အခန်း (၁၆၆)
Vol. 12 Ch. 166
အိုက်မိသားစု အကြီးအကဲသည် မိသားစု အစည်းအဝေး ပြုုလုပ်နေသည် ဆိုသော်လည်း ကျွင်းချောင်ရှောင်း ဆေးဆိုင်အတွင်း ရောက်ရှိနေသည်ကို ကြားတော့ ချက်ချင်းပဲ လုပ်လက်စများအား ချ၍ အလျှင်အမြန် ပြေးကြို လိုက်တော့သည်။
သူဝင်လာလိုက်သည်နှင့် တပြိုင်နက် သူသည် လက်သီးကို ဆုပ်၍ ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ဘယ်လေတိုက်လို့ရောက်လာာတာလဲ”
“အနောက်မြောက်လေပါ” ကျွင်းချောင်ရှောင်း ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။
အိုက်ရှန်းရီသည် ကျွင်းချောင်ရှောင်း ၏ လေသံကို ကြည့်လိုက်သည်နှင့် စိတ်အလိုမကျဖြစ်နေကြောင်း သတိပြုမိသည်။ ထို့ကြောင့် ချက်ချင်းပဲ ကြောက်လန့်မိသွား၏။
အိုက်မိသားစုရဲ့ ဘယ်မောက်မာတဲ့ သခင်လေးကများ ဂိုဏ်းချုပ်ကျွင်းကို အပြစ်ပြုမိတာလဲ။
အိုက်ခေါင်းဆောင်၏ မျက်လုံးထဲတွင် ကျွင်းချောင်ရှောင်းသည် ချမ်းသာခြင်း နတ်ဘုရားတစ်ပါး ဖြစ်ပြီး ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး နှင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးများသည် အိုက်မိသားစု၏ အနာဂတ်ပေါ် မူတည်နေသည်။ ပုံမှန်အားဖြင့် ကျွင်းချောင်ရှောင်း အား အပြစ်ပြု၍ မဖြစ်ချေ။
သူသည် ဧည့်ခန်းဆီ လျှောက်လာရင်းမှ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း တစ်ခုခု ဖြစ်လာလို့လား”
“ဟင်း ..”
ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်သည် “ပြောဖို့တောင်မလိုပါဘူး”
အိုက်ရှန်းရီ စိတ်သက်သာရာ ရသွားမိ၏။
ပြောနေစရာပင်မလို ဆိုသော စကားလုံးသည် စိတ်အလိုမကျခြင်းအား ဖော်ညွှန်းတာပင် ဖြစ်ရမည်။ အိုက်မိသားစု နှင့်တော့ ဆိုင်ပုံမပေါ်တော့ချေ။
“ဂိုဏ်းချုပ်ကျွင်း .. ကျုပ်တို့က မိတ်ဆွေတွေလေ။”
အိုက်ခေါင်းဆောင်သည် ထိုင်လိုက်ပြီး ပြောလိုက်၏ “ခင်ဗျားမှာ ပြဿနာတစ်ခုခု ရှိတယ်ဆိုရင် ကျုပ်ကို ပြောပါ။ ကူညီပေးပါမယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဆရာအိုက် … လီရန်မြို့က ရှောင်မိသားစု အကြောင်း ကြားပြီးပြီလား”
ဆိုလိုသည်မှာ ရှောင်မိသားစု သည် ဂိုဏ်းချုပ်ကျွင်းအား အပြစ်ပြုခဲ့လေသလား။
စီးပွားရေးသမား ပီသစွာပဲ သူသည် လိုရင်းကို ချက်ချင်းပဲ သုံးသပ်နိုင်သည်။
“ကြားပြီးပါပြီ။ ကြားပြီးပါပြီ” အိုက်ရှန်းရီ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံလက်ရန်းပေါ် တံတောင်တင်ပြီး မေးထောက်ကာ ပြောလိုက်သည် “ရှောင်မိသားစု က ကျုပ်ကို အပြစ်ပြုခဲ့တယ်”
ထင်ထားသည့်အတိုင်းပင်။
“အိုက်ခေါင်းဆောင် …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်က လူတစ်မျိုး။ မျက်နှာ နှစ်ဖက်ရှိတဲ့ သူမျိုးကို မုန်းတယ်”
အိုက်ရှန်းရီ အလောတကြီး ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. ကျုပ်တို့ အိုက်မိသားစု က ရှောင်မိသားစု နဲ့ ဘာမှ မစပ်ယှက်ပါဘူး။ ကျုပ်က မျက်နှာနှစ်ဖက် ရှိတဲ့သူမျိုး မဟုတ်ဘူး”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်တို့က မိတ်ဆွေတွေပဲ။ ခင်ဗျားကို ယုံကြည်ပါတယ်”
ပြောပြီးသည့်နောက် သူသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှစ်လုံးအား စားပွဲပေါ်တင်ကာ ပြောလိုက်သည် “ဟောင်ချီ ဂိုဏ်းနဲ့ တုန်က ဘာပြီး ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးပါ။ ဒီဆေးလုံးနှစ်လုံးက အိုက်ခေါင်းဆောင်ဖို့ပဲ။”
“ဒါက …”
“ခင်ဗျားလက်မခံရင် ကျုပ်ကို အပြင်လူ လို့ သဘောထားလို့ပဲ”
အိုက်ရှန်းရီ ပြောလိုက်သည် “ကျေးဇူးပါပဲ။ ဂိုဏ်းချုပ်ကျွင်းရဲ့ လက်ဆောင်ကို ယူပါမယ်”
ပြောပြီးသည့်နောက်သူသည် ဆေးလုံးအား သိမ်းလိုက်သည်။ နောက်ဆုံးလေလံပွဲ ဈေးနှုန်းအရ ဆိုလျှင် ဤဆေးတစ်လုံးသည် ခြောက်သိန်းတန်သည်။
“အိုက်ခေါင်းဆောင် ….”
