အခန်း (၁၆၇)
Vol. 12 Ch. 167
အိုက်မိသားစုသည် တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ ရှောင်ကလန်နှင့် ဆက်နွယ်နေသော စာချုုပ်များအား ဖျက်သိမ်းခဲ့သည်။ ရှောင်မိသားစု မည်မျှ ဦးနှောက်မဲ့သည် ဆိုဆို ပြဿနာမရှာသင့်သူအား ပြဿနာရှာခဲ့မိပြီ ဖြစ်ကြောင်း တွေးတောနိုင်ကြသည်။
ပထမအကြီးအကဲ၏ မျက်မှောင်သည် ကြုံ့ဝင်လျက်ရှိ၏။
အိုက်မိသားစုသည် စီးပွားရေးကို အဓိက ထားသည် ဆိုသော်လည်း မျှမျှတတရှိသူများ ဖြစ်သည်။
ရုတ်တရက် စီးပွားရေးလုပ်ငန်းများအား ဖြတ်တောက်ခဲ့ခြင်းသည် နောက်ကွယ်မှ တစ်စုံတစ်ရာ၏ ဖိအားပေးမှုကြောင့်ပင် ဖြစ်ရလိမ့်မည်။
သူတို့ မည်သို့သော သူအား အပြစ်ပြုမိခဲ့သနည်း။
ပထမအကြီးအကဲသည် လဲပြိုကျတော့ မတတ်ပင် ဖြစ်မိနေ၏။
သူသည် ကျွင်းချောင်ရှောင်းအားတော့မစဉ်းစားမိချေ။ သူ၏ အမြင်တွင် အဆင့်ရှစ် ဂိုဏ်းတစ်ခု အနေနှင့် အိုက် ကလန်အား တွန်းအားပေးရန် အရည်အချင်း မပြည့်မီဟု သတ်မှတ်ထားသည်။
သနားစရာ ကောင်းသည်က ပြဿနာ၏ အရင်းအမြစ်သည် ကျွင်းချောင်ရှောင်း ဖြစ်လို့နေသည်။
ဆေးဆိုင်ထဲမှ ထွက်ခွာလာပြီးနောက် သူသည် ချက်ချင်းမပြန်ပေ။ ဈေးသို့သွား၍ တုတု ချက်ပြုတ်နိုင်ရန် အမွေးအကြိုင်များ၊ သစ်ပင်မျိုးစေ့များ နှင့် သလင်းအမြူတေ တစ်ချို့ကို ဝယ်ယူလိုက်၏။
မှောင်သည်အထိ သူသည် ဂိုဏ်းသို့မပြန်သေးပေ။
“အိုက်မိသားစု က သာ အမြင်ရှိတယ်ဆိုရင် အခုချိန်မှာ ရှောင်မိသားစု နဲ့ လုပ်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေကို ရပ်တန့်နေလောက်ပြီ”
“ကုန်ကြမ်းဝယ်ယူမှု ဆုံးရှုံးရင် တခြားကနေ ဝယ်လို့ရသေးတယ်။ ဝယ်သူတွေမရှိတော့ရင်တော့ အမြတ်တွေ အကုန် ဆုံးရှုံးပြီး အရင်းပါပြုတ်မှာပဲ။ မိုင်းတွင်းလည်း ရှိနေသေးတယ်။ ပိုက်ဆံမရှိဘဲ မိသားစု က ဘယ်လို အသက်ဆက်မလဲ”
“ခွီး .. ခွီး …ခွီး ..”
တောင်ကြားလမ်းထဲမှာတော့ ကြောင်တောင်တောင် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ သားရဲများပင်လျှင် ကြောက်လန့်၍ ထွက်ပြေးကုန်ကြ၏။
…..
