#ဒေါသ#
Vol. 52 Ch. 731
အရင်က နတ်ဆိုးဘုရင်မြို့ကို၀င်ပြီးနောက် မြို့အလယ်ဗဟိုကို ရောက်လာသောအခါ ရှောင်ဟိုင် ခပ်ဖျော့ဖျော့အော်ရာတစ်ခု၏ ဆွဲဆောင်ခြင်းကို ချက်ချင်းခံရသည်။
ကျောက်တိုင်သုံးတိုင်၏ ဖိနှိပ်မှုအောက်တွင် ရှောင်ဟိုင်၏သွေးကြောနှင့် ဆက်နွှယ်နေပုံရသည့်အော်ရာက သူ့ကို ခေါ်နေခဲ့သည်။
ဒီအော်ရာက တူညီသည့်ရင်းမြစ်တစ်ခုတည်းက လာခြင်းပင်။
ဝိဉာဉ်များအကြား တံတိုင်းတစ်ခု တည်ဆောက်ထားပုံရပြီး ကျောက်တိုင်သုံးတိုင်အကြား ဖိနှိပ်ထားသည့် ဝိဉာဉ်နှင့် ဆက်သွယ်ထားသည်။
ထိုအချိန်ကစပြီး ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် သူ့ဝိဉာဉ်အပိုင်းအစတစ်ခုရှိနေတာကို ရှောင်ဟိုင်သေချာခဲ့သည်။
ကျေးရွာခေါင်းဆောင်ပြောတာ မှန်သည်။
သေမင်းဝိဉာဉ်မြို့တွင် တကယ်ပင် ဝိဉာဉ်အပိုင်းအစတစ်ခုရှိသည်။
သို့စေကာမူ ထိုအချိန်က ရှောင်ဟိုင် စည်းတံဆိပ်ကို ချိုးဖျက်နိုင်စွမ်းမရှိပေ။
ဝိဉာဉ်အပိုင်းအစကို ဘယ်လိုယူရမလဲဆိုတာ သူမသိပေ။
ယခုရှောင်ဟိုင် နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကို သုံးပြီးနောက် ဝိဉာဉ်အပိုင်းအစက နောက်ဆုံးတော့ နိုးထလာခဲ့ပြီး ကျောက်တိုင်ပေါ်က တံဆိပ်ကို ချိုးဖျက်ပစ်သည်။
ကျန်းချန်နှင့် ယုဟောင်တို့ကိုသတ်ပြီးနောက် သူနတ်ဆိုးဘုရင်မြို့ရှိရာဘက်သို့ ချက်ချင်းဦးတည်းသွားခဲ့သည်။
ရှောင်ဟိုင်အတော်လေးမြန်သည်။
သူ့ရုပ်ခွန်အားက လေဟာနယ်ကိုပင် ထိုးဖောက်ပစ်ချင်ပုံရသည်။
သူနတ်ဆိုးဘုရင်မြို့နှင့် ပိုနီးလာလေလေ၊ ရှောင်ဟိုင်ကိုယ်မှသွေးက ပို၍မြန်မြန် စီးဆင်းလာလေလေဖြစ်သည်။
ဒါက ပင်လယ်ထဲသို့ ပြန်ရောက်လာသည့် ငါးတစ်ကောင်က ပျော်ရွှင်စွာ ခုန်ပေါက်နေသည့်အသွင်။
ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က သူ့နောက်ကနေ အနီးကပ်လိုက်ပါလာကြ၏။
ရှောင်ဟိုင် ဝိဉာဉ်အပိုင်းအစကို စုပ်ယူသောအခါ သူ့အားကာကွယ်ပေးရန်အတွက် တစ်ယောက်ယောက်ကို လိုအပ်သည်။
ငရဲဂိုဏ်းကတိုက်ပွဲတွင် သေသွားပြီဖြစ်သော်လည်း သူတို့အား တောင့်တတပ်မက်စွာ ကြည့်နေကြသည့် ကောင်းကင်မြေအောက်နန်းတော်မှ လူများရှိနေသေးသည်။
ကောင်းကင်ပြာမြစ်ဝါနန်းတော်ကမူ မဟာပြိုင်ပွဲကတည်းက ရှောင်ဟိုင်နှင့် တိုက်ခိုက်ခဲ့သည်။
ဒါ့အပြင် ယဲ့ချုးပိုင်နှင့် မုဖူရှန်းတို့၏ အမြင်အရ သူတို့ ကောင်းကင်မြေအောက်နန်းတော်၏ နက်ရှိုင်းမှုကို မမြင်နိုင်ပေ။
ဒါက ငရဲဂိုဏ်းထက်ပင် ပိုအားကောင်းသည်ဟု ဆို၍ရသည်။
တစ်ဖက်လူက မလှုပ်ရှားရသေးသလို သံလိုက်အိမ်မြှောင်အစီအရင်တစ်ခုသာ ဖြစ်သော်လည်း သူတို့ကို အပြင်၌ ထိန်းထားနိုင်သေးသည်။
တစ်ခြားဖြစ်နိုင်ချေများ ရှိသလား၊ မရှိဘူးလားဆိုတာ မသိရသေးပါ။
