပြောလိုက်၏ “သံမဏိအရိုးဂိုဏ်းက နှစ်ပွဲ နိုင်တယ်။ ကျုပ်အထင်အရ ဆိုရင် ထပ်ပြီး တိုက်ခိုက်စရာမလိုတော့ဘူး။ ဒီမှာပဲ နားရအောင်”

“မဟုတ်ဘူး ။ မဟုတ်ဘူး။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခေါင်းဆောင်ချင် က ခုနှစ်ပွဲလုံး တိုက်ချင်တာ။”

ပြောပြီးတဲ့နောက် သူသည် လက်ကို ယမ်းခါပြီး ပြောလိုက်သည် “ချင်းချင်း .. တက်”

ချင်းချင်းသည် ဘာတစ်ခုမှ မဆိုဘဲ စင်ပေါ်သို့ လှမ်းတက်လိုက်၏။

ဒေါသထွက်နေသော ချင်ဟောင်ရန်သည် မိန်းမတစ်ယောက် စင်ပေါ် တက်လာသည်ကို မြင်တော့ မုန်းတီးစွာ ပြောလိုက်သည် “ဟီရန် .. သွားတိုက်”

“ကောင်းပါပြီ”

ဟီရန် ဟု ခေါ်သော တပည့်သည် ရှေ့သို့ လှမ်းတက်လာသည်။

သူသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ပြီး ကျင့်ကြံခြင်းအဆင့်တွင်လည်း အဆင့်ရှစ် သိုင်းတပည့် တစ်ယောက် သာ ဖြစ်၏။

“နောက်ဆုံးပွဲမှာ မိန်းမတစ်ယောက်ကို လွှတ်လိုက်တယ်။ ဒါ ဟောင်ချီ ဂိုဏ်းကို အထင်သေးတာပဲ”

“ဟောင်ချီဂိုဏ်းက နာကျည်းနေပြီ။ ဒီမိန်းကလေး ဆီမှာ လုံလောက်တဲ့ အားအင်မရှိရင် မလွယ်ဘူး။ နာမှာပဲ”

အားလုံး အစဉ်းစားလွန်နေကြခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ပွဲစသည်ဟု ကြေညာပြီးသည်နှင့် တပြိုင်နက် ပွဲက ပြီးသွားခဲ့၏။

လေထဲတွင် စိတ်ဝိညာဉ်စွမ်းအင်နှင့် ဖြစ်တည်လာသော လက်သီးများ ပေါ်လာပြီး ဟီရန်ကို တစ်ခါတည်း ထိုးနှက် လိုက်တော့သည်။

တိုက်ခိုက်ခဲ့သမျှ ခုနှစ်ပွဲလုံးတွင် ဤတစ်ပွဲမှာအမြန်ဆုံး ဖြစ်၏။

ကျင့်ကြံသူအားလုံးသည် မျက်လုံးတွေ ပြုတ်ထွက်လာတော့မတတ် ဖြစ်မိနေကြတော့သည်။

“ဒင် … ဖုံးကွယ်ထားသည့် တာဝန်ပြည့်စုံသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ရရှိသည်။”

“ဒင် … ဖုံးကွယ်ထားသည့် တာဝန်ပြည့်စုံသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ [အမြန်ဆုံး ပွဲသိမ်းခြင်း] အတွက် လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၃၀၀ ရရှိသည်။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၆၁၀ - ၅၀၀။”

“ဒုတိယမြောက် ဖုံးကွယ်ထားသော တာဝန်ကို ပြည့်စုံစေသည့်အတွက် လက်ခံသူသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်အား ဝယ်ယူခွင့် ရရှိသည်။ ပစ္စည်းအား စတိုးဆီသို့ လွှဲပြောင်းပြီး ဖြစ်သည်။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ်များ ပိုလျံနေသည်။ ၂၄ နာရီအတွင်း အသုံးမပြုပါက လျော့ချသွားမည် ဖြစ်သည်။”

All Chapters