သူ ဂိုဏ်းသို့ ပြန်ရောက်ချိန်မှာတော့ တော်တော်လေး ညနက်နေပြီဖြစ်သည်။
ဂိုဏ်း၏ ခြံဝန်းအတွင်းသို့ ဝင်လိုက်ချိန်မှာတော့ တံခါးရှေ့တွင် ထိုင်နေသည့် ကျိုးဟုန်အား မြင်လိုက်ရသည်။ သူ ဇဝေဇဝါ ဖြင့် မေးလိုက်သည် “ဓားလေ့ကျင့်ရမယ့် အစား ဘာလို့ ဒီမှာ ထိုင်နေတာလဲ”
ကျိုးဟုန်သည် မတ်တပ်ထရပ်လိုက်ပြီး အလောတကြီးနှင့် ပြောလိုက်သည် “ဂိုဏ်းချုပ် …. ကျေးဇူးပြုပြီး လင်းကျန့် ဓားကျမ်းကို သင်ပေးပါ”
ဤအကောင်သည် အမှန်ပင် ဇွဲကြီးသူဖြစ်သည်။ တစ်နေကုန် တံခါးဝတွင် ထိုင်ပြီး စောင့်နေခြင်းဖြစ်ပြီး သေးပင် ထမပေါက်ခဲ့ချေ။
“မင်းသင်ချင်ရင် ရတာပေါ့”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါပေမဲ့ ဂိုဏ်းအတွက် တစ်ခုခု လုပ်ရမယ်”
တစ်စုံတစ်ယောက် အနေနှင့် ဂိုဏ်း၏ ထိပ်တန်း သိုင်းနည်းစနစ် များအား လိုချင်လျှင် ဂိုဏ်းအကျိုးကို တစ်ခုခု ထမ်းဆောင်ရပေလိမ့်မည်။ ရီရှင်းချန်သည် ဟောင်ချီဂိုဏ်းသို့ လိုက်ပါပြီး တိုက်ခိုက်အနိုင်ယူပြီးမှသာလျှင် အအေးဓားအား ရရှိခဲ့သည်။
ထို့အပြင် လင်းကျန့်ဓားကျမ်းသည် ဂိုဏ်း၏ နည်းစနစ် တစ်ခုအဖြစ် လိုက်ဖက်ညီကြောင်း စနစ်က အသိအမှတ်မပြုခဲ့ချေ။ ထို့ကြောင့် ဂိုဏ်းသားတိုင်းကို ပေး၍ လေ့ကျင့်စေလို့ မဖြစ်ချေ။
ထို့အပြင် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်များ ဆိုလျှင် ဓားကျမ်း ရှိလျှင်ပင် အနည်းငယ်သာ နားလည်ပါလိမ့်မည်။
“ဂိုဏ်းချုပ် …”
ကျိုးဟုန်ပြောလိုက်သည် “ဘယ်လိုမျိုး ဂိုဏ်းအကျိုးဆောင်ရမှာလဲ”
ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် “မကြာခင်မှာ တပည့်တွေ အတွက် လေ့ကျင့်နိုင်ဖို့ ခရီးတစ်ခု ထွက်စရာရှိတယ်။ မင်းလည်းလိုက်ခဲ့ရမယ်။ မင်းရဲ့ လုပ်ဆောင်ချက်တွေက ကောင်းတယ် ဆိုရင် နတ်ဘုရားအဆင့် သိုင်းကွက် ဖြစ်တဲ့ လင်းကျန့် ဓားကျမ်းကို ချီးမြင့်မယ်”
“ကောင်းပြီ”
ကျိုးဟုန် ချက်ချင်းပဲ သဘောတူလိုက်သည်။
ဓားသမားတစ်ယောက် အတွက် အဓိက ထားသည့်အရာ နှစ်ခု ရှိသည်။ တစ်ခုမှာ ဓားဖြစ်ပြီး နောက်တစ်ခုမှာ ဓားနည်းစနစ် ဖြစ်သည်။ ထိုအရာများအတွက် အသက်ကို ဆုံးရှုံးရမည် ဆိုလျှင်ပင် ကိစ္စမရှိချေ။
စာကြည့်ခန်းထဲ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဆေးသန့်စင်ဆောင်ကို ဖွင့်၍ ဆေးပင်များထည့်သွင်းကာ အလိုအလျောက် ဖော်စပ်စေသည်။
ဤတစ်ကြိမ်တွင် ဆေးပင်များ များများပြားပြား မရှိသောကြောင့် သိပ်များများမဖော်စပ်ခဲ့ရပေ။
သို့ပေမဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတော့ တော်တော်များများရရှိခဲ့သည်။ ကျွင်းချောင်ရှောင်းအနေနှင့် တွေးတောစရာ ရှိနေသည်မှာ အိုက်ကလန် ဆီ ပေးအပ်ပြီး လေလံဆွဲခိုင်းရမလား ဆိုသည်ပင်။
မဖြစ်သေးပေ။ တစ်စုံတစ်ခုသည် ရှားပါးလေ ပို၍ တန်ဖိုးကြီးလေ ဖြစ်သည်။ အရည်အသွေးကို ထိန်းသိမ်းထားရုံဖြင့် သူသည် ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်နေ၏။
….
