ရှောင်ဝူ အလည်အပတ် ကြွလာခြင်း
Vol. 9 Ch. 135
"ဆောင်းယွီရဲ့ ဖင်ကို တံဆိပ်ရိုက်ရမှာလား"
သစ်ပင်အောက်တွင်တော့ ချန်ရှီဟာ ရုတ်တရက် စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့လေသည်။
"ဆောင်းယွီက ဟွမ်ဖောရွာရဲ့ ကန့်ညောင်.. ဟွမ်ဖောရွာက ရွာသူရွာသားတွေက သူမကို သူတို့ရဲ့ မိခင်လောင်းအဖြစ် လေးစားကြတာ ငါက သူ့ကို တံဆိပ်ရိုက်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဘာမှမကွာခြားဘူး"
သူ စဉ်းစားနေခဲ့သည်။
သဘာဝအတိုင်း ရန်ငြိုးဖွဲ့တတ်သော ဆောင်းယွီလို နတ်ကိုတော့ သူဝင်ရောက် စွက်ဖက်လိုခြင်း မရှိပေ။ သာမန်လူများက သူမအား သဘာဝအတိုင်း လေးစားကာ ရွာ သို့မဟုတ် မြို့လေးတစ်မြို့အဖြစ် ဝိုင်းဖွဲ့ကြလိမ့်မည်။ သူသာ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးနဲ့ အတင်းအကြပ် ဝင်ရောက်စွက်ဖက်ဖို့ အားကိုးနေပါက သူသည် ရွာသားများနှင့် ကန့်ညောင်တို့ကြား သဘာဝမျှတမှုကို ပျက်စီးသွားစေလိမ့်မည်။
"ကျောက်စိမ်းတံဆိပ်နဲ့ လုပ်ချင်တာလုပ်လို့ မရဘူး... မင်းတစ်ခုခုတော့ လုပ်ရမယ် တချို့ကလည်း မလုပ်သင့်ဘူး...မင်းမှာ အာဏာရှိတယ် ဆိုပြီး ကြုံရာကျပန်း လုပ်နေရင် အားလုံးကို ဝင်စွက်ဖက်မိလိမ့်မယ်... မင်း မကောင်းတာတွေ လုပ်မိလိမ့်မယ်"
ကျောက်စိမ်းတံဆိပ်တုံး ကိုင်ဆောင်သူ၏ တာဝန်ကို နားလည်သူအချို့ရှိသည်။
အဘွားကြီးဝူကျူသည် ချိုင်းထောက်ပေါ်တွင် ထောက်လျက် လမ်းလျှောက်လာနေရ သော်လည်း မကြာမီတွင် ဟွမ်ဖောရွာသို့ အမြန်ပြန်ရောက်လာခဲ့သည်။ သူက ချန်ရှီအိမ်သို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့ရာ လေ့ကျင့်နေသည့် ချန်ရှီကို တွေ့တော့ သူမက ပြုံးပြလေ၏။
"ပညာရှင်လေး... မင်းက ထိုင်နေသေးတယ်ပေါ့ မင်းအဖေ ပြန်လာပြီလေ!"
ချန်ရှီ သူ့စကားကြောင့် စိတ်ရှုပ်လုနီးပါး မတ်တပ်ထရပ်လိုက်သည်။
"ချန်ထန် ပြန်ရောက်လာပြီလား သူ ဘယ်မှာလဲ"
"အခုလေးတင် မင်းအဘိုးရဲ့ အုတ်ဂူကို သွားကြည့်တယ်...ငါတောင် တုတ်နဲ့ ရိုက်ခဲ့သေးတယ်"
အဘွားကြီးဝူကျူ ဒီစကားပြောတဲ့အခါ သူမနောက်ကို လှည့်ကြည့်လိုက်တော့ ပညာရှင် ၀တ်စုံဝတ်ထားတဲ့ အရပ်မြင့်မြင့် လူငယ်တစ်ယောက် သူတို့ဆီ လျှောက်လာနေတာ တွေ့လိုက်ရသည်။ သူမက ပြုံးပြီး။
"ချန်ထန် အကြောင်း ပြောနေတုန်း ချန်ထန် ရောက်လာပြီ.... မင်းနဲ့ မင်းသား ဖြည်းဖြည်းချင်း စကားပြောကြ! ငါ ညစာစားဖို့ အိမ်ပြန်တော့မယ်"
ဖန်တီးခံရှောင်ဝူမှာ သူမအနားက ဖြတ်သွားရင်း အဲဒီအကြောင်းကို ပိုတွေးလေလေ ဒေါသပိုထွက်လေလေ ဖြစ်နေသည်။
"ဟမ့် ဒီအဘွားကြီးက ငါ့ကို ခဏခဏ တုတ်နဲ့ ရိုက်တယ်... ငါ သူ့ကို သတ်ရမယ် ဒါပေမဲ့ သူက အသားတစ်ပိုင်းမှ မရှိတော့ အရသာ မရှိလောက်ဘူး"
ဒါကို သူတွေးပြီးတာနဲ့ အဘွားကြီးဝူကျူက သူ့တင်ပါးကို တုတ်နဲ့ ရိုက်ပြန်သည်။
"မင်းရဲ့သားကို ကောင်းကောင်း ဆက်ဆံစမ်း! သူက အဆိုးဆုံး အခြေအနေမှာ ရောက်နေပြီးပြီ!"
ဖန်တီးခံရှောင်ဝူမှာ ဒေါသကြီးနေတဲ့ကြားက အံ့ဩသွားရပြန်သည်။
"ငါ့သား ဟုတ်လား.... သူက ချန်ထန်ရဲ့သားပဲ... ဒီဝူကျူက မျက်စိကန်းသွားပြီလား... ငါ့လိုအစ်ကိုကို ချန်ထန်လို့ ပြောတယ်... ဟုတ်ပြီ မေ့လိုက်တော့ ငါ့အဖေ သေသွားပြီဆိုတော့ လက်စားချေဖို့ ငါ့ညီရဲ့သားကို သတ်ပစ်မယ်... ပြီးရင်တော့ ချန်ထန်ကို သွားသတ်ပစ်မယ်"
သူ ရှေ့သို့ လှမ်းတက်ကာ ဘေးဘက်ရှိ လီထျန်းချင်ကို ငုံ့ကြည့်ပြီးနောက် သူ့အကြည့်တွေက ချန်ရှီပေါ်သို့ ဆင်းသက်လာခဲ့သည်။ ချန်ရှီဟာ အသက်မပြည့်သေးသော်လည်း သူ့အသွင်အပြင်သည် တဖြည်းဖြည်း ကြီးထွားလာပြီး ချန်ယင်တုနဲ့တောင် အနည်းငယ် ဆင်တူနေသည်။
ဖန်တီးခံရှောင်ဝူမှာ ချန်ရှီကို ကြည့်ပြီး ချန်ယင်တုရဲ့ အရိပ်ကို မြင်လိုက်ရသလို ခံစားလာရသည်။
"သူက ချန်ရှီလား? သူ အရင်ကထက် အများကြီး အရပ်ရှည်လာသားပဲ"
သူ ချန်ရှီနဲ့ တွေ့ဖူးသည်။
ချန်ယင်တုဟာ နှစ်သစ်ကူးနှင့် ပွဲတော်များအတွင်း ဟွမ်ဖောရွာသို့ ပြန်လာခဲ့သည်။ ဖန်တီးခံရှောင်ဝူသည် တစ်ခါတစ်ရံတွင် သူနှင့်အတူ လိုက်ပါလာဖူး၏။ တစ်နှစ်တွင် ချန်ထန်သည် ၎င်းတို့အား ပြသရန် ဝဝကစ်ကစ် ကောင်လေးကို ပွေ့ချီထားကာ ၎င်းက သူ့သားဖြစ်ကြောင်း ဝမ်းသာအားရ ပြောခဲ့သည်။
ထိုအချိန်တုန်း ဖန်တီးခံရှောင်ဝူဟာ စိတ်ပြောင်းလဲနေပြီး သာမာန်လူများကို မစားတော့ဘဲ ကျင့်ကြံသူများကို စတင် စားသုံးနေသော်လည်း ချန်ရှီသည် မုန့်ပေါင်းတစ်လုံးကို အရသာရှိနေပုံပေါက်၏။ သူသည် ချန်ရှီကို တုတ်ချောင်းဖြင့် ကောက်ယူကာ ပါးစပ်ထဲသို့ ထိုးထည့်ထားလိုက်ချင်သည်။
ဖေဖေ ချန်ယင်တုကတော့ အလွန်ဝမ်းသာသွားပြီး သူ့မျက်လုံးထဲတွင် မျက်ရည်များတောင် ဝဲလာသေး၏။ သူက ကလေးကို ချီကာ ကလေးပျော်အောင် အရုပ်တွေကို အမျိုးမျိုး ထုတ်ယူပြီး မြှူနေသည်။
"သူ့နာမည်က တစ်ဆယ်လေး... သူ့ကို တစ်ဆယ်လေးလို့ပဲ ခေါ်!"
ချန်ယင်တုက ချန်ထန်ကို လှမ်းကြည့်ပြီး ခေါင်းညိတ်နေ၏။
"ငါး... တစ်ဆယ်... ဟုတ်တယ်!"
ချန်ထန်က စားနေရင်းနဲ့ ပန်းကန်နဲ့ တူတွေကို ပစ်ချလိုက်ပြီး။
"အဖေ.... ကျွန်တော်က သားအရင်းပဲ အဖေ့ရဲ့မျက်လုံးထဲမှာက ရှောင်ဝူပဲရှိတယ်... ငါးနဲ့ တစ်ဆယ်... ဟုတ်လား.... ကျွန်တော် သူ့ကို တစ်ဆယ်လေးလို့ မခေါ်နိုင်ဘူး... ကျွန်တော့်သားကို တခြား နာမည်ပေးမယ်!"