ကျွင်းချောင်ရှောင်း မေးလိုက်သည် “ကျွန်တော်ပြောတဲ့ဆေးပင်တွေ စုဆောင်းပြီးပြီလား”
“စုဆောင်းပြီးပါပြီ”
အိုက်ရှန်းရီ သည် မြန်မြန်ပဲ သူရှာဖွေထားသော ဆေးပင်များအား ထုတ်ယူလိုက်သည်။ ပြီနောက် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ဒီတစ်ကြိမ်မှာ ဆေးပင်တွေက နည်းနည်းတော့ လိုအပ်နေတယ်။ ထပ်ပြီး စုဆောင်းပြီးရင် သံမဏိအရိုးဂိုဏ်းဆီ ပို့ပေးလိုက်ပါမယ်။”
ကျွင်းချောင်ရှောင်းသည် ဆေးပင်အား သိမ်းဆည်းလိုက်ပြီး ပြောလိုက်၏ “ဟုတ်သားပဲ။ ဒီဆေးပင်တွေရဲ့မျိုးစေ့ရှိလား။”
အိုက်ရှန်းရီသည် ကျွင်းချောင်ရှောင်း ပြသောစာရင်းအား ကြည့်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ဆေးပင်တွေက ရှာရခက်တယ် ဆိုပေမဲ့ မျိုးစေ့ကတော့ ကျုပ်ဆီမှာ ရှိတာပေါ့”
ပြောပြီးသည့်နောက် ဆိုင်တာဝန်ခံမာ အား ခေါ်ယူ၍ ဆေးပင်မျိုးစေ့များ စုဆောင်းစေလိုက်၏။
ထွက်သွားပြီးသည့်နောက် အိုက်ရှန်းရီသည် အနားသို့တိုးကာ တီးတိုးပြောလိုက်သည် “ဂိုဏ်းချုပ် ကျွင်း .. သင့်တော်မလားမသိပေမဲ့ မေးခွန်းလေး တစ်ခုလောက် မေးချင်လို့ .. ရမလား”
“ရတာပေါ့”
“ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို ခင်ဗျားတပည့်တွေ သောက်ခဲ့တာလား”
“အမှန်ပဲ”
“ဟောင်ချီဂိုဏ်းနဲ့ ရင်ဆိုင်ရာမှာ သာမာန်ထက် ပိုတဲ့ အားအင်တွေကို ခင်ဗျားတပည့်တွေ ထုတ်ဖော်နိုင်တာ ဒီဆေးကြောင့်ပေါ့။”
“အဲတာနဲ့ အများကြီး သက်ဆိုင်တယ်”
အိုက်ရှန်းရီ ၏ မျက်လုံးပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် အိုက်ရှန်းရီ တစ်ယောက် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးအစွမ်းအား ပိုမိုတိကျစွာ သိရှိလိုနေကြောင်း သိရှိသည်။ ထိုမှသာ ဆေးလုံး၏ ဈေးအားမြင့်တင်နိုင်မည် ဖြစ်သည်။
လေလံဈေးပို၍ မြင့်မားလေ သူ ပိုရလေ မဟုတ်လား။
အိတ်ထဲ ဆယ်သန်းရှိနေပြီမို့ ဂိုဏ်းချုပ်ကျွင်းသည် စိတ်ထဲ မထားတော့ချေ။
နာရီဝက်လောက်ကြာမြင့်ပြီးနောက်တွင် ဆိုင်တာဝန်ခံမာသည် ဆေးပင်မျိုးစေ့များအား ယူဆောင်လာသည်။ အကုန်လုံးသည် အဆင့်မြင့် အရည်အသွေးနှင့် မျိုးစေ့များဖြစ်၏။
ပြောနေစရာပင်မလိုချေ။ ဤဆေးပင်များမှာ လက်ဆောင်ဖြစ်ပေသည်။
ကျွင်းချောင်ရှောင်းအပြုံးနှင့် လက်ခံလိုက်သည်။ ပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်သည် “ဂိုဏ်းမှာ လုပ်စရာလေးတွေ ရှိနေသေးလို့ သွားလိုက်ပါအုံးမယ်။”
