အခန်း (၁၆၂+၁၆၃)
Vol. 12 Ch. 162+163
ရှောင်ကျီသည် တာဝန်နှင့်အတူ လိုက်ပါလာခဲ့၏။
သို့ပေမဲ့ သူသည် ကျက်သရေခန်းဆောင်ထဲသို့ မဝင်ခဲ့ပေ။ သစ်ပင်ကြီးတစ်ခုပေါ်သို့တက်၍ စနိုက်ပါသေနတ်ကို ကိုင်ဆောင်ကာ စိတ်မောလူမောနှင့် အတွင်းဘက်သို့ ကြည့်လျက်ရှိသည်။
မျက်နှာချင်းဆိုင်မှာတော့ မိသားစုပိုင်ခန်းမတစ်ခုဖြစ်သည့် ကျက်သရေခန်းမဆောင် ရှိသည်။
အတိတ်တုန်းက သူအောင်မြင်ခဲ့စဉ်ကဆိုလျှင် ဤနေရာသို့ ရံဖန်ရံခါရောက်ရှိလာပြီး လက်ဖက်ရည် သောက်သုံးခဲ့၏။ ထိုအချိန်တုန်းက ဝမ်းကွဲညီအစ်ကိုမောင်နှမများသည် သူ့အား ကပ်ဖားလျက်ဖားနှင့် ဝိုင်းရံလျက်ရှိခဲ့ကြ၏။
သို့ပေမဲ့ လက်ရှိအချိန်တွင် ဤနေရာသည် လုပ်ကြံသတ်ဖြတ်သူများ၏ ဌာနတစ်ခု ဖြစ်နေမည်ဟု မည်သူက ထင်မှတ်လိမ့်မည်နည်း။
ထို့အပြင် သူတို့အား တစ်ယောက်ပြီးတစ်ယောက် လာရောက်လုပ်ကြံသတ်ဖြတ်သူများ၏ အဖွဲ့ဝင်များသည် ရှောင်မိသားစုမှ ဖြစ်မည်ဟု မည်သူက ထင်မှတ်နေမည်နည်း။
သံမဏိအရိုးဂိုဏ်းထဲမှာတော့ ရှောင်ကျီသည် ယုံကြည်ချက် နှင့် မျှော်လင့်ချက် ကြီးမားသူဟု ဆိုရမည်။ သို့ပေမဲ့ လက်ရှိမြင်နေရသည့် မြင်ကွင်းသည် သူ၏ စိတ်နှလုံးအား ပြင်းပြင်းထန်ထန် ထိခိုက်မိစေ၏။
"ကျုပ်ကိုသတ်ချင်တယ်။ ဘာလို့ ကျုပ်ကို သတ်ချင်ရတာလဲ။ဘာ့ကြောင့်လဲ ….ဘာ့ကြောင့်လဲ။"
ရှောင်ကျီသည် သူ၏ဘယ်ဘက်လက်နှင့် စနိုက်ပါအား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။ သူ၏နှလုံးသားထဲတွင် ဝမ်းနည်းခြင်းနှင့်အတူ ဒေါသတရားများလည်း ပြည့်နှက်နေ၏။
ကျွင်းချောင်ရှောင်း ရောက်ရှိလာသည်။
သူသည် သစ်ပင်ကြီးပေါ်သို့တက်၍ ရှောင်ကျီ၏ဘေး၌ ထိုင်လိုက်၏။
သူ၏တပည့်လက်တွေ တုန်ရင်နေသည်ကို မြင်ချိန်မှာတော့ သူပြောလိုက်သည်။ "ရှောင်ကျီ မင်းကို ဘာလို့ သတ်ချင်တာလဲဆိုတော့ မင်းက ရှောင်မိသားစုရဲ့ မျက်လုံးထဲမှာ အမှိုက်တစ်ခု ဖြစ်နေရမှာမလို့ပဲ။"
" ဂိုဏ်းချုပ် ဘာကြောင့်လဲ။"
ရှောင်ကျီ၏အသံများသည် ခြောက်ကပ်လျက်ရှိသည်။ သူသည် သူ၏ခံစားမှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေ၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ အမှိုက်တစ်စလို ဖြစ်နေတဲ့လူက ထပ်ပြီးတော့ ထွန်းတောက်လာမှာကို သူတို့က လက်မခံချင်လို့ပဲ။ ဒါဆိုရင် သူတို့အရင်တုန်းက မင်းကိုထုတ်ပယ်ခဲ့တာက တော်တော်အလွန်အမင်းကို ညံ့ဖျင်းတဲ့လုပ်ရပ်အဖြစ် လူတွေက သတ်မှတ်ကြမယ်လေ။ သူတို့အနေနဲ့ ညံ့ဖျင်းတယ်လို့ ထင်မှတ်မခံချင်ရင် ဒီကိစ္စကို ရှင်းလင်းပစ်ရမှာပေါ့။"
ကျွင်းချောင်ရှောင်း၏ သုံးသပ်ချက်သည် အချက်ကျလှ၏။
ရှောင်ကျီသည် ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ရှောင်မိသားစုသည် ထိုအရာကား လုံးဝလက်မခံနိုင်ပေ။
ထို့ကြောင့် သူတို့ အမှိုက်ဟု သတ်မှတ်ခံထားသောလူ တစ်ယောက် ပြန်လည်၍ သန်မာအားကောင်းလာသည်ကို လက်မခံနိုင်ကြချေ။ သူတို့အမှိုက်ဟု ကင်ပွန်းတပ်ခဲ့သောလူသည် ထာဝရ အမှိုက်တစ်ခုပင် ဖြစ်ရလိမ့်မည်။ ပုရွက်ဆိတ်တစ်ကောင် ၊ သေးငယ်လှသော သတ္တဝါတစ်ကောင်ကဲ့သို့ပင် လောကကြီးတွင် ပျောက်ဆုံးသွားစေရမည်။
"ရှောင်ကျီ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းအနေနဲ့ အစစ်အမှန်ဖြစ်တည်ခြင်းတရားကို လက်ခံဖို့လိုအပ်တယ်။ဒါမှ မင်း ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။"
"ဟူး"
ရှောင်ကျီသည် အသက်ကိုပြင်းပြင်းရှူလိုက်၏။ သူ၏စိတ်အစဉ်သည် ပြန်လည်၍ တည်ငြိမ်သွားသည်။
"ပြီးတော့ မှတ်ထား"
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်မိသည်။ "စစ်မှန်တဲ့ မိသားစုဆိုတာ သွေးချင်းဆက်စပ်နေမှ မဟုတ်ဘူး။မင်းအပေါ်ကို ကောင်းတဲ့လူ၊မင်းကို ဂရုစိုက်တဲ့လူ၊ပြီးတော့ မင်းကို ထိခိုက်အောင် လုပ်ချင်တဲ့သူကို ရန်သူအဖြစ် သတ်မှတ်တဲ့လူကိုသာ အစစ်အမှန်မိသားစုလို့ ခေါ်တာ။"
သူ၏တပည့်အား သွေးအေးပြီး ရက်စက်တတ်သော သတ်ဖြတ်သူတစ်ယောက် ဖြစ်လာစေရန် သူ မရည်ရွယ်ပေ။ သို့ပေမဲ့ လောက၏အမှန်တရားကိုတော့ သိနားလည်ရန် လိုအပ်သည်ဟု သူထင်မိ၏။
ထို့အပြင် ရှောင်မိသားစုသည် သွေးချင်းဆက်စပ်မှုအား ဂရုစိုက်ခဲ့သည် မဟုတ်ပေ။ ထိုသို့သော လူမျိုးများအား မေတ္တာတရား ပြန်ထားမည်ဆိုလျှင် ဘာထူးမည်နည်း။
ဟုတ်ပေသည်။ ထိုသို့သောလူမျိုးကို သူ့အနေနှင့် မေတ္တာတရားများအား အသုံးပြုကာ ပြန်လည်၍ တရားဟောနေလိမ့်မည် မဟုတ်ပေ။ လက်သီးကိုသာ သုံးရပေလိမ့်မည်။
ရှောင်ကျီ၏အကြည့်များ အေးစက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်တော်နားလည်ပါပြီ။"
သူတို့က ငါ့ကို သတ်ဖြတ်ချင်နေတယ်။ငါ့ဘဝ ငါ့အသက်ကို လိုချင်နေတယ်။ငါတို့က ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးချင်းတူနေတယ်ဆိုရင်တောင်မှ ရန်သူတွေပဲ။မိသားစုမဟုတ်ဘူး။
ကျက်သရေခန်းဆောင်ထဲမှာတော့လီလိုရှု သည် အတွင်းသို့ လှမ်းဝင်သွား၏။
စားပွဲထိုးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် အတွင်းခြံဝန်းထဲမှ လှမ်းပြောလိုက်သည်။
"တေံခါးတွေပိတ်။"
"ရွှီ"