(TN - ဝူ = ငါး)
ဖန်တီးခံရှောင်ဝူသည် သူ့ညီငယ်ကို နှစ်သိမ့်ဟန် ဆောင်နေသော်လည်း သူ့အဖေက သူ့ညီလေး ချန်ထန်ထက် သူ့ကို ပိုချစ်တယ်လို့ သတ်မှတ်လိုက်သည်။ ထိုအချိန်က သူသည် အမှားများစွာကို ပြုလုပ်ခဲ့သော်လည်း "ငါး၊ တစ်ဆယ်" ဟူသော စကားလုံးများဟာ ဖခင်၏ နှလုံးသားထဲတွင် ချန်ထန်ထက် ပိုအရေးကြီးကြောင်း ပြသနေခဲ့သည်။
ထို့ကြောင့် တစ်ချိန်က သူသည် စိတ်ပြောင်းကာ ဖခင်၏အမြင်တွင် သားကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားချင်ခဲ့သော်လည်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အလွန်အကျွံ စားလာခဲ့သည်။
"နောက်တော့ ချန်ထန်နဲ့ အဖေက ခြေတစ်လှမ်းဆီ ဆုတ်ပြီး သူ့ကို ချန်ရှီလို့ နာမည်ပေးလိုက်တယ်... သူ့နာမည်ပြောင်က တစ်ဆယ်လေး... ငါ့ရဲ့ နာမည်ပြောင် ရှောင်ဝူနဲ့ အတူတူပဲ"
ချန်ရှီလည်း ဖန်တီးခံရှောင်ဝူကို ကြည့်ပြီး စိတ်ထဲမှာ ဘယ်လို ခံစားချက်တွေ ပေါ်လာမှန်းမသိ ပေါ်လာသည်။
စိတ်ဆိုးလား? ဆိုးသည်။
တကယ်တော့ ချန်ထန်က သူ့အဘိုးရဲ့ ဈာပနကို ကိုယ်တိုင်လာကြည့်ဖို့ မရောက်လာသလို တစ်ခါမှလည်း အိမ်ပြန်မလာဖူးချေ။
စိတ်ပျက်လား?
စိတ်ပျက်မိသည်။
ချန်ထန်ဟာ သူ့အဖေဖြစ်သော်လည်း အဖေတာဝန်ကို ဘယ်သောအခါမှ မကျေပွန်ခဲ့ပေ။ ချန်ရှီသည် သူ့ရှေ့ရှိ "ချန်ထန်" ၏ မျက်လုံးများမှ ဖခင်၏ ချစ်ခြင်းမေတ္တာကို မခံစားနိုင်ဘဲ ကျားသစ်က သားကောင်ကို စောင့်ကြည့်နေသလို ဖြစ်ကြောင်း မြင်နေရသည်။
ချန်ထန်ရဲ့ စိတ်ခံစားမှုများသည် မိသားစု ချစ်ခင်မှု အတွက် မျှော်လင့်ချက်များနှင့် ရောထွေးနေသင့်သည် မဟုတ်လား။
ချန်ရှီ သူ့အဖိုးထွက်သွားပြီးနောက် မိသားစုတွင် တစ်ဦးတည်း မဟုတ်ဘူးဟု ထင်မြင်ခဲ့ဖူးသည်။ ဒါပေမဲ့ ညဘက်အိပ်ရာဝင်တိုင်း အပြစ်တင်တာက သူ့အပေါ် မသက်ရောက်တော့တဲ့ အခါတိုင်း သူတစ်ယောက်တည်း ဖြစ်နေတာကို လက်ခံ သဘောပေါက်လာခဲ့သည်။
ချန်ရှီသည် သူ့ရင်ထဲက ထူးဆန်းတဲ့ ခံစားချက်တွေကို ငြိမ်သက်စေပြီး ဖန်တီးခံရှောင်ဝူကို ကြည့်လိုက်ကာ စိတ်ထဲမှ "ချန်ထန်က အဲ့လောက်တောင် ငယ်သေးတာလား" ဟု ထပ်တွေးလိုက်သည်။
သူ့ရှေ့က "ချန်ရှီ" သည် အသက် ၂၀ ခန့်သာ ရှိပုံရပြီး အသက် လေးဆယ်ကျော် သို့မဟုတ် ငါးဆယ်ကျော်ခန့်ရှိသော လူတစ်ယောက်နှင့် မတူချေ။ အကယ်၍ ချန်ရှီ ကွယ်လွန်သွားတာ ရှစ်နှစ်ကြာပြီဆိုလျှင် သူသည် အသက်နှစ်ဆယ်သာ ရှိမနေသင့်ပေ။
လီထျန်းချင် ဘေးကရပ်လိုက်ပြီး ချန်ရှီကို ကြည့်လိုက်၊ ဖန်တီးခံရှောင်ဝူကို ကြည့်လိုက်ဖြင့် အနည်းငယ် စိတ်ရှုပ်သွား၏။
"သူတို့က အရမ်းတူတာပဲ... သူက ချန်ထန်လား... ငယ်လိုက်တာ"
သို့ရာတွင် ထာဝရနုပျိုခြင်း နည်းလမ်းကို ကျင့်ကြံတတ်တဲ့ ကျင့်ကြံသူတွေ မကြာခဏ ပေါ်လာဖူးတာကြောင့် သူ ငယ်ရွယ်နုပျိုနေပုံက အံ့သြစရာ မဟုတ်ပေ။
ချန်ရှီ: "ချန်ထန် ဟုတ်တယ်မလား... ခင်ဗျား အဘိုးအတွက် စက္ကူမီးရှို့ဖို့လာတာလား... ညစာစားပြီး သွားတာပေါ့"
သူ့အသံက ဆားလည်းမပါ သကြားလိုလည်း မချိုပေ။
နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သော ဖခင်သည် ရွာသားများ၏ အဖြစ်အပျက်တွေ အတိုင်းဆို များသောအားဖြင့် အပြင်မှာ ကောင်းကောင်း မနေတတ်သောကြောင့် သို့မဟုတ် လောင်းကစား အကြွေးများသောကြောင့် ပြန်လာ၍ ပိုက်ဆံတောင်းခြင်းသာ ဖြစ်မည်။ အဘွားကြီးဝူကျူရဲ့ သားဆိုရင် တစ်နှစ်ပတ်လုံး အိမ်မပြန်ချေ။ တစ်ကြိမ် ပြန်လာတော့ အဘွားအိုမှာ အလွန် စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ကြိမ် ငိုကြွေးနေခဲ့သည်။
နောက်တော့ သူ့သားက သူ့အခေါင်းအတွက် စုထားတဲ့ ပိုက်ဆံတွေကို ခိုးပြီး ရွာကနေ ထွက်ပြေးသွားခဲ့သည်။ အဘွားကြီးသည် ထိုကိစ္စကြောင့် အကြိမ်များစွာ ငိုကြွေးနေခဲ့ရသည်။ သူ့အတွက်သူလည်း သို့မဟုတ် သူ့သားအတွက် ဝမ်းနည်းနေသလား မသိ။
ချန်ရှီကတော့ လက်တလောတွင် အခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ မသိသောကြောင့် ချန်ထန်ကို မောင်းထုတ်ရန်သာ စိတ်အားထက်သန်နေခဲ့သည်။
"ကောင်းပြီလေ.."
ဖန်တီးရှောင်ဝူကလည်း အိမ်ဆီသို့ လျှောက်လာပြီး ပြောလိုက်သည်။
"ထမင်းစားပြီးမှ လုပ်တာပေါ့"
'ထမင်းအရင်စားရအောင်...ပြီးရင်တော့ တစ်ဆယ်လေးကို ပို့ပေးလိုက်မယ်... အဖေ ကျွန်တော် ဝူကျူကို မမီးရှို့နိုင်ပေမယ့် အဖေ့ရဲ့မြေးကိုတော့ သိက္ခာရှိရှိ မီးရှို့ပေးပါ့မယ်"
ချန်ရှီ အိမ်ထဲ လှမ်းဝင်လာတဲ့အခါ ဟေးကော်က စားပွဲများနှင့် ကုလားထိုင်များကို ထုပ်ပိုးထားပြီး အစားအသောက်များကို ချခင်းနေသည်။
"ဟေးကော်! ချန်ထန် လာတယ်! ပန်းကန်နဲ့ တူတစ်စုံ ယူလာပေးလိုက်!"
ဟေးကော် အမြန်သွားယူပြီး ထမင်းပန်းကန်ကို ထပ်ဖြည့်လိုက်သည်။ ဖန်တီးခံရှောင်ဝူမှာ မျက်မှောင်ကြုတ်ကာ အလုပ်များသွားသည့် ဟေးကော်ကို ကြည့်ကာ အိမ်ထဲတွင် နတ်ဆိုးတစ်ခုခု ရှိနေကြောင်း သူ့ကို သိစေခဲ့သည်။
ဟေးကော်မှာ ပန်းကန်ချလိုက်ပြီး ခေါင်းကို မြှောက်ကြည့်လိုက်တဲ့အခါ ဇတ်ခနဲ လန့်သွားသည်။
ဒီ "ချန်ထန်" အပေါ် သူ့အစွမ်းက လုံးဝ သက်ရောက်မှု မရှိချေ။ သိထားရမှာက သူသည် အဘွားရှား၊ ဟူရှောင်လျောင်တို့လို လူတွေထက် မြင့်သည်။ အဲဒီတော့ ဒီချန်ထန်က အဘွားရှားတို့ထက်တောင် အဆင့်ပိုမြင့်နေတာ ဖြစ်ပေမည်။
"ထိုင်!"