အိုက်ရှန်းရီ အပေါက်ဝထိ လိုက်ပို့လိုက်သည်။
“အိုက်မိသားစု ခေါင်းဆောင် က ဂိုဏ်းချုပ်ကျွင်းကို တော်တော်အရေးပေးတာပဲ”
“ဟောင်ချီဂိုဏ်းမှာတုန်းကလည်း သံမဏိအရိုးဂိုဏ်းကို အိုက်ခေါင်းဆောင် ကူညီခဲ့တယ် ကြားတယ်။ ဆယ်သန်းတောင် ချေးပေးမယ် ပြောခဲ့တယ် ကြားတယ်”
“ဒီလောက်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာ စီးပွားဖက်တွေပဲ ဖြစ်ရမယ်။”
ဖြတ်သွားဖြတ်လာများသည် အမျိုးမျိုး သုံးသပ်နေကြသည်။
…….
ကျွင်းချောင်ရှောင်းအား လိုက်ပို့ပြီးနောက် အိုက်မိသားစု ခေါင်းဆောင်သည် အိမ်သို့ ပြန်လာသည်။ ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါက်တုံ့ခေါက်ပြန် လျှောက်လျက်ရှိ၏။
“ခေါင်းဆောင် … ဘာဖြစ်လို့လဲ” အိုက်ရှန်းရီ နားမလည်ချေ။
“ဟင်း …”
အိုက်ရှန်းရီ သက်ပြင်းချကာ ပြောလိုက်သည် “လီရန်မြို့ရဲ့ ရှောင်မိသားစု က ဂိုဏ်းချုပ်ကျွင်းကို အပြစ်ပြုခဲ့တယ်”
“အမ် …”
အိုက်ရှန်းကီ မျက်လုံးပြူးသွားသည်။
အိုက်ရှန်းရီသည် ထိုင်ချလိုက်ပြီး ရေနွေးတစ်ခွက် ကောက်မော့လိုက်သည် “ငါတို့ ရှောင်မိသားစု နဲ့ စီးပွားရေး လုပ်နေတာကို ဂိုဏ်းချုပ်ကျွင်း သိတယ်။ သူ ဆေးဆိုင်ကို လာပြီး င့ါဆီ သတိပေးသံချောင်း ခေါက်သွားတာပဲ”
အိုက်ရှန်းကီ မေးလိုက်သည် “မိသားစု ခေါင်းဆောင် .. ဘာလုပ်မလဲ”
အိုက်ရှန်ရီသည် ရေနွေးတစ်ခွက် ငှဲ့ရင်းမှ ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်းက အိုက်မိသားစု အတွက် ချမ်းသာခြင်း နတ်ဘုရားပဲ။ ဒီတော့ ငါတို့ ရှောင်မိသားစု နဲ့ စီးပွားရေးလုပ်တာ ရပ်ရမယ်”
အိုက်ရှန်းကီ ပြောလိုက်သည် “ဒါပေမဲ့ ရှောင်မိသားစု က ကြိုတင် ပေးသွင်းငွေတွေ ရှိတယ်။ တတိယ ညီလေး က သူတို့နဲ့ စာချုပ်တောင် ချုပ်ထားတယ်။”
“စာချုပ်ရှိလည်း ရပ်ရမှာပဲ” အိုက်ရှန်းရီ ခိုင်မာစွာ ပြောလိုက်သည်။ စာချုပ်ချိုးဖျက်ခြင်းအတွက် ဆယ်ဆ လျော်လိုက်ရုံသာ ရှိတော့သည်။
အိုက်ရှန်းကီ ရင်နာသွား၏။ သို့ပေမဲ့ ခေါင်းဆောင် ပြောနေပြီ ဆိုမှတော့ သူ ချက်ချင်းပဲ လုပ်ရမည်။
“နေအုံး .. သေချာစစ်ဆေး။ ရှောင်မိသားစု နဲ့ လုပ်ထားတဲ့ အလုပ်ရှိရင် သေးသေး၊ ကြီးကြီး အားလုံးကို ဖျက်ပစ်လိုက်”
“ကောင်းပါပြီ”
……..