ရုတ်တရက် ထိုသူ၏နောက်တွင် မြွေဟောက်ပေါ်လာ၏။ ပြီးနောက် လက်တစ်ဖက်ဖြင့် လည်ပင်းကို လှီးဖြတ်ကာ သတ်ဖြတ်လိုက်တော့သည်။
လီလိုရှုသည် သူမ၏လက်ကို ရမ်းခါလိုက်၏။
တောကြောင်နှင့် တစ်ခြားသော အဖွဲ့ဝင်များ အားလုံးသည် အတွင်းခြံဝန်းထဲသို့ အလိုလိုဝင်ရောက်လာကြသည် ။
သူတို့အားလုံးသည် ထွက်ပြေးနိုင်သည့် လမ်းဟူသမျှကို ပိတ်ပင်ထားကြ၏။
မိုးဆွေဟောခန်း၏ခေါင်းဆောင်သည် ဤနေရာသို့ လူများ ခေါ်လာခဲ့၏။ ထိုသူများအားလုံးသည်လည်း ကျွမ်းကျင်သူများ ဖြစ်ကြသည်။
"ခေါင်းဆောင်"
မြွေဟောက်သည် အသံတီးတိုးပြောလိုက်၏။ "အတွင်းခြံဝန်းထဲမှာ ထူးခြားတာ ဘာမှမရှိဘူး။"
လီလိုရှုသည် စားပွဲပေါ်တွင်ထိုင်၍ လက်ဖက်ရည်တစ်ခွက်ကို ကောက်သောက်လိုက်၏။ "ဒီမှာ လျှိဝှက်ခန်းတစ်ခုခု ရှိရမယ်။သေချာရှာ။"
"ကောင်းပါပြီ။"
မြွေဟောက်သည် သူ၏အပေါင်းအဖော်များကို ခေါ်ဆောင်၍ အမှောင်ထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် လိုက်လံရှာဖွေတော့၏။
ကျက်သရေခန်းမဆောင်နောက်တွင် လျှို့ဝှက်ခန်းတစ်ခု ရှိနေသည်။
ထိုအရာသည် တော်တော်ကျယ်ဝန်းသော အခန်းတစ်ခုဖြစ်ပြီး အတွင်း၌ လေ့ကျင့်ရေးအခန်းနှင့် များပြားလှသော လက်နက်များ၊လက်နက်ပုန်းများအားလုံးကို နံရံပေါ်တွင် ချိတ်ဆွဲထားကြ၏။
"အစ်ကိုကြီး … သံမဏိအရိုးဂိုဏ်းရဲ့ လက်နက်ပုန်းက အရမ်းကိုအားကောင်းလွန်းတယ်။ကျုပ်တို့ကို တွေ့သွားမယ်ဆိုရင် ထွက်ပြေးဖို့ မလွယ်ဘူး။"
မုတ်ဆိတ်နှင့် လူသည် အစည်းအဝေးခန်းမထဲတွင် ထိုင်၍ ပြောလိုက်သည်။
သူသည် တောထဲတွင် ပျားလေးတို့ လိုက်လံသတ်ဖြတ်ခဲ့သည့် လုပ်ကြံသတ်ဖြတ်သူများထဲမှ တစ်ယောက်ဖြစ် ၏။ ပြီးတော့ သူသည် ကျက်သရေခန်းဆောင် ခေါင်းဆောင်တွေထဲက တစ်ယောက်လည်းဖြစ်နေသေး၏။
အစ်ကိုကြီးဟု အခေါ်ခံလိုက်ရသောသူမှာ သက်လတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး ၊ မျက်နှာလေးထောင့် မုတ်ဆိတ်မွေးများနှင့် လူတစ်ယောက်ဖြစ်နေသည်။
ထိုသူသည် အိမ်စေတစ်ယောက်၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်လုံးများသည် အေးစက်နေ၏။
သေချာကြည့်မည်ဆိုလျှင် ထိုသူသည် လူကောင်းတစ်ယောက်မဟုတ်မှန်း အသေအချာ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သည်။
ရှောင်ကျီသာ ဤနေရာမှာ ရှိသည်ဆိုလျှင် ထိုသူအား ကောင်းကောင်းမှတ်မိပေလိမ့်မည်။
ထိုသူသည် ရှောင်မိသားစု၏ အတွင်းရေးကိစ္စများ ပြုလုပ်ရသည့် အိမ်စေတစ်ယောက်ဖြစ်သော ရှောင်ရှန်းဟိုင်ပင်ဖြစ်၏။
အကြီးအကဲကြီး၏ ညာလက်ရုံးတစ်ယောက်လည်း ဖြစ်သေးသည်။
သူသည် ဤခန်းဆောင်အတွင်းရှိ လုပ်ကြံသူများအား လေ့ကျင့်ပေးရာတွင် လျှို့ဝှက်တာဝန် ထမ်းဆောင်ရသူလည်း ဖြစ်သည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူများ၏ တာဝန်များကို ခွဲခြမ်းပြီး လုပ်ငန်းလုပ်ဆောင်ရာတွင် စီမံရသူလည်း ဖြစ်နေပြန်သေး၏။
"အဆင့်ရှစ်ဂိုဏ်းတစ်ခုက ဟောင်ချီဂိုဏ်းကို အနိုင်ယူလိုက်မယ်လို့ ငါ ထင်ကို မထင်ခဲ့ဘူး။ဒါက မယုံနိုင်စရာပဲ။"
ရှောင်ရှန်းဟိုင်သည် သူ၏နှုတ်ခမ်းမွေးများကို ပွတ်သပ်ကာ အသာပြောလိုက်၏။ "ဟုတ်တယ်။"
မုတ်ဆိတ်နှင့်လူကပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက ဟောင်ချီ ဂိုဏ်းရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံရမယ်လို အားလုံးက ထင်မှတ်ထားခဲ့တာ။ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့က ဟောင်ချီဂိုဏ်းကို ခုနစ်ပွဲ သုညအဖြစ်နဲ့တောင် နိုင်ခဲ့သေးတယ်။ မဟာမိတ်ခေါင်းဆောင်ချင်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။"
သူတို့အနေနှင့် မြန်မြန်ဆန်ဆန် နောက်ပြန်ဆုတ်ခဲ့နိုင်ခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်လျှင် သံမဏိအရိုးဂိုဏ်းသာ သူတို့အား ရှာဖွေမိသွားပါက ကျိန်းသေပေါက် အသက်သေဆုံးရမှာ သေချာ၏။ ထိုသို့ဆိုလျှင်တောင်မှ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် သေဆုံးခဲ့သေး၏။
"အကြီးအကဲကြီးရဲ့အမိန့်က"
ရှောင်ရှန်းဟိုင်သည် တီးတိုးပြောလိုက်သည်။
"သံမဏိအရိုးဂိုဏ်းက ဆိုးတော့မဆိုးဘူး။လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်တွေအားလုံးကို ဖျက်လိုက်။ ဘယ်သူမှ အပြင်ကို မထွက်ကြနဲ့တော့။"
"နားလည်ပါပြီ။"
မုတ်ဆိတ်နှင့်လူ ပြောလိုက်သည်။
ရှောင်ရှန်းဟိုင်သည် သူ၏လက်ချောင်းများကို တတောက်တောက်နှင့် စားပွဲပေါ်သို့ ခေါက်ပြီး ပြောလိုက်သည်။ "တကယ်တော့ ဒါကို ကျုပ်တို့လုပ်သင့်တယ်လို့ မထင်ဘူး။မိုးဆွေအဆောက်အဦ ကို ငှားရမ်းပြီးတော့ ဒီအမှိုက်က်တွေကို ရှင်းခိုင်းလိုက်ရင် ပိုမကောင်းဘူးလား။"
"အစ်ကိုကြီး စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက မိုးဆွေအဆောက်အဦ ၏ လုပ်ကြံသတ်ဖြတ်သူတွေကို ငှားခဲ့တယ်။ဒါပေမဲ့ သူတို့ ဘာမှမတတ်နိုင်ဘူး။"
မုတ်ဆိတ်နှင့် လူက ပြောလိုက်သည်။
"ဟမ့်"
