← Chapters

သီးသန့် ရောင်းချသူ

Vol. 41 Ch. 602

သီးသန့် ရောင်းချသူ

Vol. 41 Ch. 602

ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် နယ်ပယ်များစွာရှိ ကျောင်းများအနီးတွင် အရောင်းမြှင့်တင်ရေး အစီအစဉ်များ စီစဉ်ထားပြီး Band-aid ကုမ္ပဏီ၏ စီမံခန့်ခွဲမှုမှ ရယ်မောနေကြသည်။

သင်သည် မည်သည်ကို ရောင်းမည်နည်း။ စာရေးကိရိယာ၊ အရုပ်၊ အစားအသောက် များလော။ ဤသည်မှာ ပလာစတာများ ဖြစ်ပေသည်။ စိတ်မှန်သူတိုင်း ပလာစတာများကို အရောင်းမြှင့်တင်ရေး ပြုလုပ်ကြမည် မဟုတ်ချေ။

ပုံမှန် ရေစိုခံ၍ လေဝင်လေထွက် ကောင်းသည့် ပလာစတာများ၏ အရောင်းမြှင့်တင်ရေး ဈေးနှုန်းမှာ သက်သာကာ (၅)ခုပါ တစ်ထုပ်လျှင် (၈၀)ဆင့်နှင့် ရောင်းချပေးပေသည်။ ကာတွန်းပုံ ပလာစတာများသည် ဈေးအနည်းငယ် ပိုကြီးကာ အရောင်းမြှင့်တင်ရေး ဈေးနှုန်းတွင်ပင် (၅)ခုပါ တစ်ထုပ်လျှင် (၁.၂)ယွမ် ဖြင့် ရောင်းချပေးနေပေသည်။

ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်း၏ အရောင်းမြှင့်တင်ရေး အောင်မြင်ကြောင်း Band-aid မှ စီမံခန့်ခွဲရေးမှု သိရှိသွားသည့်အခါ ၎င်းတို့ ပို၍ပင် ရယ်မောခဲ့ကြသေးသည်။ ထိုပလာစတာများမှ ငွေမည်မျှ ရနိုင်မည်နည်း။ ဈေးအကြီးဆုံးမှာ (၁.၂)ယွမ်သာရှိပေသည်။ လုပ်ခနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ကာမိရန် မည်မျှ ရောင်းချနိုင်မည်နည်း။

ထိုအရောင်းမြှင့်တင်ရေး လုပ်ငန်းစဉ်မှာ ကုမ္ပဏီအတွက် ဆုံးရှုံးမှုများသာ ဖြစ်စေလိမ့်မည်။

လမ်းတစ်လျှောက် ဆေးပစ္စည်းများကို မည်သူများ ဝယ်ယူမည်နည်း ။ လမ်းပေါ်မှ ဆေးပလာစတာများကို မည်သူ ဝယ်ယူမည်နည်း။ ဤပစ္စည်းများ လိုအပ်သူများမှာ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များသို့ သွားကြပေလိမ်မည်။

အရောင်းမြှင့်တင်ရေးသည် ဖောက်သည်များကို ဆွဲဆောင်နိုင်သော်လည်း Band-aid မှ ထူး၍ မစိုးရိမ်မိချေ။ လမ်းတကာတွင် အရောင်းမြှင့်တင်ရေး လုပ်နေသူများ တစ်ခါမှ မကြားဖူးသေးကာ သူတို့ဆေးဝါး ပစ္စည်းများ ရောင်းအား ကောင်းနေဆဲပင် ဖြစ်သည်။

ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်း ဝန်ထမ်းများသည် ၎င်းတို့၏ အရောင်းမြှင့်တင်ရေးအတွက် စုစုပေါင်း ရောင်းအားကို ဇယားကွက်များဖြင့် တွက်ချက်ထားကြောင်း Band-aid မှ မသိရှိသေးချေ။ ပြီးခဲ့သည့် (၃)ရက်အတွက် လမ်းဘေး အရောင်းမြှင့်တင်ရေးသည် လူအများအပြားကို ဆွဲဆောင်ခဲ့သည် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းမှ အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့ပေသည်။

ပလာစတာများကို လူကြိုက်များသည့်အချက်မှာ ကာတွန်း ပလာစတာများ ဖြစ်ပေသည်။ ကလေးများသည် သူတို့အတွက် ထိုပလာစတာများ ဝယ်ပေးရန် မိဘများကို ပူဆာကြတော့သည်။

ကလေးများ ကျောင်းတက်စဉ် သူငယ်ချင်းများနှင့် ခပ်ကြမ်းကြမ်း ကစားလေ့ရှိကြပြီး အသေးအမွှား ဒဏ်ရာများ ရလေ့ရှိကြသည်။ အိမ်တွင် ပလာစတာများ ဆောင်ထားရန်ပင် ကောင်းနေချေသည်။ ဤသည်က ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းမှ ကြော်ငြာစာပင် ဖြစ်တော့သည်။

ကာတွန်းပလာစတာများသည် သာမာန်ထက် ဈေးပိုကြီးသော်လည်း မိဘများ လက်သင့်ခံနိုင်သည့် အတိုင်းအတာ အတွင်း ရှိနေသေးသည်။ အရေးအကြီးဆုံးမှာ သူတို့ ကလေးများသည် ပလာစတာများ ကြောင့် ရုပ်ဆိုးသွားသည်ဟု မထင်မြင်ကြခြင်းပင်။

ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် လွန်ခဲ့သည့် (၃)ရက်အတွင်း အခုရေ(၁)သန်းကျော် ရောင်းချခဲ့ရသည်။ ဝန်ထမ်းများအတွက် လုပ်အားခများသည် ဈေးမသက်သာသော်လည်း ပလာစတာမှ ရရှိသည့် အမြတ်ငွေသည် ကုန်ကျစရိတ်များအားလုံးကို ကာမိနေပေသည်။ ပမ့်မြို့တော်ဆေးဝါးသုတေသန လုပ်ငန်းသည် အရောင်းမြှင့်တင်ရေးမှ အမြတ်အစွန်း မရရှိခဲ့သော်လည်း ဆုံးရှုံးမှု မရှိချေ။ သူတို့ ထုတ်ကုန်များကို သုံးဆွဲသူများထံ မိတ်ဆက်ပြီး စိတ်စွဲသွားသည်အထိ လုပ်နိုင်ခဲ့ကြပေသည်။

နောက်နောင် မိသားစုများသည် ပလာစတာများ ဝယ်သည့်အခါ Band-aid ကို အမှတ်ရတော့မည် မဟုတ်ချေ။ အချို့သော မိသားစုများသည် ပမ့်မြို့တော် ဆေးဝါးလုပ်ငန်း၏ ပလာစတာများကိုသာ ဝယ်ယူရန် စဉ်းစားနေကြ ပေလိမ့်မည်။

ဤကာလအတွင်း ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်း၏ ဝန်ထမ်းများသည် ဖြန့်ဖြူးသူများနှင့် ဆက်သွယ်ခဲ့ပေသည်။ ၎င်းတို့သည် စတိုးဆိုင်လေးများသို့ ကုန်ပစ္စည်းများ ဖြန့်ဖြူးပေသူများ ဖြစ်ကြပေသည်။

ဖြန့်ဖြူးသူများသည် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းမှ အရောင်းဝန်ထမ်းများနှင့် တွေ့ဆုံသည့်အခါ တုန်လှုပ်သွားတော့သည်။ မိမိတို့သည် စတိုးဆိုင်ငယ်လေးများအတွက် ကုန်ပစ္စည်းများ ဖြန့်ဖြူးပေးနေကြသည်။ ဆေးဝါးကုမ္ပဏီတစ်ခုသည် မိမိတို့အား အဘယ့်ကြောင့် လာတွေ့ရသနည်း။ မိမိတို့မှာ ထိုဆေးဝါးကုမ္ပဏီများ ဆက်သွယ်သင့်သူများ မဟုတ်ကြချေ။

သို့ရာတွင် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် စတိုးဆိုင်လေးများတွင် ၎င်းတို့၏ ပလာစတာများ ရောင်းချလိုကြောင်း သိသွားသည့်အခါ စိတ်လှုပ်ရှားသွားကြပြန်သည်။ စတိုးဆိုင်ငယ်လေးများသည် ပလာစတာ ရောင်းခွင့်ရှိသည်လော။ ဤပလာစတာများကို ဖြန့်ဝေခွင့် ပေးခဲ့သည်လော။

ဖြန့်ဖြူးသူများအားလုံးသည် ဤထုတ်ကုန်ကို စတိုးဆိုင်ငယ်လေးများတွင် ရောင်းချခွင့် ရှိမရှိ မည်သည့် အချက်အလက်မှ မတွေ့ရသေးချေ။ သို့တိုင်အောင် ရောင်းချခွင့် မပြုဟုသည့် တားမြစ်ချက် မတွေ့ရချေ။ ပလာစတာများသည် ဆေးဝါးမဟုတ်ကြောင်း လူအများစု သိပေသည်။ အရေးပေါ် အခြေအနေတွင် အသုံးပြုရသည့် ပတ်တီးများသာပင်။

ပလာစတာများကို အရေးပေါ် အခြေအနေတွင် သုံးရမည်ဖြစ်၍ လူကြိုက်အများဆုံး လက်လီစတိုးဆိုင် လေးများတွင် ရောင်းချသင့်ပေသည်။ တရုတ်နိုင်ငံတွင် ဆေးဆိုင် ထူထပ်သည်ဟု မဆိုနိုင်သော်လည်း နေရာတိုင်းတွင် ဆေးဆိုင်ရှိသည့် နောင်အနာဂတ်နှင့် မတူညီသေးချေ။ လူများသည် ပလာစတာများ ဝယ်ချင်ယုံဖြင့် ဆေးရုံ၊ ဆေးဆိုင်၊ ဆေးခန်းများသို့ သွားနေရပေသည်။

အချို့သော ရွာငယ်များမှ မြို့တွင်း ဆေးရုံသို့ပင် သွားကြရပေသည်။ ရွာတိုင်းတွင် ဆေးပေးခန်းမရှိပေ။ သို့ရာတွင် စတိုးဆိုင်လေးများ ရှိကြပေသည်။ ထိုထုတ်ကုန်များကို စတိုးဆိုင်များတွင် ရောင်းချပါက ဝယ်သူများအတွက် အဆင်ပြေပေလိမ့်မည်။

စည်းမျဉ်းများတွင် ဟာကွက်တစ်ခု ရှိနေသဖြင့် ဖြန့်ဖြူးသူများအနြေဖင့် ငွေရန်ရန် ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ချေ။ သို့ရာတွင် ဖြန့်ဖြူးသူများသည် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းနှင့် သီးသန့် စာချုပ်တစ်ခု လက်မှတ်ရေးထိုးရပေသည်။ အထက်လူကြီးများမှ ပလာစတာများကို စတိုးဆိုင်ငယ်များတွင် ရောင်းချခြင်းအပြုရန် တားမြစ်ပါက ကုမ္ပဏီက ကုန်ပစ္စည်းအားလုံးကို ပြန်သွင်းခွင့်ပြုထားသဖြင့် လက်မှတ်ရေးထိုး ရန်ပင် မစောင့်နိုင်ကြတော့ပေ။ ဖြန့်ဖြူးသူများ ဒဏ်ငွေရိုက်ခံထိပါက ကုမ္ပဏီမှပင် ဒဏ်ကြေးကူညီပေးဆောင် မည် ဖြစ်ပေသည်။

ထိုအရာများအားလုံး စာချုပ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဖြန့်ဖြူးသူများသည် ချက်ချင်းပင် သဘောတူ စာချုပ်များတွင် လက်မှတ်ရေးထိုးလိုက်ကြတော့သည်။ သဘောတူညီချက်အရ လက်လီရောင်းချသူများ အားလုံးသည် ၎င်းတို့၏ စတိုးဆိုင်များတွင် အရောင်းမြှင့်တင်ရေး ပိုစတာ တစ်ခုစီ တင်ထားရပေလိမ့်မည်။

ဖုန်းယွီသည်လည်း ထိုကာလအတွင်း ငြိမ်မနေချေ။ သူ၏ အဆက်အသွယ်များကို အသုံးချ၍ ပလာစတာ အမှာစာ ကြီးကြီး ရယူလိုနေပေသည်။

******

“ဗိုလ်ချုပ်ကြီးကောင်း… ကျုပ်က ပမ့်မြို့တော် ဆေးဝါးကုမ္ပဏီက ဖုန်းယွီပါ.. ဒီနေ့ အားမလား မသိဘူး.. နည်းနည်းလောက် ဆွေးနွေးစရာရှိလို့ပါ…”

ဖုန်းယွီ ဗိုလ်ချုပ်ကြီးကောင်းနှင့် ဖုန်းပြောနေပေသည်။ သူသည် စစ်တပ်တွင် ဝယ်ယူရေး တာဝန်ယူထားသူ ဖြစ်ပေသည်။ ဆေးနှင့်ပတ်သက်သော အထောက်အပံ့ပစ္စည်းများ ဝယ်ယူရန်အတွက် နည်းနည်း ပြောရပေလိမ့်မည်။

“အို့… မန်နေဂျာဖုန်းလား.. ငါ့ကို ညစာကျွေးဖို့ စဉ်းစားနေတယ်ပေါ့လေ..”