ချန်ရှီက သူတို့ကြားက ဖြတ်သွားကာ ပြောလိုက်သည်။
ဖန်တီးခံရှောင်ဝူက သူ့အကြည့်ကို ဆုတ်လိုက်ပြီး စားပွဲ၌ ဝင်ထိုင်လိုက်သည်။ ချန်ရှီ သူ့ဘေးမှာ ထိုင်၏။ လီထျန်းချင်က ဘယ်ဘက်တွင်ထိုင်ပြီး ဟေးကော်ကလည်း သူ့ခါးပတ်ကို ချွတ်ကာ ညာဘက်တွင် ထိုင်သည်။
ဖန်တီးခံရှောင်ဝူ သူ့တူချောင်းကို မြှောက်လိုက်သည်နှင့် ဟေးကော်ကလည်း သူ့တူချောင်းများကို မြှောက်ထားတာ မြင်လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ပြီး ညိုမှိုင်းနေသော မျက်နှာဖြင့် အော်လိုက်သည်။
"ထွက်သွားစမ်း! ခွေးကို ဘယ်သူက ထမင်းစား စားပွဲမှာ ထိုင်ခိုင်းတာလဲ..."
ဟေးကော်လည်း သူအနှောင့်အယှက် မပေးနိုင်သော ရက်စက်ကြမ်းကြုတ်သည့် အကောင်ကို ရန်မစလိုတာကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ဆင်းသွားမလို့အပြင် ရုတ်တရက် ချန်ရှီက စားပွဲကို ဆောင့်ချလိုက်ပြီး။
"ငါ ခွင့်ပြုတာ! ဟေးကော် မဆင်းနဲ့!"
ဖန်တီးခံရှောင်ဝူလည်း ချန်ရှီကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် အစားအသောက်တွေရဲ့ တစ်ဖက်ဆီကနေ တစ်ယောက်ကို တစ်ယောက် တစ်ချက်ချင်း ကြည့်နေကြသည်။
လီထျန်းချင် မလှုပ်ဝံ့တော့ဘဲ သူ့တူချောင်းများကို အမြန်ချလိုက်သည်။
ခဏအကြာတွင် ဖန်တီးခံရှောင်ဝူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး။
"မင်းမှာ ငါ့လို ခေါင်းမာတဲ့ ဒေါသရှိတာပဲ... တစ်ဆယ်လေး လို့ခေါ်တာ မဆန်းပါဘူး... ခွေး! မင်းရဲ့သခင်ငယ်လေးက မင်းကို ခွင့်ပေးတယ် ဆိုမှတော့ ခဏနေလိုက်ပါ... ငါ့ကိုလွှမ်းမိုးဖို့ မကြိုးစားနဲ့ မင်းလုပ်လို့မရဘူး"
သူသည် သူ့စိတ်ထဲတွင် တိတ်တဆိတ် ပြောနေခဲ့သေးသည်။
'ဒီပြန်လည်ဆုံဆည်းမှု ညစာ စားပြီးတဲ့အခါကျရင်တော့ သူတို့အဖေနဲ့ ပြန်ပေါင်းစည်းဖို့ မြေအောက်ကမ္ဘာကို သွားခွင့်ပြုလိုက်မယ်!"
ဟေးကော်လည်း ရုတ်တရက် ဖိအားကို ခံစားလိုက်ရသည်။ ဆန့်ကျင်ဘက်ဘက်ရှိ လီထျန်းချင်လည်း လေထုက အနည်းငယ် စိတ်ပျက်ဖွယ် ကောင်းနေတာကို ခံစားလိုက်ရသဖြင့် တိုးတိုးလေး ရေရွတ်မိ၏။
"ချန်ရှီနဲ့ ချန်ထန်တို့ သားအဖက နည်းနည်းတော့ စိတ်အနှောက်အယှက် ဖြစ်နေကြသလိုပဲ"
ချန်ရှီက ထမင်းနှစ်လုတ်ကို တိတ်တိတ်ဆိတ်ဆိတ် ယူကာ ပါးစပ်ထဲ အပြည့်ထည့်လိုက်သည်။ သူက "ချန်ထန်" ကို မကြည့်ဘဲ။
"အဘိုးဆုံးတုန်းက ဘာလို့ မလာတာလဲ"
သူ့အသံက ဒေါသထွက်နေပြီး သူ့လေသံက မေးခွန်းထုတ်နေမှန်း သိသာသည်။ ဖန်တီးခံရှောင်ဝူလည်း ချန်ယင်တုကို တွေးပြီး သူ့စိတ်ထဲတွင် ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရသည်။
"ငါ ထောင်ကျနေတာ အပြင်ကို မထွက်နိုင်ဘူး"
ချန်ရှီ အံ့အားသင့်သွားကာ မျက်လုံးများကို မော့ကြည့်လိုက်ပြီးနောက်။
"ခင်ဗျား ပြစ်မှုကျူးလွန်ခဲ့တာလား?"
"ဟုတ်တယ်"
ဖန်တီးခံရှောင်ဝူလည်း သူ့စိုးရိမ်မှုကို သတိထားမိသည်။ ပြန်တွေးကြည့်လိုက်တော့ သူက တကယ် ပြစ်မှုကျူးလွန်ခဲ့တာပဲ ဖြစ်သည်။
"အဖမ်းခံထားရတာလား?"
ဖန်တီးခံရှောင်ဝူက ပြန်တွေးပြီး "အင်း"
ချန်ရှီရဲ့ မျက်လုံးတွေ နီရဲနေပြီး "ဒါဆို နှစ်သစ်ကူးမှာ အဘိုးနဲ့ ကျွန်တော့်ကို တွေ့ဖို့ ပြန်လာလို့မရခဲ့ဘူးပေါ့"
ဖန်တီးခံရှောင်ဝူက သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လေသည်။
"ငါပ နှစ်ပေါင်းများစွာ အကျဉ်းချခံထားရတာ အပြင်ကို မထွက်နိုင်ဘူး"
ချတ်ရှီရဲ့ နှလုံးသားထဲက ရေခဲတွေဟာ အနည်းငယ် အရည်ပျော်သွားပြီး ဘဲဥကြော်တစ်ပိုင်းကို ကောက်ယူကာ "ဟင်းစား!" လို့ ဆိုကာ သူ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ဖန်တီးခံရှောင်ဝူမှာ သူ့ပန်းကန်ထဲက အစားအစာကို မကြင်နာတဲ့ အကြည့်နဲ့ ကြည့်ပြီး အေးစက်စွာ ဟစ်အော်လိုက်သည်။
"မင်းဘာလို့ ငါ့အတွက် ဟင်းလာထည့်ပေးနေတာလဲ...ဘယ်သူက ထည့်ခိုင်းလို့လဲ?"
ချန်ရှီလည်း မျက်ခုံးများ ပင့်တက်သွားပြီး ဒေါသအနည်းငယ်ထွက်ကာ စားပွဲပေါ် လက်သီးဖြင့် ရိုက်ပုတ်လိုက်သည်။
"အကောင်းနဲ့ လုပ်ပေးတာကို မြည်းချေးများထင်နေလား... စားချင်လား မစားချင်ဘူးလား"
ဖန်တီးခံရှောင်ဝူသည် ပန်းကန်ထဲရှိ အစားအစာကို ကြည့်ကာ သူ "မွေးပြီ" ဆိုကတည်းက တချို့အရာအားလုံးကို မသိခဲ့ဖူးကြောင်း ပြန်သတိရသွား၏။ ချန်ယင်တုက သူ့အတွက် ဟင်းထည့်ပေးနေတဲ့ မြင်ကွင်းကို သတိရသွားတဲ့အခါ သူ့စိတ်ထဲတွင် မထင်မှတ်လောက်အောင် တုန်လှုပ်သွားကာ ထူးဆန်းသည့် စိတ်ခံစားချက်များက ဝင်လာခဲ့သည်။
"စားမယ်!"
ချန်ရှီ သူ့အတွက် ထည့်ပေးတဲ့ အသီးအရွက်တွေကို ကောက်စားလိုက်သည်။ အရသာက သာမန်ပဲဆိုပေမယ့် မျိုချနိုင်ပါသေးသည်။
"ကောင်းကင်နားစွင့်သူလောက်တောင် အရသာမရှိဘူး... ဒီနတ်ဆိုးခွေးသာ ဟင်းချက်တတ်မှန်း သိခဲ့ရင် အဲ့ကောင်တွေကို ဖမ်းပြီး နားရွက်ကို ဖြတ်... ပြီးရင် ခွေးကို ချက်ခိုင်းလိုက်ပါတယ်"
စားပွဲမှာ လူသုံးယောက်နဲ့ ခွေးတစ်ကောင် တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေကြပြီး မြန်မြန်ဆန်ဆန်နဲ့ စားပွဲပေါ်ကနေ ထွက်သွားလိုက်သည်။
"သူတို့ တိုက်ကြတော့မှာလား"
လီထျန်းချင် ဟေးကော်ဘက်သို့ တိတ်တိတ်ဆိတ်ဆိတ် မေးလိုက်သည်။ ဟေးကော်လခေါင်းကို ခါလိုက်သည်။ သူလည်း မသိချေ။ ဒီချန်ထန်က အစွမ်းထက်လွန်းလို့ သူ့စိတ်ဝိညာဥ်ကတောင် တစ်ဖက်လူရဲ့ အသိစိတ်ကို လုံးဝမလွှမ်းမိုးနိုင်ခဲ့။
"ချန်ထန်က တကယ် အစွမ်းထက်တာလား"