ရှောင်ရှန်းဟိုင်သည် အထင်အမြင်သေးသလို ပြောလိုက်သည်။ "ဝေညီအစ်ကိုတွေက ရန်သူကို အရမ်းလျှော့တွက်လွန်းခဲ့တာ။သူတို့က ညံ့ဖျင်းလွန်းအားကြီးတယ်။ မိုးဆွေအဆောက်အဦ ရဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ ငှားရမ်းမယ်ဆိုရင် ကျိန်းသေပေါက် ခြေရာလက်ရာ မပျက်လဲနဲ့ သတ်ဖြတ်နိုင်လိမ့်မယ်။"
ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူ ဟူသော စကားကိုကြားချိန်မှာတော့ မုတ်ဆိတ်နှင့် လူ၏ မျက်လုံးများသည် ချီးကျူးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်လာ၏။
မိုးဆွေ အဆောက်အဦ ၏ ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူများသည် အစစ်အမှန် လက်ရွေးစင်တွေဟု ဆိုရမည်။
သူသည် ရှောင်မိသားစု၏ သီးသန့်လေ့ကျင့်ခြင်းကို ခံခဲ့ရသူဖြစ်၍ လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာခဲ့သည် ဆိုသော်လည်း တကယ်တမ်းမှာတော့ တူညီသည့် အလုပ်အကိုင် ရပ်ဝန်းတွင်ရှိသော လက်ရွေးစင်များနှင့် ယှဉ်လျှင်တော့ ဘာမှမဟုတ်ပေ။ သူ့အနေနှင့် ထိုသို့သော အဆင့်မျိုးကို ရောက်ရှိရန်ပင် မျှော်လင့်မိသေး၏။
"ဒီလိုပဲ ဆုံးဖြတ်လိုက်ကြမယ်။"
ရှောင်ရှန်းဟိုင် ပြောလိုက်သည်။ "ပြန်ရောက်ရင် အကြီးအကဲကြီးနဲ့ စကားပြောလိုက်မယ်။သူသာ သဘောတူတယ်ဆိုရင် မိုးဆွေအဆောက်အဦ ရဲ့ ဌာနချုပ်ကို မနက်ဖြန် သွားကြတာပေါ့။"
"မလိုတော့ဘူး။"
ရုတ်တရက်ဆိုသလိုပဲ မြေအောက်လှေကားထစ်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။
လီလိုရှုသည် ရှေ့ဆုံးမှ ဦးဆောင်လာပြီး မြွေဟောက် နှင့် တစ်ခြားသူများသည် အနောက်မှ လိုက်ပါလာ၏။
သူမပြုံးကာပြောလိုက်သည်။ "ကျွန်မ ကိုယ်တိုင် ရောက်လာပြီ။"
"ရှပ် … ရှပ်"
တစ်စုံတစ်ယောက်သည် ရုတ်တရက်ဆိုသလိုပဲ မြေအောက်ခန်းထဲ၌ ပေါ်လာခဲ့၏။
အခန်းထဲတွင်ရှိနေသော ရှောင်မိသားစု၏ လုပ်ကြံသတ်ဖြတ်သူအားလုံး၏ လက်များသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ လက်နက်ပုန်းများဆီ ရောက်ရှိသွားကြသည်။ သူတို့၏ မျက်လုံးများတွင်လည်း သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ပြည့်နှက်သွားသည်။
"ဟမ့်"
မြွေဟောက်သည် အထင်အမြင်သေးသလို နှာခေါင်းရှုံ့လိုက်၏။
ရှောင်ကလန် လုပ်ကြံသတ်ဖြတ်သူများ ၏ လက်နက်ပုန်းများ ပစ်လွှတ်ရန် ပြင်ဆင်ထားသော ကိုယ်နေဟန်ထားများသည် မကောင်းလှပေ။
ရှောင်ရှန်းဟိုင်သည် သူမကို ကြည့်လိုက်၏။ ပြီးနောက် အံ့အားသင့်ကာဖြင့် ပြောလိုက်၏။ "ခင်ဗျားက မိုးဆွေအဆောက်အဦ ရဲ့ သခင် မဟုတ်လား။"
"ဘာ … မိုးဆွေအဆောက်အဦ ရဲ့သခင် ဟုတ်လား။"
ရှိရှိနေကြသော လုပ်ကြံသတ်ဖြတ်သူ နှစ်ဆယ်တို့သည်လည်း ဆွံအသွားကြ၏။
ရှောင်မိသားစု၏ အကြီးအကဲသည် မိုးဆွေအဆောက်အဦ ၏ သခင်ဆီမှ လေ့ကျင့်ရေးနည်းလမ်းများအား ဝယ်ယူခဲ့ရသည်။
ထို့ကြောင့်ပင် သူတို့သည် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်လာခဲ့ရ၏။ သေချာတွေးကြည့်မယ်ဆိုလျှင် သူမသည် သူတို့၏ဆရာဟုပင် သတ်မှတ်နိုင်၏။
လာရောက်သည့် တစ်ဖက်သူသည် မည်သူဖြစ်သည် သိရှိပြီးသည့်နောက်မှာတော့ လုပ်ကြံသတ်ဖြတ်သူ နှစ်ဆယ်ကျော်တို့သည် ချက်ချင်းဆိုသလိုပဲ စိတ်ရှုပ်မိသွားကြ၏။
တိတိကျကျပြောရလျှင် သူတို့သည် လုပ်ကြံသတ်ဖြတ်သူများ၏ သခင်တစ်ယောက်ရှေ့တွင် အလျင်စလိုဖြင့် မပြုမူရဲပေ။
လီလိုရှုသည် ဟောခန်းထဲသို့ လျှောက်လှမ်းဝင်ရောက်လာ၏။ သူမသည် စားပွဲခုံသို့ လက်တစ်ဖက်ထောက်ကာ ပြုံး၍ ပြောလိုက်သည်။
"ကျွန်မထင်တာ မှန်တယ်ဆိုရင် ရှင်က ရှောင်မိသားစုရဲ့ အတွင်းရေးကိစ္စတွေကို စီမံတဲ့ အိမ်စေကြီး မဟုတ်လား။"
"မှန်ပါတယ်။"
ရှောင်ရှန်းဟိုင်သည် မတ်တပ်ရပ်၍ လက်သီးဆုပ်ကာ ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။
"ကျုပ်က ရှောင်ရှန်းဟိုင်ပါ။"
"အရင်တုန်းက အကြီးအကဲကြီးနဲ့အတူတူ ခင်ဗျားရဲ့ အဆောက်အဦ ဆီကို လာခဲ့ဖူးပါတယ်။"
လီလိုရှု ပြုံးကာပြောလိုက်၏။
"အိမ်စေကြီးရှောင် ရှင်ပြောခဲ့တာကို ကျွန်မ အမှန်ပြင်ပေးမယ်။"
"အမှန်ပြင်ပေးမယ် ဟုတ်လား။" ရှောင်ရှန်းဟိုင် ဇဝေဇဝါဖြစ်သွား၏။
လီလိုရှုသည် ကန္ဓာရလင်းယုန်လက်နက်အား ထုတ်ယူ၍ လက်ချောင်းများထဲတွင် ဆော့ကစားလိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "ကျွန်မရဲ့ လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် မိုးဆွေအဆောက်အဦ ရဲ့သခင် မဟုတ်တော့ဘူး။ကျွန်မက သံမဏိအရိုးဂိုဏ်းရဲ့ ဟောခန်းသခင်ဖြစ်သွားပြီ။"
ရှောင်ရှန်းဟိုင် ဆွံအသွား၏။
မုတ်ဆိတ်နှင့်လူ၏ တုန့်ပြန်မှုမှာ အလွန်တရာ မြန်လှသည်။ သူ၏အင်္ကျီလက်ထဲတွင်ရှိသော လက်နက်ပုန်းအားထုတ်ယူ၍ ချက်ချင်းဆိုသလိုပဲ လှုပ်ရှားလိုက်တော့၏။
သို့ပေမဲ့ သူမလှုပ်ရှားနိုင်ခင်မှာပဲ လီလိုရှုသည် လက်ကိုမြှောက်လိုက်သည်။
လက်ထဲတွင် လည်လျက်ရှိသော ကန္ဓာရလင်းယုန်လက်နက်၏ပြောင်းဝသည် သူ့ဆီသို့ ရောက်ရှိလာ၏။
ဒိုင်းဟူသော အသံနှင့်အတူ သူ၏ခေါင်းသည် ပွင့်ထွက်သွားတော့သည်။
လုပ်ကြံသတ်ဖြတ်သူများ၏ ခေါင်းဆောင်ဖြစ်သည်နှင့်အညီ သူမသည် ရန်သူအား မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်နိုင်စွမ်းရှိသည်ဟု ဆိုရမည်။