← Chapters

စိတ်ပျက်နေသည့် လီတဖူ

Vol. 41 Ch. 607

စိတ်ပျက်နေသည့် လီတဖူ

Vol. 41 Ch. 607

ဖုန်းယွီသည် ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီ မော်တော်ကား လုပ်ငန်းရေးရာ ဌာနခွဲကို စီမံခန့်ခွဲရန် လီတဖူကို ခေါ်ချင်ခဲ့ပေသည်။ သို့ရာတွင် ထိုအချိန်၌ လီတဖူ၏ သတ္တုပြားနှင့် အခြားလုပ်ငန်းများ ကောင်းမွန်နေပေသည်။ သို့အတွက် ထိုလုပ်ငန်းများကို စွန့်ခွာကာ ဖုန်းယွီအတွက် လုပ်ဆောင်ရန် ဆန္ဒမရှိချေ။

သို့ရာတွင် လီတဖူသည် စောင်ကျန်းမော်တာ များ ထွန်းကားလာသည်ကို မြင်သည့်အခါ တုန်လှုပ်သွားရသည်။ စောင်ကျန်း မော်တာသည် တရုတ်နိုင်ငံတွင် အလွန်ရေပန်းစားပြီး အရှေ့ဥရောပသို့တိုင် တင်ပို့ရောင်းချမည်ကို လုံးဝ မျှော်လင့်မထားမိချေ။

လီတဖူသည် ကားများကို နှစ်သက်ပေသည်။ သူ့ကိုယ်ပိုင် မော်တော်ကား အင်ပါယာ ပိုင်ဆိုင်နိုင်ရေး အိပ်မက် မက်ခဲ့ပေသည်။ သို့ရာတွင် လက်ရှိဤ တရုတ်နိုင်ငံတွင် Faw၊ Saic၊ Baic၊ ပမ့်မြို့တော် စက်ယန္တရားကုမ္ပဏီနှင့် အခြား မော်တော်ကား ထုတ်လုပ်သူ အများအပြား ရှိနေပြီဖြစ်သည်။ အဆိုပါ ကုမ္ပဏီများ၏ အတိုင်းအတာသည် ပြည်ပ မော်တော်ကား ကုမ္ပဏီများနှင့် နှိုင်းယှဉ်၍ မရနိုင်သေးသော်လည်း တရုတ်နိုင်ငံ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်ပေသည်။ မော်တော်ကား ကုမ္ပဏီတစ်ခု တည်ထောင်ရန် အခွင့်အလမ်း နည်းပါးသည်ဟု ခံစားရပေသည်။

လီတဖူသည် ကျီကျန်း အလုပ်သမားသမဂ္ဂသို့ ဝင်ရောက်ခဲ့ပြီး ပုဂ္ဂလိက မော်တော်ကား ကုမ္ပဏီတစ်ခု တည်ထောင်ရန်အတွက် လူတစ်စုကို စုစည်းရန် အစီအစဉ်ရှိထားပေသည်။ သို့ရာတွင် စီးပွားရေးသမားများသည့် သူ့အဆိုကို စိတ်မဝင်စားကြချေ။ အောင်မြင်ရန် မဖြစ်နိုင်ဟု ခံစားမိကြခြင်းပင်။

ရယ်စရာပင်။ မော်တော်ဆိုင်ကယ်များ ထုတ်လုပ်မှုနှင့် စတင်ချင်နေပြီး ထုတ်လုပ်ရေးနှင့် အကျွမ်းတဝင် ရှိလာချိန်တွင်မှ မော်တော်ကားများထုတ်လုပ်၍ စွန့်စားလိုသည်လော။

အကယ်၍ (၂)နှစ်ခန့် စောပါက ဆိုင်ကယ်များသည် အမြတ်အစွန်း များသော လုပ်ငန်း ဖြစ်နိုင်ပေသည်။ ယခုမူ တရုတ်နိုင်ငံတွင် ဆိုင်ကယ်ဝယ်လိုသူ (၁၀)ဦးတွင် (၅)ဦးသည် စောင်ကျန်း မော်တော်ကားများ ရွေးချယ်ကြ ပေလိမ့်မည်။

စောင်ကျန်း မော်တော်ကားများကို လှပစွာ ဒီဇိုင်းထုတ်ထားရုံသာမက စွမ်းဆောင်ရည်မှာလည်း ကောင်းမွန်လှပေသည်။ ဆိုင်ကယ်ကို ထိပ်တန်း နာမည်ကြီးများ ထောက်ခံထားပြီး ဂုဏ်သိက္ခာကြီးမားသည့် အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်ပေသည်။ ဆိုင်ကယ်များ ထုတ်လုပ်ပါက သင့်ကုမ္ပဏီ မည်သို့ တိုးတက်နိုင်မည်နည်း။ စက်ရုံငယ်ကလေး တစ်ခုဖြင့် ဆိုင်ကယ်များကို ဈေးပေါပေါဖြင့် ရောင်းချချင်နေသည်လော။

ထိုသို့ လုပ်ခြင်းအားဖြင့် အမြတ်ငွေ မည်မျှ ရနိုင်မည်နည်း။ ထို့အပြင် ဆိုင်ကယ်စက်ရုံသည် ကြီးကြီးမားမား မဟုတ်သော်လည်း အတိုင်းအတာတစ်ခုထိတော့ ရှိနေပေလိမ့်မည်။ မိမိတို့ ရင်းနှီးမြုပ်နှံမှုများ ပြန်လည်ရရှိရန် နှစ်ပေါင်း မည်မျှကြာမည်နည်း။ အမြတ်ငွေအတွက်ဆိုပါက ပြောစရာပင် မရှိတော့ချေ။

အောင်မြင်၍ အမြတ်အစွန်း ရခဲ့မည်ဆိုလျှင်ပင် မော်တော်ကားကုမ္ပဏီတစ်ခု ထူထောင်ရန် အမြတ်ငွေ လုံလောက် နိုင်မည်လော။ ထိုကုန်သွယ်ရေးနှင့်ပတ်သက်၍ သူတို့ လုံးဝမသိကြချေ။ ကားတစ်စီးမှာ အင်ဂျင်စက် တပ်ဆင်ထားသည့် ဘီး(၄)ဘီးရှိသည်ဟု ပြောနိုင်ယုံနှင့် မလုံလောက်ချေ။ မော်တော်ကား ကုမ္ပဏီတော်တော် များများတွင်လည်း ထိုသို့သော သဘောထားများ ရှိကြပေသည်။ သို့ရာတွင် သုံးစွဲသူများသည် သူတို့ ထုတ်လုပ်သည့် ကားများ မဝယ်ကြချေ။

တရုတ်နိုင်ငံတွင် မော်တော်ကား အမှတ်တံဆိပ်ကြီးများတွင် မကချေ။ စက်ရုံငယ်အချို့သည်လည်း ကိုယ်ပိုင် ကားများ ထုတ်လုပ်ရန် ကြိုးစားခဲ့ကြသည်။ ဒေသန္တရ အစိုးရမှ သူတို့ကို အကာအကွယ်မပေးပါက ရောင်းချခွင့်ပင် ရနိုင်ကြမည် မဟုတ်ချေ။

ထိုစက်ရုံများ’ တစ်နှစ်တာ ထုတ်လုပ်မှုမှာ ရာဂဏန်းမှ ထောင်ဂဏန်းမှီယုံသာ ရှိပေသည်။ သို့ရာတွင် သူတို့ ထုတ်လုပ်သည့် ကားများသည် လုံခြုံမှု မရှိသကဲ့သို့ စွမ်းဆောင်ရည်မှာလည်း ညံ့ဖျင်းပေသည်။

ဒေသခံများမှလွဲ၍ မည်သူတို့ ဝယ်ယူကြမည်နည်း။

ပို၍ကောင်းမွန်သည့် အပြင်ပိုင်း အပြင်အဆင်များ ရှိကြောင်း ပြောနိုင်သည်လော။ ဒီဇိုင်းနမူနာများ ရှိသည်လော။ စောင်ကျန်း မော်တာသည် ရှန်ဟိုင်းတွင် အထင်ရှားဆုံး ဒီဇိုင်း ကုမ္ပဏီနှင့် လက်တွဲထားပေသည်။ ဒီဇိုင်း ဖန်တီးရှင်များအားလုံးသည် နိုင်ငံရပ်ခြား အတွေ့အကြုံ ရှိသူများပင်။ တရုတ်နိုင်ငံရှိ အခြားသော မော်တော်ကား ထုတ်လုပ်သူများအနေဖြင့် ထိုသို့ အောင်မြင်နိုင်မည်လော။

ဈေးကွက် ဗျူဟာဖြင့် သွားချင်သည်ဆိုပါက ဂျစ်ကားများထက် ဈေးသက်သာနိုင်မည်လော။ ဂျစ်ကားနှင့် ရှားလီ မော်တော်ကားများသည် ဈေးသက်သာပေသည်။ သို့ရာတွင် လူကြိုက်များသည်လော။ စစ်တပ်မှ ဂျစ်ကာမထောက်ခံဘဲ အစိုးရမှ ရှားလီကို အငှားယဉ်အဖြစ်ပင် မဝယ်ယူပါက ထိုစက်ရုံ(၂)ခု ယခုထိတိုင် ဆက်လက် ရှင်သန်နိုင်မည် မဟုတ်ချေ။

လီတဖူ၏ မော်တော်ကား အင်ပါယာ အိပ်မက် ပြိုပျက်သွားတော့သည်။ သူ့ကို မည်သည့် မိတ်ဆွေ တစ်ယောက်ကမှ မထောက်ခံကြချေ။ သူသည် ဘဏ်များမှ ချေးငွေရယူရန် ကြိုးစားသော်လည်း မည်သည့် ဘဏ်ကမှ လုံလောက်သော ရန်ပုံငွေ ထုတ်မချေးချင်ကြချေ။

ချေးငွေလော။ ဘဏ်များသည် ချေးငွေပြန်လည်ရရှိနိုင်ရေး ကြည့်ရှုရန် လိုအပ်ပေသည်။ ဘဏ်များသည် လီတဖူ၏ အဆိုပြုချက်သည် ရယ်စရာတစ်ခုအဖြစ်သာ ခံစားခဲ့ရသည်။ ဘဏ်မှ သူ့ကို မည်သည့်အတွက် ငွေကြေးပမာဏ ပြည့်မှီအောင် ချေးနိုင်မည်နည်း။

သို့တိုင်အောင် လီတဖူ လက်မလျော့ချင်သေးချေ။ ငွေကြေး မချို့တဲ့ပေ။ သူ့စက်ရုံမှ နှစ်စဉ် အမြတ်ငွေ ယွမ်(၁၀)သန်း ကျော်ရှိပေသည်။ သူ့တွင် ရှိသည့် ငွေကြေးနှင့် သူ့တစ်သက်လုံး ရပ်တည်နိုင်ပေသည်။

မည်သို့ပင် ဖြစ်စေကာမူ ယောက်ျားတစ်ယောက် ငွေကြေးအားနည်းနေချိန်၌ အိပ်မက်များနောက်သို့ လိုက်တတ် ကြပေသည်။ လီတဖူသည် သူကိုယ်တိုင် ထုတ်လုပ်သည့် ကားတစ်စီးကို အမှန်တကယ် မောင်းနှင်ချင်ပြီး စိတ်ပြောင်းပါက ဆက်သွယ်ရန် ပြောခဲ့ဖူးသည့် ဖုန်းယွီကို သတိရသွားတော့သည်။

ထို့ကြောင့် လီတဖူ ကျုံးချင်းရှောင်ထံသွားကာ ဖုန်းယွီ၏ ဖုန်းနံပတ်တောင်းကာ ချက်ချင်း ဖုန်းဆက်ခဲ့ခြင်းပင်။

“မန်နေဂျာလီ.. ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီမှာ ပါဖို့ စိတ်ဝင်စားပြီး ကျုပ်ကို ဖုန်းခေါ်လိုက်တာလား..”

ဖုန်းယွီ ဟာသနှောလိုက်သည်။

“အတိအကျ ပြောရမယ်ဆိုရင် ပမ့်မြို့တော် ယန္တရားကုမ္ပဏီရဲ့ မော်တော်ကား ဌာနခွဲကိုပဲ ဝင်ချင်တာ.. စိုက်ပျိုးရေး တွေဘာတွေ စိတ်မဝင်စားဘူး..”

လီတဖူ တိုက်ရိုက်သာ ပြောလိုက်တော့သည်။

ဖုန်းယွီ စိတ်အတွင်း တွေးလိုက်သည်။ မိမိတို့သည် မော်တော်ကား လုပ်ငန်းအတွက် အရင်းအနှီးမရနိုင်သေးချေ။ ရိက္ခာထောက် ရရှိရေးအတွက် လယ်ယာသုံး စက်ယန္တရားများမှ ရရှိသည့် မြင့်မားသော အမြတ်အစွန်းကို မှီခိုနေရပေသည်။ မော်တော်ဆိုင်ကယ် ထက်ပင် ပိုများပေသည်။

“မန်နေဂျာလီ.. ကျုပ် ကျုံးချင်ရှောင်နဲ့တွေ့ဖို့ ဟန်ကျောင်း ကိုသွားမှာ… အဲ့ရောက်မှ ကျုပ်တို့ မျက်နှာချင်းဆိုင် ဆွေးနွေးရင် ဘယ့်နှယ့်လဲ..”

လီမင်သဲ အသက်ကြီးလာသည်နှင့်အမျှ ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီသည် များစွာ ကြီးထွားလာခဲ့သည်။ စီမံချက်များကို အမှီလိုက်နိုင်ခြင်း မရှိတော့ချေ။ ဖုန်းယွီမှ လူငယ်အမှုဆောင် အဖွဲ့တစ်ဖွဲ့ ခေါ်ယူရန် ပြောခဲ့သော်လည်း အကူအညီရနိုင်သည့်အဆင့်ရောက်ရန် အနည်းဆုံး (၅)နှစ်ခန့် အချိန်ယူရပေလိမ့်မည်။ ဖုန်းယွီသည် ထိုဘွဲ့ရလူငယ်များအား အချိန် တခနတာဖြင့် မန်နေဂျာ ရာထူးတာဝန် မပေးအပ်ရဲချေ။

ထိုဘွဲ့ရများ၏ ရမှတ် မည်မျှကောင်းသည်ဖြစ်စေ ဤသို့သော ကုမ္ပဏီကြီးကို စီမံခန့်ခွဲရန် အတွေ့အကြုံမရှိသေးချေ။ စီမံခန့်ခွဲမှုသည် ကျောင်းများတွင် သင်ယူတတ်မြောက်နိုင်သည့် အရာမဟုတ်‌ချေ။ လက်တွေ့အတွေ့အကြုံ ရှိရန် လိုအပ်ပေသည်။

ဖုန်းယွီ ယခင်ဘဝတွင် လီတဖူသည် ကောင်းမွန်သည့် ဗျူဟာများစွာကိ အကောင်အထည်ဖော်ခဲ့ပြီး ရလဒ်ကောင်းများ ရှိခဲ့ပေသည်။ ဖုန်းယွီက သူ့ကို အလွန်သဘောကျပေသည်။ သို့ရာတွင် လီတဖူသည် ဤဘဝ၌ အထင်ကြီးလောက်စရာ ရှိနေသည်လော ဆိုသည်ကို ပြန်တွေးနေမိသည်။ ထို့ကြောင့် ဖုန်းယွီ သူနှင့် တွေ့ဆုံ၍ စောင်ကျန်း မော်တာ၏ အနာဂတ်နှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် သူ့အမြင်များ နားထောင်လိုချင်ပေသည်။

******

ကျုံးချင်ရှောင်သည် အခြားပြည်နယ်များရှိ သူ၏ စက်ရုံအသစ်များကို စစ်ဆေးရန် စီစဉ်ခဲ့သော်လည်း ဖုန်းယွီသည် ဟန်ကျောင်းသို့ သွားနေသဖြင့် အစီအစဉ်များ ပြောင်းလဲခဲ့ပေသည်။ လီဟဟ ချင်မြန်စွာ တိုးတက်လာခဲ့ပေသည်။ ဒိန်ချဉ်အချိုရည်၊ လက်ဖက်ရည် အဖျော်ယမကာများသည် ရောင်းအားကောင်းသော်လည်း လီဟဟ ကလေးများ ကျန်းမာရေးဖြည့်စွက်စာမှာ တန့်နေပေသည်။ ရောင်းအား ထပ်မတိုးနိုင်တော့သည့် အနေအထားသို့ ရောက်ရှိနေပေသည်။

ဈေးကွက်ကို လေ့လာပြီးနောက် ကျုံးချင်ရှောင်သည် ဈေးကွက်ပြည့်နေသဖြင့် ပမ့်မြို့တော် ဆေးဝါးသုတေသန အဖွဲ့ကြောင့် အရောင်းထိခိုက်စေကြောင်း ခံစားခဲ့ရသည်။ မိဘများစွာသူ ၎င်းတို့၏ ကလေးများအတွက် သံဓတ် ဖြည့်စွက်စာများကိုသာ ရွေးချယ် ဝယ်ယူခဲ့ကြပေသည်။

လီဟဟ ကလေးများ ကျန်းမာရေး ဖြည့်စွက်စာ ရောင်းချမှုမှာ တိုးမလာသော်လည်း ဝင်ငွေမှာမူ ကြီးထွားနေဆဲ ဖြစ်သည်။ ၎င်းတို့၏ AD သံဓတ်နို့သည် ယခုနှစ်တွင် လီပေးရှီး ကို ကျော်သွားနိုင်ပေသည်။ လက်ဖက် ဖျော်ယမကာ ဈေးကွက်တွင် ပြိုင်ဖက် အသစ်ပေါ်လာသည်။ ထိုပြိုင်ဖက်အသစ်မှာ ရီရှင်းစွန်း အုပ်စုဖြစ်သည်။

သို့ရာတွင် ကျုံးချင်ရှောင်သည် ရီရှင်းစွန်းအဖွဲ့ကို သူ့အတွက် ခြိမ်းခြောက်မှုအဖြစ် မတွေးခဲ့ချေ။ ထိုသူတို့မှာ တုပထုတ်လုပ်သူများသာ ဖြစ်သည်။ ထိုသူတို့သည် လီဟဟထက် မည်သို့ တောင့်တင်းနိုင်မည်နည်း။ ရီရှင်းစွန်း အုပ်စုသည် လီဟဟကဲ့သို့ ပလပ်စတစ် အိတ်များ သုံးပါက အချိန်မရွေး ဒေဝါလီ ခံသွားရနိုင်ချေ ရှိပေသည်။

ရီရှင်းစွန်း အုပ်စုသည် အချိုရည် ဘူးခွံများကို အသုံးပြုသည့်တိုင် ရောင်းအားမှာ လီဟဟကို မထိခိုက်နိုင်ချေ။ အမှန်တကယ်တွင် လက်ဖက်ရည်ဖျော်ယမကာဈေးကွက် မြှင့်တင်နိုင်ရေးအတွက် လီဟဟကို တစ်ဖက်တစ်လှမ်းမှ ကူညီပေးနေသလိုသာ ဖြစ်ပေသည်။ ဤသည်မှာလည်း လီဟဟမှ ထိုသူတို့ ဒေဝါလီခံရန် ဈေးနှုန်း စစ်ပွဲ မပြုလုပ်ခဲ့သည့် အကြောင်းအရင်းတစ်ခု ဖြစ်ပေတော့သည်။

ရင်းနှီးမြုပ်နှံမှု သန်းဆယ်ဂဏန်းသာရှိသည့် စက်ရုံငယ် တစ်ခုမျှသာ ဖြစ်ပေသည်။ လီဟဟ ထံမှ ဈေးကွက်ဝေစုကို မည်သို့ လုယူနိုင်မည်နည်း။ ရီရှင်းစွန်း အုပ်စုသည် လှည့်ပတ်ငွေ ယွမ်သန်းဂဏ်န်းသာ ရှိပေသည်။ ယခုနှစ် စက်ရုံသစ်တွင် လီဟဟ၏ ရင်းနှီးမြုပ်နှံမှုသည်ပင် သူတို့ထက် များပြားနေပေသည်။

ကျုံးချင်ရှောင်သည် ကုမ္ပဏီအတွကပ် သူ့အစီအစဉ်များအား ဖုန်းယွီကို ပြောခဲ့သော်လည်း ဖုန်းယွီ စိတ်မဝင်စားချေ။ လုံးဝ စိတ်မဝင်စား၍ကား မဟုတ်ချေ။ ရီရှင်းစွန်း အုပ်စုသည် ယခင်ဘဝကကဲ့သို့ ကြီးထွားမလာပါက အနာဂတ် ပြောင်းလဲလာမည်ကို စိုးရိမ်နေခြင်းပင်။

#ဘာသာပြန်ဆိုသူမှတ်ချက်။

(ရိက္ခာထောက် = အဂ္ဂိရပ်ပညာတွင် သုံးသည့် အသုံးအနှုံး၊ ဓတ်လုံး မအောင်မြင်မှီကြားကာလတွင် ရွှေဖြစ် ငွေဖြစ် လမ်းကြောင်းဖြင့် ဝင်ငွေရှာခြင်းဖြစ်ပေသည်။)

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters