← Chapters

မင်းရဲ့နာမည်

Vol. 9 Ch. 121

မင်းရဲ့နာမည်

Vol. 9 Ch. 121

ချန်ရှီ သူဖမ်းမိတဲ့ နတ်ဆိုးရဲ့ စိတ်အခြေအနေကို စိတ်ပူနေတာကြောင့် မသက်မသာ ဖြစ်လာသည်။ ၎င်းက သူနဲ့ မဆက်သွယ်ဘဲ ရူးသွပ်သွားသလိုမျိုး ဘုံကျောင်းထဲမှာ ထိုင်ပြီး သူလေ့ကျင့်ဖို့ ကူညီပေးနေခဲ့သည်။

အရင်က ဖမ်းမိခဲ့တဲ့ နတ်ဆိုးတွေဆိုရင် အသည်းအသန် ရုန်းကြသည်။ တစ္ဆေဘုရင်သုံးတောင် ကံကြမ္မာကို အညံ့ခံပြီး နတ်ကွန်းပေါ်မှာ နာခံမှုရှိစွာ မထိုင်ခင် အချိန်အတော်ကြာအောင် ရုန်းကန် ခုခံခဲ့ပါသည်။ ကောင်းကောင်း သင်ကြားခံရလျှင်ပင် စိတ်တည်ငြိမ်သွားအောင် လုပ်ကာ သူ့ကို ကူညီရန် အစပြုမည် မဟုတ်ပေ။

ဒါပေမဲ့ ဝဝကစ်ကစ်လေးက အမွှေးတိုင် ပေးတဲ့အချိန် စားတယ်၊ မပေးရင်လည်း မငိုဘူး ဒါမှမဟုတ် ဒုက္ခမပေးဘဲနဲ့ အားလပ်ချိန်မှာ ချီစွမ်းအင် စုဆောင်းလေ့ကျင့်ဖို့ ကူညီပေးလေသည်။

၎င်းသည် ချန်ရှီအကူအညီဖြင့် ဓားစွမ်းအင်ကို ထိန်းထားနိုင်စေရန် ကူညီပေးမည်။ ချန်ရှီလည်း သူ့ဓားစွမ်းအင်များ အလွန်တိုးလာပြီး ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်လာတယ်လို့ ခံစားလာခဲ့ရသည်။

"အခုကစပြီး မင်းကို ရှောင်ကျောင်လို့ ခေါ်မယ်"

ခယ်ကျောင်သစ်ပင် ကန့်ညောင်က မကန့်ကွက်ခဲ့ပေ။ သူ့ကံကြမ္မာကို လက်ခံခဲ့ပုံပါပဲ။ ချန်ရှီသည် ချီစွမ်းအင်ကို စုဆောင်းကာ ရှောင်ကျောင်ကို နတ်သန္ဓေသားအဖြစ် မှတ်ယူကာ လှုံ့ဆော်ရန် ကြိုးစားခဲ့သည်။

သူ့နတ်သန္ဓေသားက တခြားကျင့်ကြံသူတွေလို သာမန် နတ်သန္ဓေသားတွေ မဟုတ်ပေ။ သာမန်နတ်သန္ဓေသားများတွင် ချီ၊ ယင်းနဲ့ ယန်ကို ထိန်းညှိပေးသည့် လုပ်ဆောင်ချက်သာ ရှိသော်လည်း ချန်ရှီရဲ့ နတ်သန္ဓေသားကတော့ ယဇ်ပူဇော်သလို ထိန်းချုပ်ခံရပြီးနောက် နတ်ဆိုးများကို ထိန်းသိမ်းလေ့ရှိသည်။

ရှောင်ကျောင်ဟာ ပူဇော်သက္ကာများ စားသုံးသော ကန့်ညောင် ဖြစ်ခဲ့သေးသောကြောင့် ထိန်းချုပ်ခံလိုက်ရတဲ့အခါ ချန်ရှီ အနောက်တွင် အကိုင်းအခက်များစွာဖြင့် သစ်ပင်ကြီးတစ်ပင် ပေါ်လာခဲ့သည်။ အကိုင်းအခက်တွေက နဂါးဦးချိုတွေရုတ်ချည်းပင် ပေါ်လာပြီး လူဦးခေါင်းများကို ဆွဲထားသေးသည်။

ဒီမြင်ကွင်းက ချန်ရှီကိုပါ ထိတ်လန့်သွားစေခဲ့သည်။

တင်းတင်းလည်း ထိတ်လန့်သွားတာကြောင့် ဟေးကော်နောက်တွင် ပြေးပုန်းနေလိုက်သည်။ အန္တရာယ်မရှိတာ မြင်သောအခါမှ ဂရုတစိုက်နဲ့ ထွက်လာခဲ့၏။ သူမကို ထိုကန့်ညောင်က သတ်လုနီးပါး ဖြစ်ခဲ့တာကြောင့် ဘယ်လောက်ကြောက်စရာ ကောင်းလဲဆိုတာ သူမ သိပါသည်။

ခယ်ကျောင်သစ်ပင်ရဲ့ ဆိုးရွားသော ရောင်ဝါက အလွန်နက်ရှိုင်းပြီး သူမရဲ့ ရွှေအမြုတေ အဆီအနှစ်ကိုပင် ညစ်ညမ်းစေခဲ့သည်။

ချန်ရှီရဲ့ ချီစွမ်းအင်များက ပျံ့နှံ့နေပြီး ရှောင်ကျောင်ကို ထုတ်သုံးရတာက ချောမွေ့သွားတာ ခံစားလိုက်ရသောကြောင့် သူ့လက်ကို ဆန့်တန်းကြည့်လိုက်ရာ မြေကြီးပေါ်တွင် အဆိပ်ပြင်းသော နဂါးများကဲ့သို့ အလွန်ထူထပ်သော အမြစ်များ ကွဲအက်သွားတာ တွေ့လိုက်ရသည်။

ရွာထဲရှိ လူသေအလောင်းများသည် အက်ကွဲကြောင်းများထဲသို့ လှိမ့်ဆင်းသွား၏။ လူဦးခေါင်းပါသော အမြစ်များ ပြန်လည် ဆုတ်ခွာသွားတဲ့အခါ အက်ကြောင်းများလည်း တဖြည်းဖြည်း ပြန်ပိတ်သွားပြန်သည်။

ချန်ရှီ တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် သွားလာကာ ရွာထဲရှိ အလောင်းများကို အက်ကွဲကြောင်းထဲသို့ ပစ်ချလိုက်သည်။ ဒီအလောင်းတွေကို အချိန်မီ မမြှုပ်နှံနိုင်ရင် လရောင်က တောက်ပလာပြီး အလောင်းတွေက နတ်ဆိုးအဖြစ် ပြောင်းသွားလိမ့်မည်။

ထိုအချိန်တွင် မကောင်းဆိုးဝါး အလောင်းကောင်များနှင့် ဖုတ်ကောင်များ ရာနဲ့ချီ ထကြွလာမှာ သေချာသည်။ တင်းတင်းလည်း စန်းဟဲရွာတွင် လူပေါင်းများစွာ သေဆုံးခဲ့တာကြောင့် ထိုလူများကို သင်္ဂြိုဟ်​ပေးရန် နေ့ရောညပါ ပြေးလွှားရင်း ညနက်သည်အထိ အလုပ်များနေသေးသည်။

သူမသည် သခင်မ ဟွာလီ၏ ကိုယ်ရေးကိုယ်တာ အိမ်အကူ ဖြစ်ခဲ့သော်လည်း၊ သခင်အဟွာလီ၏ နေ့စဉ်စားဝတ်နေရေးများကို ထမ်းဆောင်နေသော်လည်း၊ အလောင်းအများအပြားကို သင်္ဂြိုဟ်ပေးရတာလိုမျိုး ကြောက်မက်ဖွယ်ကောင်းသော အရာများကို မလုပ်ဖူးခဲ့ပေ။

ချန်ရှီနဲ့ ပထမဆုံး ထွက်လာရတာက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းနေပြီ။

ချန်ရှီသည် မူလက စန်းဟဲရွာတွင် တစ်ညနေရန် စီစဉ်ထားသော်လည်း တင်းတင်းက ငြင်းဆိုသောကြောင့် ရွေးချယ်စရာမရှိတော့ဘဲ သစ်သားတွန်းလှည်းလေး ထောင့်တွင် အဆောင်လက်ဖွဲ့ ကပ်ရင်း ဟေးကော်က မီးပုံးကို ပါးစပ်ထဲထည့်ထားကာ တစ်ညလုံး ကားမောင်းသွားခဲ့ရသည်။

ရန်ဖုန်းကျေးရွာသို့ ရောက်ရှိလာတဲ့အခါ ချန်ရှီသည် ရွာအပြင်ဘက်တွင် ရပ်ကာ ရွာထဲရှိ ကန့်ညောင်အား အမွှေးတိုင်ဖြင့် ပူဇော်ခဲ့သည်။ ရန်ဖုန်းရွာက ရွာသူရွာသားတွေဟာ ညဘက်ခရီးထွက်သူတစ်ယောက် အသက်ရှင်လျက် ရွာထဲကို အရောက်လှမ်းလာနိုင်ခဲ့တာ တွေ့ရတာတော့ တအံ့တဩ ဖြစ်နေကြတော့၏။

ရွာရှိလူများသည် မူလက ၎င်းတို့အား ခေါ်သွင်းရင်း အစီအစဉ် မရှိခဲ့သော်လည်း ချန်ရှီက အဆောင်ဆွဲဆရာ တစ်ဦးဖြစ်ကြောင်း အခိုင်အမာဆိုကာ အဆောင်လက်ဖွဲ့ အချို့ကို ထုတ်ယူပြလိုက်တော့မှ သက်သာရာရသွားခဲ့သည်။