နောက်တစ်ရက်မှာတော့ ….
လှပသည့် နတ်ဘုရားတေးသံသည် လေ့ကျင့်ရေးကွင်းပြင်ထဲတွင် ပဲ့တင်ထပ်နေ၏။
ကျွင်းချောင်ရှောင်းသည် တပည့်များအား ဦးဆောင်၍ ရှေ့ဆုံးမှ ကခုန်လျက်ရှိသည်။ ကခုန်ပြီးနောက်တွင် သူသည် ဆေးဥယျာဉ်ထဲသို့ သွားလိုက်သည်။
ဆေးမျိုးစေ့များအား သေချာစစ်ဆေးပြီးနောက် စီနီယာဝေသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ် … ဒါတွေက အိုက်ကလန်ရဲ့ အဆင့်မြင့်ဆေးမျိုးစေ့တွေပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စီနီယာဝေ ရဲ့ လက်ရှိ အားအင် အရဆိုရင် ဒါတွေကို ပိုပြီး အဆင့်မြင့်တဲ့ ဆေးပင်တွေအဖြစ် စိုက်ပျိုးနိုင်မှာပါ”
“ဂိုဏ်းချုပ် … ကျုပ်ကို မြှောက်ပေးနေပြန်ပြီ”
စီနီယာဝေ ပြောလိုက်သည် “ဆေးပင်မျိုးစေ့တွေရဲ့ အရည်အသွေးကောင်းလေ အပင်ရဲ့ ကြီးထွားနှုန်းက ကြာလေပဲ”
“ဘယ်လောက်ကြာမလဲ”
“လက်ရှိ ဆေးဥယျာဉ်ထဲမှာ စုစည်းနေတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေအရ ဆိုရင် အနည်းဆုံး နှစ်လ လောက်ကြာလိမ့်မယ်”
“ဘယ်လို အစွမ်းရှိမလဲ”
စီနီယာဝေ ခဏလောက် စဉ်းစားကာ ပြောလိုက်သည် “ပထမ အသုတ်ဆေးပင်တွေထက် ပိုပြီး ကောင်းလိမ့်မယ်”
“ဒီလိုလား”
ကျွင်းချောင်ရှောင်း ပျော်သွားသည်။
ပထမအသုတ် ဆေးပင်တွေနဲ့ ဖော်စပ်ခဲ့သော ချီစုစည်းခြင်းဆေးလုံးသည် သာမာန် ဆေးလုံးများထက် ဆယ်ဆ ပို၍ အစွမ်းထက်ခဲ့သည်။ ထိုထက်ပို၍ အဆင့်မြင့်မည် ဆိုလျှင် …..။
“စီနီယာဝေ…”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ကျုပ်ဆီမှာ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးရှိတယ်။ ဒီမှာ ယူလိုက်”
သူ့အနေနှင့် တစ်နှစ်အတွင်း နတ်စမ်းချောင်းဂိုဏ်းနှင့် ရင်ဆိုင်နိုင်ရန် အတွက် တပည့်များ အားကောင်းလာရန် လိုအပ်သည်။ တပည့်များ အားကောင်းလာစေဖို့ ဆိုလျှင် ချီစုစည်းခြင်း ဆေးလုံးအား အမှီသဟဲ ပြုရပေလိမ့်မည်။ ထို့ကြောင့် အကြီးအကဲဝေသည် အလွန်အရေးကြီးလာသည်။
“ကျုပ်က အရိုးဆွေးနေပါပြီ”
စီနီယာဝေ ခေါင်းခါယမ်းလိုက်သည် “ဆေးသောက်တော့ရော ဘာထူးမှာလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီဆေးကို သောက်လိုက်။ ခန္ဓာကိုယ်အားအင်ကို ပိုပြီး တိုးစေလိမ့်မယ်။ စီနီယာဝေ မငြင်းနဲ့တော့”
“ကောင်းပါပြီ” စီနီယာဝေ ဆေးလုံးအား ယူ၍ မြိုချလိုက်သည်။
ဆေး၏ အစွမ်းသည် ချက်ချင်းပဲ ပြသခဲ့ပြီး ခန္ဓာကိုယ် ၊ ကြွက်သား၊ သွေးနှင့် မရီဒန်များပင် တိုးတက်သွား၏။ စီနီယာဝေ မယုံကြည်နိုင်သလို ဖြစ်မိသွား၏ “ဂိုဏ်းချုပ် … ဆေးလုံးက …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စီနီယာဝေ … ကျုပ်ဆီမှာ ဒီထက် အံ့အားသင့်စရာကောင်းတဲ့ ဆေးလုံးတွေ ရှိသေးတယ်။ ခင်ဗျားသာ သံမဏိအရိုးဂိုဏ်းထဲ ဝင်မယ်ဆိုရင် ဆေးခန်းမဆောင်သခင် ဖြစ်လာမယ်။ ဒါဆိုရင် ကြိုက်သလိုဆေးတွေ စားလို့ရတယ်”
သူသည် ဆေးပင်ကျွမ်းကျင်သူကို ခေါ်ယူချင်သူမဟုတ်ပေ။ ဂိုဏ်းသားအဖြစ် သွပ်သွင်းနိုင်လျှင် သူ့အတွက်ရော၊ ဂိုဏ်းအတွက်ပါ အသုံးဝင်လာလိမ့်မည်။
စီနီယာဝေ ခေါင်းခါယမ်းလိုက်သည် “ကျုပ်က သင်္ချီုင်းကိုတောင် ခြေတစ်ဖက် လှမ်းပြီးနေပြီ။ ဘယ်လိုလုပ်ပြီး ဂိုဏ်းထဲ ဝင်မလဲ။”
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည် “စီနီယာဝေ … လူအိုပေမဲ့ နှလုံးသား နုပျိုသူတွေ ရှိနေတယ်ဆိုတာ သိစေချင်တယ်”
“လူအိုပြီး နှလုံးသား နုပျိုတာ ဟုတ်လား”
စီနီယာဝေ သူ့ဘာသာ ရယ်ချင်သွားသည် “ကျုုပ်ဆီမှာ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေမရှိဘူး။ ကျုပ်က ဒီမှာနေသာနေနေတာ။ လူလည်းအိုပြီး နှလုံးသားလည်း အိုနေပြီ”
“တစ်စုံတစ်ယောက် အသက်ရှင်နေသေးတယ် ဆိုရင် အသက်ရှင်ရှင်သေးလို့ပဲလေ။ ဒါက ရိုးရှင်းတယ်” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
“ဟင်း…” စီနီယာဝေ သက်ပြင်းချလိုက်သည် “ကောင်လေး .. မင်းအတွေ့အကြုံတွေ စုံလာလေ ပိုပြီး ရင်နာစရာတွေ တွေ့လာလိမ့်မယ်။ ဒီတော့မှာ အသက်မရှင်ချင်လည်း ရှင်နေရတဲ့ အရာတွေကို နားလည်လာလိမ့်မယ်”
စီနီယာဝေသည် ပြောပြီး လှည့်ထွက်သွားလိုက်သည်။
“စီနီယာဝေ ….” ကျွင်းချောင်ရှောင်း အော်လိုက်သည် “ခင်ဗျား ဘာတွေကြုံပြီး ဘာတွေ ခံစားခဲ့ရလဲ ဆိုတာ ကျုပ်မသိဘူး။ ဒါပေမဲ့ ပြောချင်တာက ကျန်းမာရေးကောင်းနေသရွေ့ လောကကြီးကို အရှုံးမပေးနဲ့”
စီနီယာဝေသည် ရပ်တန့်ကာ ရယ်လိုက်သည် “ကောင်လေးက ဒီအဘိုးကြီးက မင်းလျှောက်ခဲ့တဲ့ ခြေလှမ်းအရေအတွက်ထက် စားခဲ့တဲ့ ထမင်းပန်းကန် အရေအတွက်က ပိုများနေပြီ။”
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည် “ကျုပ် က စီနီယာဝေ ကို ဆက်ပြီး မနစ်မြုပ်စေချင်ဘူး။ ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။ ကိုယ့်အတွက် မဟုတ်ရင်တောင်မှ ကိုယ့်ရဲ့ မျိုးဆက်အတွက်၊ ညီအစ်ကို မောင်နှမတွေ အတွက် …..”
စီနီယာဝေ ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားသည်။ သူ၏ အရိုးပေါ်အရေတင် လက်များသည် တုန်ရင်နေ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စီနီယာဝေ ရဲ့ ဆေးပင်တွေအပေါ်လေ့လာမှုက ပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ။ ငယ်ရွယ်စဉ်ကတည်းက လေ့လာခဲ့တာပဲ ဖြစ်ရမယ်။ ကိုယ့်အစွမ်းတွေကို အဆုံးစွန်ထိ ထုတ်ဖော်နိုင်ဖို့ ကျုပ်နဲ့ လက်တွဲလိုက်ပါ။ ကြီးမားတဲ့အရာတွေကို လုပ်ရအောင်”
“ကြီးမားတဲ့အရာတွေကို လုပ်ကြမယ် ဟုတ်လား။”
ထိုစကားသံသည် သူ၏နားထဲတွင် ပဲ့တင်လျက်ရှိသည်။
စီနီယာဝေ ၏ မျက်လုံးများသည် မျက်ရည်တွေနှင့် ဝိုင်းလာ၏။
“ကလေး…”
တုန်ရင်နေသောအသံဖြင့် အကြီးအကဲဝေ ပြောလာသည် “တစ်စုံတစ်ယောက်က လွန်ခဲ့တဲ့နှစ် ရာကျော်တုန်းက ဒီလိုပဲ ပြောခဲ့တယ်။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကြည့်ရတာ စီနီယာဝေကို နားလည်သူက ကျွန်တော်တစ်ယောက်တည်း မဟုတ်ပုံပဲ”
ဟူး ….။
စီနီယာဝေ အသက်ကို ပြင်းပြင်းရှုပြီး ဝမ်းနည်းစွာ ပြောလိုက်၏ “ကျုပ်ကို နားလည်နိုင်တဲ့သူ လောကမှာ မရှိတော့ဘူး။”
“နားလည်ပြီ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စီနီယာဝေ ပြောလိုက်သည် “ကောင်လေး.. ကြီးမားတဲ့အရာ ဆိုတာကို ပြော…”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက ပြိုင်စံရှားဂိုဏ်းဖြစ်ရမယ်။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာပေါ့။”
“မင်းရဲ့ ရည်မှန်းချက်က သူ့ထက် ပိုကြီးမားတယ်”
စီနီယာဝေ တီးတိုးရေရွတ်လိုက်သည်။ ပြီးနောက် ပြုံးကာ ပြောလိုက်သည် “ဒါပေမဲ့ ကြိုက်တယ်”
“စီနီယာဝေ သဘောတူပြီလား”
“ကျုပ်လို အဘိုးကြီးကို ဂိုဏ်းချုပ်က လိုချင်တယ် ဆိုရင် ကျုပ် က လိုလိုချင်ချင် နဲ့ သံမဏိအရိုးဂိုဏ်းသား လုပ်မယ်”
….
နောက်တစ်ရက်မှာတော့ ..
ကျွင်းချောင်ရှောင်းသည် တပည့်အားလုံးကို ဆင့်ခေါ်၍ ဆေးခန်းမဆောင် ဖွင့်လှစ်ခြင်းနှင့် စီနီယာဝေသည် ဟောခန်းသခင်ဖြစ်ကြောင်း ကြေညာလိုက်သည်။
စွန်းပုကုံး နှင့် တခြားသောသူ တစ်ချို့သည် ဆေးဟောခန်းဆောင်တွင် တာဝန်ပေးခြင်း ခံရ၏။
ဆေးခန်းမဆောင်၏ဟောခန်းသခင်ဘွဲ့ကို ရရှိပြီးနောက် စီနီယာဝေသည် ဆေးဥယျာဉ်ထဲရှိ ခန်းမငယ်လေးထဲတွင် ထိုင်၍ ကောင်းကင်ပြာကြီးအား မော့ကြည့်ကာ တီးတိုးရေရွတ်လျက်ရှိသည် “မိတ်ဆွေဟောင်းကြီး … ကျုပ် ရဲ့ ဆုံးဖြတ်ချက် မှန်ရဲ့လား …”