ရှောင်မိသားစု …။
ခြောက်ယောက်မြောက် အကြီးအကဲငည် ဆေးပင် နှင့် ဆေးလုံးများအတွက် တာဝန်ယူထားသူ ဖြစ်သည်။ သူသည် လက်ထဲတွင် ငွေလွဲစာချုပ်များကို ကိုင်ဆောင်ပြီး ဟောခန်းထဲ ဝင်လာ၏။
“ညီလေးခြောက် … ဒီလောက် ပိုက်ဆံတွေ အများကြီး ဘယ်ကနေ ရလာတာလဲ” ရှောင်မိသားစု ၏ ပထမ အကြီးအကဲက မေးလိုက်သည်။
“အိုက်မိသားစု ခေါင်းဆောင် ပေးတာလေ” ခြောက်ယောက်မြောက် အကြီးအကဲ က ပြန်ပြောလိုက်သည်။
ဒုတိယအကြီးအကဲက ပြုံးလိုက်သည် “ဒီလောက် ပိုက်ဆံအများကြီး ဘာလို့ ပေးတာလဲ။ ငါတို့တွေ သူတို့ဆီက ဆေးတွေ ဝယ်လို့လား”
“ကျုပ်တို့ ရှောင်မိသားရဲ့ စီးပွားရေးက ဆေးလုံးတွေ မဟုတ်ပေမဲ့ လီရန်မြို့ က ဆေးဈေးကွက်ကို တစ်ဝက်လောက် အုပ်စိုးထားတာ ကျုပ်တို့ပဲ” တတိယ အကြီးအကဲ က ဝင်ပြောလိုက်၏။
ဒုတိယ အကြီးအကဲ ပြောလိုက်သည် “ကျေးဇူးတင်လို့ ပိုက်ဆံတွေ ထပ်ပေးလိုက်တာ ဖြစ်မယ်”
ရုတ်တရက် ဆိုသလိုပဲ ရှောင်မိသားစု အကြီးအကဲများသည် လေထဲသို့ပင် ကြွတက်လာတော့သလို မြောက်ကြွမြောက်ကြွ နှင့် ဘဝင်ခွေ့နေကြသည်။ သူတို့အား အိုက်မိသားစုကပင် အလေးထားရသည် မဟုတ်လား။
“ဟင်း …”
ခြောက်ယောက်မြောက် အကြီးအကဲ က လက်ထဲမှ ငွေလွဲစာချုပ်များအား စားပွဲပေါ်တင်ပြီး ဒေါသတကြီး ပြောလိုက်သည် “ဒီသောက်ပိုက်ဆံတွေက လျော်ကြေးတဲ့။ ရှောင်မိသားစု နဲ့ အိုက်မိသားစု ကြား စာချုပ်တွေ ချိုးဖျက်လိုက်လို့ ရတဲ့ လျော်ကြေးတွေ”
လျော်ကြေးဟုတ်လား။
အားလုံး၏ အပြုံးများသည် ဆွံ့အသွားသည်။
ရှောင်မိသားစု ပထမ အကြီးအကဲ မျက်မှောင်က ကုတ်လိုက်၏ “ဘာတွေဖြစ်ခဲ့တာလဲ”
ခြောက်ယောက်မြောက် အကြီးအကဲ က ပြောလိုက်သည် “မသိဘူး။ တစ်ယောက်က ရောက်လာပြီး စာပေးခဲ့တယ်။ ပြီးတော့ လျော်ကြေးငွေတွေပါ ပေးခဲ့တယ်”
“ဘာ …”
အကြီးအကဲ အားလုံး စုဝေးပြီး စာကိုဖတ်လိုက်ကြသည်။
ယနေ့မှ၍ အိုက်မိသားစုနှင့် ရှောင်မိသားစုကြား စီပွားရေးလုပ်ငန်းများအားလုံးအား အိုက်မိသားစု မှ ဖျက်သိမ်းလိုက်ကြောင်း ရေးသားထားပြီး အိုက်ရှန်းရီ ၏ လက်မှတ်လည်း ရေးထိုးထားသည်ကို မြင်လိုက်ရ၏။
စောနက မြောက်ကြွမြောက်ကြွ ဖြစ်နေကြသော လူများသည် ဦးခေါင်းအား တူနှင့် ထုခံလိုက်ရသလို ဖြစ်သွားကြသည်။ ဆေးပင် နှင့် ဆေးလုံးများ မရှိဘဲ သူတို့ အနာဂတ်တွင် ဘယ်လို စီးပွားရေး လုပ်မည်နည်း။
ရှောင်မိသားစု ပထမအကြီးအကဲသည် စာရွက်ကို ကိုင်ပြီး ဒေါသတကြီး ပြောလိုက်သည် “ကျုပ်တို့ ရှောင်မိသားစု တစ်စုံတယောက်ကို အပြစ်ပြုမိခဲ့ပြီ”