သို့သော်လည်း ရွာသားများက ၎င်းတို့သည် ငယ်ရွယ်သော စုံတွဲများဟု အထင်လွဲနေကြဆဲ ဖြစ်သောကြောင့် တင်းတင်း မျက်နှာသည် ရှက်ရွံ့စွာဖြင့် နီမြန်းလာပြီး ချန်ရှီကို ခဏခဏ ကြည့်နေခဲ့သည်။

ချန်ရှီက နားလည်စွာဖြင့် တိုးတိုးလေး ပြောသည်။

"စိတ်မပူပါနဲ့ ငါစီစဉ်ပေးပါ့မယ်"

မိသားစုတစ်စုဆီက အခန်းတစ်ခန်း တောင်းလိုက်သည်။

အဲဒီညမှာတော့ ချန်ရှီဟာ ဆေးဝါးချက်ပြုတ်ပြီး ကိုယ်ခံပညာကို လေ့ကျင့်လိုက်သည်။ နှစ်ယောက်လုံး ပင်ပန်းနေတာကြောင့် ခဏအကြာမှာ အိပ်ရာဝင်ခဲ့သည်။ နောက်နေ့ မနက်ကျတော့ အိပ်ရာထကာ နည်းနည်း နောက်ကျသွားသည်။

ချန်ရှီ အဝတ် ဝတ်ပြီး ရေချိုးဖို့ သွားနေတုန်း ရေတွင်းကို မရောက်ခင်မှာ ရေတွင်းနားမှာ အဝတ်လျှော်နေတဲ့ အမျိုးသမီး အတော်များများက ကြက်တွန်သလား မတွန်ဘူးလား ဆိုတဲ့ အကြောင်း ပြောနေတာကို ကြားလိုက်ရသည်။

“ကြက်တွန်ရင် ကြက်မကို မကြိုက်တော့လို့တဲ့... ဒါမှမဟုတ် တခြား​ကြက်မတွေကို ကြိုက်သွားလို့ နေမှာပေါ့!” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

အခြားအမျိုးသမီးက လက်ကိုမြှောက်ကာ နဖူးကို လက်နောက်ပြန်သုတ်ကာ ဆို၏။

"ကြက်ထီးလေးတွေကို ကြိုက်တာ ဖြစ်နိုင်တယ်"

ရွာကအမျိုးသမီးတွေက ချန်ရှီအတွက်တော့ သူစိမ်းတွေ ဖြစ်လေသည်။

“ကြက်ထီးက ငယ်သေးလို ကြက်မလေးကို မကြိုက်သေးတာများလား”

ချန်ရှီ လာနေတာကို မြင်တော့ အမျိုးသမီးက ပျာပျာသလဲဖြင့်။

"ကြက်ထီး...အဲ... သခင်လေးချန် လာ​နေပြီ..ငြိမ်ငြိမ်နေ!"

မိန်းမတွေက ချန်ရှီကို ကြည့်ပြီး ရယ်နေကြသည်။ ချန်ရှီကတော့ နားမလည်တဲ့အတွက် ရေတွင်းဆီသာ လျှောက်သွားခဲ့ရာ ရေတွင်းထဲမှာ ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ ရေပုံးကို ချက်ချင်း ဆွဲချပြီး ကလေးကို ရေပုံးထဲမှာ ထိုင်ခိုင်းလိုက်၏။

ရေတွင်းထဲက ကလေးက သူ့ကို အံ့သြတကြီး မော့ကြည့်ရင်း မေးလာသည်။

"ကိုကို... ကျွန်တော့်ကို ​မြင်ရလား"

ချန်ရှီ ခေါင်းညိတ်လိုက်ပြီး သူ့ကို ရေတွင်းထဲက ဆွဲထုတ်ပေးလိုက်သည်။

"မင်း ရေတွင်းထဲမှာ ဘာလုပ်နေတာလဲ"

"ကျွန်တော်နဲ့ ကျွန်တော့်အဖော်က တူတူပုန်းတမ်း ဆော့နေကြတာ.. ပုန်းစရာနေရာမရှိလို့ ရေတွင်းထဲမှာ ပုန်းချင်လို့ ရေတွင်းအစွန်းကို ကိုင်ထားပေမယ့် ကိုင်လို့မရတော့ လက်တွေချော်ပြီး ပြုတ်ကျသွားတာပဲ"

ကလေးက ရေ​တွေစိုနေသည်။

"ကျွန်တော့် မိဘတွေ ဒီကိုလာရှာဖို့ ခေါ်နေတာကို သူတို့က မကြားရဘူး... တခြားဘယ်သူမှလည်း မတွေ့ဘူး ကျွန်တော် ပြန်မတက်နိုင်လို့ ရေတွင်းထဲမှာပဲ နေခဲ့တာ"

ချန်ရှီ နားလည်သွားပြီး :"မင်းအိမ်ကို မှတ်မိသေးလား? ငါ မင်းကို ခေါ်သွား​ပေးမယ်..."

"မှတ်မိတယ်!"

ကလေးသည် စိတ်လှုပ်ရှားစွာ ရှေ့သို့ လျှောက်သွားသည်။ ချန်ရှီလည်း သူ့ကို ပိတ်ဆို့ပေမယ့် တံခါးနတ်ဘုရား အဆောင်လက်ဖွဲ့တွေ၊ ခြင်္သေ့အဆောင်လက်ဖွဲ့တွေ ရှိနေမည်ကို စိုးရိမ်သဖြင့် သူ့နောက်မှ လိုက်သွားခဲ့သည်။

တင်းနင်းနဲ့ ရေတွင်းထဲက အမျိုးသမီးတွေဟာ ချန်ရှီက လေထဲမှာ စကားပြောနေတာကို တွေ့လိုက်ကြရသည်။ သူက လေထဲက ဘောလုံးကို ဆွဲလိုက်သလိုပဲ သူ့လက်ကို မြှောက်လိုက်ပြန်လေရာ အားလုံးက အနည်းငယ် တုန်လှုပ်သွားကြ၏။

ချန်ရှီ အိမ်ဟောင်းတစ်လုံးဆီ ရောက်လာတာ မြင်လိုက်ရသည်။ တံခါးက ပျက်စီးနေပြီး တံခါးနတ်ဘုရား အဆောင်လက်ဖွဲ့လို စာလုံးတစ်လုံးမျှ မရှိပေ။ ကလေးက အိမ်ထဲကို အလျင်စလို ပြေးဝင်သွားသည်။

"ဖေဖေ၊ မေမေ၊ သား ပြန်လာပြီ!"

အိမ်အိုကြီး၏ ခြံဝင်းက လူသူကင်းမဲ့ပြီး ပေါင်းပင်များကလည်း ထူထပ်လှသည်။ အရာအားလုံး ယိုယွင်းပျက်စီးနေသော်လည်း တံခါးနှစ်ချပ် ပွင့်သွားကာ ဆံပင်ဖြူဖြူ လူကြီးနှစ်ယောက် ပြေးထွက်လာကာ ကလေးကို တုန်တုန်ယင်ယင် ကြည့်နေလေသည်။

"ရှောင်ကျွင့် ပြန်လာပြီ!"

အဘွားကြီးက ဒူးထောက်လိုက်ပြီး အပြေးအလွှား ရောက်လာတဲ့ ကလေးကို ပွေ့ဖက်ရင်း မျက်ရည်များ ကျဆင်းလာသည်။

"ရှောင်ကျွင့် ပြန်လာပြီ အမေ မင်းကို စောင့်နေတာ နှစ်သုံးဆယ်ရှိပြီ!"

အဘိုးကြီးလည်း မျက်ရည်ကျကာ လင်မယားနှစ်ယောက် ကလေးကို ပွေ့ဖက်ထားကြသည်။

"မင်း ပြန်လာမယ်ဆိုတာ အဖေတို့ သိတယ် မင်းအိမ်ပြန်ရမယ့်လမ်းကိုလည်း သိတယ်...အဲဒါကြောင့် မင်းအတွက် တံခါးဖွင့်ထားခဲ့တာ..."

"ဖေဖေနဲ့ မေမေ ဘာလို့ အိုသွားတာလဲ"

ကလေးက ရှုပ်ယှက်ခတ်နေတဲ့ မျက်လုံးတွေနဲ့ လူကြီးတွေရဲ့မျက်နှာကို ကြည့်နေသည်။

"မေမေ ဘာလို့ ဆံပင်ဖြူနေတာလဲ... ဖေဖေ... ဖေ့ဖေ့မျက်နှာမှာ အရေးအကြောင်းတွေ အများကြီးပဲ"

အဘွားအိုက သူ့မျက်နှာကို ချစ်ခင်စွာ ကိုင်သည်။

"ငတုံးလေး.. မင်းထွက်သွားတာ အနှစ်သုံးဆယ်ကျော်ပြီလေ မင်းမိဘတွေက အသက်ကြီးပြီပေါ့"

အဖိုးအိုသည် သားအမိကို ဆွဲထူကာ ချန်ရှီအား ထပ်ခါတလဲလဲ ဦးညွတ်နေခဲ့သည်။

“ကျေးဇူးပါပဲ... ကျေးဇူးရှင် သားကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ချန်ရှီ: "ခင်ဗျားတို့ ပြန်တွေ့ပြီဆိုတော့ စောစောထွက်သွားသင့်တယ် အနှေးနဲ့အမြန်ဆိုသလို ရွာထဲက ကန့်ညောင်ကလည်း ခင်ဗျားတို့ကို အကာအကွယ် မပေးနိုင်​တော့ဘူး... လရောင်ကို စုပ်လိုက်ရင် နတ်ဆိုးဖြစ်သွားလိမ့်မယ် ကျွန်တော် ခင်ဗျားတို့ကို လူဝင်စားအဆောင်လက်ဖွဲ့ ပေးလိုက်မယ်!"

အဘိုးကြီးတို့ မိသားစု သုံးယောက်လုံးခမျာ စိတ်ရှုပ်နေပြီး သူဘာကိုဆိုလိုသလဲ နားမလည်သော်လည်း ခေါင်းညိတ်နေကြဆဲ ဖြစ်သည်။ ချန်ရှီက ချီသွေးကို ထိန်းညှိရန် အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းလိုက်စဥ် ဘုံကျောင်းငယ်လေးထဲတွင် ထိုင်နေသော ရှောင်ကျောင်ကလည်း ချီစွမ်းအင်ကို ထိန်းညှိပေးနေခဲ့သည်။

ချန်ရှီရဲ့ လက်ချောင်းထိပ်များတွင် သွေးများ စီးကျနေသည်။ သူသည် သွေးကို မှင်အဖြစ် အသုံးပြုကာ လေထဲတွင် သေမင်းသင်္ကေတကို ရေးဆွဲလိုက်သည်။

"ဆင်းသက်စေ--"

ထို့နောက် လေထဲက အဆောင်စာလုံးဟာ လင်းလက်တောက်ပလာကာ အထက်ကမ္ဘာနဲ့ အောက်ကမ္ဘာရဲ့ နယ်ပယ်နှစ်ခုကြား လမ်းကြောင်း ဖွင့်ပေးခဲ့သည်။ ဇနီးမောင်နှံနှစ်ဦးသည် သားကို ခေါ်ဆောင်ကာ အလင်းရောင်ဖြင့် ဖွဲ့စည်းထားသော လမ်းမအတိုင်း လမ်းလျှောက်ခဲ့ကြသည်။

သူတို့ကို ဆွဲဆောင်ပြီး ခေါ်ယူနေသော တခြားကမ္ဘာတွင် အံ့ဩဖွယ် စွမ်းအားတစ်ခု ရှိနေသည်ဟုသာ ခံစားမိသောကြောင့် ထိုလမ်းအတိုင်းသာ လျှောက်လှမ်းသွားခဲ့ကြသည်။ အဝေးကို လမ်းလျှောက်ပြီးနောက် ပြန်လှည့်ကာ လမ်းအဆုံးက ချန်ရှီထံ လက်ပြလိုက်သည်။

အလင်းရောင် တဖြည်းဖြည်း မှိန်ဖျော့လာသည်နှင့်အမျှ မိသားစု သုံးယောက်ဟာလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြသည်။ ချန်ရှီသည် မီးလောင်ကျွမ်းနေသော ပြန်လည်မွေးဖွားခြင်းဆိုင်ရာ အဆောင်လက်ဖွဲ့ ကို ကြည့်ကာ ပျက်စီးနေသော ခြံဝင်းထဲတွင် ခဏမျှနေပြီးနောက် တစ်ချက် လှည့်ကြည့်ကာ လူသူကင်းမဲ့နေသော အိမ်ထဲမှ ထွက်လာခဲ့သည်။

ရေတွင်းနားက မိန်းမတွေက သူ့ကို အံ့သြတကြီး လှမ်းကြည့်ရင်း အချင်းချင်း တီးတိုးပြောနေကြသည်။

"အဲဒါ လောင်ထျန်းထိုတို့ မိသားစုအိမ် မဟုတ်ဘူးလား.... လောင်ထျန်းထိုနဲ့ သူ့မိန်းမ ဆုံးသွားတာ လေးငါးနှစ်ရှိပြီလေ..."

"သူ့အိမ်က ဆိတ်သုဉ်းနေတာကြာပြီ... ဟိုးအရင်တုန်းက တစ်ယောက်ယောက်က အရက်မူးပြီး သူ့အိမ်ထဲ ဝင်သွားဖူးတယ်... သားဖြစ်သူကို စောင့်နေတယ်ဆိုပြီး တံခါးဝမှာ ထိုင်နေတဲ့ လင်မယားနှစ်ယောက်ကို တွေ့တယ်တဲ့ သားဖြစ်သူက လွန်ခဲ့တဲ့ ၃၄ ၃၅ နှစ်လောက်က ပျောက်သွားတာ!"

"အဖိုးကြီး ဇနီးမောင်နှံနှစ်ယောက်က သူတို့သားကို တစ်သက်လုံး လိုက်ရှာနေခဲ့တာပဲ.... သနားစရာကောင်းလိုက်တာ"

……

ထမင်းစားနေစဉ်တွင် ကန်စွန်းဥနှင့် ပြောင်းဖူးပေါင်းမုန့်များအပါအဝင် အိမ်ရှင်မိသားစုနဲ့ ရွာသူရွာသားများက နံနက်စာကိုလည်း သေသေချာချာ ဧည့်ခံသည်။

ချန်ရှီခမျာ သူ့​စိတ်ထဲမှာ တစ်ခုခု ရှိနေတယ်လို့ အမြဲလိုလို ခံစား​နေရသည်။ ထို့နောက် ရုတ်တရက် စိတ်ဆိုးနေတဲ့ အကြည့်နဲ့ သူ့ပေါင်သူ ရိုက်လိုက်တော့သည်။

"စန်းဟဲရွာမှာ ပိုက်ဆံစုဖို့ မေ့သွားတယ်!"

ချန်ရှီ အနည်းငယ် ဝမ်းနည်းပြီး ဒေါသလည်း ထွက်နေသည်။

"ငါ တစ်ခုခု မေ့နေတယ်ဆိုပြီး စဥ်းစားနေတာ..အဲ့စာပေ ပညာရှင်က ငါ့ကို ငွေနှစ်ဆယ် အကြွေးတင်နေသေးတာပဲ!"

သူ့ပေါင်ကို ပြင်းပြင်းထန်ထန် ထပ်ရိုက်လိုက်ရင်း နောင်တအပြည့်ဖြင့် ရေရွတ်နေ၏။ တင်းတင်းမှာ ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက် တစ်ခုလို့ ထင်မြင်မိပေမယ့် ချန်ရှီက ဒီလို​တွေးလိမ့်မယ်လို့ သူမ မမျှော်လင့်ထားတာကြောင့် ရယ်မောလိုက်သည်။

"သခင်​လေး သူရှင့်လက်ထဲမှာ သေလုမျောပါး အရိုက်ခံလိုက်ရတာလေ... ငွေနှစ်ဆယ်ကို တွေးနေတုန်းပဲလား?"

ချန်ရှီက သူမကို လေးလေးနက်နက် ကြည့်ကာ ပြန်ဖြေသည်။

"သူက နတ်ဆိုးတွေကို ဖယ်ခိုင်းလို့ ငါက ဖယ်လိုက်တယ်... သူ မကောင်းတာလုပ်ရင် ငါက သတ်ပစ်မှာပဲ ဒီနှစ်ခုက မတူဘူး စန်းဟဲရွာက နတ်ဆိုးတွေကို ငါဖြေရှင်းပြီးပြီ ဆိုတော့ သူငါ့ကို ပိုက်ဆံပေးရမယ်!"

သူသည် အနှိုင်းမဲ့ အားကြီးသော ပြင်းပြင်းထန်ထန် အသံကြီးနဲ့ ပြောလိုက်သည်။

"သူ့ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့ အခါကျရင် ကလဲ့စားချေဖို့ ငါ့ဆီ လာမှာပဲ သူ့ကို မသတ်ခင် ငွေနှစ်ဆယ်ကို အရင်တောင်းရမယ်!"

တင်းတင်းမှာ သူ့ရဲ့​ပိုက်ဆံအပေါ် စွဲလမ်းနေတဲ့ သဘောထားကြောင့် တိတ်တဆိတ် ရယ်မောလိုက်မိသည်။

"နောက်ကျရင် ပိုက်ဆံအရင် တောင်းထားလို့ရော မရဘူးလား?"

ချန်ရှီက ခေါင်းခါသည်။

"အဘိုးက မင်းအရင် ပိုက်ဆံယူဖို့ စံထားလို့မရဘူး ဒါက စည်းကမ်းပဲ... ပိုက်ဆံအရင်ယူရင် တခြားသူတွေက နတ်ဆိုးတွေနဲ့ ရောပြီး ပုတ်ခတ်ပြောဆိုတာမျိုး မလွဲမသွေ ခံစားရလိမ့်မယ်တဲ့... ပိုက်ဆံ အရင်ပေးလိုက်ရင် လူတွေက အဆောင်ဆွဲဆရာက ကောင်းကောင်း မလုပ်နိုင်တော့မှာကို စိုးရိမ်တတ်တယ်... အလုပ်ပြီးမှ ပိုက်ဆံယူလိုက်ရင် လူလည်း ချမ်းသာလာလိမ့်မယ်။ ထမင်းလည်း စားလို့ရတယ်၊ တခြားသူတွေကလည်း မင်းကို လေးလေးစားစား နှုတ်ဆက်ကြလိမ့်မယ်"

ကျေးလက်က မှော်ဆရာတွေမှာ ဒီလိုထူးဆန်းတဲ့ စည်းမျဉ်းတွေ ရှိတယ်ဆိုတာ တင်းတင်း မသိခဲ့ချေ။ သူမဟာ သခင်မဟွာလီနဲ့ ခရီးရှည်ထွက်ပြီး ဗဟုသုတများစွာ ရခဲ့သည်။ မြို့တွေနဲ့ ကျေးလက်ဒေသတွေကြား ခရီးသွားရင်း အဆောင်ဆွဲ ဆရာများစွာနဲ့ တွေ့ဆုံခဲ့ပေမယ့် သူတို့အကြောင်းကို နက်နက်နဲနဲ မလေ့လာခဲ့ပါဘူး။

မနက်စာစားပြီးတဲ့အခါ ချန်ရှီ မနက်စာ ထုပ်ပိုးပြီး သူတည်းခိုနေတဲ့ အိမ်က ရွာသားနှစ်ယောက်ကို နှုတ်ဆက်ခဲ့သည်။ ချန်ရှီ မိသားစုနှစ်စုကို ငွေငါးစစီ ပေးခဲ့ရာ မိသားစုနှစ်စုမှ ယောက်ျားမိန်းမများက ရိုးရိုးသားသား ငြင်းနေကြလေသည်။

"အရမ်းများလွန်းတယ်... တစ်ညတည်း အိပ်တာကို ဘာလို့ အများကြီး ပေး​နေတာလဲ!"

သူတို့က ပိုက်ဆံတွေကို ချန်ရှီအား အတင်းပြန်ယူခိုင်းလေသည်။ ချန်ရှီ နောက်ဆုံးတော့ အလျှော့ပေးကာ သစ်သားလှည်းကို မောင်းဖို့ ဟေးကော်ကို အချက် လှမ်းပြလိုက်သည်။

ဟေးကော်က သံလိုက်အိမ်မြှောင်ကို ဖမ်းကိုင်လိုက်ပြီး သစ်သားလှည်းသည် တဖြည်းဖြည်း အရှိန်မြှင့်ကာ အလွန်လျင်မြန်စွာဖြင့် ရန်ဖုန်းရွာမှ ချက်ချင်း ပြေးထွက်လာခဲ့သည်။ လင်မယားနှစ်ယောက်က ရွာအဝင်ဝကို လိုက်သွားပေမယ့် လိုက်မမီတော့တာနဲ့ လက်လျှော့လိုက်ရ၏။

ရုတ်တရက် ယောက်ျားက တစ်ခုခုကို သတိရသွားပုံပေါ်ဖြင့် ရေရွတ်လာသည်။

"ဒီခွေးနက်က ခြေနှစ်ချောင်း ရှိတာလား ဒါမှမဟုတ် ခြေထောက်လေးချောင်းနဲ့ ပြေးနေတာလား?"

ဒီလိုပြောပြီးနောက် လူတိုင်းက လန့်နိုးလာကြသည်။

“ဒီခွေးက ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်နေသလိုပဲ... သူ့လက်ထဲမှာ ပတ်ထားတဲ့ တစ်ခုခုကို ကိုင်ထားသေးတယ်...”

"ဒီခွေးက မနေ့ညက ငါ့ကို စကားပြောနေသလိုနဲ့!"

"တစ္ဆေလား?"

လူအုပ်ကြီးသည် လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။ အားလုံးက တုန်တုန်ယင်ယင်ဖြင့် တံခါးများကို သော့ခတ်ကာ ကြောက်ရွံ့တုန်လှုပ်ကုန်ကြသည်။

ချန်ရှီနဲ့ တင်းတင်းက အနီးနားရှိ မြို့များတွင် အဆောင်လက်ဖွဲ့များကို ဆက်လက် ရောင်းချခဲ့သည်။ ချန်ရှီ ရေးဆွဲနေစဥ် တင်းတင်းက ရောင်းချဖို့ တာဝန်ယူပေးသည်။ အဆောင်စာလုံး ဆွဲရန်အတွက် ချန်ရှီသည် လက်ဗလာဖြင့် ဆွဲနိုင်သော်လည်း ခွေးနက်သွေးနှင့် သစ်ကြံပိုးခေါက်ထက် အကျိုးသက်ရောက်မှုက ညံ့သည်။

ပိုအရေးကြီးတာက အခုအချိန်မှာ ဟေးကော်ရဲ့ သွေး အကျိုးသက်ရောက်မှုက ပိုကောင်းလာသလိုပါပဲ။ ချန်ရှီလည်း ရလဒ်ကောင်းလွန်းပါက သူ့လုပ်ငန်းကို ဖြတ်တောက်လိုက်ရမှ အနည်းငယ် စိုးရိမ်နေမိသည်။ ဥပမာ မက်မွန်ပွင့်အဆောင်စာရွက်တွေက အလွန်ထိရောက်ပါက တစ်နှစ်ပတ်လုံး စီးပွားဖြစ်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ချန်ရှီကို စောင့်မျှော်နေသော အရေးကြီးသော အရာများက ရှိသေးသည်။

တင်းတင်းက ရောင်းချဖို့ စီမံခန့်ခွဲနေသောကြောင့် ခဏခဏ လက်ဗလာဖြစ်သွားသည်။ ချန်ရှီမှာ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်းအား အာရုံစူးစိုက်ကာ အထပ်ထပ် အခါခါ ဆွဲသည်။ ချီသွေးများကို သုံးကာ တစ်ချက်တည်း ဆွဲနိုင်စေရန် ကြိုးပမ်းခဲ့သည်။