ဗိုလ်ချုပ်ကြီး ကောင်း အရွှန်းဖောက်လိုက်သည်။

“ညစာက ပြောစရာတောင် မလိုပါဘူး… ကျုပ် ခင်ဗျားနဲ့ တော်တော် အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့ပါ.. ခင်ဗျား ချွမ်ကျွီသဲမှာ အဆင်ပြေတယ်မို့လား.. ကျုပ်တို့တွေ ညစာစားရင်း ဆွေးနွေးကြရအောင်လေ.. ဘိုကင် ချိတ်ထားလိုက်မယ်လေ..”

“ကောင်းပြီလေ.. အလုပ်တွေ လက်စဖြတ်ပြီး တွေ့ကြတာပေါ့..”

ဗိုလ်ချုပ်ကြီးကောင်း ချွမ်ကျွီသဲကို မျှော်လင့်နေပေသည်။ ယနေ့ခေတ်တွင် စစ်တပ်၌ အရာရှိ များများစားစား မရှိကြချေ။ စစ်တပ်မှ လက်နက်အတွက် အများအပြား အကုန်အကျခံပြီး ခေါင်းဆောင်ကြီးကို ဝန်ရံနေကြသည့်တိုင် မည်သူ လာဘ်ပေးဝံ့မည်နည်း။ သူသည် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သော်လည်း ချွမ်ကျွီသဲတွင် သွားစားပါက လျှော့ဈေး၊ ပြန်အမ်းငွေ မရနိုင်ချေ။

******

“မင်း ဘာပြောလိုက်တာလဲ… ငါတို့ စစ်တပ်အနေနဲ့ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းရဲ့ ထုတ်ကုန်တွေ သုံးစေချင်တာလား..”

ဗိုလ်ချုပ်ကြီးကောင်း ဤညစာ စားပွဲ မရိုးရှင်းကြောင်း ခံစားမိလိုက်တော့သည်။

“ဟုတ်ပါတယ်… ကျုပ်တို့ရဲ့ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းရဲ့ ဆေးဝါးတွေက ဂုဏ်သိက္ခာ ကြီးမားပါတယ်.. ဈေးသက်သာပြီး ထိရောက်မှုရှိတယ်.. ကျုပ်တို့မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတဲ့အပြင် နိုင်ငံခြား ဆေးဝါးကုမ္ပဏီတွေနဲ့လဲ တွဲလုပ်နေတယ်.. ကျုပ်တို့က အခုလက်ရှိ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဆေးဝါးကုမ္ပဏီ တစ်ခုလေ.. စစ်တပ်က ကျုပ်တို့နဲ့ အလုပ်လုပ်ရင် ဈေးသက်သက်သာသာနဲ့ ဆေးတွေ ရမယ်.. ဒါဆို စစ်တပ်အတွက် ငွေပိုထွက်တာပေါ့..”

ဗိုလ်ချုပ်ကြီး ကောင်း ခေါင်းခါရင်းဖြင့်..

“မန်နေဂျာဖုန်း.. ဒီဆွေးနွေးမှုတွေ ရပ်လိုက်ရအောင်.. ဒီကိစ္စ ငါမကူညီနိုင်ဘူး.. စောင်ကျင်းမော်တော်ကားတွေ အကြောင်းပြောမယ်ဆိုရင်တော့ နောက်နှစ်မှာ ဝယ်ဖို့ အစီအစဉ်တွေရှိတယ်.. ပြီးတော့ မင်းဆီမှာ ဝယ်မယ်ဆိုတာလဲ ငါကတိပေးနိုင်တယ်.. ဒါပေမယ့် မင်းက မော်တော်ယဉ်ထုတ်လုပ်သူလေ.. ဘာလို့ ဆေးဝါးကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံနေတာတုန်း..”

ဖုန်းယွီ စိတ်ပျက်သွားမိသည်။ ဗိုလ်ချုပ်ကြီးကောင်း သူ့ကို ကူညီနေသည်မှာ ထင်ရှားပေသည်။ သို့ရာတွင် လက်မလျှော့နိုင်ချေ။