ချန်ယင်တု သူ့ကို မြေအောက်ကမ္ဘာကနေ ခေါ်လာတုန်းက သူ့အသက်က သုံးနှစ်ပဲ ရှိသေးသည်။ သူ ချန်ထန်ကို တစ်ခါမှမမြင်ဖူးဘူး။
ဖန်တီးခံရှောင်ဝူကတော့ အစားအသောက်ကို အပြီးသတ်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ချန်ရှီအား သူ၏ ဝတ်ပြုကိုးကွယ်မှု ပြည့်စုံစေရန်နှင့် ချန်ယင်တုရဲ့ သားတော်အဖြစ် ဂုဏ်သတင်း ပြည့်စုံစေရန်အတွက် ချန်ရှီကို အမြန်စားချင်နေခဲ့သည်။
ထမင်းတစ်ပန်းကန် ပြီးသွားသည်နှင့် နှုတ်ခမ်းကို လျှာဖြင့်လျက်ကာ သူ့မျက်လုံးများက စူးရှသော အကြည့်များဖြင့် ချန်ရှီကို ကြည့်ကာ သတ်ပစ်ရန် တွေးနေသည်။
"ခင်ဗျား နောက်ထပ်ပန်းကန်တစ်လုံး ထပ်စားလိုက်ဦး"
ချန်ရှီက ထမင်းပန်းကန်အပြည့်ကို သူ့ရှေ့မှာတင်လိုက်ပြီး တိုးတိုးလေး ပြောလာသည်။ ဖန်တီးခံရှောင်ဝူမှာ သူ့အကြည့်တွေကြောင့် အံ့သြမဆုံး ဖြစ်သွား၏။
ချန်ရှီပုံစံက သူသည် ဖခင်ဖြစ်သူ ချန်ယင်တုအား စိတ်ကျေနပ်စေရန် ကြိုးပမ်းနေချိန်၌ သူ့ဖခင်၏ ချစ်ခြင်းမေတ္တာကို ရရှိရန် မျှော်လင့်နေမိတဲ့ ပုံစံမျိုး ဖြစ်သည်။ ဖန်တီးခံရှောင်ဝူဟာ ခဏတာမျှ ဝမ်းနည်းသွားသလို ခံစားလိုက်ရပြီး တိတ်တဆိတ် တူကောက်ကိုင်ကာ ဆက်စားသည်။
အဖေ့ကိုလည်း သူ ဒီပုံစံနဲ့ ကြည့်ဖူးသည်။
ချန်ရှီသည် ထိုစဉ်က သူ့ကဲ့သို့ပင် သူ့ဖခင်၏ ချစ်ခြင်းမေတ္တာကို တောင့်တသော ကလေးသာဖြစ်သည်။
အသက်နည်းနည်း ရှည်ပါစေ။
သူသည် ရုတ်တရက် သူ့တူချောင်းကို မသုံးတော့ဘဲ ခဏလောက် စဉ်းစားကာ အသားတစ်ပိုင်းကို ကောက်ယူကာ ချန်ရှီရဲ့ ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။
"ဒါကို မင်းစားသင့်တယ်"
"အင်း"
ဖန်တီးခံရှောင်ဝူမှာ ချန်ရှီ စားနေတဲ့ပုံစံကို ကြည့်ပြီး အဲဒီတုန်းက သူ့ကိုယ်သူ မြင်လိုက်ရသလို ခံစားလာရသည်။ သူတို့နှစ်ယောက် ညစာစားပြီးသည်နှင့် စားပွဲပေါ်ရှိ အရာအားလုံးကို ချန်ရှီက ရှင်းပစ်ခဲ့သည်။
ဖန်တီးခံရှောင်ဝူဟာ တခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချန်ရှီကို ချက်ချင်းမသတ်ဘဲ ခြံဝင်းထဲကို လှမ်းကြည့်ကာ မေးလိုက်သည်။
"တစ်ဆယ်လေး... မင်းအဘိုး ထွက်သွားကတည်းက ဒီမှာ နေနေတာလား မင်း ထွက်သွားဖို့ မစဉ်းစားဖူးဘူးလား"
ချန်ရှီက ပန်းကန်ဆေးနေရင်း: "ဒါက အိမ်ပဲ... ဘာလို့ ထွက်သွားရမှာလဲ"
"ဒါကအိမ်လား?"
ဖန်တီးခံ ရှောင်ဝူ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
"ငါ ဘယ်တုန်းက ဒီလောက် ပြတ်ပြတ်သားသား ဖြစ်ခဲ့တာလဲ"
"ငါက လူသားမဟုတ်ဘူး... အဖေက ဖန်တီးထားတဲ့ နတ်ဆိုးတစ်ကောင်ပဲ... လူ့စိတ်ခံစားမှုတွေ မလိုအပ်ဘူး ငါက ပြီးပြည့်စုံတဲ့ အခြေအနေမှာ မရှိတဲ့ အဖေပဲ!"