အဘိုးက သူဟာ ဉာဏ်ကောင်းသူ ဖြစ်တာကြောင့် တိုက်ပွဲနဲ့ အကာအကွယ် အဆောင်လက်ဖွဲ့တွေကိုသာ ရွေးချယ်ပြီး လေ့ကျင့်ပေးခဲ့၏။

အခု သူ့ရည်ရွယ်ချက်မှာ အစိမ်းရောင်ဝတ် စာပေ ပညာရှင်ရဲ့ လက်စားချေမှုကို ဖြည့်ဆည်းရန်သာ ဖြစ်သည်။

ဤအကြိမ်တွင် ထိုစာပေပညာရှင်သည် သူ့အား သတိမမူမိသောကြောင့် သူ့လက်ထဲသို့ ကျရောက်လာခဲ့သော်လည်း တောင်ပိုင်း အ​ဆောင်လက်ဖွဲ့တွေက အမှန်တကယ်ပင် အစွမ်းထက်ပြီး ကာကွယ်ထားတတ်ဖို့ လိုအပ်သည်။

အထူးသဖြင့် အစိမ်းရောင်ဝတ် ပညာရှင်သည် အဆောင်လက်ဖွဲ့ကို အမြန်ဆွဲနိုင်သည်။ သူက ယခုချန်ရှီထက် များစွာမြန်နေသေး၏။ ထိုလူရဲ့ ဒဏ်ရာများက အနှေးနဲ့အမြန် သက်သာလာမှာ ဖြစ်သဖြင့် ချန်ရှီလည်း ထိုလူကို တိုက်ခိုက်ပြီး စောစောစီးစီး ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားရမှာပဲ ဖြစ်သည်။

"အဲ့လူရဲ့ ဒဏ်ရာက သက်သာလုနီးပါး ဖြစ်နေပြီလို့ မင်းထင်လား"

ညနေစာစားချိန်မှာ ချန်ရှီ တင်းတင်းကို လှည့်ပြောပြန်သည်။

"သူငါ့ကို ငွေနှစ်ဆယ် အကြွေးတင်နေတုန်းပဲ"

နောက်တစ်ရက်ကြာတော့ ချန်ရှီ လေ့ကျင့်နေတုန်းမှာပဲ ဒါကိုစဉ်းစားမိပြန်သည်။

"အဲ့စာပေ ပညာရှင်ရဲ့ ဒဏ်ရာက သက်သာသွားလောက်ပါပြီ...ငါ သူ့နာမည်ကို မေးထားလိုက်ရမှာ...သူငါ့ကို ငွေနှစ်ဆယ် အကြွေးတင်နေတုန်းပဲ"

သုံးရက်မြောက်သောနေ့တွင် ချန်ရှီသည် ဝမ်းနည်းပူဆွေးစွာဖြင့် အဝေးကို ကြည့်ကာ သူ့ကိုယ်သူ ပြောနေ၏။

“ငွေနှစ်ဆယ်…”

လေးရက်မြောက်နေ့တွင် တင်းတင်းသည် ချန်ရှီဟာ ထိုလူအကြောင်း မပြောတော့ကြောင်း သတိထားမိသည်။ ငွေနှစ်ဆယ် အကြောင်းလည်း မပြောတော့ဘဲ အလွန်ကြမ်းတမ်း နေဖြင့် လှည့်ပတ်ကြည့်ရှု​နေခဲ့သည်။

"ဆရာချန်!"

လူတစ်ယောက်က သူ့ကို နှုတ်ဆက်လာသည်။

သူ ရုတ်တရက် ပျော်သွားသော်လည်း အနည်းငယ် စိတ်ပျက်သွားသည်။ လာတဲ့လူက အစိမ်းရောင် အဝတ်အစားနဲ့ ပညာရှင် မဟုတ်နေချေ။

တင်းတင်း: "ငွေအကြွေးမှတ်ထားတတ်တဲ့ သခင်ကြီးပဲ!"

ပဉ္စမနေ့တွင် ချန်ရှီသည် ရုတ်တရက် ဆိုးဝါးသော လေများ တိုက်ခတ်လာတာကို သူ့အရိုးထဲအထ အေးစက်သွားစေသည်။ သို့သော် ချန်ရှီ ဒေါသတကြီးနဲ့ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"အစိမ်းရောင်ဝတ် စာပေပညာရှင် ဆရာကြီးရေ.. မင်းနာမည် ဘယ်လိုခေါ်လဲ"

ကောင်းကင်၌ စာ​ပေ ပညာရှင်အသွင်ပြောင်းသော ချည်ဆွဲပိုးကောင်ဟာ လေထဲတွင် မတ်တပ်ရပ်နေရာမှ ထိုစကားကို ကြားလိုက်ရသောအခါ သူ့နှလုံးသားက ရုတ်တရက် တုန်ရီသွား၏။

"သူငါ့ကို သတ်ပစ်ချင်နေပြီ!"

All Chapters