“ဒါဆိုရင် တခြားထုတ်ကုန်ဆိုရင်ရော.. ထုတ်ကုန်ဆိုလို့.. ပလာစတာလေ.. လောလောဆယ် ဈေးကွက်မှာ Band-aid ထက် ပမ့်မြို့တော် ဆေးဝါးကထုတ်တဲ့ တံဆိပ်တွေက ပိုကောင်းတယ်.. တခြားစက်ရုံလေးတွေက မှာယူမယ်ဆိုရင် စစ်တပ်အတွက် အဆင်မပြေဘူး.. ပြီးတော့ Band-aid က ဖက်စပ်ထုတ်ကုန်တစ်ခုလေ.. ဒီငွေတွေကို သူများ နိုင်ငံခြားသားတွေထက် ငါတို့ တရုတ်လူမျိုးရလိုက်တာ ပိုကောင်းတာပေါ့.. ငါတို့ကို တရုတ် စစ်တပ်အတွက် ပလာစတာ ပံ့ပိုးသူအဖြစ် သတ်မှတ်ပြီး ကြော်ငြာခွင့်ပေးမယ်ဆိုရင် ပလာစတာတွေ အလကား ပေးသွင်းရမယ်ဆိုရင်တောင် စိတ်ထဲမထားဘူး..”

“မင်း အဲလိုတွေးနေတာလား.. မော်တော်ကားတွေကို ဘေးချိတ်ပြီး မင်းရဲ့ ပလာစတာတွေအတွက် စစ်တပ်ကို ကြော်ငြာထဲ ထည့်ချင်တာလား.. ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ဒါပေမယ့် မင်းပလာစတာတွေ ဈေးချိုတယ်ဆိုရင်တော့ အနေအထား တစ်ခုနဲ့ ငါတို့တွေ မင်းပလာစတာတွေကို သုံးလို့ရပါသေးတယ်..”

“ရေစိုခံတယ်.. လေဝင်လေထွက်ကောင်းတဲ့ ပလာစတာ တစ်ခုကို (၃၀)ဆင့်ပဲကျမယ်.. တစ်ထုပ်မှာ (၅)ခု ပါတယ်.. လက်ကားဈေး (၁.၅)ယွမ်၊ လက်လီ ဈေးကတော့ (၄.၈)ယွမ်ပေါ့.. အဲ့ဈေးနဲ့ဆို အမြတ်မရနိုင်တော့ဘူး..”

“အကျိုးအမြတ် မရှိဘူးလား.. ဒါဆို ဘာလို့ရောင်းနေသေးတုန်း..”

ဗိုလ်ချုပ်ကြီးကောင်း အကျိုးအမြတ်မရှိဟု မယုံကြည်နိုင်ချေ။

“ခင်ဗျားတို့ စစ်တပ်အနေနဲ့ ကျုပ်တို့က အရမ်းဈေးပေါပါတယ်လေ.. ဒါက တရုတ်စစ်တပ်ကို ထောက်ပံ့ဖို့လဲ စဉ်းစား ထားတာ.. ခင်ဗျားတို့အတွက် ကောင်းမယ်ထင်တာပဲလေ..”

ဖုန်းယွီ ဆက်ပြောလိုက်သည်။ ရေစိုခံကာ လေဝင်လေထွက်ကောင်းသည့် ပလာစတာသည် ကုန်ကျစရိတ် ပိုမြင့်မား သော်လည်း ဤသည်ကို အကြီးစား ထုတ်လုပ်မည် ဆိုပါက ကုန်ကျစရိတ်မှာ (၂၀)ဆင့်အောက်တွင်သာ ရှိပေလိမ့်မည်။ စစ်တပ်ကို ရောင်းချပါက ကုမ္ပဏီအတွက် အမြတ်အနည်းငယ်ပင် ရနိုင်သေးသည်။

“ဒီ ကိစ္စက…. ကောင်းပြီလေ.. မင်းကိုပဲ တောင်းဆိုရမှာပေါ့.. မင်းရဲ့ ပမ့်မြို့တော် ဆေးဝါးသုတေသနလုပ်ငန်းက ပလာစတာတွေက ဈေးသက်သာပြီး ထိရောက်မယ်ဆိုရင်တော့ ပြဿနာ မရှိလောက်ပါဘူး..”

“ကျေးဇူးတင်ပါတယ်.. လာ စားလိုက်ကြစို့..”

ဖုန်းယွီ ထက်ဝက်ခန့်ရှိ သူ့ဘီယာခွက် မြှောက်ကာ ဗိုလ်ချုပ်ကြီး ကောင်းနှင့် ခွက်ချင်းတိုက်လိုက်သည်။ ထို့နောက် မော့သောက်လိုက်သည်။ ထို့နောက်၊ ထို့နောက် ဖြင့် (၄)ကြိမ်တိုင်တိုင် ခွက်ချင်းတိုက် သောက်လိုက်ကြတော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters