အခန်း (၁၅၉)
Vol. 11 Ch. 159
ဘုန်း။
ကျယ်လောင်လှသော အသံကြီးသည် တိုက်ခိုက်ရေး စင်မြင့်ပေါ်မှ ထွက်လာတော့ သည်။
မြေနေရာတစ်ခုလုံးသည် ဖုန်တွေ တစ်ထောင်းထောင်း ထလာပြီး ကြည့်ရှုနေသူအားလုံးသည် မြင်ကွင်းအား သေသေချာချာ မမြင်ရတော့ချေ။
"ကြောက်စရာကောင်းလိုက်တာ။ ဆရာဖန်းလုပ်ထားတဲ့ လက်နက်တစ်ခု ပီသလွန်းတယ်။"
"မဟာမိတ်ခေါင်းဆောင်ချင် ရဲ့ တိုက်ခိုက်ချက်ကလည်း အရမ်းအားကောင်းလွန်းတယ်။"
"အဆင့်တူသိုင်းစစ်သူကြီးတစ်ယောက်ဆိုရင်တောင် ဒီတိုက်ခိုက်ချက်ကို ခုခံနိုင်မှာ မဟုတ်ဘူး။"
"ဂိုဏ်းချုပ်ကျွင်းကတော့ မရှောင်နိုင်ရင် ဒုက္ခရောက်ပြီပဲ။"
အားလုံး၏ အမြင်အာရုံကို ဖုန်များက ဖုံးလွှမ်းထားသည်ဆိုသောကြောင့် ကျွင်းချောင်ရှောင်းဓားမော့အား ဆွဲမ၍ မဟာမိတ်ခေါင်းဆောင်ချင် ၏ တိုက်ခိုက်ချက်ကို ခုခံလိုက်ကြောင့် မည်သူမှ ထင်ထင်ရှားရှား မမြင်လိုက်ကြရချေ။
မကြာမီမှာပဲ ဖုန်များ ပျောက်ကွယ်သွားတော့သည်။
အားလုံးသည် မြင်ကွင်းအား သေသေချာချာ မြင်လိုက်ရတော့၏။
ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် ရပ်လျက် ရှိပြီး သူ၏မျက်နှာသည်လည်း ခက်ထန်မာကျော နေ၏။
သို့ပေမဲ့ သူသည် လက်ထဲတွင် ရှိသော ဓားမော့အား ဆွဲမြှောက်၍ ချင်ဟောင်ရန် ၏ ဝိညာဉ်တုန်ခါခြင်း ကျိုင်းတုတ်အား တားဆီးထားသည်။
ချင်ဟောင်ရန်သည် မျက်မှောင် ကုတ်လိုက်သည်။
"ကျိုင်းတုတ်တွေက ဝိညာဉ်ကို တုန်ခါစေနိုင်တဲ့ စွမ်းအင်တွေရှိတယ်။ ဂိုဏ်းချုပ်ကျွင်းက ဒီလက်နက်ကြောင့် သက်ရောက်ခံလိုက်ရပြီထင်တယ်။
မြို့တော်ဝန်ရှဲ့ နှင့် အိုက်ရှန်းရီတို့သည်လည်း စိတ်ပူမိသွား၏။
ကျွင်းချောင်ရှောင်း၏ စိတ်သက်ရောက်ခံလိုက်ရပြီဆိုလျှင် တိုက်ခိုက်ရေး စွမ်းရည်ပေါ်သို့ သက်ရောက်သွားမှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် အနိုင်ယူရန် မဖြစ်နိုင်တော့ချေ။
“ဟမ့်…”
တော်ဝင်ဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နှာခေါင်းရှုံံလိုက်သည်။ "ဒီကောင်လေးရဲ့ ဓားမော့က မဆိုးဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ကျွင်းရဲ့ ဝိညာဉ်တုန်ခါခြင်း ကျိုင်းတုတ်နဲ့တော့ နှိင်းယှဉ်လို့ ရမှာ မဟုတ်ဘူး။ သူ့ရဲ့မျက်နှာကို ကြည့်လိုက်မယ်ဆိုရင် တိုက်ရိုက်တိုက်ခိုက်ပြီးနောက်မှာ ဝိညာဉ်တုန်ခါခြင်း ခံလိုက်ရပြီနဲ့တူတယ်။ သူ့ရဲ့လက်တွေ အခုဆို တုန်ခါနေလောက်ပြီ။"
မဟာမိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်များ ပြောသည်မှာ အမှန်ပင် ဖြစ်၏။
ကျွင်းချောင်ရှောင်း၏ လက်များသည် ထုံကျဉ်လျက်ရှိသည်။
သို့ပေမဲ့ လက်နက်များ ထိပ်တိုက်တွေ့ဆုံ ခြင်းကြောင့် သူ၏ လက်များ ထုံကျဉ်သွားခြင်း မဟုတ်ပေ။ ဓားမော့သည် လေးလံလွန်းသောကြောင့် ဖြစ်၏။
အရှင်ကွမ်ယု ခင်ဗျားရဲ့ လက်နက်က ဘယ်လိုဖြစ်ပြီးတော့ ဂျင် ၈၂တောင်မှ လေးလံရတာလဲ။ စွန်းဝူခုံးရဲ့ တုတ်လိုတောင် ထင်ရတယ်။
စနစ်မှ ပြောလိုက်သည်။ “အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာ နဂါးစိမ်း လခြမ်းဓားမော့သည် သာမန်လက်နက်မဟုတ်တော့ပါ”
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်း အံ့ကိုကြိတ်ပြီး ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်၏။
သူသည် ချင်ဟောင်ရန်နှင့် အနည်းငယ်လှမ်းသော အကွာအဝေးကို ယူလိုက်ခြင်း ဖြစ်၏။ ပြီးနောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
နဂါးစိမ်းလခြမ်း ဓားမော့သည် အနည်းငယ် လေးလံလွန်းသည် ဆိုသော်လည်း ဝိညာဉ်တုန်ခါခြင်း ကျိုင်းတုတ်များကိုတော့ ကောင်းကောင်း ခုခံနိုင်တယ်။
ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံး ပျက်ရွင်းနေသည်ဆိုသည်မှာ ကျိုင်းတုတ်တစ်ခုလုံး တုန်ခါခြင်းကြောင့် သူ၏ စိတ်သက်ရောက်သွားခြင်း မဟုတ်ပေ။
ဓားမော့ ကို မ ရသည်မှာ အလွန်အမင်း ပင်ပန်းသောကြောင့် ဖြစ်၏။
ထိုသို့ဆိုလျှင် သူ့အနေနဲ့ အဘယ့်ကြောင့် ဤဓားမော့အား မ နိုင်သွားရသနည်း။
အဘယ့်ကြောင့်ဆိုသော် သူသည် အားအင်တိုးတက်ခြင်း အဆောင်အား ချိုးဖြတ်ခဲ့သောကြောင့်ဖြစ်၏။
သူ၏ အားအင်များသည် ချက်ချင်းဆိုသလိုပဲ ငါးဆတိုးတက်ခဲ့သည်။
သိုင်းတပည့်ထပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် အားအင်ငါးဆပို၍ တိုးတက်သွားခဲ့သောကြောင့် သူသည် နဂါးစိမ်းလခြမ်းဓားမော့အား ကိုင်ဆောင်၍ ရနိုင်ခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဤလက်နက်သည် အလွန်တရာ လေးလံနေသေး၏။
အလေးချိန်မှာ အလွန်အမင်း များပြားလှသည်ဆိုသော်လည်း ဆန်းကျယ်သော အော်ရာများ ထွက်ပေါ်နေသောကြောင့် ဝိညာဉ်တုန်ခါခြင်း ကျိုင်းတုတ်မှ ထွက်ပေါ်လာသည့် အော်ရာများကို ကောင်းကောင်းတုန့်ပြန်နိုင်စွမ်းရှိသည်။
ဤနေရာတွင် သူကိုင်ထားသည်မှာ စဦးအအေးဓားသာ ဆိုလျှင် သူ့အနေနှင့် ဝိညာဉ်တုန်ခါခြင်းစွမ်းအင်များ သက်ရောက်ခံရသည်သာမက မျက်ဖြူစိုက်၍ မြေပေါ်တွင် လဲနေလောက်ပြီဖြစ်သည်။
"ဂိုဏ်းချုပ်ကျွင်း ကြည့်ရတာ အရမ်းပင်ပန်းနေပုံပဲ။ ဒီဓားမော့က အရမ်းကြီး ကြီးမားတယ်။ဓားမော့ဆိုတာ လွတ်လွတ်လပ်လပ်ကိုင်ဆောင်ပြီး တိုက်ခိုက်မှ အဆင်ပြေတာလေ။သူက မ ဖို့တောင် ခက်နေတာ ဘယ်လိုလုပ် ကိုင်ပြီး တိုက်မှာလဲ။"
အားလုံးဆွေးနွေးနေတုန်းမှာပဲ ချင်ဟောင်ရန်သည် မည်သို့သော ညှာတာမှုမှ မထားဘဲ ဝိညာဉ်တုန်ခါခြင်း ကျိုင်းတုတ်အား ကိုင်ဆောင်၍ ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်လိုက်တော့သည်။
ဤတစ်ချိန်မှာတော့ သူသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို ကျိုင်းတုတ်ထဲသို့ ထည့်သွင်းလိုက်ပြီး အားရပါးရ လွဲရမ်း၍ ရိုက်ချလိုက်တော့သည်။ ရွှေရောင်အလင်းတန်းနှစ်ခုသည် လေထဲ၌ ဖြစ်ပေါ်လာတော့သည်။
ရွှေရောင်စဉ်တစ်သောင်း။
ဝှစ်။
ဝိညာဉ်တုန်ခါခြင်း ကျိုင်းတုတ်များသည် ကျွင်းချောင်ရှောင်းဆီသို့ ကျဆင်းလာတော့သည်။
စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်ထားသောကြောင့် ထွက်ပေါ်လာသည့် ရွှေရောင် အလင်းတန်းများသည် တစ်လက်လက်တောက်ပနေသည်။ ကြည့်ရှုနေသူများကိုပင် မျက်လုံးများ ကြိမ်းသွားစေ၏။
သူသည် သိုင်းနည်းစနစ်ကို သုံး၍ သေသေချာချာ ပေါင်းစပ် အသုံးပြုခဲ့ခြင်း ဖြစ်၏။ မဟာမိတ်ခေါင်းဆောင်ချင် သည် ဤတစ်ချိန်မှာတော့ အလွန်အမင်း လေးလေးနက်နက် တိုက်ခိုက်နေခြင်းဖြစ်သည်။
ဝမ်တုန်လင်၏ အမူအရာသည် လေးနက်သွားသည်။ သူ ပြောလိုက်မိ၏။ “စိတ်ဝိညာဉ်စွမ်းရည်တွေကို လက်နက်နဲ့ပေါင်းစပ်ပြီး သိုင်းစွမ်းရည်တွေကိုပါ ထုတ်ဖော်လိုက်တယ်ဆိုတော့ သူ့ရဲ့ အားအင်အဆင့်က အနည်းဆုံး ဂျင်နှစ်သိန်းလောက်အထိ ရောက်သွားပြီ။"
ဂျင်နှစ်သိန်း။
သိုင်းတပည့်အဆင့်တစ်ယောက်အနေနှင့် ရှိသောအားအင်အဆင့်သည် အနည်းဆုံး ဂျင်တစ်သောင်းမှ ဂျင်နှစ်သောင်းလောက်သာ ရှိ၏။
ထိုအရာသည် အနည်းဆုံး ကွာခြားချက် ဖြစ်သည်။
မည်သို့မှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်။
ဝှစ်။
ကျိုင်းတုတ်များသည် ရွှေရောင်အလင်းတန်းများနှင့် အတူ ဆင်းသက်လာ၏။
ကျိုင်းတုတ်များဆီမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကြောင့် ပြင်းထန်သည့်လေလှိုင်းများ တိုက်ခိုက်လာပြီး ကျွင်းချောင်ရှောင်၏ ဆံပင်များသည်ပင် လေထဲတွင် လွင့်စင်လျက် ရှိသည်။
ချီးတဲ့မှ။
"ကျုပ် ခင်ဗျားကို သေတဲ့အထိ တိုက်မယ်။"
ဂိုဏ်းချုပ်ကျွင်းသည် လက်နှစ်ဘက်နှင့် ဓားမော့အား ကိုင်ဆောင်ပြီး ဓားမော့ထဲသို့ စိတ်ဝိညဉ်စွမ်းအင်များ ထည့်သွင်းလိုက်၏။ သူ့ရဲ့ လက်မောင်းရှိ ကြွက်သားများသည် ဖောင်းထွက်လာ၏။
ပြီးနောက် ဒေါသတကြီး သူ အော်လိုက်သည်။
“ကောင်းကင် ကျိန်စာ။”
ဟူး။
နဂါးစိမ်း လခြမ်းဓားသည် လွှဲရမ်းသွား၏။ နှေးကွေးလှသည် ဆိုသော်လည်း ဓားမော့နှင့် အတူ စိမ်းပြာရောင် ဓားအရိပ်များသည်လည်း လိုက်ပါလာ၏။
ဒေါင် …။
သံသံချင်း ထိခိုက်သွားသံသည် တည်နေရာတစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
ဘုတ် … ဘုတ် …. ဘုတ်။
မဟာမိတ်ခေါင်းဆောင်ချင်းသည် ကျိုင်းတုတ်များကို ကိုင်ဆောင်ပြီး မြန်မြန်ဆန်ဆန်ပဲ နောက်သို့ ဆုတ်ခွာသွားမိ၏။
သူ၏ လက်ညိုးနှင့် လက်မကြားနေရာသည် ထိပ်တိုက်တွေ့ဆုံမှုကြောင့် တုန်ခါလျက် ရှိပြီး စိမ်ပြာရောင်ဓားသွားများသည် သူ၏ လက်နက်အား အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။
"ဘယ်လိုဖြစ်နိုင်မှာတုန်း။ငါ့ လက်နက်က ဆရာဖန်းလုပ်ထားတဲ့ အဆင့်မြင့် လက်နက်လေ။ ဒါက ကျိုင်းတုတ်လို လက်နက်ပဲ။ အကြီးကြီး။ ဓားတစ်ချောင်းထက် ပိုပြီးခိုင်ခံ့တယ်။ ဘယ်လိုကြောင့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်စေတာလဲ။"
ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည်လည်း မျက်လုံးပြူးသွားကြသည်။
ရူး။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ခြေလှမ်းကို အသုံးပြု၍ လှစ်ခနဲ လှုပ်ရှားလိုက်၏။
ပြီးနောက် သူသည် သူ၏ နဖူးကျောများ ထောင်ထသည်အထိ အော်ဟစ်လိုက်တော့သည်။
“ဝိုင်ခွက်ကိုင်၍ တိုက်ခိုက်ခြင်း။”
ဝှစ်။
နဂါးစိမ်းလခြမ်း ဓားမော့သည် ထပ်မံ၍ ခုတ်ပိုင်းလာခဲ့သည်။ ဝိညာဉ်ခြေလှမ်းကို အသုံးပြုထားသည်ဖြစ်သောကြောင့် ဓား၏ အမြန်နှုန်းသည်လည်း အရင်ကထက် မြန်ဆန်လာ၏။
ဒေါင်။
သံသံချင်း ထိခိုက်သံသည် အားလုံး ကြားလိုက်ရ၏။
ချင်ဟောင်ရန်သည် သူ၏ လက်နက်များကို မ၍ တိုက်ခိုက်မှုကို တားဆီးလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်သည်လည်း အနောက်သို့ ချက်ချင်းဆုတ်ခွာသွားသည်။
သူ၏ ကျိုင်းတုတ်တစ်ခုပေါ်မှာတော့ ဓားရာကြီးတစ်ခု ပေါ်လာသည်။
“ဟန်စစ်စခန်းမှ နှလုံးသား။”
ဘုန်း။
“မိုင်တစ်သောင်းသို့ မြင်းစီးခြင်း။”
ဘုန်း။
“ရန်သူများအား တစ်ယောက်တည်း တိုက်ခိုက်ခြင်း။”
ဘုန်း။
အားလုံးသည် ဆွံအသွားမိ၏။
သူတို့သည် ထိုကဲ့သို့ ထူးဆန်းသော ဓားကွက်နာမည်များကို တစ်ခါမှ မကြားဖူးချေ။
ဘယ်သူက ကြားဖူးမည်နည်း။ ဤအရာသည် ဓားမော့တိုက်ကွက်များ မဟုတ်ချေ။
သုံးပြည်တောင် မှ ကွမ်ယု၏ ကဗျာ ပင် ဖြစ်လေသည်။
သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ ဘယ်မှညာသို့ တစ်ခါဝိုင်းပတ်လိုက်၏။
ပြီးနောက် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် သူ၏ ဓားမော့နှင့် အားရပါးရ ခုတ်ပိုင်းလိုက်တော့သည်။
သီလ … သမာဓိတို့ နှင့် ကွမ်ယု။
ဘုန်း
ခရက် … ခရက် ….။
ငါးချက်မျှ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ချင်ဟောင်ရန်၏ လက်ထဲတွင် ရှိသော ကျိုင်းတုတ်များသည် ထက်ပိုင်းပိုင်းပြတ်သွားခဲ့ပြီဖြစ်၏။
ထိုအရာကိုမြင်တော့ အားလုံးသည် အသက်ကို ပြင်ပြင်းရှူလိုက်မိကြသည်။
ဆရာဖန်းပြုလုပ်ထားသော လက်နက်တစ်ခုဖြစ်သည့်အပြင် သိုင်းစစ်သူကြီး တစ်ယောက်၏ အားအင်နှင့် ထောက်ပံ့ထားသော လက်နက်သည် တူနှစ်ချောင်းကဲ့သို့ကပင် လွယ်လွယ်ကူကူ ပိုင်းဖြတ်ခံလိုက်ရ၏။
အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။
ကျိုင်းတုတ်ကြီး ကျိုးသွားသည်ဆိုသော်လည်း နဂါးစိမ်း လခြမ်းဓားမော့၏ စွမ်းရည်များသည် မကုန်ဆုံးသွားချေ။
ထပ်မံ၍ ကျဆင်းလာတော့သည်။
“အခြေအနေမကောင်းတော့ဘူး။”
ချင်ဟောင်ရန်သည် ကြောက်လန့်ပြီး မျက်နှာတစ်ခုလုံးဖြူဖျော့သွားတော့သည်။
သူ၏ လက်နက်ဆုံးရှုံးသွားမည်ကို သူ ဂရုမစိုက်နိုင်တော့ပေ။ ချက်ချင်းဆိုသလိုပဲ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ ဓားချက်အောက်မှ လွတ်မြောက်အောင် ကြိုးစားလိုက်တော့၏။
သူ၏ လှုပ်ရှားမှုသည် မြန်ဆန်လွန်းသည်ဆိုသော်လည်း ဓားမော့ဆီမှ ကျဆင်းလာသော အော်ရာများကို မရှောင်တိမ်းနိုင်ပေ။
ရွှီးဟူသောအသံနှင့်အတူ သူ၏ နောက်ဘက်တွင် နက်နဲလှသော ဓားချက်ကြီးတစ်ခု ဖြစ်ပေါ်သွား၏။
သွေးတွေသည် ဖြန်းခနဲ ပြန့်ကျဲသွားသည်။
ချင်ဟောင်ရန်သည် တိုက်ပွဲမစခင်တုန်းက ကြီးကျယ်ခမ်းနားလှသော လူတစ်ယောက်အဖြစ် တိုက်ပွဲကို စတင်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ ခြေပစ်လက်ပစ် ပြတ်ကျလျက် မြေပေါ်တွင် လဲလျက်ရှိ၏။
ထိုသို့ဆိုသည်တောင်မှ သူ့အနေနှင့် အပြေးမြန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ နဂါးစိမ်းလခြမ်းဓားမော့နှင့် ထိပ်တိုက်ထိခိုက်မိပါက ခန္ဓာကိုယ်တစ်ခုလုံး ထက်ပိုင်းပိုင်းပြတ်သွားမှာ သေချာသည်။
ဘုတ် …. ဘုတ်။
သူ၏ ကျိုးပြတ်သွားသော ကျိုင်းတုတ်များသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်း ဓားမော့အား ကိုင်၍ မြေပေါ်တွင် ထောင်ထားလိုက်၏။
သူ၏ အခြားလက်တစ်ဖက်သည် မုတ်ဆိတ်မွှေးအား ပွတ်သပ်သည့် ပုံစံမျိုး လုပ်၍ မောက်မာစွာပြောလိုက်သည်။ "အနိုင်ပေးတဲ့အတွက် ကျေးဇူးပါပဲ...."
တိုက်ခိုက်ရေးကွင်းပြင်တစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။
မဟာမိတ်ခေါင်းဆောင်ချင် သည် ရှုံးနိမ့်ခဲ့ရုံမက လက်နက်များလည်း ပျက်စီးသွားခဲ့သည်။ ထို့အပြင် နောက်ကျောတွင်လည်း ဓားဒဏ်ရာကြီးနှင့် ဖြစ်လို့နေ၏။
ထိပ်လန့်တုန်လှုပ်ဖွယ်ရာကောင်းလွန်းလှသည်။
‘ဒင်။
သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။
ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ရရှိပါသည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၅၀၀/၅၀၀။”
ရွှီ။
ကျွင်းချောင်ရှောင်းသည် သူ၏ နဂါးစိမ်းလခြမ်းဓားမော့ကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်၍ ပြောလိုက်သည်။
"မဟာမိတ်ခေါင်းဆောင်ချင် … ကျုပ်က ဒီနေ့မှာ ခင်ဗျားတို့ ဂိုဏ်းကို လာပြီး လက်ရည်ချင်း ဆွေးနွေးတယ် ၊ တာအိုချင်း ဆွေးနွေးကြတယ်။ ကျုပ်အနေနဲ့ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တာပဲ။ဒီတော့ ခင်ဗျားကို မနှောက်ယှက်တော့ပါဘူး။"
သူ၏ တပည့်များ အနိုင်ယူခဲ့သည်။ ထို့အပြင် သူလည်း အနိုင်ယူခဲ့သည်။
သူ့အနေနဲ့ ဂုဏ်သိက္ခာ၊ ငွေလွှဲလက်မှတ်နှင့် ဂိုဏ်းစုဆောင်း လက်မှတ်များအားလုံးကို ပေါပေါသီသီ ရရှိခဲ့သည်။
ဤနေရာမှာ ဆက်နေလျှင် အကျိုးကျေးဇူးမရှိတော့သည်ကို သိသောကြောင့် တပည့်များအား ခေါ်၍ ပူပင်ကြောင့်ကျကင်းစွာဖြင့် ထွက်ခွာလာခဲ့တော့သည်။
မြို့တော်ဝန်ရှဲ့ ၊ အိုက်ရှန်းရီ နှင့် တစ်ခြားသူများသည်လည်း သူတို့နောက်မှ လိုက်ပါလာခဲ့ကြတော့သည်။
ဟောင်ချီဂိုဏ်းအနေနှင့် ဒေါသကို မမျိုသိပ်နိုင်ဘဲ သူ့တို့အား တိုက်ခိုက်မည်ကိုပင် သူတို့ တစ်ချက်ကလေးမှ မစိုးရိမ်ခဲ့ချေ။
ထင်ထားသည့်အတိုင်းပင် ကျွင်းချောင်ရှောင်းသည် တပည့်များနှင့် ထွက်ခွာသွားချိန်မှာတော့ ရှိရှိသမျှသော လူအားလုံးသည် မျက်လုံးအပြူးသားနှင့်သာ ကြည့်မိနေကြ၏။
သူတို့သည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအား အိမ်မက်လိုပင် ခံစားမိနေသည်။
ဟောင်ချီဂိုဏ်းသည် ယနေ့တွင် ရှုံးနိမ့်ခဲ့၏။ သူတို့အားလုံးသည်လည်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။
ဤသတင်းသည် ချင်းယန်နိုင်ငံသို့ ပျံ့နှံ့သွားချိန်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်ကုန်မှာ သေချာလှသည်။
သံမဏိအရိုးဂိုဏ်းနာမည်သည်လည်း မြို့ကြီး ရှစ်မြိုတွင် ကျိန်းသေပေါက် ပျံ့နှံ့သွားတော့မှာ သေချာ၏။
“ဟင်း…”
မဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်များအားလုံးသည် စိတ်မချမ်းသာသလို သက်ပြင်းချလိုက်မိ၏။
သူ၏ အနာဆီမှ သွေးများ ထွက်နေသည်ကို ရပ်တန့်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအင်များနှင့် စည်းခတ်လျှက် ရှိသော ချင်ဟောင်ရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒေါသတကြီး နှင့် စိတ်ထဲမှာ ကြိမ်းဝါးလိုက်သည်။
“ကျွင်းချောင်းရှောင်း ဟောင်ချီဂိုဏ်းနဲ့ သံမဏိအရိုးဂိုဏ်းက ဘယ်တော့မှ မငြိမ်းနိုင်တဲ့ ရန်ငြိုးမီးကို တောက်လောင်စေခဲ့ပြီ။”