ချန်ယင်တုက အမြဲတမ်း နုံချာပြီး ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော ဖြစ်စဉ်များနှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။ လျှို့ဝှက်ချက် အမျိုးမျိုးကို စူးစမ်းရှာဖွေရန်၊ ၎င်းနောက်ကွယ်ရှိ အမှန်တရားကို ရှာဖွေတွေ့ရှိရန်၊ ပိုမို၍ အံ့သြဖွယ်ကောင်းသော အဆောင် စာလုံးပေါင်းများကို ဖန်တီးရန် သူ့တွင် ခွန်အားရှိစမြဲ ဖြစ်သည်။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က လူတွေကို သိပ်ဂရုမစိုက်ပါ။
ချန်ရှီ မမွေးခင်အထိပင်။ ချန်ရှီ မွေးပြီးနောက် သူ့မှာ အရင်က မရှိခဲ့ဖူးတဲ့ ခံစားချက်တွေ ရှိလာကာ ရုတ်ချည်းဆိုသလို အိမ်ပြန်သွားခဲ့သည်။
ဒါပေမဲ့ ဖန်တီးခံရှောင်ဝူကတော့ မတူပါဘူး။
ချန်ယင်တုဟာ လူသားတစ်ဦးအနေဖြင့် စိတ်ခံစားမှု အမျိုးမျိုးဖြင့် အမြဲပူပန်နေရသည်။ ကောင်းကင်နှင့် လူသားကြားမှာ ပြီးပြည့်စုံသောသဟဇာတဖြစ်မှုကို မရရှိနိုင်ကြောင်း ချန်ယင်တု ကြာမြင့်စွာ သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် သူ၏ အဆောင်လက်ဖွဲ့ ရေးဆွဲသည့် စွမ်းရည်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အဆောင်နတ်ထျန်းကျီးလို နတ်ဆိုးများနှင့် နတ်များကိုပင် ဖန်တီးနိုင်သောအခါ သူကိုယ်တိုင် ပြီးပြည့်စုံသော ပုံစံတစ်ခုကို ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။
ငါးကြိမ်တိုင်တိုင် ကြိုးစားခဲ့သည်။ ပဉ္စမအကြိမ် အောင်မြင်သောအခါ ရှောင်ဝူကို ဖန်တီးကာ ချန်ဝူဟု အမည်ပေးခဲ့သည်။ ဖန်တီးခံရှောင်ဝူသည် သူ့ရဲ့ စမ်းသပ်မှု အမျိုးမျိုးကို ပြီးမြောက်စေကာ လျှို့ဝှက်ချက် အမျိုးမျိုးကို ရှာဖွေရာတွင်လည်း ကူညီပေးသည်။
ချန်ယင်တု လူ့စိတ်ခံစားမှုကြောင့် စိတ်ပူပန်ပြီး ဆုံးဖြတ်ချက် မချနိုင်သောအခါ ရှောင်ဝူက မှန်ကန်သော အကြံဉာဏ်ကို အမြဲပေးနိုင်သည်။ ဒါကြောင့် ဖန်တီးခံရှောင်ဝူဟာ လူသားတွေရဲ့ စိတ်ခံစားချက်များက အလွန်ရွံရှာဖွယ်ကောင်းသည်ဟု ထင်လာသည်။
"ငါ မစောင့်နိုင်တော့ဘူး.. ချန်ရှီကို ချက်ချင်းသတ်ပြီး မြေအောက်ကမ္ဘာမှာ အဖေ့ကို အဖော်သွားလုပ်ခိုင်းရမယ်!!"
ဖန်တီးခံရှောင်ဝူ မတ်တပ်ထရပ်ပြီး ချန်ရှီဆီသို့ လျှောက်သွားခဲ့သည်။ ချန်ရှီသည် အိုးများနှင့် ပန်းကန်များကို ဆေးကြောပြီးပြီးဖြစ်၍ အိပ်ရာခင်းရင်း အလုပ်များနေသည်။
"ရှင်းနေတာ ရပ်တော့!"
ချန်ရှီ တုန်လှုပ်သွားပြီး သူ့ကို မော့ကြည့်လိုက်သည်။
"ဒီနေ့ ထွက်သွားတော့မလို့လား နှစ်ရက်လောက်နေမှာ မဟုတ်ဘူးလား"
ဖန်တီးခံရှောင်ဝူလည်း သူ့အကြည့်ကို မြင်နေရပြန်သည်။ သူ့မျက်လုံးများက မျှော်လင့်ချက်အပြည့်ဖြင့် သူ့အဖေ သူ့ကို ထားမသွားစေရန် တောင်းဆိုနေသော ကလေးတစ်ယောက်လိုပင်။
"ငါ……"
ရှောင်ဝူမှာ အလွန်စိတ်ရှုပ်ထွေးသွားပြီး ခဏအကြာမှ အဖြေ ပြန်ပေးလာ၏။
"နှစ်ရက်လောက် နေလိုက်မယ်!"