အခန်း (၁၆၀)
Vol. 11 Ch. 160
တပည့်ခုနှစ်ယောက်လုံး ရှုံးနိမ့်ခဲ့သည်။ အဓိက ဟောခန်း၏ ဂိုဏ်းဆောင်းဘုတ်သည်လည်း ဖျက်ဆီးခံလိုက်ရသည်။ ထို့အပြင် ငွေဆယ်သန်း ရှုံးခဲ့သည်။ ထိုမျှမကသေး ဂိုဏ်းချုပ်၏ လက်နက်သည်လည်း ဖျက်ဆီးခံလိုက်သည့်အပြင် ဒဏ်ရာလည်း ရရှိခဲ့သေး၏။
အားလုံး၏ အမြင်တွင် ဟောင်ချီဂိုဏ်းသည် လုံးဝ အရေးနိမ့်ခဲ့ရသည်။ ငွေ၊ ပိုက်ဆံ အပြင် အဆင့်ခြောက် ဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရသည်။
“ကျွင်းချောင်ရှောင်း …. ဟောင်ချီဂိုဏ်းနဲ့ သံမဏိအရိုးဂိုဏ်းကြား ရန်ငြိုးက အဆုံးမသတ်တော့ဘူး။” ချင်ဟောင်ရန် သည် သူ၏ နောက်ကျောရှိ ဒဏ်ရာအား သည်းခံရင်း ကြိမ်းဝါးလိုက်သည်။ သူ၏ မျက်လုံးများသည် သွေးနီရဲလျက် ရှိ၏။
သူသည် ယှဉ်ပြိုင်ပွဲတွင် အရေးနိမ့်ခဲ့သောကြောင့် သိက္ခာကျဆင်းခဲ့ရသည်။ သို့ပေမဲ့ လက်ရှိတွင် ကျင့်ကြံသူပေါင်းများစွာ ရှိနေသည်မို့ သူ ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆို၍ မဖြစ်ချေ။ တကယ်တန်းမှာတော့ လက်ရှိတွင် မည်သူမှ မရှိပါက သူခေါင်းငုံကာ ကလေးတစ်ယောက်လို အော်ငိုနေမိမှာ သေချာသည်။
ချီးတဲ့မှ … တကယ်တန်းမှာတော့ ဤသို့သော အခြေအနေမျိုးသို့ ရောက်ရှိအောင် လုပ်ခဲ့သူမှာ တခြားဘယ်သူမှ မဟုတ်ပေ။ သူကိုယ်တိုင်ပင် ဖြစ်လို့နေသည်။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် ဓားပြ နှင့် လုပ်ကြံသတ်ဖြတ်သူများအား ငှားရမ်းခဲ့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် ထိုဂိုဏ်းအား ဖျက်ဆီးခဲ့သည်။ သူ့အနေနှင့် မသိချင်ယောင်ဆောင်နေ၍ ရသည်မဟုတ်လား။
သူသည် နတ်စမ်းချောင်းဂိုဏ်း၏ ခြေထောက်အားလျက်၍ မဟာမိတ်အဖွဲ့သားများကို ခေါ်ဆောင်ကာ ကျွင်းချောင်ရှောင်းဆီပင် သွားခဲ့သေးသည်။
ချင်ဟောင်ရန် အနေဖြင့် အဆင့်ငါး ဂိုဏ်းတစ်ခု၏ ခြေထောက်ကို သွားလျက်သည် ဆိုသည်မှာ တော်သေးသည်။ သို့ပေမဲ့ ဤမျှျနှင့် မကျေနပ်သေးဘဲ လူသိရှင်ကြားဖြင့် ကျွင်းချောင်ရှောင်း နှင့် နတ်စမ်းချောင်းဂိုဏ်းအကြီးအကဲ တို့ကြားတွင် မီးလောင်ရာ လေပင့်လုပ်လိုက်သေး၏။
ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် ထိုသို့သော လူမျိုးကို မရှင်းပစ်လျှင် တွေ့သမျှလူတိုင်းသည် သူ၏ ခေါင်းပေါ်တွင် အီးတက်ပါသွားပေလိမ့်မည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ချင်ဟောင်ရန်အား ရှင်းလင်းရာတွင် ထူးခြားသော လှည့်ကွက်များ ထုတ်မသုံးခဲ့ချေ။ တပည့်များအား ခေါ်ဆောင်၍ ရိုးရိုးရှင်းရှင်း စိန်ခေါ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
….
ဟောင်ချီဂိုဏ်း တောင်ခြေမှာတော့ …
အသာ လျှောက်လှမ်းလာသော ကျွင်းချောင်ရှောင်းသည် တစ်ကိုယ်လုံးပျော့ခွေကာ လဲကျသွားတော့၏။
ရှောင်ကျီသည် အမြန်ဆန်ဆုံး လှုပ်ရှားခဲ့သည်။ သူ သည် ချက်ချင်းပဲ ဂိုဏ်းချုပ်အား လှမ်းပွေ့ကာ စိုးရိမ်တကြီးနှင့် ပြောလိုက်သည် “ဂိုဏ်းချုပ် … အဆင်ပြေရဲ့လား”
“ငါ .. ငါ အဆင်ပြေတယ်” ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ဖြူရော်နေသည်။ သူသည် အားဖျော့စွာ ပြောလိုက်သည် “ဂိုဏ်းဆီ ပြန်ကြစို့”
အနောက်မှ လိုက်လာသော ဝမ်တုန်လင် က ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းရဲ့ ဓားမော့ က အဆင့်မနိမ့်ဘူး။ သိုင်းတပည့် ကျင့်ကြံခြင်းအဆင့်ကို အစွမ်းကုန်ထိ ထုတ်ဖော်ခဲ့တာကြောင့် ခန္ဓာကိုယ်က မလိုက်နိုင်တော့တာ ဖြစ်မယ်။ သူ တကယ် ကံကောင်းခဲ့တယ်။”
“………..” ကျွင်းချောင်ရှောင်း ငြိမ်သက်သွားမိသည်။
သူသည် နဂါးစိမ်းလခြမ်းဓားမော့ အား မ နိုင်ရန် အားအင်တိုးတက်ခြင်း အဆောင်အားအသုံးပြုခဲ့သည်။ ထို့အပြင် ဓားမော့နှင့်ငါးချက် ဆက်တိုက် ခုတ်ပိုင်းပြီးချိန်မှာတော့ သူ၏ ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များ အားလုံး ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။ သူသည် လုံးဝ မောပန်း အားပြတ်သွားခဲ့၏။
ဟောင်ချီဂိုဏ်းဆီမှ ထွက်ခွာလာရာ လမ်းတွင် အားတင်း လျှောက်လှမ်းခဲ့သည်ဆိုသော်လည်း တောင်ခြေသို့ ရောက်ရှိချိန်မှာတော့ လုံးဝမရတော့ချေ။
ဟူး …။
ကျွင်းချောင်ရှောင်း သက်ပြင်းရှည်ကြီးချကာ တွေးလိုက်မိသည် “ကံကောင်းလို့ ချင်ဟောင်ရန် နဲ့ ရင်ဆိုင်နေတဲ့ အချိန်မှာ ဒီလိုမျိုး အားပြတ်မသွားတာ။ မဟုတ်ရင် ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့သူက ငါဖြစ်နေလောက်ပြီ”
ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ဖြင့် ဝယ်ယူခဲ့သော နဂါးစိမ်းလခြမ်းဓားမော့ နှင့် အားအင်တိုးတက်ခြင်း အဆောင်တို့အား အသုံးပြု၍ သူသည် သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူ တစ်ယောက်အား အနိုင်ယူခဲ့သည်။ အဆင့်နှစ်ဆင့် ကွာနေသူအား အနိုင်ယူရန် ဆိုသည်မှာ လွယ်ကူသော အရာတော့ မဟုတ်ချေ။
အလွန်အမင်း ခက်ခဲသည်ဟုပင် တွက်ချက်ရမည်။
တိုက်ခိုက်စဉ်တုန်းက ချင်ဟောင်ရန်သည်သာ သူ၏ လက်နက် ကျိုးပျက်သွားမည်ကို မစိုးရိမ်ဘဲ ခပ်ရဲရဲ တိုက်ခိုက်မည် ဆိုလျှင် ကျွင်းချောင်ရှောင်း အနေဖြင့် အကြီးအကျယ်ဒုက္ခရောက်နေလောက်ပြီဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သူ၏ ဓားမော့သည် အလွန်တရာလေးလံလွန်းသည်မို့ သူ သူ ထိုအရာနှင့် ရေရှည် တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
တိုက်ပွဲမှာ မြန်မြန်နှင့် ပြီးစီးသွားသည်ကြောင့်သာ ကျွင်းချောင်ရှောင်း အနိုင်ခဲ့ခြင်း ဟု ဆိုရမည်။
“ဂိုဏ်းကို ပြန်ရောက်ရင် ဂိုဏ်းသားတွေ မြန်မြန် တိုးတက်လာအောင် လုပ်ရမယ်။ ပြီးရင် အထူးတာဝန်ကို လုပ်ရမယ်။” ကျွင်းချောင်ရှောင်းတွေးလိုက်မိသည်။
စနစ်မှ ပြောလိုက်သည် “လက်ခံသူရဲ့ လက်ရှိ အားအင်အဆင့်အရ ဆိုရင် နဂါးစိမ်းလခြမ်း ဓားမော့ကို ကိုင်ဆိုင်လို့ မရပါဘူး။ တကယ်တန်း အသုံးပြုမယ် ဆိုရင် အနည်းဆုံး ဂျင်တစ်သိန်ခွဲကို ပိုင်ဆိုင်မှ ရပါမယ်”
ဂျင်တစ်သိန်းခွဲ လား။
ကျွင်းချောင်ရှောင်း အံ့အားသင့်စွာဖြင့် ပြောလိုက်သည် “ဒီဓားမော့က ကြောက်စရာပဲ”
“ဒင် … လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀ ကို အသုံးပြု၍ အားအင် တိုးတက်ခြင်းအဆောင်ကို ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးပါပြီ”
“ဒင်” ဂိုဏ်းစုဆောင်းမှတ် ၄၈၀ / ၅၀၀။
နဂါးစိမ်းလခြမ်းဓားမော့ လုံလောက်သည့် အားအင်ကို လိုအပ်သည်။ အားအင်တိုးတက်ခြင်းအဆောင် ၏ ဝယ်ယူနိုင်ခွင့် အချိန်အတိုင်းအတာ မကုန်သေးခင်မှာပဲ သူသည် အရေးပေါ် အသုံးပြုနိုင်ရန် ဝယ်ယူထားလိုက်သည်။
“ဒီဓားမော့ က အရမ်းအားကောင်းလွန်းတယ်။ ကွမ်ယု ရဲ့ ဝိညာဉ်ကို ဆင့်ခေါ်လိုက် ရင် ဘယ်လောက်တောင် အထူးအစွမ်းတွေနဲ့ ပိုအားကောင်းသွားမလဲ သိချင်လိုက်တာ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။
စနစ်မှ ပြောလိုက်သည် “လက်ခံသူ က လက်ရှိမှာ နဂါးစိမ်းလခြမ်းဓားမော့ကို ကိုယ်ပိုင်အားအင်နဲ့တောင် အသုံးပြုနိုင်သေးတာမဟုတ်ဘူး။ ဒီတော့ ဝိညာဉ်ဆင့်ခေါ်မှုတွေကို မစဉ်းစားတာ ပိုကောင်းမယ်”
မှန်ပေသည်။ စနစ်ပြောတာ အမှန်ပင် ဖြစ်၏။
အထူးစွမ်းအင်များသည် အလွန်အမင်းအားကောင်းနေပြီး သူက မလိုက်နိုင်လျှင် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲ သွားနိုင်သည်။ ထိုအရာသည် ဟာသလုပ်စရာမဟုတ်ပေ။
……
“ဂိုဏ်းချုပ်ကျွင်း ….”
လမ်းခွဲတစ်ခုဆီ ရောက်တော့ အိုက်ခေါင်းဆောင်သည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ဟူရန် မြို့ကို ပြန်ပါတော့မယ်။ ဒီတော့ အရင်သွားလိုက်ပါမယ်။”
“နှုတ်ဆက်ပါတယ်”
ကျွင်းချောင်ရှောင်းသည် စကားအပိုတွေ ပြောဆိုရန် မည့်သည့်အားအင်မှ မရှိချေ။ ထို့ကြောင့် အသာနှုတ်ဆက်ရန်သာ တတ်နိုင်သည်။
အိုက်ရှန်းရီသည် ဝမ်တုံလင်ကို လှမ်းကြည့်၍ ထွက်ခွာသွားလိုက်၏။ လမ်းတစ်လျောက်မှာတော့ သူ တွေးနေမိသည် “သံမဏိအရိုးဂိုဏ်းက အရမ်းအားကောင်းတယ်။ ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးကြောင့်ပဲ ဖြစ်ရမယ်။ ပြန်ရောက်ရင် လေလံပွဲ ကြမ်းခင်းဈေးကို တင်မှ ဖြစ်မယ်”
လီချင်းယန် နှင့် တခြားသူများသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးကြောင့် သူတို့၏ အဆင့်ထက် ပို၍ မြင့်မားသော သူနှင့် တိုက်ခိုက်နိုင်စွမ်းရှိနေတာပဲ ဖြစ်ရမည်။ ထို့ကြောင့် သူ လေလံပွဲကို ကြီးကြီးမားမား ပြုလုပ်ရမည်။
…….
မြို့တော်ဝန်ရှဲ့ ၊ လီခေါင်းဆောင် နှင့် တခြားသူများသည် ကျွင်းချောင်ရှောင်း နှင့် အတူ ထွက်ခွာလာလိုက်ကြ၏။
ချင်းယန်မြို့သို့ ရောက်ရှိရန် တော်တော် လိုနေသေးသောကြောင် သူတို့သည် မမှောင်ခင်တွင် သန့်ရှင်သော လှိုဏ်ဂူ တစ်ခုအား ရှာဖွေပြီး နားခိုလိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်ပြီး ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား သန့်စင်နေလိုက်၏။
ရှောင်ကျီသည် လှိုဏ်ဂူအပြင်ဘက်ရှိ သစ်ပင်တစ်ခုပေါ်သို့ တက်ကာ စနှိုက်ပါ နှင့် ကင်းစောင့်လျက်ရှိသည်။ သူသည် ရှစ်ဆ မှန်ဘီလူးမှ တဆင့် ပတ်ဝန်းကျင် တစ်ခုလုံးအား ကြည့်ရှုလျက်ရှိသည်။
မိုးဆွေဟောခန်း၏ အဖွဲ့ဝင် ဆယ်ယောက်တို့ကလည်း အမှောင်ထဲတွင် လူစုခွဲက ဖြန့်ကျက်ထားသည်။ ကြွက်တစ်ကောင် ဤနေရာမှ ဖြတ်သန်းသွားလျှင်ပင် သူတို့ ဖမ်းဆီးနိုင်စွမ်း ရှိကြ၏။
လီချင်းယန် နှင့် စုရှောင်မို တို့သည် လှိုဏ်ဂူ အပြင်ဘက်တွင် ကင်းစောင့်လျက်ရှိသည်။
ထျန်းချီ နှင့် လီဖေး တို့သည် ဂိုဏ်းချုပ်နား ကပ်၍ အလုံးစုံ ကာကွယ်ပေးထားကြ၏။
ကြီးမားလှသော ရန်သူ နှင့် ရင်ဆိုင်ရတော့မလို ပြုမူနေကြသည့် သံမဏိအရိုးဂိုဏ်း တပည့်များအား မြင်တော့ မြို့တော်ဝန်ရှဲ့သည် မီးပုံဘေး ထိုင်ကာ အသာရယ်လိုက်သည် “ချင်ဟောင်ရန်က ဂုဏ်သိက္ခာတော့ နည်းနည်း ရှိပါသေးတယ်။ သူ ကျုုပ်တို့ကို ချုံခိုပြီးတော့ တိုက်မှာ မဟုတ်ပါဘူး။”
ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်စွမ်းအင် နှင့် ခန္ဓာကိုယ်အားအင်သည် အနည်းငယ် ပြန်လည် ကောင်းမွန်လာသည်။ သူသည် မျက်စိကို ဖွင့်ကာ ပြောလိုက်သည် “မြို့တော်ဝန်ရှဲ့ .. ကျုပ်တို့ အပြင်ဘက်ကို ရောက်ချိန်မှာ သတိအပြည့်နဲ့ ရှိနေတာ အကောင်းဆုံးပဲလေ”
သူသည် ချင်ဟောင်ရန် အား စိုးရွံံ့နေခြင်းမဟုတ်ပေ။ သူသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့အစည်းက တခြားသော ဂိုဏ်းချုပ်များအား စုပေါင်းပြီး ရောက်ရှိလာမည်ကို စိတ်ပူနေခြင်း ဖြစ်သည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူ နှစ်ဖွဲ့ကလည်း ရှိနေသေး၏။
ဟောာင်ချိဂိုဏ်းအား သူ စိန်ခေါ်သည့် သတင်းသည် ချင်းယန်နိုင်ငံတစ်ခုလုံးသို့ ပြန့်နှံ့ပြီး ဖြစ်သည်။ ထို့ကြောင့် လုပ်ကြံချင်သူများသည် ဤလမ်းကို အမှီသဟဲပြုလုပ်၍ လှုပ်ရှားလာနိုင်သည်။
ဘန်း …
ရုတ်တရက် ဆိုသလိုပဲ လှိုဏ်ဂူ အပြင်ဘက်ဆီမှ သေနတ်သံ တစ်သံ ထွက်ပေါ်လာသည်။
မြို့တော်ဝန်ရှဲ့ ၊ လီခေါင်းဆောင် နှင့် တခြားသူများအားလုံးသည် ကျယ်လောင်သော အသံကြောင့် အထိတ်တလန့် ဖြစ်မိသွားကြ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အပြင်ဘက် ထွက်ကြည့်ကြတာပေါ့”
“ကောင်းပါပြီ”
လီချင်းယန် နှင့် စုရှောင်မို တို့သည် လှိုဏ်ဂူအပြင်ဘက်သို့ ထွက်ခွာသွားသည်။ မြို့တော်ဝန် ရှဲ့လည်း နောက်မှ လိုက်သွား၏။
ထျန်းချီ နှင့် လီဖေးတို့သည် တစ်စုံတစ်ခု ဖြစ်ပွားမည်ကိုစိုးရိမ်သောကြောင့် သူတို့ ဂိုဏ်းချုပ်အနားသို့ တိုးကပ်ကာ ကာကွယ်ပေးထားကြသည်။
လုချင်းချင်းသည် ကျွင်းချောင်ရှောင်း အနောက်ဘက်ရှိ ကျောက်တုံးတစ်ခုအား မှီရပ်လျက် ရှိပြီး သူမ ၏ လက်များသည် ဓားလက်ကိုင်ပေါ်တွင် ရှိနေ၏။ သူမ၏ မျက်လုံးများသည် အေးစက်နေ၏။
ကျိုးဟုန်သည် မတ်တပ်ရပ်ကာ သူ၏ ဓားကို ရင်ခွင်ထဲတွင် ပိုက်ထား၏။ သူသည် လှိုဏ်ဂူထဲမှ ထွက်ပြီး အပေါက်ဝတွင် မတ်တပ်ရပ်နေခြင်း ဖြစ်သည်။
အတည်ငြိမ်ဆုံးလူမှာ ရီရှင်းချန့်ဖြစ်ပြီး ဘာတစ်ခုမှ မဖြစ်ပွားသလို ကောက်ရိုးပုံလေး တစ်ခုပေါ်မှ လှဲနေ၏။
မူလက တည်ငြိမ်နေသောလှိုဏ်ဂူသည် စနိုက်ပါ အသံ ထွက်ပေါ်လာပြီးနောက်တွင် အကုန်လုံး လေးလေးနက်နက် နှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထို့ကြောင့် လီခေါင်းဆောင် နှင့် တခြားသူများပါ လေးနက်လာကြသည်။
ဘုတ်။
မကြာခင်မှာပဲ လီချင်းယန် နှင့် စုရှောင်မိုတို့ ရောက်ရှိလာကြသည်။ သူတို့သည် အလောင်းတစ်ခုအား မြေပေါ် ပစ်ချပြီး ပြောလိုက်သည် “ဂိုဏ်းချုပ် .. တစ်ယောက်တည်းတွေ့တယ်”
“သူ့ကို ရှာကြည့်လိုက်”
“ကောင်းပါပြီ”
စုရှောင်မိုသည် အလောင်းအား ရှာဖွေလိုက်၏ “ဂိုဏ်းချုပ် .. ဘာမှမတွေ့ဘူး”
“ဘာမှ မတွေဘူးလား။” ကျွင်းချောင်ရှောင်း မေးစေ့အား ပွတ်သပ်ကာ ပြောလိုက်သည် “လီရန်မြို့ အပြင်မှာတုန်းက လုပ်ကြံသူတွေနဲ့တဖွဲ့တည်း ထင်တယ်”
….
တောအနက်ထဲမှာတော့ အမဲရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူခုနှစ်ယောက်တို့သည် မြန်မြန်ဆန်ဆန် စုဝေးလာကြသည်။
“အစ်ကိုကြီး .. နံပါတ်သုံး တော့ အသတ်ခံလိုက်ရပြီ” အမဲရောင် ဝတ်စုံနှင့်လူက ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်၏။
“သံမဏိအရိုးဂိုဏ်းက သတိအပြည့်ရှိတယ်။ ငါတို့ အလျှင်စလို လုပ်လို့မဖြစ်ဘူး။ မဟုတ်ရင် သူတို့ရဲ့ လက်နက်ပုန်းအောက်မှာ သေကုန်လိမ့်မယ်” ခေါင်းဆောင်ဖြစ်သူက တီးတိုးပြောလိုက်သည်။
“သံမဏိအရိုးဂိုဏ်းကို ဒီလောက် လူတွေ လွှတ်လိုက်တာ။ တစ်ယောက်မှ ပြန်မလာကြဘူး။ ဒီလက်နက်အောက်မှာ အကုန်သေကုန်ကြပြီ ထင်တယ်” တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။
“အစ်ကိုကြီး … ဘာလုပ်ကြမလဲ”
“အရင်ဆုံး ပြန်ဆုတ်ကြမယ်။ ပြီးမှ တခြားနည်းလမ်း စဉ်းစားတာပေါ့”
“ကောင်းပါပြီ”
ညအမှောင်ကို အကာအကွယ်ယူ၍ ထိုသူတို့သည် မြန်မြန်ပဲ လှုပ်ရှားသွားကြသည်။ သူတို့၏ လှုုပ်ရှားသွားလာပုံကို မြင်သည်နှင့် ကျွမ်းကျင်သူများဖြစ်ကြောင်း သိသာ၏။
သို့ပေမဲ့ ….
မြန်မြန် ထွက်ပြေးသွားကြသော အမဲရောင် ဝတ်စုံဝတ်လူများမသိရှိကြသည်မှာ သူတို့နောက်တွင် မိုးဆွေ ဟောခန်း၏ အဖွဲ့ဝင်များက ခြေရာခံ လိုက်နေသည် ကိုပင်။
မင်းတို့က ကျွမ်းကျင်သူတွေလား။
အားနာပါတယ်။ မိုးဆွေဟောခန်းရဲ့ ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူတွေနဲ့ ယှဉ်ရင် မင်းတို့က အများကြီး အားနည်းတယ်။