ချွမ်ကျွီသဲနှင့် ပူးပေါင်းခြင်း (၂)
Vol. 41 Ch. 605
တစ်ဖက်၌ သူသည် ချွမ်ကျွီသဲအတွက် တာဝန်ရှိနေပေသည်။ အခြားတစ်ဖက်တွင် ကြီးမားလွန်းလှသည့် နိုင်ငံရေး အကျိုးဆောင်မှုကြီး တစ်ခုဖြစ်သည်။ ဒု-မြို့တော်ဝန်လျို အကြပ်ရိုက်နေတော့သည်။ ပေါင်းစည်းမှုသည် သူ့လက်ထက်တွင် အောင်မြင်ပြီး ချွမ်ကျွီသဲသည် အာရှ၏ နံပတ်(၁)စာသောက်ကုန်နှင့် ဖျော်ယမကာ လုပ်ငန်း ဖြစ်လာပါက သူ့အတွက် သိသာထင်ရှားသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။
သူသည် ယခု ဒု-မြို့တော်ဝန် ဖြစ်နေပေပြီ။ မြို့တော်ဝန်နေရာ အစားထိုးရန် မဖြစ်နိုင်သော်လည်း ၎င်းအား အချို့သော နယ်မြို့တွင် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုး၍ ခန့်ထားနိုင်ပေသည်။ သို့မဟုတ်ပါက မြို့တော် ဒု-ပါတီအတွင်းရေးမှူးရာထူးသို့ တိုးမြှင့်ခံရနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းပေါင်းစည်းမှု အောင်မြင်သွားပါက သူရာထူးတိုးမည်မှာ သေချာပေသည်။
မည်သည့် အစိုးရဝန်ထမ်းသည် ရာထူးမတိုးချင်သနည်း။ နိုင်ငံဝန်ထမ်းတိုင်း၊ အထူးသဖြင့် ထိုသို့သော အဆင့်မြင့် အရာရှိများ၏ နှလုံးသားတွင် အိပ်မက်များ ကြီးပေသည်။ ၎င်းတို့အားလုံး ရာထူး၊ ထူးအာဏာ မြင့်မြင့်မားမား မှန်းထားကြပေသည်။
သို့ရာတွင် ရာထူးတိုးရန်မှာ မလွယ်ကူချေ။ နိုင်ငံ၏ စီးပွားရေးသည် ယခုမှ ပြန်ကောင်းလာနေပြီး၊ စီးပွားရေး ရလဒ် ပုံမှန်သာ ဆိုပါက ရာထူးတိုးရန် ခက်ပေသည်။ သို့ရာတွင် လူတစ်ယောက်သည် စီးပွားရေးကို သိသာထင်ရှားစွာ အကျိုးပြုခဲ့မည်ဆိုပါက ရာထူးတိုးခံရမည် မလွဲပင်။
ဖုန်းယွီသည် ငွေနောက်လိုက်သည့် အကျင့်ပျက် အရာရှိများကို မကြိုက်ချေ။ သို့ရာတွင် ရာထူးတိုးရန် စိတ်အားထက်သန်သည့် အရာရှိများမှာမူ သူ့အတွက် အဆ်ငပြေပေသည်။ မည်သည့် အရာရှိတစ်ယောက်သည် ရာထူးမတိုးချင်၊ အလုပ်မလုပ်ချင်၊ ရုံးခန်းအတွင်း သတင်းစာ ဖတ်နေချင်ယုံဆိုပါက အကျင့်ပျက်ခြစား အရာရှိများထက် ပိုဆိုးပေသည်။
ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် မြို့တော်ဝန်လျိုအား နိုင်ငံရေး အကျိုးဆောင်မှုဖြင့် ဆွဲဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
“မြို့တော်ဝန်လျို .. ကျုပ်တို့က ချွမ်ကျွီသဲကို တရုတ်ပြည်ကနေ ခေါ်ထုတ်ဖို့ စဉ်းစားနေတာ.. ကျုပ်တိ့က ကမ္ဘာတစ်ဝှမ်းကို တရုတ်အစားအစာတွေပို့ပြီး နိုင်ငံခြားငွေ အများကြီး ရှာချင်နေတာလေ… ပူးပေါင်းပြီးတာနဲ့ ချက်ချင်းကို လုပ်လို့ရပါတယ်..”
ဖူကွမ်းကျန်း ဘေးထပ်တီးနေပေသည်။
“ဒါပေမယ့် ဒီပူးပေါင်းမှုမှာ ကုမ္ပဏီအများကြီးနဲ့ စားသောက်ဆိုင်တွေ အများကြီး ပါနေတယ်… ရုတ်တရက်ကြီး ချွမ်ကျွီသဲက စာသောက်ဆိုင်တွေ ဆယ်ချီသွားမှာ.. ငါတို့မှာ ဘဲကင်စားဖိုမှူးတွေ အလုံအလောက် မရှိနိုင်ဘူး..”
ဒု-မြို့တော်ဝန်လျို ပြောလိုက်သည်။
ဖုန်းယွီ ပြုံးရင်းဖြင့်..
“မြို့တော်ဝန်လျို.. ပင်းရီဖန့်က မြို့တော်လုပ်ငန်းတွေထဲက တစ်ခုလား.. အဲ့မှာ စားဖိုမှူးတွေ အများကြီး ရှိတယ်လေ.. ချွမ်ကျွီသဲက သူတို့ကို လေ့ကျင့်ပေးနိုင်ရင် တစ်လအတွင်း ကျွမ်းကျင်သွားကြမှာပေါ့.. ပေကျင်းမှာလဲ တခြားဘဲကင်ဆိုင်တွေ အများကြီးရှိတယ်.. ချွမ်ကျွီသဲအတွက် သူတို့ဆီက ဘဲကင်စားဖိုမှူးတွေကို ကျုပ်တို့ ဖြတ်ခုတ်လို့ရတာပဲ..”
“ဒါဆို မင်းဘယ်လို လုပ်ချင်လို့လဲ.. ချွမ်ကျွီသဲ ဘဲကင်ဆိုတာ တခြားစားသောက်ဆိုင်တွေနဲ့ မတူဘူး..”
ဒု-မြို့တော်ဝန်လျို အခို်ငအမာ ဖြေကြားလိုက်သည်။
“မြို့တော်ဝန်လျို ဒေသအသီးသီးက လူတွေဟာ မတူညီတဲ့ အရသာအခံတွေ ရှိကြပါတယ်.. တစ်ချို့နေရာတွေက အချိုကြိုက်သလို.. တစ်ချို့က အစပ်ကြိုက်ကြတယ်.. ဒေသအရသာ မတူတဲ့အတွက် ဘဲတွေရဲ့ အရသာက နေရာကွဲရင် အရသာကွဲမှာ ဘာဖြစ်လို့လဲ.. ဘဲကင်တွေ အရသာကောင်းပြီး ဖောက်သည်တွေ အကြိုက် သေချာဖို့ပဲ လိုတာပါ..”
“ခက်တာက အဲလိုသာဆို ဖောက်သည်တွေက ငါတို့တွေ ဂျင်းထည့်နေတယ်လို့ ထင်သွားမှာပေါ့..”
“ဘယ်ဖြစ်မလဲ..”
ဖုန်းယွီ ယခုဘဝတွင် အမေရိကန်ရှိ ချွမ်ကျွီသဲ စားသောက်ဆိုင်တွင် ကျွေးသည့် ဘဲများသည် ပေကျင်းနှင့် အနည်းငယ် ကွာခြားပေသည်။ သို့ရာတွင် ထိုစားသောက်ဆိုင်မှာ ဒေသခံများအကြား နာမည်ကြီး ရေပန်းစားဆဲ ဖြစ်ပေသည်။ ကျိမ်ကျန်း တွင်ရောင်းချသည်မှာ စစ်ချွမ်နှင့် တူသည်ဆိုသော်လည်း မူရင်းလောက် စပ်မနေချေ။
ဒု-မြို့တော်ဝန်လျို တုံ့ဆိုင်းနေပေသည်။ သို့ရာတွင် ရာထူးလည်း အမှတ်တကယ် တိုးချင်နေပေသည်။
ဤသည်ကိ မြို့တော်ဝန်ထံသတင်းပို့ကာ မြို့တော်ဝန်က မေးခွန်းထုတ်လာပါက ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့၏ အဖြေများကို သုံးရန် စဉ်းစားထားလိုက်သည်။
နောက်ဆုံး ပူးပေါင်းရေး အစည်းအဝေးအပြီးတွင် အတည်ပြုခဲ့ပေသည်။ သို့ရာတွင် တောင်းဆိုချက် တစ်ခုရှိခဲ့ပေသည်။ ချွမ်ကျွီသဲ၏ ဥက္ကဋ္ဌသည် မြို့တော်အစိုးရမှ တစ်ယောက်ယောက် ဖြစ်ရပေမည်။
မြို့တော်သည် ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာအဖြစ် အတွေ့အကြုံရှိသူ အကြီးတန်းအရာရှိကို ခန့်ထားချင်သော်လည်း ဖုန်းယွီ ငြင်းပယ်ခဲ့ပေသည်။
ဥက္ကဋ္ဌသို့တည်းမဟုတ် အထွေထွေ မန်နေဂျာ တစ်ခုသာ ရပေမည်။ နှစ်ခုစလုံး ကိုင်ထားချင်၍ မရချေ။
ဖုန်းယွီက ကျန်းရှန်ကျွင့်ကို အခွင့်အာဏာ ရစေချင်သည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် ကျန်းရှန်ကျွင့်သည် ချွမ်ကျွီသဲနှင့် သူ့နာမည်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ပေသည်။
ကျန်းရှန်ကျွင်းသည် စိတ်ကူးသစ်များ ထပ်မံရရှိပြီး ကုမ္ပဏီကို စီမံခန့်ခွဲရာတွင် ကိုယ်ပိုင် ထူးခြားသည့် ဟန်ပန် တစ်ခုရှိပေသည်။ ကျန်းရှန်ကျွင်းသာ ကုမ္ပဏီကို ဦးဆောင်ပါက ဖုန်းယွီ စိတ်ချနိုင်မည်ဖြစ်သည်။ ကုမ္ပဏီတွင် ကျန်းရှန်ကျင်း၏ ဂုဏ်ရှိန်မှာ ထင်ရှားပေသည်။ သူသည် လူတိုင်းနှင့် တစ်သားတည်း ကျနေပေသည်။
ကျန်းရှန်ကျင်းနှင့် စကားပြောပြီးနောက် ဖူကွမ်းကျန့်သည်လည်း ထိုခံစားချက်အတိုင်းသာပင်။ ထိုလူကြီး ရှေးရိုးဆန်လွန်းပေသည်။ ဥက္ကဋဌနှင့် အထွေထွေမန်နေဂျာ တစ်ခုခု မရလိုက်ပါက ကုမ္ပဏီ၏ တိုးတက်မှု နှေးကွေး သွားပေလိမ့်မည်။
ကျန်းရှန်ကျင်းသည် ဤပူးပေါင်းမှုတွင်လည်း ပါဝင်ကူညီခဲ့ပြီး ဖုန်းယွီအနေဖြင့် အစုရှယ်ယာနည်းနည်း ဆုချချင်နေသည်။ ဥက္ကဋ္ဌရာထူးကို မြို့တော်အစိုးရထံ လွှဲပေးနိုင်သော်လည်း ကျန်းရှန်ကျင်းသည် အထွေထွေ မန်နေဂျာ ဖြစ်ရပေမည်။
ဖုန်းယွီ သူ့တောင်းဆိုချက်များကို ခပ်တင်းတင်းသာ ဆိုထားပေသည်။ ထိုသို့ဖြင့် ဒု-မြို့တော်ဝန်လျိုက ကျန်းရှန်ကျင်း နှင့် စကားသွားပြောပြန်သည်။ အစိုးရပိုင် လုပ်ငန်း၏ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကျန်းရှန်ကျင်းသည် ဖုန်းယွီနှင့် မည်သို့တစ်သားတည်းဖြစ်သွားကြောင်း သိရှိလိုပေသည်။
ဖုန်းယွီက သူ့ကို အထွေထွေမန်နေဂျာ ရာထူး ကတိပေးထားပြီး နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းမှ ပုဂ္ဂလိက အစုရှယ်ယာ လုပ်ငန်းအဖြစ် ပြောင်းလဲသွားပါက ကုမ္ပဏီရှယ်ယာများ ပေးမည်ဖြစ်ကြောင်း ဒု-မြို့တော်ဝန်လျို ကျန်းရှန်ကျင်းထံမှ သိလိုက်ရသည်။ ကျန်းရှန်ကျင်းမှာလည်း ဖုန်းယွီ၏ စကားများကို ယုံကြည်ထိုက်သည်ဟု ခံစားနေရသည်။
သူ့အတွေးများကို ဒု-မြို့တော်ဝန်အား ပြောပြပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းမဟုတ်ခဲ့လျှင်ပင် ပါတီအပေါ် သစ္စာစောင့်သိပြီး ပေကျင်းမှ တစ်ယောက်ယောက်လည်း ရှိနေမည်ဖြစ်ကြောင်း ပြောခဲ့ပေသည်။ မြို့တော်မှ ပေးအပ်သည့် လမ်းညွှန်ချက်ကို မည်သည့်အခါတွင်မှ မမေ့ချေ။ သူ့အနေဖြင့် ချွမ်ကျွီသဲကို ကောင်းကောင်း ကာကွယ်ပြီး စီမံခန့်ခွဲမည် ဖြစ်ပေသည်။
ကျန်းရှန်ကျင်း ဒု-မြို့တော်ဝန်လျိုအား ချွမ်ကျွီသဲအတွက် သူ့အစီအစဉ်များ ပြောခဲ့ပြီး ချွမ်ကျွီသဲကိုက စီမံခန့်ခွဲနေသည့် ခေါင်းဆောင်ဟောင်းထက် သာလွန်ကြောင်း သက်သေပြခဲ့ပေသည်။
*****
ဒု-မြို့တော်ဝန်လျိုသည် အခြား စားသောက်ကုန်နှင့် ဖျော်ယမကာ ကုမ္ပဏီ(၂)ခုကို ဆက်သွယ်ခဲ့သည်။ ထို ကုမ္ပဏီ(၂)ခုသည်လည်း ချွမ်ကျွီသဲတွင် ရင်းနှီးမြုပ်နှံရန် အခွင့်အလမ်း မရှိတော့ဟု ထင်ထားခဲ့ကြပေသည်။ မြို့တော် အစိုးရမှ ဆက်သွယ်လာမည်ဟု မည်သည့်အခါတွင်မှ မျှော်လင့်မထားခဲ့ချေ။
ချွမ်ကျွီသဲ၏ အခြေအနေသည် ကောင်းမွန်ပေ၏။ ချွမ်ကျွီသဲ အဖွဲ့အစည်းကို ဖွဲ့စည်းပြီးနောက် ဌာနချုပ်သည် ပေကျင်းဖြစ်ပြီး မြို့တော်အစိုးရမှ အဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်သည်။ ကျန်ရာထူးများကို အစုရှယ်ယာရှင်များ စုပေါင်း ဆုံးဖြတ်ရပေမည်။
ဟောင်ကောင် ကုမ္ပဏီသည် ဤလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး အဖွဲ့၏ တိုးချဲ့မှုကို အရှိန်မြှင့်မည်ဖြစ်ကြောင်း ကြားသိရသည့်အခါ သဘောတူခဲ့ကြပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည်လည်း ဒု-ဥက္ကဋ္ဌ ဖြစ်နိုင်ပေသည်။ သူတို့ ကုမ္ပဏီတွင် ပြောစရာ အနည်းငယ်သာရှိပြီး အဖွဲ့ပြီးမြောက်ပါက ဝင်ငွေ ပိုရပေလိမ့်မည်။
ယခုအခါ လူတိုင်းသည် အမြင်တူ အတွေးတူကာ ကျန် အသေးစိတ်အချက်အလက်များ အမြန်အဆုံးသတ်နိုင်ခဲ့ပေသည်။
ချွမ်ကျွီသဲ အဖွဲ့ကို အုပ်စု(၄)ခု စုစည်းခဲ့သည်။ ပေကျင်းမြို့တော် အစိုးရ၊ စစ်ချွမ်မြို့ အစိုးရ၊ ဖုန်းယွီ၊ ဖူကွမ်းကျန့်၊ ကျိန်ကျန်းမှ စီးပွားရေး လုပ်ငန်းရှင်များအုပ်စု၊ စစ်ချွမ် စီးပွားရေးလုပ်ငန်းရှင်များအုပ်စု နှင့် ကျန်းရှန်ကျင်း တို့သည် ကုမ္ပဏီ၏ ရှယ်ယာရှင်များ ဖြစ်လာခဲ့သည်။ ဖုန်းယွီ၊ ဖူကွမ်းကျန့်၊ ကျန်းရှန်ကျင်းနှင့် အခြား လူအချို့ဖြင့် ဒါရိုက်တာ ဘုတ်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပေကျင်းမြို့တော် အစိုးရမှ အဘိုးကြီးသည် အဖွဲ့၏ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာပြီး ကျန်းရှန်ကျင်းသည် အထွေထွေ မန်နေဂျာ ဖြစ်သည်။
ချွမ်ကျွီသဲ အုပ်စု၏ စုစုပေါင်း တန်ဖိုးသည် ယွမ် (၁.၇၂)ဘီလီယံ ဖြစ်သည်။ ပေကျင်း မြို့တော် အစိုးရသည် (၁၆.၃)ရာခိုင်နှုန်း၊ ဖုန်းယွီသည် (၁၅.၈)ရာခိုင်နှုန်း၊ ဖူကွမ်းကျန့်သည် (၁၀)ရာခိုင်နှုန်း၊ စစ်ချွမ် မြို့တော် အစိုးရသည် (၈.၂)ရာခိုင်နှုန်း၊ ကျန်းရှန်ကျင်းသည် (၀.၈)ရာခိုင်နှုန်းနှင့် ကျန် စားသောက်ဆိုင် မန်နေဂျာကို (၀.၀၅)ရာခိုင်နှုန်းစီ ပေးအပ်ခဲ့ပေသည်။ ဖုန်းယွီသည် အထူးခြားဆုံးသော တစ်ဦးတည်း ရှယ်ယာရှင်ဖြစ်ပြီး ပေကျင်းမြို့တော် အစိုးရသည့် နောက်ထပ် အဓိကရှယ်ယာရှင် ဖြစ်သည်။
ပေကျင်းမြို့တော် အစိုးရသည် ကုမ္ပဏီ၏ ထိန်းချုပ်မှု အာဏာဝေစု ရရှိရန် အစုရှယ်ယာ(၂)ခု ပေါင်းစည်းနိုင်ခြင်း မရှိကြောင်း သိရသည့်အတွက် စိတ်သက်သာရာရခဲ့သည်။ ချွမ်ကျွီသဲကို ပုဂ္ဂလိကပိုင်အဖြစ် မည်သည့်အခါတွင်မှ ရောက်မသွားနိုင်ကြောင်း ယုံကြည်ထားကြလေသည်။
ထို့ကြောင့် ချွမ်ကျွီသဲ အုပ်စုသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု စတင်ခဲ့ပြီး တစ်လအကြာ၌ ချွမ်ကျွီသဲ စားသောက်ဆိုင်ခွဲအားလုံး ဘဲကင်များ စတင်ရောင်းချကြတော့သည်။ စားသောက်ဆိုင် တစ်ခုစီမှ အထူးဟင်းလျာများကို အခြားစားသောက်ဆိုင်များတွင်လည်း ရနိုင်ပေသည်။ ဤသို့ဖြင့် အရှိန်အဝါ အင်အားကြီး စားသောက်ဆိုင် အဖွဲ့ကြီးတစ်ခု ပေါ်ပေါက်လာပေတော့သည်။
(#ဘာသာပြန်ဆိုသူ မှတ်ချက်။ အစုရှယ်ယာ ရာခိုင်နှုန်းများအား တွက်ကြည့်ရာ (၁၀၀)ရာခိုင်နှုန်း မပြည့်ချေ။ မိမိမှာ စီးပွားရေး ဘာသာရပ် ကျွမ်းကျင်သူမဟုတ်ခြင်း၊ ရှာဖွေ လေ့လာရန် အချိန်အလွန်ကြာရှည်မည် ဖြစ်ခြင်းတို့ကြောင့် စာဖတ်သူတို့အား စိတ်ကျေနပ်သည့် ရှင်းလင်းချက် တစ်စုံတစ်ရာ မပေးနိုင်သည်ကို အနူးအညွတ် တောင်းပန်အပ်ပါသည်… #ငတက်ပြား)
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)