← Chapters

အခန်း (၁၆၁)

Vol. 11 Ch. 161

အခန်း (၁၆၁)

Vol. 11 Ch. 161

ရှောင်ကျီ စနိုက်ပါ ဖြင့် လုပ်ကြံသတ်ဖြတ်သူအား ပစ်ခတ်လိုက်စဉ်ကတည်းက ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ များသည် ထိုနေရာသို့ ရောက်နှင့်နေပြီး ဖြစ်သည်။

သူတို့သည် ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြ၏။

ထွက်ပြေးသွားကြသူများ သူတို့၏မျက်စိရှေ့မှ ပျောက်ကွယ်သွားမည် ဆိုလျှင် ဂိုဏ်းချုပ် နှင့် ဟောခန်းသခင် အား သူတို့ မည်ကဲ့သို့ မျက်နှာပြရမည်နည်း။

နောက်တစ်ရက်မှာတော့ …

ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်စွမ်းအင် နှင့် ခန္ဓာကိုယ် စွမ်းအင်တို့သည် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။ စောစောထ၍ လှိုဏ်ဂူအပြင်ဘက်တွင် ရပ်ကာ လေကောင်းလေသန့့်ရှုလျက်ရှိပြီး အပျင်းပြေ သွေးပူလေကျင့်ခန်းများကိုပင် လုပ်နေနိုင်ပြီဖြစ်သည်။

“ဒီနားမှာ သန့်ရှင်းလိုက်တာ။ စိတ်ဝိညာဉ်စွမ်းအင်တွေကလည်း အပြည့်ပဲ”

သူ သက်ပြင်းချလိုက်သည် “ဒီမှာနေတဲ့သူတွေက သာမာန်လူတွေဖြစ်တယ် ဆိုရင်တောင်မှ အနည်းဆုံး အသက် နှစ်ရာ ၊ သုံးရာလောက် ရှည်ကြတယ်။”

သိုင်းပညာရှင်တို့၏ ကမ္ဘာတွင် လူသားများသည် စိတ်ဝိညာဉ်စွမ်းအင်များအား မရီဒန်ထဲတွင် စုစည်း၍ သူတို့၏ သက်တမ်းကို ပို၍ ရှည်လျားစေသည်။

ကျွင်းချောင်ရှောင်းသည် အဓိကတာဝန်ကို ပြည့်စုံစေရန် သေချာကြိုးစားရမည် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သူ ငယ်ငယ်ရွယ်ရွယ်နှင့် မသေချင်သေးသောကြောင့်ပင်။ ထို့အပြင် သူတွင် ရှိသော နှစ်တစ်ရာ ဆိုသည်မှာ ကမ္ဘာမြေတွင် နှစ်သုံးဆယ်သာ ရှိလောက်သည် မဟုတ်လား။

လီချင်းယန်သည် မိုးဆွေဟောခန်းမှ လူများ ချန်ထားခဲ့သောအမှတ်အသားများအား သိမ်းဆည်းရင်း တောထဲမှ ထွက်လာ၏။ “ဂိုဏ်းချုပ် .. သူတို့တွေ နောက်ယောင်ခံ လိုက်သွားကြပြီ”

ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြောလိုက်သည် “မင်းတို့ ဘယ်လောက်ပုန်းနိုင်မလဲ ကြည့်အုံးမယ်”

“ဂိုဏ်းကို ပြန်ကြစို့”

“ကောင်းပါပြီ”

တစ်ညတာ အနားယူပြီးသည့်နောက်မှာတော့ အားလုံသည် ပြန်လမ်းသို့ ခရီးဆက်ကြတော့သည်။

ချင်းယန်မြို့သို့ သွားရာလမ်းခွဲမှာတော့ မြို့တော်ဝန် ရှဲ့ နှင့် လီခေါင်းဆောင်တို့သည် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

ကျွင်းချောင်ရှောင်းသည် သူ့အား လာရောက်အားပေးသည်ကို ကျေးဇူးတင်သောကြောင့် မထွက်ခွာခင်မြှး အားလုံးအား ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတစ်လုံးစီ လက်ဆောင်ပေးလိုက်သည်။

“ခန္ဓာကိုယ် အားအင်ကို တိုးစေတယ်ဟုတ်လား”

“အိုက်မိသားစု က လေလံတင်မယ့် ဆေးလုံးလား”

“ကောင်းကင်ဘုံ …. ဂိုဏ်းချုပ်ကျွင်း နဲ့ အိုက်မိသားစု က ဘယ်လောက်တောင် ရင်းနှီးတာလဲ။ လေလံပွဲတောင် မစရသေးဘူး။ ဆေးလုံး လက်ထဲရောက်နေပြီ”

မိသားစု ခေါင်းဆောင်များသည် မြို့ဆီသို့ ပြန်လာရင် ထိတ်လန့်တုန်လှုပ်နေမိသည်။

“အားလုံးပဲ”

မြို့တော်ဝန်ရှဲ့သည် တီးတိုးမှာလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ဒီဆေးလုံး ပေးတယ် ဆိုတာ ကျုပ်တို့ပဲ သိတာ ကောင်းမယ်”

မိသားစု ခေါင်းဆောင်များသည် အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်သောကြောင့် ဆိုလိုရင်းကို အဓိပ္ပာယ်ပေါက်ကြသည်။ သူတို့ မြန်မြန်ပဲ ပြောလိုက်ကြသည်။

“မြို့တော်ဝန် . စိတ်ချပါ။ ကျုပ်တို့က လွဲရင် ဘယ်သူမှ မသိစေရပါဘူး”

…

“ဂိုဏ်းချုပ်.. စီနီယာအစ်ကိုတွေ ပြန်လာကြပြီဟေ့”

တိတ်ဆိတ်ငြိမ်သက်နေသော သံမဏိအရိုးဂိုဏ်းသည် စီမာကျုံုးတ ၏ အော်သံကြောင့် ချက်ချင်းပဲ ဆူညံသွားတော့သည်။

ကျွင်းချောင်ရှောင်းသည် တပည့် ရှစ်ယောက်ကို ခေါ်ယူ၍ ဂိုဏ်း၏ အကာအကွယ် အစီအရင်ကို ဖြတ်သန်းဝင်ရောက်လာချိန်မှာတော့ တပည့်များသည် အလုအယက်ဖြင့် သူတို့၏ စီနီယာ များအား ဖြစ်ကြောင်း ကုန်စင် မေးမြန်တော့၏။

“ခုနှစ်ပွဲ သုံည ဟုတ်လား”

“ကောင်းကင်ဘုံ …. ဒါကြီးက ကြမ်းတယ်”

“ဂိုဏ်းချုပ်ရော …. စီနီယာတွေရော ကြမ်းတယ်”

သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် သံမဏိအရိုးဂိုဏ်း တပည့်များသည် စိတ်လှုပ်တရှားနှင့် ဖြစ်နေကြ၏။

“တုတု … ” ကျွင်းချောင်ရှောင်းသည် စိတ်ကောင်းဝင်နေသည်မို့ တုတုကို ခေါ်ကာ ပြောလိုက်သည် “ဒီည ဟင်းပွဲတွေ အများကြီးချက်မယ်။ ဝိုင်ကောင်းကောင်းနဲ့ သောက်ကြတာပေါ့”

ဂုဏ်သိက္ခာ ၊ ပိုက်ဆံ ၊ ဂိုဏ်းစုဆောင်းမှတ်။

ဟောင်ချီဂိုဏ်းသို့ သွားသော ခရီးစဉ်သည် သူ့အတွက် တကယ့် ခရီးစဉ်ဖြစ်တော့သည်။ ဤသို့သော အချိန်တွင်မှ တပည့်များနှင့် စိတ်လိုလက်ရ မသောက်လျှင် ဘယ်အချိန်သောက်မည်နည်း။

“ကောင်းပါပြီ”

လျှိုဝမ်ရှစ်သည် ဆက်လက်၍ မကျင့်ကြံတော့ချေ။ မာရုံနင် ၊ ရိဟိုင် ၊ အားဟိုင်တို့အား ခေါ်ကာ စားဖိုဆောင်ဆီ ဝင်ကာ ချက်ပြုတ်တော့သည်။

….

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်အား ကောက်မော့လိုက်ပြီး ဆွဲဆောင်မှု ရှိလှသော ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသည့် လီလိုရှု အား ကြည့်လိုက်သည်။

“ဂိုဏ်းချုပ်ကတော့ အံ့အားသင့်စရာပဲ”

သူမသည် မနက်အစာကတည်းက တပည့်များ ပေးပို့လိုက်သော ပြိုင်ပွဲသတင်းအား ရရှိပြီး ဖြစ်သည်။ ထို့အပြင် ဂိုဏ်းချုပ် သည် ချင်ဟောင်ရန်အား ဓားဖြင့်ပင် ခုတ်ခဲ့သေး၏။

ထိုအချိန်တုန်းက လီလိုရှု သည် အမှန်ပင် အံ့အားသင့်မိခဲ့သည်။

သူမသည် ကျွင်းချောင်ရှောင်း အဆင့်ခြောက် ဂိုဏ်းတစ်ခုအား စိန်ခေါ်ဖို့ သွားချိန်တွင် အမှန်ပင် စိတ်ပူမိခဲ့သည်။ တကယ်တန်း ယှဉ်ပြိုင်လျှင် အနိုင်ယူနိုင်မည် ဆိုလျှင်တောင်မှ အနည်းဆုံး နှစ်ပွဲ ၊ သုံးပွဲလောက် ရှုံးမည် ဟု တွက်ချက်မိ၏။

နောက်ဆုံးမှာတော့ …

ခုနှစ်ပွဲ - သုံည အဖြစ် အောင်ပွဲခံခဲ့သည်။

သူမ၏ နောက်လိုက်များအား အလုံးစုံ ယုံကြည်မှုသာ မရှိပါက ရရှိသော သတင်းမှာ မှားယွင်းနေသည်ဟုပင် ဟောခန်းသခင်လီ ထင်မိပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ရေနွေးခွက်အား သောက်ပြီး အသာချလိုက်သည်။ ပြီးနောက် ခြေချိတ်ထိုင်ကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း က အားအကောင်းဆုံး ဖြစ်လာလိမ့်မယ်။ ဒါမှ သာမာန်ကိစ္စတစ်ခုပဲ”

သူ၏ သရုပ်ဆောင်စွမ်းရည်သည် သြချရလောက်သည်။

လီလိုရှု သည် ပြုံးကာ ထိုင်လိုက်သည် “ဂိုဏ်းချုပ် ဆီမှာ နေဖို့ ဆုံးဖြတ်ခဲ့တာ အကောင်းဆုံး စဉ်းစားမှုပဲ ဖြစ်လိ့မ်မယ်။”

သူ့အား ဘေးတစ်ဖက်မှ ပြုံးပြုံးကြီး ကြည့်နေသော မိန်းမအား လှည့်ကြည့်ကာ ပြောလိုက်သည် “ရှောင်မိသားစု ဘက်က လှုပ်ရှားမှု ရှိလား”

“ရှိတယ်”

အလုပ်ကိစ္စပြောချိန်မှာတော့ လီလိုရှု၏ မျက်နှာသည် လေးနက်သွားသည်။ “ဂိုဏ်းချုပ် ဟောင်ချီ ဂိုဏ်းဆီ သွားတဲ့နေ့က ရှောင်မိသားစု အကြီးအကဲ ပျောက်သွားတယ်။”

“ပျောက်သွားတယ် ဟုတ်လား” ကျွင်းချောင်ရှောင်း ကြောင်သွားသည်။

လီလိုရှု ပြောလိုက်၏ “ရှောင်မိသားစု အကြီးအကဲဆီမှာ အကျင့်တစ်ခုရှိတယ်။ မနက်တိုင်း ကျက်သရေ ခန်းဆောင်ကိုသွားပြီး လက်ဖက်ရည် သောက်တာ။ ဒါပေမဲ့ အဲနေ့က သွားပြီးကတည်းက ပြန်ထွက်မလာတော့ဘူး”

ကျွင်းချောင်ရှောင်း မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏ “ဝင်ခွင့်မရှိသူတွေ ဝင်ဖို့ မလွယ်လောက်ဘူး”

“ဟုတ်ပါတယ်” လီလိုရှု ပြောလိုက်သည် “ရှောင်မိသားစု ပိုင်ဆိုင်တဲ့ ခန်းဆောင်တွေ ထဲက တစ်ခုဆိုတော့ တခြားသူတွေ ဝင်ဖို့ မလွယ်ဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်း ဘယ်လိုထင်လဲ”

“လတ်တလောမှာ ကျွန်မ ရှောင်မိသားစု ရဲ့ လေ့ကျင့်ရေးတည်နေရာဆီကို စောင့်ကြည့်ခိုင်းထားတယ်။ ဘာထူးခြားမှု မှတော့ မရှိဘူး”

လီလိုရှု ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် “ကျက်သရေ ခန်းမဆောင်က လျှို့ဝှက်ငှာနချုပ် တစ်ခု ဖြစ်နေနိုင်တယ်”

ကျွင်းချောင်ရှောင် သဘောတူလိုက်၏ “ဖြစ်နိုင်တယ်”

လီလိုရှု ပြောလိုက်သည် “ကျွန်မ လူတွေ လွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်။ ဂိုဏ်းချုပ်ဘာလုပ်ချင်တာရှိလဲ”

“နေအုံး …. ပျားလေးတို့ ဆီက သတင်းရတဲ့အထိ စောင့်ရအောင်”

ပျားလေးသည် အမဲရောင် ဝတ်စုံဝတ်လူများနောက်သို့ လိုက်သွားသော အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် တောကြောင် ၊ မြွေဟောက်တို့၏ နောက်တွင် ရှိသည်ဆိုသော်လည်း အရည်အချင်းရှိသူဖြစ်၏။

လီလိုရှု ပြောလိုက်သည် “ကြည့်ရတာ ဒီတစ်ကြိမ် ဂိုဏ်းချုပ် ပစ်မှတ်ထားခံခဲ့ရပြန်ပြီလား”

ကျွင်းချောင်ရှောင်း ရေနွေးတစ်ခွက် ကောက်မော့ကာ အမုန်းတရားအပြည့်နှင့် ပြောလိုက်၏ “ဘယ်သူလဲ ဆိုတာ ရှာတွေ့တာနဲ့ သတ်ပစ်မယ်”

အချိန်တိုင်း လုပ်ကြံသတ်ဖြတ်သူများ၏ ပစ်မှတ်ထားခံရသည်မှာ သူမည်မျှ သည်းခံစိတ်ရှိသည်ဆိုဆို မရတော့ပေ။ သူ့တွင်လည်း ဒေါသရှိသည် မဟုတ်လား။

……….

ညရောက်လာခဲ့သည်။

စားသောက်ခန်းမှာတော့ လင်းထိန်နေ၏။

စားပွဲအားလုံးတွင် အစားအစာ ၊ ဝိုင်များနှင့် ပြည့်နှက်နေသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ လက်ထဲမှ ဝိုင်ခွက်အား မြှောက်ကာ ပြောလိုက်၏ “အောင်ပွဲအတွက် ….”

“ဂိုဏ်းချုပ် .. တော်လိုက်တာ”

တပည့်များသည် ခွက်ကို မြှောက်၍ စိတ်လိုလက်ရ သောက်ကြတော့သည်။

စီနီယာဝေ လည်း ရောက်လာသည်။

သူသည် ထောင့်တစ်ခုတွင် ထိုင်ပြီး ဝိုင်ကို အသာငုံ လျက်ရှိသည်။ လူငယ်များကို ကြည့်၍ သူု၏ မျက်လုံးအိမ်ထဲတွင် လွမ်းဆွတ်သတိရမှုတွေ နှင့် ပြည့်လာ၏။

“ဝေကျိ … ငါ ဂိုဏ်းတစ်ခု တည်ထောင်ချင်တယ်။ ငါနဲ့အတူ ပူးပေါင်းမလား”

“ဟားဟား .. ငါ တောင်တစ်ခု ရှာတွေ့ပြီ။ ဂိုဏ်းထူထောင်ရမယ်။”

“ဝေကျိ .. ဒီနေ့ကစပြီး ငါ က ဂိုဏ်းချုပ် … မင်းက ဒုဂိုဏ်းချုပ် ။ အတူတူ ရှေ့ဆက်ကြစို့”

အချိန်အတော်ကြာ မေ့ထားခဲ့သော အမှတ်တရများသည် သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ကလေးများကို ကြည့်၍ အဲအချိန်တုန်းက သူ၏ အဖြစ်အပျက်များအား စီနီယာဝေ သတိရမိနေ၏။

အချိန်သည် ကုန်လွယ်လွန်းလှ၏။ ဘာမှန်းပင် မသိဘဲ လက်ရှိအချိန်သို့ပင် ရောက်ရှိခဲ့သည်။

“အဘိုးဝေ …”

လျှိုဝမ်ရှစ်သည် ရှေ့၌လာထိုင်ပြီး သူမ၏ မေးကိုထောင့်ကာ မျက်လုံးလေးတွေ ပေကလပ် ပေကလပ် လုပ်၍ ပြောလိုက်သည် “ဘာလို့ ငိုနေတာလဲ”

စီနီယာဝေ ပြုံးလိုက်သည် “နည်းနည်းစပ်လို့ပါ”

လျှိုဝမ်ရှစ် နှုုတ်ခမ်းစူသွားမိ၏ “အဘိုးဝေ .. သမီး ချက်ထားတာတွေက အစပ် လုံးဝ မပါပါဘူး”

“အမ်….”

စီနီယာဝေသည် ဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်သည် “ဝိုင် .. ဝိုင်က စပ်တာ”

လျှိုဝမ်ရှစ် သည် ခွက်ကိုမြှောက်၍ အကြံပေးလိုက်သည် “အဘိုးဝေ .. အသက်ကြီးလာပြီ ။ နည်းနည်းပဲသောက်တော့…”

“ဖူး ..”

စီနီယာဝေသည် ပါးစပ်ထဲမှ ဝိုင်များအား ထွေးထုတ်ပြီး ခြေဆောင့်ကာ ထွက်ခွာသွားတော့သည်။

ကလေးများ၏ စကားလုံးများသည် တစ်ခါတလေတွင် ရင်ထဲ ထိခိုက်စေသည်။

….

သံမဏိအရိုးဂိုဏ်းသားများသည် အလွန်အမင်းကြိုးစားကြသူများ ဖြစ်သည်။ သို့ပေမဲ့ ယနေ့မှာတော့ အားလုံးသည် ပျော်ပျော်ရွှင်ရွှင်နှင့် သောက်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် ခြေတစ်ဖက်ကို ခုံပေါ်တင်ကာ ဝိုင်ခွက်ကိုမြှောက်ကာ အားရပါးရ သောက်လျက်ရှိသည်။

“ဂိုဏ်းချုပ် …”

လီလိုရှုသည် အနားသို့ ရောက်လာပြီး တီးတိုးပြောလိုက်သည် “ပျားလေး ဆီက သတင်းရပြီ”

“မြန်လိုက်တာ” ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား အသုံးပြုပြီး မူးနေသော အာရုံများအား ကြည်လင်အောင် ပြုလုပ်လိုက်သည်။ ပြီးနောက် စာကြည့်ခန်းသို့ သွားလိုက်သည်။

လီလိုရှု သတင်းပို့လိုက်၏ “ပျားလေး နဲ့ တခြားသူတွေက လီရန်မြို့ဆီ ရောက်သွားကြတယ်။ အမဲရောင် ဝတ်စုံနဲ့ လူတွေက အင်္ကျီလဲပြီး ကျက်သရေ ခန်းဆောင်ထဲ ဝင်သွားတယ်”

ကျွင်းချောင်ရှောင်းသည် မေးထောက်ပြီး နှာခေါင်းရှုံ့လိုက်မိသည် “ဒီလိုဆိုရင် ရှောင်မိသားစု လက်ချက်ပေါ့”

ချီးတဲ့မှ .. ဒီကောင်တွေ လူလည်လုပ်နေတာပဲ။ ငါသာ မိုးဆွေ အဆောက်အဦကို မသိမ်းပိုက်ထားဘူး ဆိုရင် ဒီအချိန်မိုးဆွေ အဆောက်အဦ လက်ချက်ပဲ ထင်နေအုံးမှာ။

“ဟောခန်းသခင်လီ … နားထောင်”

“ဟုတ်”

လီလိုရှု သေချာနားထောင်လိုက်သည်။

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏ “မနက်ဖြန်ည … ကျက်သရေ ခန်းဆောင်ကို ဖျက်ဆီး ပစ်လိုက်တော့။ တစ်ယောက်မှ အသက်ရှင်လျက် မကျန်စေနဲ့”

“နားလည်ပါပြီ”

“ရှောင်ကျီ လိုက်လာလိမ့်မယ်”

“ဒါက ….” လီလိုရှု ပြောလိုက်သည် “သူက ရှောင်မိသားစု က မဟုတ်လား။ လိုက်လာလို့ သင့်တော်ပါ့မလား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ရှောင်မိသားစု လုပ်ကြံသတ်ဖြတ်သူတွေက ကျုပ်ကို သတ်ချင်တယ်လို့ ထင်လို့လား”

လီလိုရှု ခဏလောက် ငြိမ်သက်သွားသည် “နားလည်ပါပြီ။ ဒီလူတွေက ရှောင်ကျီ ကို ပစ်မှတ်ထားခဲ့တာပဲ။ ကိုယ့်လူကိုယ်ပြန်သတ်ဖို့အထိ သူတို့ကြားမှာဘယ်လောက်ကြီးမားတဲ့ အမုန်းတရားရှိလို့လဲ”

ကျွင်းချောင်ရှောင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် “သူတို့ ကျုပ် တပည့်ကို ထိရဲတာပဲ။ ကျက်သရေခန်းဆောင် မပြောနဲ့။ ရှောင်မိသားစု ဆိုရင်တောင်မှ ကျုပ် ဖျက်ဆီးရဲတယ်”

……

ညနက်ချိန် လီရန်မြို့ မှာတော့ …

ကျက်သရေ ခန်းဆောင်၏ စားပွဲထိုးလေးသည် တံခါးကို ပိတ်လိုက်သည်။ သို့ပေမဲ့ သူ ပိတ်ခါနီးမှာပဲ ညို့ငင်မှု အပြည့်နှင့် မိန်းမတစ်ယောက်သည် လျှောက်လာပြီး ဆွဲဆောင်မှု ရှိလှသောအပြုံးမျိး ပြုံးကာ ပြောလိုက်သည် “မောင်ငယ်လေး .. ဒါ ကျက်သရေ ခန်းဆောင်လား”

အမျိုးသမီးသည် လှပလွန်းပြီး ခန္ဓာကိုယ်ကလည်း ဆွဲဆောင်မှု ရှိလွန်းလှ၏။ လူငယ်၏ မျက်လုံးများသည် အမျိုးသမီးဆီမှ မခွာနိုင်ချေ။

စားပွဲထိုးလေးသည် ဆွံ့အနေ၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည် “တောင်းပန်ပါတယ်။ ဆိုင်က ပိတ်ပါပြီ”

“မင်း စီးပွားရေးတောင် မလုပ်ချင်ဘူးလား” အမျိုးသမီးက ပြုံးလိုက်သည်။

စားပွဲထိုးလေး၏ မျက်လုံးများသည် အေးစက်သွား၏။

“ရွှီး ..”

အအေးအလင်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ လည်ပင်းအား အညှာအတာမဲ့ ခုတ်ပိုင်းသွားတော့သည်။

လီလိုရှုသည် ဓားကောက်လေး တစ်ခုကို ကိုင်ပြီး ဆိုင်အတွင်းသို့ အသာ ဝင်လိုက်၏။ သူမ ၏ အနောက်တွင်တော့ နောက်လိုက်များသည် အမှောင်ထဲ တိုးဝင်ပြီး ကိုယ့်နေရာကိုယ်ယူလိုက်ကြသည်။

ညသည် လေပြင်းညှင်းတွေ တိုက်ခိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။ ထို့အတူ သွေးညှီနံ့များနှင့်လည်း ပြည့်လာလေသည်။

All Chapters