ထို့ကြောင့် ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က သေချာပေါက် အတော်လေးသတိထားကြရမည်သာ။
မဟုတ်ပါက တစ်ဘက်လူက ဝိဉာဉ်အပိုင်းအစကို စုပ်ယူနေစဉ် ရှောင်ဟိုင်ကို လာသတ်ပါက အခြေအနေက ပို၍ ဆိုးရွားသွားပေလိမ့်မည်။
လက်ရှိတွင် ကြယ်တိမ်တိုက်မြို့အပြင်၌ ကွေ့ကောရင်ဘေးက ဟန်လီချန်းက ကွေ့ကောရင်ကို ကြည့်ကာမေးသည်။
"အဲဒီအလင်းတိုင်က ရှောင်ဟိုင်နဲ့ ဆက်စပ်နေပုံပဲ၊ ငါတို့တစ်ချက်သွားကြည့်သင်လား"
ဒါကိုကြားသောအခါ ကွေ့ကောရင် ခေါင်းခါယမ်းသည်။
"မလိုဘူး၊ ဒီလူက မြေအောက်ကမ္ဘာမြစ်ထဲ ၀င်တဲ့အခါ ငါတို့အပေါ် သက်ရောက်မှုမရှိဘူး"
"အခု ငါတို့လုပ်ရမှာက ငရဲဘိုးဘေးရဲ့ ဝိဉာဉ် ပြန်ကောင်းလာတာကို သေချာအောင်လုပ်ပြီး သူ့ကိုထုတ်ယူလာဖို့အတွက် ရုပ်ခန္ဓာတစ်ခုရှာပေးရမယ်၊ ဘာပဲဆိုဆို အလယ်အလတ်အဆင့် ကြယ်နယ်မြေ တစ်ခုလုံးမှာ ဒီငရဲဘိုးဘေးကပဲ အဆင့်မြင့်ကြယ်နယ်မြေရဲ့လမ်းကြောင်းကို သိတာ"
ညာဘက်က ယုရှောင်ဟီမျက်မှောင်ကြုတ်သည်။
"ဒါပေမယ့် ပန်ရှီနဲ့ တစ်ခြားသူတွေက တိုက်ပွဲမှာ သေသွားပြီလေ၊ ဒါ့အပြင် ငရဲဘိုးဘေးကလည်း ရှောင်ဟိုင်ကိုယ်ခန္ဓာကို လိုချင်တာလေ"
"ငါတို့အခြေအနေကိုတောင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလေ၊ မင်းဘာလို့ ဒီလောက် ဂျီးများနေရတာလဲ" ကွေ့ကောရင် နှာခေါင်းရှုံ့သည်။
"သူကပိုမြင့်မားတဲ့ကျင့်ကြံခြင်းအခြေခံကို ချိုးဖျက်ချင်ရုံပဲ၊ ဒါပေမယ့် ဒါကငါတို့အတွက် အသုံးမ၀င်ဘူး၊ ငါတို့ကျပန်းရုပ်ခန္ဓာတစ်ခုကို ရှာပေးရုံပဲ"
"ဒါ့အပြင် ငါတွေ့ထားပြီ"
ထို့နောက် အလောင်းနှစ်လောင်းက လူတိုင်းရှေ့တွင် ပေါ်လာသည်။
လင်းကျိနန် ဒီမြင်ကွင်းကို မြင်သောအခါ ကြက်သေသေသွားရသည်။
ဒီအလောင်းနှစ်လောင်းက ကုရှီနှင့် ချီပင်းတို့ဖြစ်သည်။
ထိုအချိန်က ပန်ရှီတို့လေးယောက် စုံစမ်းရန်အတွက် လာခဲ့ကြသည့် ကုရှီနှင့် ချီပင်းတို့ကို သတ်ပစ်ခဲ့ကြသည်။ ဝိဉာဉ်များကို နှုတ်ယူပြီးနောက်တွင် သူတို့အလောင်းများကို ထိုနေရာ၌ပင် ပစ်ချခဲ့ကြသည်။
ငရဲဘိုးဘေး ခန္ဓာတစ်ခုလိုနေတာကို သိပြီးနောက် ကွေ့ကောရင်မှတ်သားထားကာ ကုရှီနှင့် ချီပင်းတို့၏ အလောင်းများကို ပြန်ယူလာခဲ့သည်။
ဒါက ပန်ရှီနှင့်ကျန်သောသူများ ကျရှုံးမည့်အရေးကနေ ကာကွယ်ရန်ဖြစ်သည်။
ဒါကလည်း သူ့အတွေးများကို အတည်ပြုနိုင်ခဲ့သည်။
ရုတ်တရက် လင်းကျိနန် ဒေါသတကြီးအော်ဟစ်သည်။
"အလောင်းကို ငါတို့ဝိဉာဉ်အင်မော်တယ်နန်းတော်ကို ပြန်ပေးစမ်း"
ကွေ့ကောရင် လင်းကျိနန်ကို အေးစက်စွာ တစ်ချက်စိုက်ကြည့်သည်။ ထို့နောက် အေးစက်စက်နှာခေါင်းရှုံ့ရင်း သူအလောင်းနှစ်လောင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ဟန်လီချန်း၊ ယုရှောင်ဟီနှင့် ကျောက်ဟီလင်းတို့ကလည်း သူ့နောက်မှ လိုက်သွားကြသည်။
လင်းကျိနန် အံကြိတ်ရင်း သူတို့နောက်ကနေ လိုက်သွားရန် ပြင်လိုက်စဉ် စုမုယောင် သူ့ကို တားလိုက်၏။
လင်းကျိနန်၏မျက်လုံးများက သွေးရောင်ပြောင်းနေသည်။
စုမုယောင်ထရပ်ပြီး သူ့ကိုတားဆီးသည်။
လင်းကျိနန်အဖို့ စုမုယောင်ရှေ့တွင် တည်ငြိမ်မှုကို ဆုံးရှုံးတာ အရမ်းရှားသည်။ သူ့မျက်နှာက ဒေါသနှင့်ပြည့်နှက်နေပြီး အော်ဟစ်သည်။
"စုမုယောင်၊ ငါ့လမ်းကနေထွက်သွားစမ်း"
သို့စေကာမူ စုမုယောင် မလှုပ်ရှားပေ။
သူမ၏မျက်နှာက ဖြူရော်နေသော်လည်း သူမကစွဲမက်စရာကောင်းနေဆဲပင်။ ဒီဖြူရော်မှုက စုမုယောင်ထံတွင် သိမ်မွေ့ပြီး နှစ်လိုဖွယ်အော်ရာတစ်ခုကို ထပ်ဖြည့်ပေးသည်။
"ကုရှီရဲ့သေဆုံးမှာက နင့်အတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဆိုတာ ငါသိတယ်"
ဒါကဘယ်လိုလုပ်ကြီးမားသည့် ရိုက်ခတ်မှုတစ်ခုသာ ဖြစ်နိုင်မည်နည်း။
ကုရှီသေဆုံးပြီးနောက် ဒါက လင်းကျိနန်အတွက် မိုးကြိုးတစ်စင်းပမာဖြစ်သည်။
ဝိဉာဉ်အင်မော်တယ်နန်းတော်တွင် သူတို့နှစ်ယောက်က အမြဲလိုလို ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိသည်။
ကုရှီက ကျင့်ကြံခြင်းတွင် အတော်လေး ပါရမီရှိပြီး လင်းကျိနန်က အတော်လေး ဉာဏ်ကောင်းသည်။
သူတို့ကို ဝိဉာဉ်အင်မော်တယ်နန်းတော်က အကြီးအကဲများနှင့် တပည့်များက ဝိဉာဉ်အင်မော်တယ်နန်းတော်၏ ဓားနှင့် ဓားကိုကိုင်ဆောင်သူဟု ခေါ်ကြသည်။
ဓားက ကုရှီကို ရည်ညွှန်းခြင်းဖြစ်ပြီး ဓားကိုင်သူဆိုတာက လင်းကျိနန်ဖြစ်သည်။
လေ့ကျင့်မှုအတွင်း ကုရှီနှင့် လင်းကျိနန်တို့က အမြဲလိုလို အတူတကွ သွားကြသည်။
ကျင့်ကြံရာတွင်လည်း သူတို့ အတူတကွ ကျင့်ကြံကြသည်။
ကျင့်ကြံခြင်းနှင့် ပတ်သက်လာပါက လင်းကျိနန်က ကုရှီနှင့်တိုင်ပင်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ကုရှီက နှိမ့်ချစွာပင် လင်းကျိနန်နှင့် တိုင်ပင်သည်။
သူတို့နှစ်ယောက်က တစ်စုံတစ်ရာကို အတူတကွ အောင်မြင်ခဲ့ကြသည်။
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ အမြင်တွင် သူတို့နှစ်ယောက်က ဝိဉာဉ်အင်မော်တယ်နန်းတော်ကို ကြွယ်၀သည့်ခေတ်တစ်ခုကို ယူလာနိုင်မည်ဖြစ်သည်။
သို့စေကာမူ လင်းကျိနန် ကုရှီ၏သေခြင်းတရားကို ကြားပြီးနောက် ထိုအချိန်က အလုံးစုံ အခြေအနေရပ်အတွက် သူ့၀မ်းနည်းမှုကို နှလုံးသားတွင်သာ ဝှက်ထားခဲ့ရသည်။
သို့စေကာမူ ယခု ကွေ့ကောရင်က ကုရှီ၏ အလောင်းကို လူတိုင်းရှေ့တွင် ပြသလာသောအခါ သူ့နှလုံးသားထဲက အမုန်းတရားကို သူထပ်၍ မထိန်းချုပ်နိုင်တော့ပါ။
ဒါက မီးတောက်တစ်လုံးက ကျောက်ရည်ပူများနှင့်အတူ စတင်ပေါက်ကွဲသွားသည့်အလား တစ်ခုပြီးတစ်ခု ပေါက်ကွဲလာသည်။
လင်းကျိနန် စုမုယောင်ကိုကြည့်ကာ အော်ဟစ်သည်။
"နင်သိမှတော့ ငါ့ကိုသ......"
"ဒါကြောင့်လည်း နင့်ကိုငါတားရတာပဲ"
လင်းကျိနန်စကားပြော၍ မပြီးသေးခင်မှာပင် စုမုယောင်အော်ဟစ်ကာ လင်းကျိနန်၏ ခေါင်းကို ရိုက်ပစ်သည်။
"နင့်ရဲ့လက်ရှိခွန်အားအရဆိုရင် နင်ဒဏ်ရာရမနေဘူးဆိုရင်တောင် သွားတာက သေခြင်းတရားကို ရှာဖွေနေတာနဲ့ တူမနေဘူးလား"
"နင်သေချင်တာဆိုရင်တော့ ငါနင့်ကို မတားဘူး၊ ဒါပေမယ့် ကျေးဇူးပြုပြီး နင့်ရဲ့ အသာစီးရမှုကိုသုံးဖို့ စဉ်းစားပါ"
"နင်ဒဏ်ရာတွေက ကုပြီးသွားပြီး ယဲ့ချိုးပိုင်တို့နဲ့ တွေ့တဲ့အခါကျရင် တစ်ချက်တည်းနဲ့ သူတို့ကို ဖျက်ဆီးဖို့ နင့်အားသာချက်ကို သုံးလိုက်ပါ၊ ဒါက ကုရှီအတွက် အကောင်းဆုံး လက်စားချေမှုပဲလေ"
လင်းကျိနန်၏ တဖြည်းဖြည်း တည်ငြိမ်လာနေသည့် မျက်နှာကိုကြည့်ရင်း စုမုယောင်၏ အသံက ဖြည်းဖြည်းချင်း နူးညံ့သွားသည်။
"ယဲ့ချိုးပိုင်ဒီမှာမရှိဘူး၊ ဒီတော့ နောက်ကျရင် နင်ငါတို့ကို ညွှန်ကြားချက်တွေ ပေးရဦးမယ်လေ၊ ဒီတော့ နင်စိတ်လိုက်မာန်လုပ်လို့မရဘူး"
လင်းကျိနန် လုံး၀တည်ငြိမ်သွားတာကို မြင်ပြီးနောက် စုမုယောင်မေးသည်။
"ငါတို့ဘာဆက်လုပ်ကြမလဲ"
လင်းကျိနန် တစ်ခဏမျှတွေးပြီးနောက် ခေါင်းမော့ကာ စုမုယောင်အားကြည့်ရင်း ဖြည်းညင်းစွာပြောသည်။
"ယဲ့ချိုးပိုင်တို့နဲ့ အရင်တွေ့ကြရအောင်၊ တစ်ချိန်တည်းမှာပဲ သူတို့ဘာလို့ ကုရှီနဲ့ ချီပင်းတို့ရဲ့အလောင်းကို လိုအပ်ရသလဲဆိုတာ မှန်းဆကြည့်ကြမယ်"
ဒါကိုကြားသောအခါ စုမုယောင်၏ နှုတ်ခမ်းထောင့်စွန်းက နှင်းများအရည်ပျော်ကျသွားပြီးနောက် ပွင့်လန်းလာသည့် ပထမဆုံးပန်းကဲ့သို့ပင် ကွေးညွတ်သွားခဲ့သည်။
လင်းကျိနန်၏မျက်လုံးထဲတွင် ဒါက သေလောက်စရာ၊ မူးမေ့သတိလစ်လောက်စရာကောင်းပေသည်။
"ဒီလိုဆိုရင် နင်ပြောသလိုလုပ်ကြတာပေါ့"
အပိုင်း(732) coming။